စပါးရိုးပြတ်များ လျင်မြန်စွာ ဆွေးမြည့်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများ

Posted_Date

Image

စပါးရိုးပြတ်များ လျင်မြန်စွာ ဆွေးမြည့်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများ

Body

စပါးသီးနှံသည်  နိုင်ငံတော်၏ အရေးကြီးသီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပိုလျှံသည်ကို    ပြည်ပသို့တင်ပို့နိုင်ရေး   အရည်အသွေးကောင်း ဆန်များထုတ်လုပ်ရန်နှင့်   စပါးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရန် လိုအပ်သည်။

နှစ်စဉ်ဆန်စပါးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစားသုံးမှုနှင့်    စားသောက်ကုန်များ ထုတ်လုပ်မှုတို့တွင်သုံးစွဲပြီး ၂၀ ရာခိုင်နှုန်းခန့်ကို  ပြည်ပသို့တင်ပို့ ရောင်းချခြင်းအားဖြင့်လည်း နိုင်ငံအတွက် ဝင်ငွေတိုးကာ   စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကိုလည်း  ပိုမိုမြင့်တက်လာစေသည်။  ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး၊  သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေးနှင့် ချမှတ်ထားသော   အဓိကသီးနှံများ၏ ပန်းတိုင်အထွက်နှုန်း ရရှိရေးသည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်။ စိုက်ပျိုးရေး ဦးစီးဌာနသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး အတွက် သီးနှံစိုက်ပျိုးဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကသီးနှံအထွက်နှုန်း တိုးရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး၊ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း”စသည်တို့ကို စနစ်တကျပေါင်းစပ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။

 ထို့ကြောင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အရည်အသွေးနှင့်အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးစေ့နှုန်းထား မှန်ကန်စွာနှင့်   ဒေသရေမြေနှင့် ကိုက်ညီသည့်မျိုးများကို  ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမည့်မြေ၏အရည်အသွေး ကောင်းမွန်စေရန် စနစ်တကျပြုပြင်ခြင်းနှင့် လိုအပ်သည့်သွင်းအားစု မြေဩဇာများကို အချိန်ကိုက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေဖူလုံစွာ ရရှိနိုင်စေရန်    စနစ်တကျစီမံ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များ အသုံးပြုခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် တောင်သူတို့၏ အကျိုးစီးပွားမြင့်မား တိုးတက်လာမည်ဖြစ်သည်။  အဆိုပါအချက်အလက်များအပေါ် အခြေခံ၍   မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းတင်း ၁၀၀ နှင့် အထက်ထွက်ရှိရေးအတွက်  ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့်   စိုက်ခင်းမြေပြုပြင်ရာတွင်   ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက်ပြုပြင် ဆောင်ရွက်ရန် အရေးကြီးသည်။  စပါးစိုက်ပျိုးရန်  ထယ်ရေးပြင်ရာတွင် “လယ်မှာအပုပ်၊ ယာမှာအသုတ်”ဆိုသည့်အတိုင်းလယ်သီးနှံစိုက်ပျိုးရေးအတွက်  မြေယာပြုပြင်ရာတွင် တမန်းပုပ်ပြီး လယ်ထဲတွင်ကျန်ရှိသည့် ကောက်ရိုးများ၊ ရိုးပြတ်များနှင့် သီးနှံဘေးထွက်ပစ္စည်းများ ကောင်းစွာဆွေးမြည့်၍ တမန်းကောင်းရရှိရန်လိုအပ်သကဲ့သို့  ယာသီးနှံများစိုက်ပျိုးရန ်မြေပြုပြင်ရာတွင်လည်း   ထယ်ရေးပြင်မှုမြန်မြန်ဆန်ဆန် ပြင်ပါမှသီးနှံစေ့များအား အစိုဓာတ်မိအောင် စိုက်ပျိုးနိုင်မည်ဖြစ်သည်။  ထို့ကြောင့်   မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုတွင် ပန်းတိုင်သီးနှံ အထွက်နှုန်းရရှိရေးအတွက်    မြေယာပြုပြင်ခြင်း လုပ်ငန်းကို ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်သည်။

ထို့ပြင် စပါးစိုက်ပျိုးမြေများတွင် သီးနှံဘေးထွက်ပစ္စည်းများဖြစ်သည့်  ကောက်ရိုး၊  နှမ်းရိုး၊  ပဲရိုး၊ နေကြာရိုး၊ စပါးခွံ၊ ပဲစင်းငုံရိုးတို့ကို ထည့်သွင်းပေးခြင်းအားဖြင့် မြေဆီလွှာတိုးတက် ကောင်းမွန်ပြီး သီးနှံအထွက်နှုန်း တိုးတက်လာစေသည်။ စပါးသီးနှံများကို ဆက်တိုက်စိုက်ပျိုးမည်ဆိုပါက ရိုးပြတ်များနှင့် ကောက်ရိုးအကြွင်းအကျန်များ ဆွေးမြည့်ရန် လုံလောက်သော အချိန်မရရှိနိုင်သဖြင့် ရိုးပြတ်များ မဆွေးမြည့်နိုင်ဘဲ နောက်ထပ်စိုက်ပျိုးသော သီးနှံပင်အတွက်အောက်ဖော်ပြပါ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်။   ထို့ကြောင့်  ရိုးပြတ်များလျင်မြန်စွာ ဆွေးမြည့်စေရန် စီမံဆောင်ရွက်ရမည်ဖြစ်သည်။ 

ရိုးပြတ်များမဆွေးမြည့်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ

-        ထယ်ထိုး၊ ထွန်မွှေခြင်းစသည့် မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်ခက်ခဲခြင်း၊

-        ယခင်စိုက်ပျိုးခဲ့သည့်သီးနှံများတွင်ကျရောက်ခဲ့သည့်မှိုနှင့်  ဗက်တီးရီးယားပိုးများသည် မဆွေးမြည့်သေးသော ရိုးပြတ်များပေါ်တွင်   ဆက်လက်ရှင်သန်နိုင်ခြင်းကြောင့် အဆိုပါရောဂါပိုးမွှားများအတွက်  ခိုအောင်းရန် နေရာကောင်းဖြစ်လာပြီး  နောက်ထပ်စိုက်ပျိုးသည့် သီးနှံများကို  လွယ်ကူစွာ ကူးစက်စေနိုင်ခြင်း၊

-        ရိုးပြတ်များ လေမဲ့ဆွေးမြည့်မှုဖြစ်စဉ်ကြောင့် မီသိန်းဓာတ်များထွက်ရှိကာ အမြစ်ဇုန်တွင် စုမိလာပြီး   အပင်ကြီးထွားမှုကို  အဟန့်အတားဖြစ်စေသည့်အပြင်   ဓာတ်လျော့ဖြစ်စဉ်များကြောင့်လည်း   သံဓာတ်များစုပုံလာကာ စပါးပင်နီတိုဖြစ်စေနိုင်ခြင်း၊

-        အဏုဇီဝပိုးများသည် မြေကြီးထဲမှ နိုက်ထရိုဂျင်ဓာတ်ကို အသုံးပြုသည့်အတွက် သီးနှံပင်အတွက် ရရှိနိုင်သော နိုက်ထရိုဂျင်ဓာတ်များနည်းသွားပြီး အပင်များဝါလာခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊ အထွက်နှုန်းကျဆင်းခြင်း၊

-        အချို့သော   ပေါင်းမြက်မျိုးစိတ်များသည် သီးနှံရိုးပြတ်များကြားတွင် ပိုမိုလွယ်ကူစွာ ပေါက်ရောက်တတ်သည့်အတွက် ပေါင်းမြက်နှိမ်နင်းရန် ပိုမိုခက်ခဲစေပြီးနောက်    သီးနှံအတွက်   ပေါင်းမြက်ပြဿနာများ ဖြစ်စေခြင်း။

ရိုးပြတ်များ လျင်မြန်စွာ ဆွေးမြည့်ရန် ဆောင်ရွက်ရမည့်နည်းလမ်းများ

      စပါးခင်းများတွင်   ရိတ်သိမ်းပြီးနောက် ကျန်ရှိသောရိုးပြတ်များကို  ဆွေးမြည့်စေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

-        ရိုးပြတ်များလျင်မြန်စွာ ဆွေးမြည့်စေရေးအတွက်  လယ်ကွင်းထဲတွင် ရေမရှိပါက ရေပါးပါးထည့်သွင်းပေးရမည်။

-        တစ်ဧကလျှင် အီးအမ်ဖျော်ရည် ၃ လီတာကို ရေ ၂၀ လီတာနှင့်ရော၍ ရိုးပြတ်များပေါ်သို့ ဖျန်းပေးပါ  သို့မဟုတ်  သွင်းရေနှင့်အတူ ထည့်သွင်းပေးပါ။ အီးအမ်ထည့်သွင်းပေးခြင်းဖြင့် ဆွေးမြည့်မှုကို  လျင်မြန်စေမည်ဖြစ်သည်။

-        တစ်ဧကလျှင် ပုလဲမြေဩဇာ ငါးပြည်နှင့် ဆန်ကွဲ သို့မဟုတ် ဖွဲနု ငါးပြည်ရော၍ ရိုးပြတ် များပေါ်သို့ ညီညီညာညာကြဲပက်ပြီးနောက် ရိုးပြတ်များကို မြေကြီးအနက် လေးလက်မမှ ရှစ်လက်မအနက်ခန့်ထိ ထယ်ထိုးမြေမြှုပ်ပေးပါ။  ထယ်ထိုးမြေမြှုပ်ရာတွင် နက်လွန်းပါက လေဝင်လေထွက်နည်းပြီး ဆွေးမြည့်မှုကို နှောင့်နှေးစေနိုင်သည်။

-        ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းထားသော စပါးခင်းများတွင် ကျန်ရှိသောကောက်ရိုးများအား ဆွေးမြည့်စေရန်အတွက် ကောက်ရိုးများကို အရှည် နှစ်လက်မခန့် နွားစာစဉ်းစက်ဖြင့်စဉ်းပါ။ ကောက်ရိုးသည် ကာဗွန်ပါဝင်မှုများသဖြင့်   အရွယ်အစားကြီးလေလေ ဆွေးမြည့်မှုကြာလေလေ ဖြစ်သောကြောင့် အဆွေးမြန်စေရန် ကောက်ရိုးများကို ပိုင်းဖြတ်ပေးရမည်။ စဉ်းထားသော ကောက်ရိုးများကို နွားချေးခြောက်တင်းခန့်နှင့်ရော၍ ညီညာစွာကြဲပက်ပြီး ထယ်ထိုးမြေမြှုပ်ပေးပါ။ ဆွေးမြည့်မှုကို ပိုမိုလျင်မြန်စေရန်အတွက် ပဲမျိုးရင်းဝင်အပင်များကို ရိုးပြတ်များကြားတွင် ထည့်သွင်းပေးလျှင် ပိုမိုကောင်းမွန်သည်။

-        ထယ်ထိုးမြေမြှုပ်ပြီး  နှစ်ပတ်ကြာပါက  ကောက်ရိုး၊ ရိုးပြတ်များ ဆွေးမြည့်သွားပြီး စပါးစိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အကျိုးကျေးဇူးများ

-        ကောက်ရိုးများကို  စပါးခင်းသို့ ပြန်လည်ထည့်သွင်းပေးခြင်းဖြင့်  သီးနှံပင်အတွက် (N,P,K) အာဟာရဓာတ်များကိုရရှိစေသည့်အပြင်  မြေဆီလွှာ၏မြေသားတည်ဆောက်မှုကို ပိုမိုကောင်းမွန်လာစေခြင်း၊

-        မြေပြုပြင်ခြင်းလုပ်ငန်းများ၊ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းလုပ်ငန်းများ    ကောင်းစွာဆောင်ရွက်နိုင်ခြင်း၊

-        မြေဆီလွှာအတွင်း    သစ်ဆွေးဓာတ်နှင့် အကျိုးပြုအဏုဇီဝသက်ရှိများ ပိုမိုကြွယ်ဝလာပြီး   မြေသားဖွဲ့စည်းမှုကောင်းမွန်လာစေခြင်း၊

-        ပေါင်းမြက်ပေါက်ရောက်မှုကိုသက်သာစေခြင်း၊

-        ရိုးပြတ်များကို မီးမရှို့ခြင်းကြောင့်  လေထုညစ်ညမ်းမှုလျော့နည်းစေခြင်းနှင့်  ရာသီဥတု ဖောက်ပြန်ခြင်းကိုလျှော့ချနိုင်ခြင်း၊

-        စပါးစိုက်ပျိုးမှုအတွက် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလာခြင်း၊

-        ရိုးပြတ်များကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် တောင်သူများကုန်ကျစရိတ် သက်သာစေပြီး ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ထို့ကြောင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် သီးနှံအထွက် တိုးတက်စေရန်အတွက် မိမိတို့လယ်ကွင်းထဲတွင် ရှိသည့် ကောက်ရိုးနှင့်ရိုးပြတ်များ၊ လယ်ယာသီးနှံ အကြွင်းအကျန်များကို အလျင်အမြန်ဆွေးမြည့်အောင် ဆောင်ရွက်ရန်    လိုအပ်ပါကြောင်း နှိုးဆော် တိုက်တွန်းအပ်ပါသည်။   ။

MWD