ပညာရေးမှ တာဝန်သို့

Posted_Date

Image

ပညာရေးမှ တာဝန်သို့

Body

ဤနေရာသည် နိုင်ငံတော်၏ အနာဂတ်ကိုပိုမိုတောက်ပစေရန်  လူသားအရင်းအမြစ်များ  ပြုစုပျိုးထောင်ပေးနေသော    နေရာများစွာအနက်မှ တစ်ခုပင်ဖြစ်သည်။

စာရေးသူသည်   ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (Nationalities Youth Resource Development Degree College) ကျောင်းဆင်းပွဲ အခမ်းအနားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

မနေ့က ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ သည် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာကြပေပြီ။

သူတို့သည် ‌ဤကျောင်းတော်ကြီးတွင် လေးနှစ်တာကာလ အတူဖြတ်သန်းနေခဲ့ကြသည်။ အတူတူလက်ရည်တစ်ပြင်တည်း စားသောက်ခဲ့ကြသည်။   

အတူတူကျောင်းတက်ခဲ့ကြသည်။ အတူတူ စာကျက်ခဲ့ကြသည်။ အတူတူအားကစားပွဲများ၌ ပျော်ရွှင်ခဲ့ကြသည်။ အတူတူလုပ်အားပေးခဲ့ကြသည်။ အိပ်မက်များလည်း တူညီခဲ့ကြသည်။

တကယ်တော့သူတို့သည်   အမည်အမျိုးမျိုးဖြင့် သတ်မှတ်ခေါ်ဝေါ်နေကြသည့်   မြန်မာနိုင်ငံသား ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်ကြသည်။

ပြည်ထောင်စုစိတ်ဓာတ်

အချို့က တောင်တန်းမြင့်မြင့် မိုးတိမ်များအောက်မှာ နေထိုင်ခဲ့ကြသည်။ အချို့က မြေပြန့်လယ်ပြင်နေရောင်အောက်တွင်   ကြီးပြင်းလာကြသူများဖြစ်ကြသည်။ အခြေခံအားဖြင့် မတူညီကြ။ သူတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံ ဝတ်စားဆင်ယင်မှုများလည်း အရောင်အသွေးအမျိုးမျိုးဖြင့်  လှပစွာကွဲပြားနေကြသည်။ သို့သော်ကွဲပြားမှုများ၏ နောက်ကွယ်တွင်  တူညီသောနှလုံးသားအစုံတို့ တိတ်ဆိတ်စွာခုန်လှုပ်နေကြသည်။ ထိုနှလုံးသားတို့သည် နိုင်ငံ၏အနာဂတ်ကို    တာဝန်ယူထမ်းဆောင်လိုသော စိတ် ဖြစ်ပြီး မျိုးဆက်သစ်များအတွက် အလင်းတံခါးများကို တည်ဆောက်ပေးလိုသော ဆန္ဒ ပင်ဖြစ်သည်။

သူတို့သည် မတူညီကွဲပြားမှုများကို မငြင်းဆန်ကြ။ အဟန့်အတားမဖြစ်ကြ။ ယုံကြည်လက်ခံကြသည်။

နားလည်မှုဖြင့် ချိတ်ဆက်ကြသည်။ ကျောင်းတော်ကြီးများတွင် အေးအတူပူအမျှ အတူတကွ ဖြတ်သန်းကြလျက်   အပြုံးမပျက်ကြ၊  အမုန်းမဖက်ကြ။ မတူကွဲပြားမှုများသည် ခွဲခြားမှုအတွက် မဟုတ်တော့ဘဲ ချိတ်ဆက်မှု ဖြစ်လာသောအချိန်တွင် လူမျိုးစုများအတွက် တစ်နိုင်ငံတည်း ဟူသော အဓိပ္ပာယ်က အသက်ရှူသကဲ့သို့ ခိုင်မြဲစွာ အသက်ဝင်လျက်ရှိပေသည်။

သူတို့သည် မြေတစ်မြေ၊ သွေးတစ်စည်း၊ စိတ်တစ်ဝမ်းဖြင့် မတူကွဲပြားမှုများကြားမှ အတူယှဉ်တွဲကာ ညီညွတ်ခြင်းကိုအခြေခံလျက် အနာဂတ်တစ်ခုဆီသို့ရည်ရွယ်၍ စည်းလုံးစွာလက်တွဲလျှောက်လှမ်းခဲ့ကြသည်။ 

ထိုအချိန်တွင် စည်းလုံးမှု သည် စကားတစ်လုံး မဟုတ်တော့ဘဲ ရှင်သန်နေသော တန်ဖိုးတစ်ခုဖြစ်လာသည်။   မတူညီသော ဓလေ့စရိုက်များကို ရည်မှန်းချက်တစ်ခုတည်းဖြင့် ချည်နှောင်ပေးသော မေတ္တာကြိုးသည် စည်းလုံးမှုဖြစ်သည်။ ထိုစည်းလုံးမှုကြောင့်ပင် အခက်အခဲများကြုံတွေ့ရာတွင်လည်း တစ်ဦးကိုတစ်ဦးဖေးမကူညီအားပေးရင်း အတူတကွရှေ့ဆက်နိုင်သော ညီညွတ်ခြင်းကို ဖော်ဆောင်သည်။

ထိုစိတ်ဓာတ်သည်ပင် မတူကွဲပြားမှုများ၌ တည်မြဲနေသော ပြည်ထောင်စုစိတ်ဓာတ်၏ အမှန်တရားဖြစ်ပေသည်။

ကျောင်းဆင်းပွဲမြင်ကွင်း

ပြည်ထောင်စုတိုင်းရင်းသား  လူငယ်များ၏ ‌ကျောင်းဆင်းပွဲ၊ ဘွဲ့နှင်းသဘင် အခမ်းအနားများသည်  ပျော်ရွှင်မှုတစ်ခုတည်းကိုသာ မဟုတ်ဘဲ နိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ ပေါင်းစည်းနေသော အဓိပ္ပာယ်ပြည့်ဝသည့် မြင်ကွင်းတစ်ခုလည်းဖြစ်သည်။ 

ကျောင်းဝင်းအတွင်းသို့   ဝင်ရောက်လိုက်သည့်အချိန်တွင်  အရောင်အသွေးစုံလင်လှသော  လူအုပ်ကြီးက အမြင်အာရုံကိုချက်ချင်း ဖမ်းစားသွားသည်။ တောင်တန်းဒေသမှလာသော မိဘများ၏ဝတ်စုံများသည် တောက်ပသော အရောင်စုံများဖြင့်လှပနေကြသည်။ မြေပြန့်မှ မိဘများ၏ အဝတ်အစားများနှင့် ပေါင်းစည်းရောယှက်သွားသည့်အခါ တစ်နိုင်ငံလုံး၏ ယဉ်ကျေးမှုကို တစ်နေရာတည်း၌ တစုတစည်းတည်း မြင်တွေ့နိုင်သည့် မြင်ကွင်းပင်ဖြစ်သည်။

မိဘများ၏မျက်နှာပေါ်တွင်ပီတိစိတ်ဖြင့် သားသမီးများ၏ အောင်မြင်မှုအပေါ် ဂုဏ်ယူမှုများကတူညီနေကြသည်။ တချို့မိဘများ၏မျက်ဝန်းတွင် မျက်ရည်စက်တို့ဖြင့် စိုစွတ်တောက်ပနေသည်ကို တွေ့မြင်ရသည်။  ဝမ်းနည်းမှုကြောင့် မဟုတ်သည်မှာတော့သေချာသည်။ ဂုဏ်ယူမှု၏ အသံမဲ့သီချင်းများပင်ဖြစ်ပေလိမ့်မည်။

အခမ်းအနားအတွင်းရှိ ဆရာ၊ ဆရာမများ၏ မျက်နှာများတွင်လည်း တိတ်တဆိတ်ထင်ဟပ်နေသော  ပီတိကိုမြင်တွေ့ရသည်။ လေးနှစ်တာကာလအတွင်း သင်ကြားပေးခဲ့သော ပညာရပ်များ၊ လမ်းညွှန်ဖြေရှင်းပေးခဲ့သော အခက်အခဲများ၊ တစ်ခါတစ်ရံတင်းကျပ်ခဲ့ရသော စည်းကမ်းများသည် ယနေ့တွင် အဓိပ္ပာယ်ပြည့်ဝခဲ့ပေပြီ။    ငါတို့စိုက်ပျိုးခဲ့သောမျိုးစေ့သည်  အခုအချိန်တွင် ရှင်သန်သီးပွင့်ခဲ့ပြီ ဆိုသောပြောမပြနိုင်သော ဝမ်းသာမှုများက လင်းထွက်နေသည်။

ကျောင်းဆင်းများသည်လည်း   ပျော်ရွှင်မှုနှင့်ဂုဏ်ယူမှုတို့ ပေါင်းစည်းနေသည့်ဘွဲ့လက်မှတ်နှင့်အတူ တာဝန်ပေးအပ်ထားသည့် အလုပ်ခန့်စာကိုပါ ပူးတွဲကိုင်ထားပြီး အနာဂတ်ကို စတင်တော့မည်ဆိုသည့် ယုံကြည်မှုကြောင့် မျက်နှာပေါ်တွင် လင်းလက်နေကြသည်။   တောင်တန်းသားဖြစ်စေ၊   မြေပြန့်သား

ဖြစ်စေ  ယနေ့တွင် နိုင်ငံတော်၏ အနာဂတ်အတွက် ကျရာအခန်းကဏ္ဍ၌ တာဝန်ယူရန် အဆင်သင့် ဖြစ်နေကြပေပြီ။

ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းကလည်း လူငယ်များအပေါ်ထားရှိသော ယုံကြည်မှုကိုပြသနေသည်။

သင်တို့သည် နိုင်ငံ၏အနာဂတ်ဖြစ်သည် ဟူသောစကားရပ်နှင့်အတူ နိုင်ငံအတွက် တာဝန်တစ်ခုကိုပေးအပ်လိုက်ခြင်းဖြစ်သည်။  ထိုယုံကြည်မှုသည် ကျောင်းဆင်းလူငယ်များ၏   ရင်ထဲ၌  တာဝန်ယူစိတ်တစ်ခုအဖြစ် အမြဲတည်ရှိနေမည်ဟု ယုံကြည်မိသည်။

စာရေးသူသည် ဤမြင်ကွင်းများကို ကြည့်နေမိစဉ် မိဘများ၏  မေတ္တာ၊ ဆရာ၊ ဆရာမများ၏ ပီတိ၊ ကျောင်းဆင်းလူငယ်များ၏   မျှော်လင့်ချက်၊ အကြီးအကဲများ၏  ယုံကြည်မှုတို့ကို  ပေါင်းစည်းခံစားရမိလိုက်သည်။   ဤအရာအားလုံးသည် တစ်ခုတည်းသော   လမ်းကြောင်းသို့   ညီညာစွာ စီးဆင်းနေသည်ကိုသိမြင်မိသည်။ ပြည်ထောင်စု၏ အနာဂတ်ကိုတည်ဆောက်မည့် စိတ်ဓာတ်ပင် ဖြစ်ပေလိမ့်မည်။

တာဝန်ကိုယ်စီ

နယ်စပ်‌ရေးရာဝန်ကြီးဌာနတွင်   ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်နှစ်ကျောင်းရှိသည်။ ရန်ကုန်နှင့်စစ်ကိုင်းတို့တွင်ဖြစ်သည်။ ဤကျောင်းတော်ကြီးများအား နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်စေရန် ရည်ရွယ်၍၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အခြေခံပညာ အထက်တန်းအောင်မြင်‌သော တိုင်းရင်းသားလူငယ်များအားသင်တန်းသားရွေးချယ်ရေး ကော်မတီကအရည်အချင်းအလိုက်ရွေးချယ်ကာ ရွေးချယ်ခံရသော ကျောင်းသားများကို  သိပ္ပံ/ဝိဇ္ဇာနှင့် အင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့များအပြင် ကျောင်းသားအချင်းချင်း   သံယောဇဉ်ရှိစေသော၊   စည်းလုံးညီညွတ်စေသော၊ တစ်ကိုယ်ကောင်း မဆန်စေသော စီနီယာ၊   ဂျူနီယာစနစ်ဖြင့်   ကျောင်းစည်းကမ်းများကို စနစ်တကျထိန်းသိမ်းခဲ့ကြသည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍   သိပ္ပံ/ဝိဇ္ဇာ ဘာသာရပ်အတွက်   ပညာသင်နှစ်လေးနှစ်၊   ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အင်ဂျင်နီယာ ဘာသာရပ်အတွက် ပညာသင်နှစ်သုံးနှစ် သတ်မှတ်ထားရှိပြီး သိပ္ပံ/ဝိဇ္ဇာဘွဲ့နှင့် အင်ဂျင်နီယာ ဒီပလိုမာများ အပ်နှင်းပေးသည်။

သိပ္ပံ/ဝိဇ္ဇာဘွဲ့နှင့် အင်ဂျင်နီယာဘာသာရပ်များအပြင်  ပြည်ထောင်စုစိတ်ဓာတ်၊  ခေါင်းဆောင်မှု၊ အဆင့်မြင့်ယဉ်ကျေးမှု၊ ကွန်ပျူတာသိပ္ပံဘာသာရပ်တို့အား ပူးတွဲသင်ကြားပေးသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)  စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်ထိ ဝိဇ္ဇာဘွဲ့ ၇၃၁ ဦး၊ သိပ္ပံဘွဲ့ ၁၅၅၂ ဦး၊ B.Tech ဘွဲ့ ၁၃၅ ဦးနှင့် AGTI ဒီပလိုမာ ၁၁၂၃ ဦး စုစုပေါင်း ၃၅၄၁ ဦးရှိပြီဖြစ်သည်။

၎င်းတို့သည် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့အသီးသီးတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် နိုင်ငံ့တာဝန်များအား ထမ်းဆောင်လျက်ရှိပေသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ  ယခုကျောင်းဆင်းခဲ့သည့်  အမှတ်စဉ်မှာ  (၂၂)   ဖြစ်ပြီး  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)မှာ အမှတ်စဉ် (၁၉) ဟုသိရသည်။ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများသည် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့တွင်  တာဝန်ချထားခြင်းခံရကြောင်း သိရသည်။

သူတို့အားလုံးတစ်ဦးချင်း  အလုပ်ခန့်စာများ လက်ခံရရှိထားကြပြီဖြစ်သည်။  တစ်ယောက်တစ်နေရာ၊ တစ်ယောက်တစ်ဌာနဖြစ်ပေလိမ့်မည်။ 

အချို့တောင်တန်းဒေသများကို ပြန်ရသူရှိပါလိမ့်မည်။ အချို့မြေပြန့်မြို့ကြီးများဆီ တာဝန်ကျသူရှိပေလိမ့်မည်။ ထိုနည်းတူ မြန်မာနိုင်ငံ၏ အရှေ့ဘက်၊ အနောက်ဘက်စသည့်   မတူညီသောအရပ်များ၌ မတူညီသောဌာန၊   မတူညီသောတာဝန်များကို ထမ်းဆောင်ကြရပေတော့မည်။

တကယ်တော့  နိုင်ငံ့တာဝန်ထမ်း‌ဆောင်မည်ဆိုသည့် ကျောင်းဆင်းများမှာ အသက်နှစ်ဆယ်ကျော် အရွယ်လေးများဖြစ်သဖြင့် အိပ်မက်အလွန်များသည့် အရွယ်လေးများပင်ဖြစ်သည်ဟုဆိုရပါမည်။ သို့သော် သူတို့၏အိပ်မက်များသည် အတ္တအတွက် ရှေ့တန်းတင်ခြင်း အလျှင်းမရှိကြ။   

တောင်တန်းပေါ်က  တိတ်ဆိတ်သော  ရွာလေးတစ်ရွာ၊ မြေပြန့်ဒေသက မဖွံ့ဖြိုးသောဒေသတစ်ခုတွင် မဆုံဘူးသေးသော  ဒေသခံတွေ၊ မသိသေးသောဘဝများနှင့် ကြုံရပေတော့မည်။ တစ်ယောက်က ကလေးငယ်များကို   စာသင်ပေးနေလိမ့်မည်။ တစ်ဦးက    ဌာနတစ်ခုတွင်    ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေလိမ့်မည်။ တစ်ဦးက ဒေသဖွံ့ဖြိုးရေးအတွက်ကြိုးပမ်းနေလိမ့်မည်။ တစ်ယောက်က နိုင်ငံတော်တည်ငြိမ်ရေးအတွက် တာဝန်ယူနေပေလိမ့်မည်။

နိုင်ငံတော်မှ ပညာရေးဖြင့်ပြုစုပျိုးထောင်ပေးလိုက်သော သား၊ သမီးများအား   နိုင်ငံအနှံ့နေရာ ဒေသအစုံသို့ အင်အားပြည့်ထမ်းဆောင်ရန် တာဝန်ကိုယ်စီ ခွဲဝေပေးလိုက်ခြင်းဖြစ်သည်။

ရည်ရွယ်ချက်

ထိုကျောင်းတော်ကြီးများ၏ ကျေးဇူးကား ကြီးမားလှပေသည်။ ကျောင်းတော်ကြီးများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကလည်း အနှစ်သာရရှိလှပေသည်။ အဓိပ္ပာယ်လည်း ပြည့်ဝလှပေသည် -

(၁)       တိုင်းရင်းသားလူငယ်များသည်  ပညာရှာမှီးရင်း   တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်။

(၂)        ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်။

(၃)       နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများ၏  လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်လိုသည့်စိတ်ဓာတ်မွေးမြူပေးရန်။

(၄)       အေးချမ်းသာယာ၍   ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင်  စွမ်းစွမ်းတမံဆောင်ရွက်လိုသည့် စိတ်ဓာတ်များမွေးမြူပေးရန်။

(၅)       အဆင့်မြင့်တက္ကသိုလ်ဘာသာရပ်များတတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင်   ဖွံ့ဖြိုးရေးလုပ်ငန်းများအား   ကျရာကဏ္ဍမှ တက်ကြွစွာပါဝင်‌ဆောင်ရွက်စေရန်တို့ဖြစ်သည်။

ထိုရည်ရွယ်ချက်များက တိုင်းရင်းသားလူငယ်များအတွက် ပြည့်စုံသော အနာဂတ်ကို ပေါ်လွင်အောင်ဖော်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် ကျောင်းတော်ကြီးများသည်  ပညာရေးအတွက်  စာသင်ကြားခြင်းတစ်ခုပင် မဟုတ်တော့ဘဲ   လူငယ်များ၏ဘဝနှင့် နိုင်ငံတော်ကိုပြောင်းလဲမြှင့်တင်ပေးရန် ပြုစုပျိုးထောင် တည်ဆောက်‌ပေးလျက်ရှိသော အင်အား တစ်ခုဖြစ်ပေသည်။

စည်းလုံးမှုရှိရာအရပ်တွင် အင်အားရှိပြီး အင်အားရှိရာမှ   အောင်မြင်မှုပေါ်ထွန်းလာရသည်ဖြစ်ရာ တစ်ဦးချင်း၏ ရုပ်ပိုင်းဆိုင်ရာအင်အား၊ စိတ်ပိုင်းဆိုင်ရာအင်အား   တို့မှတစ်ဆင့်   လူအများ၏ပေါင်းစည်းမှုဖြင့်  စည်းလုံးမှုအင်အားကိုရရှိလာမည်ဖြစ်သည်။

ပညာရေးမှ တာဝန်သို့

နိုင်ငံတော်၏ အနာဂတ်အတွက်  အစ  သည် ပညာရေးဖြစ်ပြီး ထိုပညာရေး၏ အဆုံးသည် နိုင်ငံတော်တည်ဆောက်ရေးတာဝန်ပင်ဖြစ်သည်။ 

ကောင်းမွန်သောစနစ်မရှိသည့်   ပညာရေးသည် အလင်းမရှိသော လမ်းကြောင်းနှင့်တူသည်ဟုဆိုသည်။

ကျောင်းတော်ကြီးများ၏   ကောင်းမွန်သော ပညာရေးစနစ်၊    တိကျသောလေ့လာရေးစနစ်၊ စည်းကမ်းရှိသော အုပ်ချုပ်မှုများ၊ အမျိုးသားရေးစိတ်ဓာတ်ကို ဖွံ့ဖြိုးမြှင့်တင်ပေးသော ပတ်ဝန်းကျင်များက  လူငယ်တို့၏ အရည်အသွေးကိုသာမက သူတို့၏နှလုံးသားတွင်  နိုင်ငံချစ်စိတ်   ကိုပါ အရောင်တင်‌ပေးခဲ့သည်။

ယခုအခါ တိုင်းရင်းသားကျောင်းသား လူငယ်များသည် သင်ယူသူများမဟုတ်တော့ တာဝန်ယူထမ်းဆောင်ကြသူများဖြစ်လာကြပေပြီ။ ထို့ကြောင့် ပညာရေးမှရရှိလာသောအသိပညာများကို တာဝန်ယူမှုနှင့်ပေါင်းစပ်လျက် နိုင်ငံတော်အတွက် အသုံးချနိုင်သော အင်အားတစ်ခုအဖြစ ပြောင်းလဲရမည်ဖြစ်သည်။

နိုင်ငံတော်က ရာထူး ခန့်အပ်ခြင်း၊ နေရာချထားခြင်းများဆောင်ရွက်ပေးခဲ့ပြီ။ တာဝန် နှင့် အရည်အချင်း ကိုတော့ မိမိတို့ကိုယ်တိုင်ကြိုးစားရပေလိမ့်မည်။

မတူညီသော ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် တိုင်းရင်းသား လူငယ်များသည် လမ်းကြောင်းများကွဲပြားကြမည်ဖြစ်သော်လည်း နိုင်ငံ၏အကျိုးအတွက်    ကျရာအခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်မည်ဟူသော စိတ်ဓာတ်တစ်ခုတည်းကိုသာ ခံယူထားကြရပါလိမ့်မည်။

Education is the most powerful weapon which you can use to change the nation.ထို့ကြောင့် ပညာရေးမှ တာဝန်သို့ ကူးပြောင်းခြင်းသည်    ကျောင်းဆင်းတိုင်းရင်းသားလူငယ်တစ်ဦးချင်းစီ၏  ပညာရေးအောင်မြင်မှုသာမဟုတ် နိုင်ငံတစ်နိုင်ငံ၏   အနာဂတ်တည်ဆောက်ရေး တာဝန်၏ အစ ဖြစ်ပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။   ။

MWD