ကြည်နူးပူဇော် ကဆုန်ညောင်ရေသွန်းပွဲတော်
Posted_Date
Image
Body
မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် ညောင်ရေသွန်းပွဲတော်အချိန်အခါသည် ကဆုန်လပြည့်နေ့တွင် ကျရောက်ပြီး မြန်မာတို့၏ ဘာသာဓလေ့ အလေးအမြတ်ထားကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်။ ကဆုန်လပြည့်နေ့၏ ထူးခြားသောဝိသေသ လက္ခဏာများမှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်းဖြစ်ပြီး အံ့ဖွယ်ထူးခြားဘုရားရှင်ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်ကို သန့်စင်သောရေဖြင့်၊ အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းသည့် နေ့ထူးနေ့မြတ် အချိန်အခါသမယပင်ဖြစ်သည်။
ကဆုန်လသည် မြန်မာပြက္ခဒိန်၏ဒုတိယမြောက်လဖြစ်သည်။ ကဆုန်လကို ဗေဒင်အခေါ်အဝေါ်လအမည်မှာ ပြိဿရာသီဖြစ်ပြီး ရာသီရုပ်ပုံမှာ နွားလားဥသဘရုပ်ဖြစ်ကာ ဝိသာခါနက္ခတ်သည် လမင်းနှင့်အပြိုင်ထွက်ပေါ်ချိန်ကာလလည်းဖြစ်သည်။ ကဆုန်လ၏အခင်းအကျင်းမှာ မြေသင်းရနံ့ဖြင့် သင်းထုံစွာနိဒါန်းပြုသည်။
နွေသရုပ်၏စုတ်ချက်မှန်သော ပန်းချီကားထက်တွင် စံကားဝါပန်းကလေးများအစီအရီပွင့်ဖူးသည်။ ပူပြင်းသောလတစ်လ ဖြစ်ခြင်းကြောင့် တန်ခူးရေကုန် ကဆုန်ရေခန်းဟုပင် တင်စားရသောလတစ်လဖြစ်သည်။ သက်ရှိလူသားများပင် အပူဒဏ်ကို ဉာဏ်ရှိသလို တွန်းလှန်ခံစားနေကြရချိန်ဖြစ်သည်။ အချို့သောသစ်ပင်နှင့်သတ္တဝါများသည် အပူဒဏ်ကြောင့် ညှိုးနွမ်းခြောက်သွေ့ သေဆုံးကြရသည်။
သို့ဖြစ်၍ ကဆုန်လပြည့်နေ့ရောက်သည်နှင့် မြတ်စွာဘုရား၏ပရိဘောဂစေတီဖြစ်သော ဗောဓိညောင်ပင်ကို နွေကာလ၏ အပူဒဏ်ကို ခံနိုင်ရည်ရှိစေရန် ရေသွန်းလောင်းကြသည်။ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များအနက် အစဉ်အဆက် ကျင်းပလာခဲ့သည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းသည့်ဓလေ့သည် ဗုဒ္ဓဘာသာဝင် အားလုံးအတွက် မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ရမည့် အလွန်တရာထူးမြတ်သော နေ့တစ်နေ့လည်းဖြစ်ပေသည်။ကဆုန်လပြည့်နေ့သည် ဂေါတမဒီပင်္ကရာမြတ်စွာဘုရားရှင်ထံမှ ဗျာဒိတ်တော်ရရှိတော်မူခြင်း၊ ဘုရားအလောင်းတော်ကို လုမ္ဗိနီဥယျာဉ် အင်ကြင်းတောတွင် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားစင်စစ်ဖြစ်တော်မူခြင်းနှင့် မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကုသိနာရုံ အင်ကြင်းတော၌ ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူခြင်း အစရှိသည့်နေ့ထူးနေ့မြတ်များနှင့် ပြည့်စုံလျက်ရှိသည်။
ထိုကဲ့သို့ ကဆုန်လပြည့် ဗုဒ္ဓနေ့ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များသည်ဘုရားရှင်ပွင့်ထွန်းတော်မူခဲ့ရာ ဗောဓိညောင်ပင်ကို ကြည်ညိုသဒ္ဓါပွားများလျက် ရေသွန်းလောင်းခြင်း၊ သီလဘာဝနာဆောက်တည်ခြင်းနှင့် အလှူအတန်းပြုလုပ်ခြင်းတို့ဖြင့် ရှေးမူမပျက်ကောင်းမှုအမွေရေရှည်တည်တံ့ရေး၊ ပရိဘောဂစေတီထိုက်သည့် ဗောဓိညောင်ပင်ရှင်သန်စေခြင်းအကျိုးငှာ ရေသွန်းလောင်းခြင်းဖြစ်ပြီး ဘုရားရှင်ကို ရည်စူးပူဇော်ခြင်းလည်းဖြစ်သည်။ ဗောဓိပင်၏အရိပ်သည်အေးမြသည်။ တရားရှာမှီးလိုသူ သူတော်စင်အပေါင်းအတွက် စိတ်နှလုံးငြိမ်းချမ်းမှုကိုပေးစွမ်းသည်။ မြတ်စွာဘုရားရှင်သည် ဘုရားမဖြစ်မီ ညောင်ပင်ရင်းတွင် မြက်ရှစ်ဆုပ်ကိုဖြန့်ခင်းလျက် အဓိဋ္ဌာန်ပြုရာမှ ရွှေပလ္လင်ပေါ်ထွက်လာပြီး တရားကျင့်ကြံရာ အထွတ်အမြတ်နေရာတစ်ခုဖြစ်ခဲ့သည်။ ကြီးမားကျယ်ပြန့်သော ပင်စည်၊ အခက်၊ အလက်၊ ညောင်ရွက်များဖြင့် ဘုရားရှင်အပေါ်နေပြောက်မထိုးအောင် ကာကွယ်ပေးထားသည်။ မြတ်စွာဘုရားသည် ဗောဓိညောင်ပင်၏ အရပ်လေးမျက်နှာမှ လက်နက်မျိုးစုံဖြင့် ပစ်လွှတ်တိုက်ခိုက်သည့် မာရ်နတ်မင်းနှင့် မာရ်စစ်သည်အပေါင်းကို အောင်နိုင်တော်မူသည်။
မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များ
အနက် ကဆုန်လသည် ထူးမြတ်ပြီးလေးနက်သောအဓိပ္ပာယ်များဖြင့်ပြည့်နှက်နေသည်။ အချို့သောမြို့ရွာများသည် ညောင်ရေသွန်းပွဲတော်ကို အစဉ်အလာမပျက်ရိုးရှင်းစွာကျင်းပကြသော်လည်း အချို့သောမြို့ရွာများတွင် ညောင်ရေသွန်းပွဲကို အခမ်းအနားများပြုလုပ်၍ စည်စည်ကားကားကျင်းပသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ ကဆုန်လပြည့်နေ့တွင် ဘုရားကျောင်းကန်များတွင် ဘာသာတရားအလေးထားသူများ ညောင်ရေသွန်းလောင်းရန် အပူဒဏ်ကိုအန်တုလျက် ရှိနေကြသည်။ ကာလများတရွေ့ရွေ့ပြောင်းလဲသွားခဲ့သည့်တိုင် စစ်ကိုင်း၊ မန္တလေးရှိ ညောင်ရေသွန်း ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေမြဲဖြစ်သည်။ အမရပူရမြို့နယ် ရွှေကြက်ယက်ဘုရားညောင်ရေသွန်းပွဲတော်သည်လည်း အထင်ကရပွဲတော်တစ်ခု ဖြစ်သည်။
ကျေးရွာ ၁၆ ရွာမှ ညောင်ရေသွန်းပွဲအတွက် ရက်သတ္တပတ် အလိုကတည်းကပင် တီးဝိုင်းများ သီဆိုဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ကြသည်။ ကျေးရွာသူ၊ ကျေးရွာသားများက မင်းညီမင်းသားဝတ်စုံများဖြင့် ရပ်ကွက်အလိုက်မဲနှိုက်ပြီး ဝင်းခင်းစီတန်းလှည့်လည်ကြသည်။ ကြည်လင်သောစိတ်သဘောထားဖြင့် ဘုရားရှင်ပွင့်တော်မူခြင်း အထိမ်းအမှတ်တစ်ခုဖြစ်သည့် ပရိဘောဂစေတီ ဗောဓိညောင်ပင် အရှည်တည်တံ့ရှင်သန်ရေး ရေသွန်းလောင်းခြင်း၊ အမွှေးနံ့သာရည်ပက်ဖျန်းခြင်းကုသိုလ်များ စိတ်အားထက်သန်စွာပြုလုပ်နေကြသည့်မြင်ကွင်းများက ယနေ့ထက်တိုင်မမေ့နိုင်သောမြင်ကွင်းများပင်ဖြစ်သည်။
အချို့သောကုသိုလ်ရှင်များက ဘုရားရှင်အား ဆွမ်းကပ်လှူခြင်း၊ ဘုန်းကြီးကျောင်းတွင် သီလခံယူခြင်း ကုသိုလ်များပြုလုပ်ကြသည်။ ဗုဒ္ဓဘာသာဝင်အများစုသည် နေ့ထူးနေ့မြတ်အခါသမယတွင် ဘုရားအမှူးပြုသည့်သံဃာတော်များ တန်ဖိုးထားရာ ကျောင်း၊ ကန်၊ ဇရပ်များ ဆေးကြောသန့်စင်ခြင်း၊ ဇီဝိတဒါနအဖြစ်ငါးလွှတ်ခြင်း ၊ငှက်လွှတ်ခြင်းနှင့် သနားညှာတာခြင်း အထိမ်းအမှတ်အဖြစ် တိရစ္ဆာန်ဘေးမဲ့လွှတ်ခြင်းများသည် မြန်မာတို့၏ စိတ်နေစိတ်ထားများဖြစ်သည်။ အလားတူ ဘုရားစေတီများတွင် ပန်း၊ ရေချမ်းကပ်လှူခြင်း၊ပရိတ်ရွတ်ဖတ်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သမထ၊ ဝိပဿနာပွားများအားထုတ်ခြင်း အမူအကျင့်ကောင်းများသည် ဗုဒ္ဓဘာသာဝင်တို့ပြုမြဲပြုဖွယ်ကိစ္စများဖြစ်ပြီး ဘုရားရှင်ကိုလေးမြတ်ယုံကြည်ပူဇော်ခြင်းသာဖြစ်သည်။
သို့ဖြစ်ရာ မြန်မာတို့၏ဘာသာတရား ဦးထိပ်ပန်ဆင်မှုသည် သမိုင်းအဆက်ဆက်တွင် အစဉ်အမြဲတည်ရှိနေမည့် ဓလေ့ထုံးတမ်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရှိရာ ဘာသာဓလေ့ပွဲတော်တစ်ခုအဖြစ်သာမက နွေပူပူတွင် ဗောဓိညောင်ပင်မညှိုးနွမ်းစေရေးနှင့် ဘုရားရှင်၏ဂုဏ်တော်ကို အမှတ်ရရှိစေရေးကို ကိုယ်စားပြုလျက် ကြည်နူးအေးချမ်းစွာ ရေသွန်းလောင်းခြင်းအစဉ်အလာတစ်ရပ် ဖြစ်ရာ ကမ္ဘာတည်သရွေ့တည်ရှိနေရန် လိုအပ်သည်။ အကြောင်းအကျိုးလျော်ညီစွာပင် ဗောဓိညောင်ပင်အဓွန့်ရှည်ရှင်သန်ရေး ဦးတည်ချက်တစ်ရပ်မှာလည်း ဘုရားရှင်၏ သာသနာတော် နေလိုလလိုထွန်းလင်းထင်ရှားစေခြင်းငှာ ရည်ရွယ်ခြင်းသာဖြစ်သည်။ အမျိုးဘာသာသာသနာတော် ရေရှည်တည်တံ့ရေးကို ဗဟိုပြုသောပွဲတော်တစ်ခုဖြစ်သည့် “ကဆုန်ညောင်ရေသွန်းပွဲတော်” စဉ်ဆက်မပြတ်ဖြစ်ပေါ်ရေး ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းမှ လက်ဆင့်ကမ်း၍ မြတ်နိုးစွာထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။
MWD
