နွေရာသီတွင် ရေဓာတ်အပြည့်အဝ ပေးနိုင်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ
Posted_Date
Image
Body
နွေရာသီရောက်ရှိလာပြီဖြစ်၍ ပတ်ဝန်းကျင် အပူချိန်မြင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာပြီး ချွေးအလွန် ထွက်သဖြင့် ခန္ဓာကိုယ်အတွင်း ရေဓာတ် ဆုံးရှုံးမှုဖြစ်လာနိုင်သည်။ ပူပြင်းသော ရာသီဥတုတွင် ခန္ဓာကိုယ်အတွင်း အပူချိန် ကိုထိန်းညှိရန် အဓိကအားဖြင့် ချွေးမှတစ်ဆင့် အပူကိုပြန်လည်စွန့်ထုတ်ရသည်။ ထို့ကြောင့် မကြာခဏရေငတ် သလိုခံစားရပြီး သတိမထားမိပါက ရေ ဓာတ်ခန်းခြောက်ခြင်းဖြစ်နိုင်သည်။ သို့ဖြစ် ၍ နွေရာသီတွင် ရေများများသောက်ရန် အဓိကလိုအပ်သည်။ နွေရာသီတွင် ရေ ဓာတ်ပြည့်ဝသော ရာသီပေါ်အသီးအနှံများသည် အရသာရှိရုံသာမက လုံလောက် သောရေဓာတ်ကိုပေးစွမ်းနိုင်ပြီး ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည် ဖြည့်တင်းပေးသည်။ ရာသီဥတုအလွန်ပူပြင်းချိန်တွင် ကိုယ်တွင်းအပူချိန် ရုတ်တရက်မြင့်တက်လာနိုင်သဖြင့် အပူကိုတွန်းလှန်ပြီး စွမ်းအင်ကို ထိန်းထားရန် ရိုးရိုးရေသောက်ခြင်းအပြင် ရေဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်း သည်လည်း အထောက်အကူဖြစ်စေနိုင် သည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များသည် ရေဓာတ်၏ အရင်းအမြစ်များ ဖြစ်ပြီး နေ့စဉ် အရည်စားသုံးမှု၏ ငါးပုံတစ်ပုံခန့်သည် အစားအစာများမှရရှိခြင်း ဖြစ်သည်။ ရာသီပေါ်အသီးအနှံနှင့်ဟင်းသီး ဟင်းရွက်များသည် ရေဓာတ်ပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်သည့် အမျှင် ဓာတ်၊ ဗီတာမင်များနှင့်ရောင်ရမ်းမှုကိုတိုက်ဖျက်သည့် အင်တီအောက်စီးဒင့်များ ပါဝင်သည်။
သခွားသီး
သခွားသီးကို ရေ ၉၆ ရာခိုင်နှုန်းခန့် ဖြင့် ဖွဲ့စည်းထားသောကြောင့် ရေဓာတ်ပါဝင်မှု အများဆုံးအစားအစာဖြစ်သည်။ ရေဓာတ်ဖြည့်တင်းပေးရုံသာမက ခန္ဓာ ကိုယ်ကိုလည်း အေးမြစေကာ နွေရာသီ၏ အဓိကစားစရာတစ်ခုဖြစ်သည်။ အဆိပ် အတောက်များကို ဖယ်ရှားပေးပြီး အမျှင် ဓာတ်ပါဝင်မှုကြောင့် အစာချေဖျက်မှုကိုလည်း ကူညီပေးသည်။ ကယ်လိုရီ အလွန် နည်းသောကြောင့် နွေရာသီတွင် ကိုယ် အလေးချိန်လျှော့ချရန် ကြိုးစားနေသူများအတွက် သရေစာကောင်းတစ်ခုဖြစ် သည်။ ဗီတာမင် -K ၏ အရင်းအမြစ် ကောင်းတစ်ခုဖြစ်၍ ရောင်ရမ်းမှုကို ဆန့်ကျင်သည့်ဂုဏ်သတ္တိများရှိပြီး သွေးခဲခြင်းနှင့် အရိုးကျန်းမာရေး အတွက်လည်း အထောက်အကူဖြစ်စေနိုင်သည်။ သခွားသီးတွင်ပါရှိသော ဆီလီကာဓာတ်သည် တွယ်ဆက်တစ်သျှူးများကို အားကောင်း စေခြင်းဖြင့် အဆစ်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေသည်။
ဖရဲသီး
ဖရဲသီးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်းခန့် ပါရှိသောကြောင့် ရေဓာတ်ဖြည့်တင်းပေး ပြီး လန်းဆန်းစေသည်။ ပိုတက်ဆီယမ်၊ ဗီတာမင်- A နှင့် C တို့ကြွယ်ဝပြီး အမျှင် ဓာတ်နှင့်လိုင်ကိုပင်းတို့ ပါရှိသောကြောင့် အသားအရေကို အပူဒဏ်မှ ကာကွယ်ပေး နိုင်သည်။ ဖရဲသီးသည် အမိုင်နိုအက်စစ် Citrulline ပါဝင်ပြီး အထူးသဖြင့် ဖရဲသီးခွံ တွင် Citrulline ကြွယ်ဝသည်။ ခန္ဓာကိုယ် တွင် Citrulline ကို နိုက်ထရစ်အောက်ဆိုဒ် အတွက်လိုအပ်သော Arginine အဖြစ်သို့ ပြောင်းလဲပြီး သွေးစီးဆင်းမှုကိုကောင်း မွန်စေ၍ သွေးဖိအားကို လျှော့ချပေးနိုင် သည်။ နှလုံးကျန်းမာရေးကို ပံ့ပိုးပေး သည့် ဗီတာမင်၊ သတ္တုဓာတ်နှင့်ဖိုက်တို အာဟာရများပါရှိသည်။ အရည်ရွှမ်းပြီး သဘာဝအရသာချိုမြိန်သောကြောင့် ပူပြင်း သောနွေရာသီတွင် စားသုံးနိုင်သည်။ ခန္ဓာကိုယ်တွင် သကြားဓာတ်ပမာဏကို ပုံမှန်ထိန်းထားရန် နံနက်ခင်းဗိုက်ထဲတွင် အစာမရှိချိန် ဖရဲသီးစားခြင်းကို ရှောင်ကြဉ်ရန် အာဟာရပညာရှင်များက အကြံပြုထားသည်။
သခွားမွှေးသီး
သခွားမွှေးသီးသည် ချိုမြိန်၍ အရည် ရွှမ်းပြီး ရေဓာတ် ၉၁ ရာခိုင်နှုန်းခန့်ပါဝင် သည်။ ထူးခြားသော ပိုက်ကွန်ကဲ့သို့ အပြင်ဘက်အခွံရှိပြီး ဗီတာမင်- A၊ C၊ အင်တီအောက်စီးဒင့်များနှင့် အမျှင်ဓာတ် များကြွယ်ဝစွာပါဝင်သည်။ ရေဓာတ်ပါဝင် မှု မြင့်မားရုံသာမက ခုခံအားမြှင့်တင်ပေး ခြင်း၊ အစာချေဖျက်မှုကို အထောက် အကူပြုခြင်းနှင့် မျက်စိကျန်းမာရေးကို ပံ့ပိုးပေးခြင်းဖြင့် ကျန်းမာရေးကိုအထောက် အကူပြုနိုင်သည်။
စတော်ဘယ်ရီသီး
လတ်ဆတ်သော စတော်ဘယ်ရီသီးတွင် ရေဓာတ် ၉၁ ရာခိုင်နှုန်းခန့်ပါဝင် ၍ အရည်ရွှမ်းပြီး အရသာရှိသဖြင့် နွေရာသီ တွင် သရေစာ သို့မဟုတ် အချိုပွဲများ အတွက် ရွေးချယ်နိုင်သည်။ စတော်ဘယ်ရီ သီးတွင် နှလုံးကိုပျက်စီးစေသော ဖရီး ရယ်ဒီကယ်များကို တိုက်ခိုက်ပေးသည့် အင်တီအောက်စီးဒင့်များနှင့် ဗီတာမင် -C ပါရှိသည်။ ၂၀၂၁ ခုနှစ် လေ့လာမှုအရ တစ်ရက်လျှင် စတော်ဘယ်ရီသီးရှစ်လုံး ခန့်စားသုံးခြင်းသည် နှလုံးသွေးကြော ဆိုင်ရာ ဇီဝဖြစ်ပျက်မှု အန္တရာယ်များနှင့် အင်ဆူလင်ခုခံမှုကို တိုးတက်ကောင်းမွန်စေသည်။ ဗီတာမင်-C နှင့် အင်တီအောက်စီးဒင့်များ ကြွယ်ဝသောကြောင့် အသားအရေကျန်းမာရေးကို မြှင့်တင်ပေး နိုင်သည်။ အမျှင်ဓာတ်၊ ပိုလီဖီနော၊ အင်တီအောက်စီးဒင့်များကြွယ်ဝပြီး ပရို ဘိုင်အိုတစ် ဂုဏ်သတ္တိများရှိသောကြောင့် အူအတွင်း အကျိုးပြု ဗက်တီးရီးယားများ တိုးပွားစေနိုင်သဖြင့် နွေရာသီတွင် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုနိုင်သည်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးသည် ရေ ၉၄ ရာခိုင်နှုန်း နှင့်ဖွဲ့စည်းထားသော အသီးအနှံတစ်မျိုး ဖြစ်သည်။ အနီရောင်ခရမ်းချဉ်သီးတွင် ဗီတာမင်- A၊ C၊ B2၊ ဖောလိတ်၊ ခရိုမီယမ်၊ ဖိုက်ဘာ၊ ပိုတက်ဆီယမ်နှင့် အင်တီ အောက်စီးဒင့်များပါဝင်ပြီး အရေပြား၊ မျက်စိနှင့်ကိုယ်ခံအားစနစ်ကိုကျန်းမာစေ ရန် အထောက်အကူဖြစ်စေသည်။
ဘူးသီး
ဘူးသီးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်းခန့်ပါရှိပြီး နွေရာသီတွင် ခန္ဓာကိုယ်ကိုအေးမြ စေရန် စားသုံးနိုင်သည့် အကောင်းဆုံး အစားအစာဖြစ်သည်။ ဘူးသီးကို အာယုဗ္ဗေဒဆေးပညာတွင် ခန္ဓာကိုယ်အပူနှင့် အက်စစ်ဓာတ်ကို လျှော့ချပေးနိုင်ပြီး ခွန်အားဖြစ်စေသော အစားအစာအဖြစ် သတ်မှတ်သည်။ အမျှင်ဓာတ်၊ ဗီတာမင် နှင့်သတ္တုဓာတ်များကြွယ်ဝပြီး ကယ်လိုရီနည်းသည်။ အစာကြေရန်လွယ်ကူပြီး အသည်းကျန်းမာရေးကိုလည်း အထောက် အကူပြုနိုင်သည်။ အဆီပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်များပါရှိသောကြောင့်အစာခြေစနစ်ကို အထောက်အကူဖြစ်စေ ပြီး ကိုယ်အလေးချိန်မတက်စေဘဲ ဝမ်းမှန် စေသည်။
ကျောက်ဖရုံသီး
ကျောက်ဖရုံသီးတွင်ရေဓာတ် ၉၆ ရာခိုင် နှုန်းခန့်ပါဝင်သည်။ လန်းဆန်းသော အရသာနှင့်ရေဓာတ်ကို ဖြည့်တင်းပေးနိုင် သည့်ဂုဏ်သတ္တိရှိသည်။ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးပြီး ကယ်လိုရီအလွန်နည်း သည်။ အဆီနှင့်ပရိုတင်းဓာတ် ကင်းစင်သည်။ အမျှင်ဓာတ်နှင့် ဆားပါဝင်မှုမြင့်မား သည်။ ဗီတာမင်-C၊ ဗီတာမင်- B1၊ ဗီတာ မင်-B2၊ ဗီတာမင်- B3၊ ဗီတာမင်-B6 နှင့် ဇင့်တို့လည်းပါဝင်သည်။ ထို့ပြင် ကျောက် ဖရုံသီးတွင် ဆိုဒီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စဖရပ်အနည်းငယ်ပါဝင် သည်။
ဆလတ်ရွက်
ဆလတ်ရွက်တွင် ရေဓာတ်ပါဝင်မှု အလွန်မြင့်မားပြီး ရေဓာတ် ၉၄ ရာခိုင်နှုန်း မှ ၉၆ ရာခိုင်နှုန်းအထိပါဝင်သည်။ အထူး သဖြင့် ပူပြင်းသောရာသီဥတုတွင် စားသုံးရန် ရွေးချယ်သင့်သည်။
ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်ကို ရေဓာတ် ၉၃ ရာခိုင် နှုန်းခန့်ဖြင့် ဖွဲ့စည်းထားသောကြောင့် ရေဓာတ်ကို ကောင်းစွာရရှိစေသည်။ ဟင်းနုနယ်ရွက်သည် သံဓာတ်အရင်းအမြစ် ကောင်းတစ်ခုလည်းဖြစ်သည်။ သံဓာတ် သည် ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်ပို့ဆောင်ရန်နှင့် ကိုယ်ခံအားစနစ် ကျန်းမာ စေရန် မရှိမဖြစ်လိုအပ်ပါသည်။
ဘရိုကိုလီ
ဘရိုကိုလီကို ရေဓာတ် ၉၀ ရာခိုင်နှုန်း ခန့်ဖြင့် ဖွဲ့စည်းထားပြီး ဗီတာမင်-K၊ ဗီတာမင်-A၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ဖောလစ်အက်စစ်နှင့် အရေးကြီးသော အာဟာရဓာတ်များစွာပါဝင်သည်။
အုန်းစိမ်းရည်
အစိမ်းရောင်အုန်းသီးတွင် ရေဓာတ် ၉၄ ရာခိုင်နှုန်းနှင့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်ပါဝင်သော အီလက်ထရိုလိုက် များ၏ သဘာဝအရင်းအမြစ်ဖြစ်သည်။
ချွေးနှင့် တခြားခန္ဓာကိုယ် လုပ်ငန်းဆောင်တာများမှတစ်ဆင့် ဆုံးရှုံးသွားသော အီလက်ထရိုလိုက်များကို ပြန်လည်ဖြည့်တင်းရန် ကူညီပေးနိုင်သည်။ Research Gate မှ အစီရင်ခံစာတစ်ခုအရ အုန်းစိမ်းရည်တွင် ဖိုက်တိုဟော်မုန်းများ၊ အင်ဇိုင်းများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ ဖီနိုလစ်ဒြပ်ပေါင်းများ ပါရှိကြောင်း အကြံပြုထားသည်။ အုန်း စိမ်းရည်သည် အယ်ကာလိုင်းအနည်းငယ် ရှိပြီး ပူပြင်းသောအပူချိန်တွင်ပင် ခန္ဓာ ကိုယ်၏ PH အဆင့်ကို ထိန်းညှိပေးနိုင် သည်။ အုန်းစိမ်းရည်၏ အယ်ကာလီပါဝင် မှုသည် တချို့သောအစားအစာများနှင့် စိတ်ဖိစီးမှုများကြောင့် ဖြစ်ပေါ်လာသော အက်စစ်ဓာတ်၏ အကျိုးသက်ရောက်မှု ကိုခုခံနိုင်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းအခြေ အနေကိုမျှတရန် ကူညီပေးသည်။ ခန္ဓာ ကိုယ်အတွင်းရှိ အပူကိုလျှော့ချပေးကာ သဘာဝအအေးဓာတ်ကို ပံ့ပိုးပေးသည်။ အထူးသဖြင့် ပူပြင်းသောရာသီဥတုတွင် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ကိုအေးမြ စေသည်။ လူအများစုအတွက် အုန်းစိမ်းရည်သည် ဘေးကင်းသည်ဟု ယေဘုယျအားဖြင့် အသိအမှတ်ပြုသော်လည်း ကျောက်ကပ်ရောဂါရှိသူ သို့မဟုတ် ပိုတက် ဆီယမ်နှင့် ဆိုဒီယမ်ပမာဏကို စီမံခန့်ခွဲရန် လိုအပ်သူများအတွက် သတိပြုသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် နွေရာသီတွင် ခန္ဓာကိုယ်ကိုအေးမြစေပြီး ချွေးထွက် ၍ဆုံးရှုံးသွားသောရေနှင့်အီလက်ထရို လိုက်များကို ပြန်လည်ဖြည့်တင်းပေးနိုင် သည့် အာဟာရပြည့်ဝသော သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် များစွာရှိသည်။
တစ်ရက်လျှင် အနည်းဆုံးသစ်သီးသုံးကြိမ်နှင့် အသီးအရွက်နှစ်ကြိမ် သို့မဟုတ် ထိုထက်ပို၍စားသုံးသင့်သည်ဟု အာဟာရ ပညာရှင်များက အကြံပြုထားသည်။ သို့ ဖြစ်၍ နွေရာသီတွင် ရေဓာတ်ကြွယ်ဝ သောသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များ၏အကျိုးကျေးဇူးကို အသုံးပြု၍လန်းဆန်းစေသော အစားအစာများကိုဖန်တီးခြင်းဖြင့် ခံတွင်းတွေ့ပြီး သဘာဝ အတိုင်း အပူဒဏ်ကိုကာကွယ်ရန် သို့မဟုတ် လျော့ပါးသက်သာစေရန် အထောက်အကူ ပြုနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
MWD
