ရေခဲရေ သို့မဟုတ် အဆိပ်သောက်နေကြသူများ သတိပြုသင့်
Posted_Date
Image
Body
သင်သည် အညောင်းအကိုက်များသည်၊ အလုပ်လုပ်ပြီးလျှင် နုံးခွေပြီး ခြေလက်မသယ်ချင်ဖြစ်သည်၊ အားနည်းပြီး အစာမကြေ၊ အစာမျိုးစုံစားသော် လည်း ခံတွင်းမတွေ့ဖြစ်သည်၊ အာခံတွင်း ခြောက်သည်၊ မကြာခဏရေငတ်သည်၊ ဝမ်းချုပ်သည်၊ မျက်နှာနှင့်အသားအရေ များတင်းပြီး ယားယံသည်ဆိုလျှင် တခြား ရောဂါများကို မရှာဖွေပါနှင့်။ မစဉ်းစားပါနှင့်။
သင် ရေခဲရေကြိုက်သလား။ ရေခဲရေ သောက်ခဲ့သည်မှာကြာနေပြီလားဆိုသည် ကို အရင်စဉ်းစားပါ။
စာရေးသူကိုယ်တိုင်က ရေနွေးကြမ်း ကြိုက်သူဖြစ်ပါသည်။ လက်ဖက်ခြောက် အမျိုးမျိုးကိုဝယ်ပြီး သောက်ခဲ့ဖူးပါသည်။ ရေနွေးကြမ်း၏ကောင်းကြောင်းကို တိုင်းရင်းဆေး ရှုထောင့်မှလည်းကောင်း၊ အနောက်တိုင်း ဆေးပညာလောကမှ သတင်းများအရလည်းကောင်း သတင်းစာ၊ ကျန်းမာရေးဂျာနယ်များတွင် ဆောင်းပါး များ ထည့်သွင်းရေးသားခဲ့ဖူးပါသည်။
ရေနွေးကြမ်းခေါ် အဖန်ရည်ကို တစ်နေ့ လျှင် ထမင်းစားပြီး တစ်ခွက်၊ နှစ်ခွက်သောက်ပေးရုံမျှဖြင့် အစာကြေကျက် အားကောင်းစေပြီး သွေးကြောအတွင်းသို့ အဆီစုပ်ယူမှုကို ဟန့်တားပေးသည်။ ပိန်ချင်သူ၊ ကိုလက်စထရောကျချင်သူ များအတွက် ဆေးကောင်းတစ်လက်ဖြစ် သည်။
ရေခဲရေသောက်သူများ၏ ကိုယ်တွေ့ အမှားများအကြောင်းကို တင်ပြလိုပါ သည်။ ညနေဘက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသောနေရာ ရောက်ချိန်တွင် ရေခဲစိမ်ရေသန့်ဘူးပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီး နောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပဆေးရုံ တစ်ခုသို့ပို့လိုက်ရသည်ဟု သိရသည်။
နေပူထဲမှပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးတစ်ပုလင်း ထုတ်ယူကာ အားရပါးရ သောက်ချလေ့ ရှိသူတစ်ဦးသည် မျက်စိများနီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပဆေးခန်းတစ်ခု တွင် သွေးပေါင်ချိန်ကြည့်ရာ အပေါ်သွေး 200 mmHg တက်နေသည့်အတွက် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံတက်ခိုင်း လိုက်ရသည်ဟု သိရသည်။
ရာသီဥတုပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲတွင်နေရင်း ရေခဲရေကို ခဏခဏသောက်လေ့ရှိသော မိသားစုတစ်စုရှိသည်။ သူတို့တစ်အိမ်လုံးသည် ရေခဲရေ အသောက်များသောကြောင့် မိတ်အိုင်းခေါ် မိတ်ဖု အပျဉ်လိုက်ထွက်ပြီး နီရဲလာသည်ကိုတွေ့ရသည်။ ကလေး ငယ်များသည် ရေခဲရေသောက်ပြီး ခေါင်းတွင် အပူဖုကြီးများထွက်ကာ တချို့အဖု ကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ဖြစ် လာသည်။
ရေခဲရေကို လေဖြင့်မှုတ်ပေးသည့် ပန်ကာတစ်မျိုး (Air Cooler) ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများရောင် အမ်းခြင်း၊ အရေပြားထူပြီး ယားနာများထွက်ခြင်းတို့ဖြစ်ကြောင်း သတိထားမိ လာသဖြင့် Air Cooler ထဲသို့ ရေခဲရေ မထည့်ဝံ့ကြတော့ဘဲ ရိုးရိုးရေသာ ထည့် ၍သုံးစွဲနေရသည်ဟု သုံးစွဲသူမိတ်ဆွေ တစ်ဦးကပြောပြသဖြင့် သိရသည်။
ရေခဲချောင်း၊ ရေခဲထုပ်အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီးရောင်ခြင်းများအပြင် တချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများဖြစ်ကြောင်း သိရသည်။
လျှာနှင့်အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများပေါက်ပြီး အစပ်မစား နိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရ ဖူးသည်။ လျှာဘေးတွင် အနာဖုလေးထွက် လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွား သောအခါ ချိုင့်ခွက်ကဲ့သို့ဖြစ်လာသည်။ အစာနှင့် အချဉ်အစပ်တို့ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။ စိတ်ပင်ပန်းသူ၊ သောက များသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။
တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆရှုထောင့်မှကြည့်လျှင် ထိုအနာ များသည် အပူကန်နာများဖြစ်သည်။ အစာအိမ်ထဲမှအပူများ အထက်သို့ ကန်တက်ပြီး ခံတွင်း၊ လျှာ၊ အာခေါင်နှင့် သွားဖုံး တို့တွင် အနာစက်များထွက်လာခြင်းဖြစ်သည်။
မိတ်ဆွေတစ်ဦးက သူ၏လျှာနှင့်သွားဖုံး တွင် မကြာခဏ အပူကန်နာများထွက်ပြီး မစားနိုင်မသောက်နိုင်ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏အလေ့အကျင့်ကို ကြည့် သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်း နှင့် ရေခွက်ကို ဘေးမှာချထားသည်။ ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ ဤအကျင့်ကြောင့် ပင် သူ့လျှာတွင် အပူကန်နာများ မပြတ် ထွက်နေခြင်းဖြစ်နိုင်သည်။
ထမင်းစားပြီး ရေခဲမုန့်စားကြသူများ ကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရ ဖူးသည်။ တချို့ဆိုင်က စားသောက်သူ များကို ကုန်ကျငွေရှင်းချိန်တွင် အချိုပွဲ အဖြစ် ရေခဲမုန့်များ လာချပေးသည်။ တချို့အလှူများတွင်လည်း ထမင်း သို့ မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် တို့ကို ကျွေးမွေးဧည့်ခံပြီးနောက် ရေခဲမုန့် ကျွေးသည်ကိုတွေ့ရဖူးသည်။
မီးနှင့်ရေအေးတွေ့သောအခါ
အီဆိမ့်သောအစာများ တဝစားပြီး ချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်း မှာ အစာအိမ်မှ မီးဖိုကြီးကိုငြှိမ်းပစ်သည် နှင့်အလားသဏ္ဌာန်တူလေသည်။
လူ၏အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာခြေသည့်မီးရှိသည်။ ပါစက တေဇောဓာတ်ဟုလည်း ခေါ်ဆိုနိုင်သည်။ ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက် မည်။ ဝမ်းမီးတောက်မှသာ အစာကြေ မည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအခြင်များ ပေါ့ပါး ပြီး နေထိုင်ကောင်းမည်၊ ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ဝေဒနာများဖြစ်သည်။ အစာကြေ၍ ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက်ဝေဒနာများ မဖြစ်နိုင်ပါ။
ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသောဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြှိမ်းလိုက်သည်နှင့်သဏ္ဌာန်တူလေသည်။ မီးပုံကြီးကို ရေဖြင့်လောင်းချလိုက်သောအခါ အခိုးအငွေ့များနှင့်ပြာပူများ အထက်သို့ ဝုန်းခနဲ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။ ထိုအခိုးအငွေ့ များသည် အစာအိမ်မှအထက်သို့တက်လျှင် လည်ချောင်းတစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့သို့ ရောက်မည်ဖြစ်သည်။
စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မိုးလည်းမရွာ၊ မနေနိုင်မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့်ကာလက ဆေးခန်းမှ အိမ် ပြန်ရောက်လျှင် ရေခဲရေပုလင်းကိုယူပြီး သောက်မိသည်။ အသိတရားရှိသော် လည်း ပူလွန်း၍မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီးမောနေသည့်အချိန် ရေခဲရေအေးအေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက်အပြည့် မော့ချလိုက်ရသည့် အရသာမှာ ကောင်းလှသည်။ ထိုကဲ့သို့ တစ်ပတ်ခန့် ရေခဲရေသောက်ပြီးနောက် စာရေးသူ၏လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာ ပြီး အနာဖြစ်လာသည်။ စကားပြောသည့် အခါ သွားနှင့်ပွတ်မိပြီး စကားမပြောနိုင်၊ အစာမစားနိုင်အောင်ဖြစ်ရသည်။ရေခဲ ရေ၏အကျိုးပင်ဖြစ်သည်။
ရေခဲရေသောက်ခြင်းကြောင့် ဝမ်းချုပ် ခြင်းဝေဒနာကိုပါ ခံစားရသည်။ ဝမ်းချုပ် ရုံမျှမက စမြင်းပါဖြစ်လာသဖြင့် နဂိုက ရှိသော အတွင်းလိပ်ခေါင်းရောဂါမှာ ပြန်ထ လာသည်။ ဝမ်း၏မာသောရှေ့ဆုံးအပိုင်း စမြင်းနှင့်ပွတ်တိုက်မိသောအခါ လိပ်ခေါင်း မှ သွေးကျသောဝေဒနာပါ နောက်ဆက် တွဲဖြစ်လာပြန်သည်။ ရေခဲရေသည် အစာ အိမ်မှဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာမကြေသမျှသည် အစာဟောင်း အိမ်တွင် သွားစုပြီး စမြင်းဟုခေါ်သော ဝမ်းအမာအကျစ်အခဲများ ဖြစ်ရသည်။ ဝမ်းကိုခက်ခဲစွာသွားရသည်။
အပူငြိမ်းစေသော အဖန်ရည်
"နွေထနောင်း . . ဆောင်းမန်ကျည်း"ဟူသောစကားရှိသည်။ ရှေးလူကြီးများ သည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ်ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်လေးစားပြီး အပူငြှိမ်းခဲ့ကြသည်။ ရေနွေးကြမ်းကို အဖန်ရည်ဟုခေါ်ပြီး ဝမ်းထဲရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်းကြေ စေသည်။ အစာအိမ်နှင့်လည်း သင့်သည် ဟုဆိုသည်။ ရှေးလူကြီးများအဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်သည်။ အပူငြိမ်းသည်၊ ကျောက်၊ ဝက်သက်ရောဂါများကိုပင် ကာကွယ်နိုင် သည်ဟုဆိုသည်။
ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်းဓလေ့ များသည် ပျောက်ကွယ်သလောက်ဖြစ် နေပြီး အလှူများတွင်ပင် ရေနွေးကြမ်း အိုးနှင့် လက်ဖက်ပွဲမပါတော့။ ရေသန့်ဘူး များကိုသာ နေရာတိုင်းတွင် တွေ့နေရလေပြီ။
လူ၏အသက်သည် ဝမ်းမီးဖြစ်သည်။ အစာမကြေရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ် တွင်းအဆီတက်သောရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေအသောက် များသူတို့တွင်ဖြစ်ကြောင်း တွေ့ရသည်။
ရေခဲရေကို နေ့စဉ်သောက်သုံးနေသူ များသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြှိမ်းနေသူများဖြစ်သည်။ မီးငြိမ်းသော မီးဖိုဖြင့်ချက်သောအစာသည် မကြေ ကျက်နိုင်သည်ကိုသတိပြုမိကြရန်လိုသည်။
မြေသောက်ရေအိုးကို သုံးစွဲပါ
မြေသောက်ရေအိုးတွင် ထည့်ထား သောရေအေးသည် သာမန်ရေအေးဖြစ် သည်။ လူကိုဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှပြန်လာလျှင် ချက်ချင်းမသောက် သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေး လူကြီးများက ဆိုသည်။
ရေခဲသေတ္တာ၌ ထည့်ထားသောရေ များ၊ Water Cooler ထဲမှ ရေများသည် သဘာဝလွန်ကဲသော ရေပျက်ဖြစ်သည်။ ခန္ဓာကိုယ်မှလက်ခံနိုင်သော အအေးဓာတ် ထက်လွန်ကဲသဖြင့် တုံ့ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊ တွန်းလှန်ခြင်းကိုခံရ မည်ဖြစ်သည်။
ရေခဲရေကို အစဉ်သဖြင့်သောက်နေ သူများကို လေ့လာကြည့်သောအခါ ခေတ္တသာရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံး ကြွခြင်း၊ လျှာအရသာမတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျို ပြွန်ရောင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ် ခြင်း၊ လိပ်ခေါင်းရောဂါဖြစ်ခြင်း၊ တစ်ကိုယ် လုံးညောင်းညာကိုက်ခဲပြီး နောက်ကြော တက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိအမြင် မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိ များနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်း ကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်း ပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများပေါက် ခြင်း၊ အပူဖုများထွက်ခြင်းတို့ မလွဲမသွေ ဖြစ်နိုင်သည်။
ပူသောရာသီတွင်
- မြေအိုး၊ သဘာဝရေအိုးမှ အေးသော ရေကိုသာသောက်ပါ။
- ဖြစ်နိုင်လျှင်ကျိုချက်ထားသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။
- ရေနွေးကြမ်း သို့မဟုတ် အဖန်ရည် ကို ထမင်းစားပြီးတိုင်းသောက်ပါ။
- နံနက်အိပ်ရာထ ရေမချိုးမီနှင့် ညအိပ် ရာဝင်ချိန်တို့တွင် ရေတစ်ခွက်သောက် သော အကျင့်ကိုပြုလုပ်ပါ။
-ရေခဲရေ၊ အလွန်အေးအောင်ပြုလုပ် ထားသောရေကိုရှောင်ကြဉ်ပါ။
- ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်းသောက် လျှင် အစာအိမ်ကို ဒုက္ခရောက်စေ သည်။
- ရေခဲရေသောက်ခြင်းသည် အဆိပ် သောက်ခြင်းနှင့်တူသဖြင့် ထိုအကျင့် ကိုဖျောက်ပစ်ပါ။
- ရေကြောင့် အသက်ရှည်စေနိုင်သော် လည်း ရေခဲရေကြောင့် အသက်တို စေနိုင်သည်ကို အထူးသတိပြုပါ။
MWD
