မျိုးဆက်သစ်လူငယ်များနှင့် အနာဂတ်တာဝန်

Posted_Date

Image

မျိုးဆက်သစ်လူငယ်များနှင့် အနာဂတ်တာဝန်

Body

     “အချိန်နှင့်ဒီရေသည် လူကိုမစောင့်  “အချိန်ရှိခိုက်လုံ့လစိုက် စသည့်ဆိုရိုးစကားများရှိခဲ့သည်။ အချိန်သည် လူကိုမစောင့်သည့်အတွက် လူကသာအချိန်ကိုစောင့်ရမည်ဖြစ်သည်။   လူတစ်ဦးတစ်ယောက် အနေဖြင့် မိမိဘဝတိုးတက်အောင်မြင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ အလုပ်လုပ်ကြရမည်ဖြစ်သည်။ လူတို့သည် အောင်မြင်မှုအတွက်  ဦးတည်ချက် အမျိုးမျိုးဖြင့်လျှောက်လှမ်းနေကြရသူများဖြစ်သည်။

အချို့လူများသည်  စစ်မှုထမ်းများ၊  အချို့သည် ပညာရေးဝန်ထမ်းများ၊  ဌာနအမျိုးမျိုးရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အစရှိသဖြင့်   ဘဝတိုးတက်ရေးအတွက် လျှောက်လှမ်းနေကြသူများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွင်းရှိ မည်သူမဆို လူငယ်ဘဝကပင် စတင်ကြရသူများဖြစ်သည်။ သစ်ပင်တစ်ပင်အတွက် အမြစ်သည် အရေးပါလှပေသည်။  အဆောက်အအုံတစ်ခုသည်လည်း    အုတ်မြစ်ခိုင်မာရမည်ဖြစ်သည်။

သို့မှသာ  ရေရှည်တည်တံ့ခိုင်မြဲလျက်  ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ လူတို့၏ဘဝတွင်လည်း လူငယ်ဘဝသည်  အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ 

ထိုအခြေခံအုတ်မြစ်ခိုင်မာမှသာ ရှေ့ဆက်မည့်ခရီး၌ချောမွေ့ပြီး   စည်ပင်သာယာဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပေသည်။ နိုင်ငံတော်တာဝန်အရပ်ရပ်အား ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်မောင်မယ်များသည်    ဘက်စုံတော်သည့်သူများဖြစ်ကြရပေမည်။  သို့မှသာ ၎င်းတို့တည်ဆောက်မည့် အမိနိုင်ငံတော်ကြီးသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ခေတ်အဆက်ဆက်ကပင် နိုင်ငံတော်ရှေ့ရေးကို မျှော်တွေးလျက် လူငယ်မောင်မယ်များကို မွေးထုတ်ခဲ့ကြသည်။ ကျောင်းသားလူငယ်များဖြစ်သည့် အခြေခံကျောင်းသား လူငယ်မောင်မယ်များနှင့်    အဆင့်မြင့်ကျောင်းသားများဖြစ်သည့် တက္ကသိုလ်/ကောလိပ်ကျောင်းသား လူငယ်မောင်မယ်များအား ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် သင်တန်းများဖွင့်လှစ်ပို့ချခဲ့ပေသည်။ ထိုသို့သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းသည် နိုင်ငံတော်အတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနေခြင်းပင်ဖြစ်သည်။ အားလပ်ချိန်အား အလဟဿမဆုံးရှုံးစေရန်ပင်ဖြစ်သည်။ 

နိုင်ငံတော်အတွက် ဝန်ကြီးဌာနများအလိုက်   သင်တန်းများဖွင့်လှစ်ပေးသကဲ့သို့    တပ်မတော်(ကြည်း/ရေ/လေ)တို့မှလည်း မိမိတို့နှင့်သက်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချလျက် မျိုးဆက်သစ်များ မွေးထုတ်ပေးခဲ့ကြသည်။ ယခု  ၂ဝ၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်  အားလပ်ချိန်များတွင်လည်း အခြေခံနှင့်တန်းမြင့်လေကြောင်း လူငယ်သင်တန်းများအား  ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။  လေတပ်စခန်းဌာနချုပ်များနှင့်  အချို့သောမြို့ကြီးများတွင် သင်တန်းပေါင်း ၂ဝ ခုဖွင့်လှစ်ပို့ချပြီး လူငယ်မျိုးဆက်သစ်မောင်မယ်များ မွေးထုတ်ပေးသွားမည်ဖြစ်သည်။

လေကြောင်းလူငယ်သင်တန်းများ   ဖွင့်လှစ်ပို့ချပေးခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားလူငယ်များအား လေကြောင်းဆိုင်ရာ ပညာရပ်များ၌ စိတ်ပါဝင်စားလာစေရန် လေယာဉ်/ရဟတ်ယာဉ်များ၏ အခြေခံသဘောတရားများအား  ကျွမ်းကျင်တတ်မြောက်စေရန်၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်သူများဖြစ်လာစေရန်၊   စည်းကမ်းစနစ်ကျနသော လူငယ်မောင်မယ်များဖြစ်ပေါ်လာစေရန်၊  ကျန်းမာကြံ့ခိုင်စွာဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ်များရှိလာစေရန်၊ စုပေါင်းဆောင်ရွက်လိုသည့် အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာစေရန်နှင့် လေကြောင်းပညာသမိုင်းကိုလေ့လာရသဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင်  စိတ်ပါဝင်စားမှုများတိုးပွားလာစေရန်ဖြစ်သည်။ ထို့ပြင် လူငယ်များတွင် ရှိသင့်ရှိအပ်သည့် ကိုယ်ကျင့်တရားများ၊ မျိုးချစ်

စိတ်ဓာတ်များ၊ ဆင်ခြင်တုံတရားများ၊ ဘာသာတရား ကိုင်းရှိုင်း၍ အမျိုးဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံများအား မြတ်နိုးစောင့်ရှောက်တတ်ရန်နှင့် အချိန်၏တန်ဖိုးကိုသိရှိပြီး မိမိကိုယ်ကို ဉာဏ်ပညာနှင့်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ အနာဂတ်အတွက် လူကောင်းလူတော်များ ဖြစ်လာစေရန်ရည်ရွယ်လျက်   ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်သည်။

လေကြောင်းလူငယ်   အခြေခံသင်တန်းတွင် သင်တန်းသားမောင်မယ်များအား အခြေခံစစ်ရေးပြ (လက်နက်မဲ့/လက်နက်ပါ)ဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရားများ၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း စသည့်ဘာသာရပ်များအား  သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းသား   လူငယ်မောင်မယ်များအတွက်  သင်ကြားပို့ချသည့် ဘာသာရပ်တိုင်းသည်  စိတ်ဝင်စားဖွယ်ဖြစ်ပြီး အလေ့အကျင့်ကောင်းများ ရရှိစေမည်ဖြစ်သည်။ RC လေယာဉ်ငယ်ပျံသန်းသည့် အခါတွင်လည်း လေယာဉ်ကြီးများ ပျံသန်းရသကဲ့သို့ အခြေခံသဘောတရားများကို တွေ့ရှိကြရမည်ဖြစ်သည်။ ပျံသန်းမှုအတတ်ပညာ၏ အနှစ်သာရများကို  ပီတိဖြစ်ဖွယ် ခံစားကြရမည်ဖြစ်သည်။ သင်တန်းတွင် ထူးချွန်သည့်သူများအား တန်းမြင့်သင်တန်းသို့ ဆက်လက်တက်ရောက်ခွင့် ရကြမည်ဖြစ်၍ အပြိုင်အဆိုင်ကြိုးစားလိုသည့်   စိတ်ဓာတ်ကောင်းများလည်း တိုးပွားလာမည်ဖြစ်သည်။ လေကြောင်းလူငယ်တန်းမြင့်သင်တန်းတွင် လေယာဉ်/ရဟတ်ယာဉ်အစစ်များအား  မောင်းနှင်ပျံသန်းမှုကို   လေ့လာသင်ကြားရမည်ဖြစ်ပြီး လိုက်ပါပျံသန်းနိုင်မည့်အခွင့်အရေးများကိုလည်း   ရရှိမည်ဖြစ်သည်။ 

ထို့ကြောင့် သင်တန်းသားများအနေဖြင့် ထူးချွန်စွာအောင်မြင်ရေးအတွက် ကြိုးစားသင်ယူသွားကြရန် လိုအပ်လှပေသည်။

လူငယ်ဘဝသည် အရာရာတွင်စွန့်စားလိုစိတ်ရှိသူများဖြစ်ကြသည်။ ထိုစွန့်စားမှုကိုအခြေခံ၍ ရရှိထားသည့်အားလပ်ချိန်အား  လုံ့လစိုက်ထုတ်  အမြတ်ထုတ်ကြရန်ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးသည် မိမိတို့တာဝန်ဖြစ်ကြောင်း နှလုံးသွင်းထားကြရမည်ဖြစ်သည်။  လေကြောင်းလူငယ်သင်တန်းဖြစ်သည့်အတွက်   မိမိကိုယ်မိမိ  အနာဂတ်၏ လေကြောင်းပညာရှင်များအဖြစ်  မှတ်ယူလျက် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ သင်တန်းကာလအတွင်း သင်တန်းသားများအား သက်ဆိုင်ရာလေတပ်စခန်း ဌာနချုပ်များတွင် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်သည်။   သို့အတွက် မိမိအိမ်တွင် နေထိုင်သကဲ့သို့မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာနေထိုင်မှုပုံစံများ၊ စစ်စည်းကမ်းများအား အတွေ့အကြုံတစ်ခုအဖြစ်ရရှိမည်ဖြစ်သည်။ဝတ်စားဆင်ယင်မှုတွင်လည်း လေကြောင်းလူငယ်ယူနီဖောင်း ဝတ်ဆင်ရမည်ဖြစ်သည်။ လူငယ်တစ်ယောက်အတွက် လွန်စွာဂုဏ်ယူစရာကောင်းသည့် ဝတ်စားဆင်ယင်မှုကို ခံစားရမည်ဖြစ်သည်။ သင်တန်းတွင် မိမိတို့၏မြို့နယ်သာမဟုတ်ဘဲ အခြားသောမြို့နယ်များမှလည်း လာရောက်သင်ကြားကြမည်ဖြစ်၍မိတ္တဗလခေါ်သည့်မိတ်ဆွေအပေါင်းအသင်း    တိုးပွားလာစေမည်ဖြစ်သည်။ သင်တန်းသားများ အတူစား၊ အတူသွား၊    အတူလေ့ကျင့်ရသည့်အတွက် 

တစ်သက်စာမေ့မရနိုင်သည့် သံယောဇဉ်များ တိုးပွားလာမည်ဖြစ်သည်။ တစ်နိုင်ငံလုံးတွင်ရှိသည့် လေကြောင်းပညာဝါသနာတူ သူငယ်ချင်းများနှင့် ချိတ်ဆက်မိသွားသည့်အတွက် တိုင်းပြည်၏အနာဂတ်အတွက်    အင်အားကြီးတစ်ခုဟုပင် ဆိုရမည်ဖြစ်သည်။ လေကြောင်းလူငယ်သင်တန်း တက်ရောက်ရခြင်းသည်   ကောင်းကင်ယံကို ချစ်မြတ်နိုးသူများဆုံစည်းပေးခြင်းပင်ဖြစ်သည်။ 

သင်တန်းတက်ရောက်ရသည့်အတွက် လေကြောင်းပညာများသာမက  မိမိကိုယ်ကိုယုံကြည်မှု၊  ဆုံးဖြတ်ချက်ပြတ်သားခြင်းနှင့်  တာဝန်ယူတတ်သည့်   အလေ့အကျင့်ကောင်းများ ရရှိစေမည်ဖြစ်သည်။ 

တပ်မတော်(လေ)၏သမိုင်းကို သင်ကြားရခြင်းဖြင့် (Tiger Moth) လေယာဉ်အမျိုးအစားမှအစပြုခဲ့ပြီး အသံထက်မြန်သည့် (Supersonic)ဂျက်တိုက်လေယာဉ်အဆင့်ထိ သုံးစွဲခဲ့သည့် လေယာဉ်/ရဟတ်ယာဉ် မျိုးဆက်များစွာကို သိရှိကြရပေမည်။ အတွေ့အကြုံပေါင်းများစွာကို ဖြတ်ကျော်လျက်  နိုင်ငံတကာအဆင့်မီ  လေကြောင်းနှင့်အာကာသစွမ်းအားပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်ကို  လေးစားဂုဏ်ယူဖွယ်လေ့လာသိရှိရမည်ဖြစ်သည်။ မြန်မာ့ဝေဟင်တွင်  မြန်မာ့လေယာဉ်များ  ပျံသန်းနိုင်ရေးကြိုးပမ်းခဲ့ကြသည့် လေသူရဲကြီးများအား အတုယူကြရမည်ဖြစ်သည်။   လက်ရှိတပ်မတော်(လေ)ရှိ အရာရှိ/စစ်သည်များသည်လည်း    အဆင့်ဆင့်လက်ဆင့်ကမ်းပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းအားထုတ်လုပ်ဆောင်လျက်ရှိနေပေသည်။ 

တပ်မတော်(လေ)ရှိ   အရာရှိ/စစ်သည်များသည် ခေတ်အဆက်ဆက်ကပင် နိုင်ငံတော်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များကျရောက်ရာဒေသများသို့ ရှာဖွေကယ်ဆယ်ရေးများပြုလုပ်ပေးခြင်း၊ စားနပ်

ရိက္ခာနှင့်ဆေးဝါးများပို့ဆောင်ပေးခြင်း၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးများတွင်ပါဝင်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်ကိုလည်း ဗဟုသုတဖြစ်ဖွယ်တွေ့ရှိရပေမည်။

လေကြောင်းလူငယ်သင်တန်းသည် သင်တန်းသားများအား အနာဂတ်နိုင်ငံတော်အတွက် ရည်ရွယ်လျက် မျိုးဆက်သစ်များမွေးထုတ်ပေးနေခြင်းဖြစ်သည်။ မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် တိုင်းပြည်၏တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြရမည်ဖြစ်သည်။ လူငယ်များ၏ပခုံးပေါ်သို့ ကျရောက်လာမည့်တာဝန်များမှာ အလွန်ကျယ်ပြန့်ပြီး အရေးကြီးလှပေသည်။  ထိုတာဝန်များအား ထမ်းဆောင်နိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ထားကြရပေမည်။  မည်သို့ ပြင်ဆင်ကြပါမည်နည်း။ ပထမဦးစွာ မိမိကိုယ်ကို အရည်အသွေးပြည့်ဝနေစေရေး တည်ဆောက်ကြရမည်ဖြစ်သည်။  ငယ်ရွယ်စဉ် အခါပညာရှာဆိုသည့်စကားအတိုင်း ကျောင်းနေအရွယ်တွင် ပညာသင်ကြားရမည်ဖြစ်သည်။ အခြေခံပညာရေးသာမက အဆင့်မြင့်ပညာတတ်မြောက်ပြီး ဘွဲ့၊ ဒီဂရီအသီးသီးရရှိသည်အထိ သင်ကြားကြရပေမည်။ သင်ကြားသည့်အခါတွင်လည်း ကျောင်းခန်းထဲရှိ သင်ခန်းစာများသာမက  ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ   လေ့လာသွားကြရန်လည်း လိုအပ်လှသည်။ နည်းပညာကျွမ်းကျင်ရေးအတွက် ယှဉ်တွဲလေ့လာသွားကြရပေမည်။ လူမှုဆက်ဆံရေးလောကတွင် လိုက်လျောညီထွေပြေပြစ်စွာ ဆက်ဆံနိုင်ရေး၊ ဖြစ်ပေါ်လာသည့် ပြဿနာများအား ပြေလည်စွာဖြေရှင်းနိုင်ရေး လေ့လာသွားကြရမည်ဖြစ်သည်။

မိမိကိုယ်ကိုအရည်အချင်း ပြည့်ဝစေရေးကြိုးပမ်းရာတွင် ကျန်းမာရေးကောင်းမွန်ရန်မှာလည်း အရေးပါလှသည်။ ကျန်းမာခြင်းသည်  လာဘ်တစ်ပါးဟူ၍ဆိုရိုးရှိခဲ့သည်။ တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်မည့်သူများသည် ကျန်းမာကြံ့ခိုင်နေကြရပါမည်။ 

ကျန်းမာရေးဆိုရာ၌လည်း ကိုယ်ရောစိတ်ပါကြံ့ခိုင်သန်စွမ်းနေရမည်ဖြစ်သည်။  သို့အတွက် အစားအသောက်၊  အနေအထိုင်၊  အသွားအလာမှစ၍  သတိဝီရိယနှင့်ယှဉ်လျက်    နေထိုင်သွားလာစားသောက်ကြရန်လိုအပ်လှသည်။   ကျန်းမာရေးကောင်းမွန်နေမှသာ မိမိလိုချင်သည့်ပညာရပ်များအား သင်ယူနိုင်မည်ဖြစ်သည်။ ပညာလို အိုသည်မရှိ ဆိုသကဲ့သို့ပင် အသက်ရှင်သန်နေသရွေ့ လေ့လာသင်ကြားနေကြရမည်ဖြစ်သည်။  ပညာပြည့်ဝနှလုံးလှဟူသည့် စကားနှင့်အညီ ပညာပြည့်ဝနေစေရေး အချိန်ရှိသမျှ လေ့လာသင်ကြားနေကြရမည်ဖြစ်သည်။

ကျန်းမာရေးကောင်းမွန်ပြီး ပညာများတတ်မြောက်သင့်သလောက် တတ်မြောက်ပြီဆိုလျှင် ကိုယ်ကျင့်တရား ကောင်းမွန်ရေးကိုလည်း တည်ဆောက်ကြရမည်ဖြစ်သည်။   အကျင့်စာရိတ္တ ကောင်းမွန်ရေးအတွက် ရိုးသားမှု၊ ကိုယ်ချင်းစာတရားရှိမှု၊ ပရဟိတစိတ်ထားနိုင်မှု၊ တာဝန်ယူလိုစိတ်ရှိမှု၊  အများနှင့်ပူးပေါင်း ဆောင်ရွက်နိုင်မှုစသည်တို့ကို လေ့ကျင့်မွေးမြူသွားရမည်ဖြစ်ပေသည်။ ကိုယ်ကျင့်တရား ကောင်းမွန်မှသာ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက်  နိုင်ငံတော်၏တာဝန်များ  ထမ်းဆောင်နိုင်မည်ဖြစ်သည်။

လူငယ်များသည် လူ့အဖွဲ့အစည်း၏ အပြောင်းအလဲကို  ဖန်တီးနိုင်သူများဖြစ်သည်။   အနာဂတ်ကာလ၏ နိုင်ငံ့တာဝန်များကို ထမ်းဆောင်မည့်သူများပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦးရှိသင့်ရှိထိုက်သည့် အရည်အသွေးများပြည့်ဝနေရမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်ရပေမည်။ 

ယနေ့လူငယ်ဘဝ၌ပင် တရားဥပဒေအား လိုက်နာတတ်ရမည်ဖြစ်သည်။ တရားဥပဒေကို လေးစားတတ်စေရေး၊ တရားမျှတမှုကိုမြတ်နိုးတတ်စေရေး လေ့ကျင့်သွားရမည်ဖြစ်သည်။  သို့မှသာ နိုင်ငံတော်အတွက် အားကိုးအားထားရမည့်သူများ ဖြစ်လာပေမည်။

လေကြောင်းလူငယ်သင်တန်းများသည် နိုင်ငံတော်၏ လေကြောင်းကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ငယ်ရွယ်စဉ်ကပင်  လေကြောင်းပညာအခြေခံများ  မျိုးစေ့ချစိုက်ပျိုးနေခြင်းပင်ဖြစ်သည်။  ဤကဲ့သို့ နိုင်ငံတော်အတွက်ဟူ၍ သဘောရိုးစိတ်ထားအမှန်ဖြင့် ဖွင့်လှစ်ပို့ချနေသည့် သင်တန်းများအား နွေရာသီ

ကျောင်းပိတ်ရက် ကာလများအတွင်း တက်ရောက်လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များအား ထိတွေ့လေ့လာသိရှိနိုင်သည်သာမက အထွေထွေဗဟုသုတများ၊ ဒေသန္တရဗဟုသုတများရရှိသည့်အပြင်   လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ အဖွဲ့အစည်းဖြင့်လုပ်ဆောင်ရသော ကိစ္စရပ်များ၊   အတွေ့အကြုံကောင်းများပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကြီးတစ်ရပ်ပင်ဖြစ်ပေသည်။

သင်တန်းတက်ရောက်ကြမည့် လူငယ်မောင်မယ်များအတွက်ကား အဓိပ္ပာယ်ရှိလှသော၊ အဖိုးတန်လှသော နွေရာသီကျောင်းပိတ်ရက် ကာလများဖြစ်ပေလိမ့်မည်။ နောင်တစ်ချိန် အနာဂတ်နိုင်ငံတော်၏ အရေးပါသည့် အခန်းကဏ္ဍများဖြစ်သည့် လေကြောင်းနှင့်အာကာသသိပ္ပံဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များတွင် မြင့်မားမှန်ကန်သည့်ခံယူချက်၊ ရပ်တည်ချက်များဖြင့် ဦးဆောင်နိုင်ကြပေလိမ့်မည်။  အလွန်အဖိုးတန်လှသော  လူသားအရင်းအမြစ်များဖြစ်ကြပေတော့မည်။မိမိအနေဖြင့် အနာဂတ်အတွက်ကြိုတင်မြော်တွေး၍ရည်ရွယ်ချက်ကြီးမားစွာလူငယ်မောင်မယ်များအား လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များအား ဆည်းပူးလေ့လာခွင့်ရရှိစေရန် အလို့ငှာ အခြေခံလေကြောင်းလူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက်ရှိသော တပ်မတော်(လေ)အား ကျေးဇူးဥပကာရတင်ရှိရပါသည်။  တိုင်းကားပြည်ရွာ သာကြီးသာအောင်   ပညာသတိလက်ကိုင်ရှိ တိုင်းပြည်ကြီးအကျိုး ဆောင်ရွက်ကြိုး၍ ကျင့်ရိုးအစဉ် မြဲစေယှဉ်လော့ဟူသည့် မဃဒေဝလင်္ကာအတိုင်း နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက်အဖိုးတန် ဝေဟင်လူငယ် တို့အားမာန်များဖြစ်လာမည့် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့်  တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၉)မှ   သင်တန်းသား၊ သင်တန်းသူလူငယ်မောင်မယ်များအား   ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။     ။

MWD