ကဆုန်လရာသီနှင့် ဆေးဖက်ဝင် စံကားဝါပန်း
Posted_Date
Image
Body
ကဆုန်လသည် ဖူးပွင့်ပန်းစုံနှင့် ရနံ့ထုံသောလဖြစ်ပြီး နှင်းဆီ၊ ကံ့ကော်၊ စံပယ်၊ ဂန္ဓမာ၊ ပိတောက် စသည့် ပန်းမျိုးစုံတို့အလယ်တွင် စံကားဝါပန်းသည် ထူးခြားသောရနံ့ဖြင့် ပန်းတို့အလှတွင် ထင်ရှားသော ပန်းတစ်မျိုးဖြစ်သည်။
စံကားဝါပန်းသည် အဖြူ၊ အစိမ်း၊ အဝါ၊ လိမ္မော်ရောင်များရှိပြီး အဝါနှင့် လိမ္မော်ရောင်တို့သည် ရနံ့ပိုမိုမွှေးကြိုင်ကာ ပွင့်အားလည်း ကောင်းမွန်သည်။ ရံဖန်ရံခါ ရွှေအိုရောင်ပန်းများကိုလည်း တွေ့ရတတ်သည်။ အထူးသဖြင့် ပုပ္ပားတောင်ဒေသတွင် ပေါများစွာပေါက်ရောက်သည်။
ရုက္ခဗေဒအရ စံကားဝါပန်း၏ အမည်မှာ Michelia champaca Linn ဖြစ်ပြီး Magnoliaceae မျိုးရင်းဝင်ဖြစ်သည်။ အင်္ဂလိပ်လို Golden Champa ဟုခေါ်ကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက်သော အမြဲစိမ်းပင်ကြီးမျိုးဖြစ်သည်။
စံကားဝါပင်၏ အရွက်သည် ဘဲဥပုံ သို့မဟုတ် လှံစွပ်ပုံသဏ္ဌာန်ရှိပြီး အရွက်နုစဉ်တွင် အမွေးနုရှိကာ ရင့်လာသောအခါ ပြောင်ချောလာသည်။ ပန်းသည် တစ်ပွင့်တည်းပွင့်ပြီး အလွန်မွှေးကြိုင်သည်။ ကဆုန်နှင့် နယုန်လများတွင် အဓိကပွင့်သည်။
ဆေးဖက်ဝင်အနေဖြင့် စံကားဝါပန်းသည် အေးမြသောဂုဏ်သတ္တိရှိပြီး နှလုံး၊ သည်းခြေ၊ သလိပ်တို့အတွက် အကျိုးပြုသည်။ သွေးအန်၊ ဆီးအောင့်၊ ယားနာ၊ အနာပေါက်စသည့်ရောဂါများကို သက်သာစေသည်ဟု မြန်မာဆေးကျမ်းများတွင် ဖော်ပြထားသည်။
အပွင့်ကို ရေစိမ်သောက်ခြင်း၊ ရေနွေးစိမ်သောက်ခြင်း၊ အရွက်ပြုတ်ရည်သောက်ခြင်းနှင့် လိမ်းဆေးအဖြစ်အသုံးပြုခြင်းတို့ဖြင့် ဆီးလမ်းကြောင်း၊ အစာအိမ်၊ အရေပြားရောဂါများကို သက်သာစေသည်။
ထို့အပြင် စံကားဝါပန်းရနံ့သည် စိတ်နှလုံးကိုကြည်လင်အေးမြစေပြီး အပူဒဏ်လျော့ပါးစေသည်။ သဘာဝက ပေးထားသည့် ဆေးဖက်ဝင်အပင်များအနက် ဘေးထွက်ဆိုးကျိုးနည်းပါးသော အပင်တစ်မျိုးဖြစ်သည်။
ထို့ကြောင့် ကဆုန်နှင့် နယုန်လများတွင် ပွင့်လှိုင်သော စံကားဝါပန်းများကို စုဆောင်းသိမ်းဆည်းကာ မိသားစုကျန်းမာရေးအတွက် အသုံးပြုနိုင်ကြောင်း ဖော်ပြအပ်ပါသည်။
MWD
