ဆေးဖက်ဝင် ကမ်းဇော်ဆီအကြောင်း သိကောင်းစရာ

Posted_Date

Image

ဆေးဖက်ဝင် ကမ်းဇော်ဆီအကြောင်း သိကောင်းစရာ

Body

ကမ်းဇော်ပင်သည်  နှစ် ၁၀၀ ကျော်  ရှင်သန်နိုင် သော အပင်ကြီးမျိုးဖြစ်သည်။ အင်္ဂလိပ်အမည် Mahua of Southern India သို့မဟုတ်  Mahua  Tree  ဟု ခေါ်ပြီး မြန်မာအခေါ် ကမ်းဇော်ပင်ဟု  အမည်ရသည်။ ကမ်းဇော်စေ့သည် ကြမ်းပိုးအနံ့နှင့် ခပ်ဆင်ဆင်တူ၍ တချို့ဒေသများ၌     သစ်ကြမ်းပိုးပင်ဟူ၍လည်းကောင်း၊  တချို့ဒေသများ၌  တောင်မင်းကွတ်ဟူ၍ လည်းကောင်း အမျိုးမျိုးခေါ်ကြသည်။

တနင်္သာရီတိုင်းဒေသကြီး၌    ကမ်းဇော်ပင်များ သဘာ၀အလျောက် ပေါက်ရောက်လေ့ရှိပြီး   ကုန်းကမ်းဇော်ပင်နှင့်ရေကမ်းဇော်ပင်ဟူ၍  နှစ်မျိုးရှိသည်။

တနင်္သာရီတိုင်းဒေသကြီး  ထား၀ယ်မြို့နှင့်  အနီး ပတ်၀န်းကျင်ဒေသများ၌  ပေါက်ရောက်သော ကမ်းဇော်ပင်များသည် ကုန်းပေါ်တွင်သာ  ပေါက်ကြ ၍ ကုန်းကမ်းဇော်ပင်အမျိုးအစားဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်နှင့် ဘုတ်ပြင်းမြို့နယ်  အနီးပတ်၀န်းကျင်တစ်ဝိုက်၌ ပေါက်ရောက်သော ကမ်းဇော်ပင်များမှာ ရေစပ်တွင် ပေါက်ကြ၍ ရေကမ်းဇော်ပင် အမျိုးအစားဖြစ်သည်။

ကုန်းကမ်းဇော်ပင်နှင့်  ရေကမ်းဇော်ပင်တို့၏ အရွက်၊ အပွင့်၊ အသီးပုံသဏ္ဌာန်များမှာ ရေမြေအနေ အထားအရ ခြားနားမှုရှိသော်လည်း အဆီ၊ အနံ့နှင့် ဆေးဖက်၀င်အကျိုး အာနိသင်များမှာမူ  အတူတူပင်ဖြစ်သည်။

ကမ်းဇော်ဆီထုတ်ယူပုံအဆင့်ဆင့်

    ကမ်းဇော်စေ့အခွံကိုထောင်း၍ရလာသော  အမှုန့်များကို  ခွာထားပြီးသော အစေ့များဖြင့်    ရောပြီး ပေါင်းအိုးတွင်ထည့်ပါ။ ထို့နောက်  ရေမပြည့်တပြည့်    ထည့်ထားသောအိုးကို  မီးဖိုပေါ်တင်၍ ယင်းပေါင်းအိုး ကို ထပ်၍တင်ပေးပါ။ ပေါင်းအိုးအဖုံးလုံစေရန် ပေါင်း အိုး၀တွင်  ငှက်ပျောဖက်ခံ၍  ပန်းကန်ပြားဖြင့်အုပ် ပေးပါ။  နာရီဝက်ခန့်အကြာ ပေါင်းအိုးအဖုံးကိုဖွင့်ပြီး  ဝါးချွန်ငယ်ဖြင့် ပေါင်းအိုးအ၀မှ ထိုးဖွပေးရမည်။   ၁၅   မိနစ်တစ်ကြိမ်နှုန်းဖြင့် လေးကြိမ်ခန့် ထိုးဖွပြီးနောက် လက်ဖြင့်ဖျစ်ကြည့်ပါ။ ဆီထွက်လာပါက ကမ်းဇော် မှုန့်များ   ကျက်နေပြီဖြစ်၍    အဆီညှစ်ယူနိုင်ပြီဖြစ်သည်။

ပေါင်းအိုးထဲက ကမ်းဇော်မှုန့်အဖတ်များကို ကရွတ် (ခေါ်)   ဝါးနှီးဖြင့်ရက်လုပ်ထားသော   အိတ်ထဲသို့ သုံးပုံနှစ်ပုံခန့်ထည့်ပြီး  ဆီညှစ်ယူရမည်။  ထွက်လာ သောကမ်းဇော်ဆီများကို      ဇလုံတစ်ခုဖြင့်ခံယူပြီး တစ်ရက်ခန့် နေပူပူတွင်လှန်းပေးရမည်။ အရည်ဓာတ် များ အငွေ့ပြန်သွားပြီဖြစ်၍ ကမ်းဇော်ဆီစစ်စစ်ကိုရရှိပြီဖြစ်သည်။  ကမ်းဇော်ဆီများကို  ဖန်ပုလင်းထဲ ထည့်၍   အဆို့ဖြင့်ပိတ်ထားရပါမည်။   ပုလင်းထဲ၌ ကမ်းဇော်ဆီများ  တဖြည်းဖြည်းအနည်ထိုင်လာပြီး   ၅၀ ကျပ်သား၀င် ပုလင်းတစ်လုံးလျှင် တစ်လက်မမျှ အနည်ရရှိတတ်သည်။      ယင်းအနည်အနှစ်များကို  ကမ်းဇော်ချေးဟုခေါ်သည်။ ကမ်းဇော်ဆီ၏အရောင်မှာ ဆီအုန်းဆီကြမ်းအရောင်နှင့် ခပ်ဆင်ဆင်တူသည်။ ကမ်းဇော်ဆီစစ်စစ်ကို    နှစ်ကာလရှည်ကြာစွာထား သော်လည်း  မူလအရောင်အဆင်း၊ အနံ့၊  အရသာနှင့်  ဆေးဖက်၀င်အာနိသင်များ   လုံး၀မပြောင်းလဲနိုင်ပေ။

ကမ်းဇော်ဆီနှင့်ကျန်းမာရေးအစွမ်း

- ကမ်းဇော်ဆီကို မီးယပ်ရောဂါအမျိုးမျိုး၊ သားအိမ်ကင်ဆာနှင့် ရင်သားကင်ဆာများအတွက် သောက်သုံးနိုင်သည်။

- ကမ်းဇော်ဆီ အနည်အနှစ်များကို  အပူလောင်ခြင်း၊  နားအူခြင်း၊  နားအတွင်းအနာဖြစ်ခြင်း၊ နာတာရှည်လူနာများ အိပ်ရာအပူလောင်နာ ဖြစ်ခြင်း၊ အရေပြားနီမြန်းခြင်း၊ ပြည်စုပြည်တည်နာများ၊   အနာဟောင်းအနာဆွေး၊   အနာစိမ်း၊ သွေးစုနာ၊ မီးလောင်ဒဏ်ရာများ၊   အကျိတ်အဖု အမျိုးမျိုးအပြင် အနာပဆုပ်၊ သွေးပုပ်ပြည်ပုပ် အနာများကို  တစ်နေ့သုံးကြိမ် လိမ်းပေးပါက    သက်သာပျောက်ကင်းစေနိုင်သည်။

- အဆစ်အမျက်ကိုက်ခဲခြင်း၊    အဆစ်ရောင်ခြင်း နှင့်   ကိုယ်လက်ညောင်းညာခြင်းများ အတွက် ကမ်းဇော်ဆီကို   တစ်နေ့နှစ်ကြိမ်မှ   သုံးကြိမ် အထိ  မှန်မှန်လိမ်းပေးပါက  သက်သာပျောက် ကင်းစေနိုင်သည်။

- လေထိုးလေအောင့်၊    ဗိုက်နာဗိုက်အောင့်ခြင်း များအတွက် ကမ်းဇော်ဆီနှင့် ပျားရည်ကို ဆတူရော၍  နံနက်၊ ည တစ်နေ့နှစ်ကြိမ် လက်ဖက်ရည် ဇွန်းတစ်ဇွန်းစီသောက်ပေးပါက     သက်သာ ပျောက်ကင်းနိုင်သည်။

- နှလုံး၊  သည်းခြေအားနည်းခြင်း၊    နာတာရှည် အဆုတ်ရောဂါ၊    အဆုတ်ပြွန်ရောင်ရမ်းခြင်း၊ အစာမကြေပျို့အန်ခြင်း၊  ဆီးလမ်းကြောင်းပိုး ၀င်ခြင်း၊  ၀မ်းကိုက်ခြင်းများအတွက် ကမ်းဇော်ဆီကို  တစ်နေ့နှစ်ကြိမ်မှ  သုံးကြိမ်အထိ ဟင်းစားဇွန်းတစ်ဇွန်းစာသောက်ပေးပါက သက်သာ စေနိုင်သည်။

- ချောင်းဆိုးသွေးပါခြင်းအတွက်   နံနက်စောစောပိုင်းတွင်    ကမ်းဇော်ဆီနှင့်    ထမင်းပူပူ ရောနယ်ပြီးစားပေးနိုင်သည်။

- ၀မ်းဗိုက်အတွင်းရှိအူများနှင့် အစာအိမ်တို့၌ ဖြစ်တတ်သော အနာရောဂါများ၊ ပန်းနာရင်ကျပ်၊ ဂရင်ဂျီနာ၊  လိပ်ခေါင်း၊ ဒူလာ၊  စအိုနာ၊  ဖျားနာခြင်းတို့အတွက်  ကမ်းဇော်ဆီလိမ်းပေးခြင်း သို့မဟုတ် သောက်ပေးခြင်းဖြင့် သက်သာပျောက် ကင်းစေနိုင်သည်။

- ထိခိုက်ပွန်းပဲ့ရှနာနှင့် ခွဲစိတ်ကုသဒဏ်ရာများ၊ အင်ပျဉ်၊  အသားအရေခန်းခြောက်ခြင်း၊ လေဖြတ် ခြင်းနှင့် ထုံကျဉ်ကိုက်ခဲခြင်းများအတွက် ကမ်းဇော်ဆီကို လိမ်းဆေးအဖြစ် အသုံးပြုနိုင် သည်။

ကမ်းဇော်ဆီအတု၊ အစစ်ခွဲခြားနည်း

- ပန်းကန်တစ်ချပ်ထဲသို့   ကမ်းဇော်ဆီထည့်ပါ။ ကြံရည်ရောင်ထက် အနည်းငယ်ဖျော့၍  စားအုန်း ဆီအရောင်နီးပါးခန့်ရှိပြီး အနံ့မှာစူးရှ၍ ကြမ်းပိုးအနံ့ဖြစ်လျှင်     ကမ်းဇော်ဆီအစစ်ဖြစ်သည်။ ကမ်းဇော်ဆီအစစ်သည်   ခါးစိမ့်စိမ့်အရသာရှိ သည်။

- ကမ်းဇော်ဆီအနည်းငယ်ကို   လက်ဖမိုးပေါ်တွင် ပွတ်လိမ်း၍ ငါးမိနစ်ခန့်ထားလိုက်ပါ။ ကမ်းဇော်ဆီများ အသားထဲသို့စိမ့်ဝင်သွားလိမ့်မည်။ အကယ်၍    အသားထဲစိမ့်မဝင်ဘဲ    လက်ဖမိုး နေရာတွင်  မူလအတိုင်း  ဆီများတင်ကျန်နေပါက နှမ်းဆီရောထားသည်ဖြစ်၍ ကမ်းဇော်ဆီ အစစ်မဟုတ်ပါ။

- ကမ်းဇော်ဆီကို  ပုလင်း သို့မဟုတ်  ဘူးအတွင်း ထည့်၍  ရေခဲသေတ္တာထဲ ထည့်ပါ။  တစ်နာရီခန့်ကြာသောအခါ    ယင်းကမ်းဇော်ဆီဘူးသည် အေးခဲနေလိမ့်မည်။ ရေခဲသေတ္တာထဲမှ ထုတ်ယူလိုက်ပါက အရောင်မှာ အဝါရောင်ဖျော့ဖျော့လေး ဖြစ်နေလိမ့်မည်။     ကမ်းဇော်ဆီအစစ်သည်  ရေခဲသေတ္တာထဲမှ  ထုတ်ယူပြီးနောက် ၁၀ မိနစ် အကြာမှစတင်၍ အရည်အဖြစ်သို့ ပြောင်းလဲပြီး    ရေခဲသေတ္တာထဲ မထည့်မီ    မူလအရောင်အတိုင်း       ပြန်လည်တွေ့မြင်ရမည်ဖြစ်သည်။ အကယ်၍     ဆီအရောင်မှာ    ဖြူဖွေးနေပါက ကမ်းဇော်ဆီ အတုဖြစ်သည်။

ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ကမ်းဇော်သီးနှင့် ကမ်းဇော်ဆီများသည် ဆေးဖက်၀င်သဖြင့် ပြည်တွင်း၌    သုံးစွဲသူပိုမိုများပြားလာသည့်အပြင်    တောင်ကိုရီးယားနိုင်ငံမှလည်း  လာရောက်၀ယ်ယူမှုရှိခြင်းကြောင့်    ကမ်းဇော်စေ့နှင့် ကမ်းဇော်ဆီများ     စျေးကောင်းလျက်ရှိသည်။ ထိုကဲ့သို့ သုံးစွဲမှုများပြားလာခြင်းနှင့်အတူ စျေးကွက်အတွင်း ကမ်းဇော်ဆီအရော အနှောများ၊ အတုအပများ များပြားလာခြင်း သို့မဟုတ်   ကြိတ်ဖတ်(ခေါ်)   ကမ်းဇော်ဆီ အနည်အနှစ်များကို   ပြန်ပေါင်းပြီး အဆီထုတ်လုပ် ရောင်းချခြင်းများကြောင့် အထူးသတိပြု ၀ယ်ယူသင့်ပါကြောင်း  ရေးသား လိုက်ရပါသည်။      

mwd