ဆီပဲပုပ် - ဟင်းခတ်မှသည် ဆီဖူလုံရေးဆီသို့
Posted_Date
Image
Body
မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံအတွက် စားသုံးဆီဖူလုံရေးက ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေ လုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပါလျက်နှင့် နှစ်စဉ် စားသုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေ များစွာအကုန်အကျခံနေရခြင်းမှာ အလွန်နှမြောဖွယ်ကောင်းသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုအတွက် နှစ်စဉ်ကုန်ကျနေရသည့် နိုင်ငံခြားငွေ သန်းပေါင်းများစွာကို ပြည်တွင်း၌ ပြန်လည်ထိန်းသိမ်းပေးနိုင်သော သီးနှံဖြစ်သည့်ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးကြရန် မဖြစ်မနေ လိုအပ်လာပါသည်။
ကျွန်ုပ်တို့သည် ပဲပုပ်ကို စားဖိုဆောင်သုံးဟင်းခတ်အဆင့်မှသည် နိုင်ငံတော်၏စီးပွားရေးကို မောင်းနှင်ပေးမည့် “ဆီပဲပုပ်” အဖြစ် အသွင်ကူးပြောင်း ရှုမြင်ခြင်းသည်သာ ဆီဖူလုံရေးအတွက် အမှန်ကန်ဆုံးနှင့် အမြန်ဆုံးသောလမ်းစဖြစ်ပါမည်။
ပဲပုပ်ကို စားဖိုဆောင်တိုင်း၏ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ရှမ်းရိုးရာပဲပုပ်ပြားအဖြစ် လည်းကောင်း ကျွန်ုပ်တို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါသည်။ သို့သော် ဤသေးငယ်သော အစေ့အဆန်များထဲတွင် စားရေရိက္ခာဖူလုံမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို ပြောင်းလဲပစ်နိုင်သည့် “မမြင်ရသော စွမ်းအားများ” ကိန်းအောင်းနေသည်ကိုမူ ကျွန်ုပ်တို့သတိပြုမိရန် နောက်ကျနေခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ပဲပုပ်ကို ယနေ့အချိန်အထိ ဟင်းခတ်အဆင့်၊ ဒေသစာ အဆင့်တွင်သာ ထိန်းချုပ်ထားခဲ့ပြီး ယင်း၏စစ်မှန်သောတန်ဖိုးဖြစ်သည့် “စားသုံးဆီထုတ်လုပ်မှု” ကဏ္ဍကိုမူ လျစ်လျူရှုထားခဲ့ကြပါသည်။
အရည်ပျော်နေသောရွှေအဖြစ် သတ်မှတ်
ပဲပုပ်ကို စားသုံးဆီလောကတွင် ကျွန်ုပ်တို့ မသိကျိုးကျွန်ပြုထားသော်လည်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင်မူ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် တည်ရှိခဲ့သည်မှာကြာပြီဖြစ်ပါသည်။ ကမ္ဘာ့စားသုံးဆီကဏ္ဍတွင် ဆီအုန်း ၃၅ ရာခိုင်နှုန်းခန့်၊ ပဲပုပ်ဆီ ၂၈ ရာခိုင်နှုန်းခန့်၊ မုန်ညင်းဆီ ၁၅ ရာခိုင်နှုန်းခန့်၊ နေကြာဆီ ကိုးရာခိုင်နှုန်းခန့်နှင့် အခြား (မြေပဲ၊ အုန်း၊ သံလွင်၊ နှမ်းဆီများ) ၁၃ ရာခိုင်နှုန်းခန့်ဖြင့် အသီးသီးနေရာယူ ထားကြရာ ပဲပုပ်သည် ကမ္ဘာတစ်ဝန်းတွင် စားသုံးဆီအတွက် မည်မျှအားကိုးရသည့်သီးနှံဖြစ်ကြောင်း ထင်ရှားလှပါသည်။ ကျွန်ုပ်တို့သည် ပဲပုပ်ကို ဟင်းခတ်အဖြစ်သာမြင်နေချိန်တွင် ကမ္ဘာ့စိုက်ပျိုးရေး အင်အားကြီးနိုင်ငံများသည် ၎င်းကိုအရည်ပျော်နေသောရွှေအဖြစ် သတ်မှတ်ကာ စီးပွားရေးအင်အား အဖြစ် တည်ဆောက်ခဲ့ကြပါသည်။
ဘရာဇီးနိုင်ငံက လွန်ခဲ့သော ဆယ်စုနှစ်များတွင် ပဲပုပ်ကို အနည်းငယ်သာ စိုက်ပျိုးခဲ့သော်လည်း ယနေ့အချိန်တွင် ကမ္ဘာ့နံပါတ် (၁) ပဲပုပ်တင်ပို့သူဖြစ်လာပြီး ဘရာဇီးနိုင်ငံအတွက် ပဲပုပ်သည် လယ်ယာ ထွက်ကုန်တစ်ခုမျှသာ မဟုတ်တော့ဘဲ နိုင်ငံ၏ GDP ကို အဓိကမောင်းနှင်ပေးသည့် အင်ဂျင်ကြီးတစ်ခု ဖြစ်လာပါသည်။
အလားတူပင် အာဂျင်တီးနားနိုင်ငံသည်လည်း ပဲပုပ်ကိုကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် ပဲပုပ်ဆီနှင့် ပဲပုပ်ဖတ်အဖြစ် ပြုပြင်ထုတ်လုပ်ကာ ၎င်းတန်ဖိုးမြှင့် (Value-added) ကုန်စည်များဖြင့် ကမ္ဘာ့ဈေးကွက်ကို စိုးမိုးထားသည်။ ကုန်ကြမ်းတင်ပို့ခြင်းထက် ကုန်ချော (ဆီနှင့်ပဲဖတ်) ထုတ်လုပ်သည့် စက်ရုံများကို တည်ထောင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဝင်ငွေပိုမိုရရှိခဲ့ပါသည်။
အထက်ပါ စိုက်ပျိုးရေး အခြေပြုနိုင်ငံများက သတိပေးနှိုးဆော်နေသည်မှာ ပဲပုပ်ကို ရိုးရာဟင်းခတ် အမွှေးအကြိုင်အဖြစ်သာ စိုက်ပျိုးမနေဘဲ နိုင်ငံ၏ စားသုံးဆီဖူလုံရေး၊ သွင်းကုန်အစားထိုးရေးနှင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် သီးနှံတစ်ခုအဖြစ်ရှုမြင်၍ အလေးထား ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ ယင်းကို စနစ်တကျနှင့် အပြင်းအထန် အသုံးချနိုင်ခြင်းသည်သာ နိုင်ငံ၏ စီးပွားရေးအင်အားကို မြှင့်တင်ပေးမည့်အပြင် စားသုံးဆီဖူလုံမှုအတွက် အခိုင်မာဆုံးသော ကျောရိုးတိုင်ကြီးတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခင်းအကျင်းတွင် စားသုံးဆီသည် သွင်းကုန်ကဏ္ဍ၌ ငွေကြေး အမြောက်အမြား အသုံးပြုနေရပြီး စိုက်ပျိုးရေးနိုင်ငံတစ်ခုအနေဖြင့် မဖြစ်သင့်သည့်အရာလည်း ဖြစ်နေသည်။ နှစ်စဉ်ပြည်ပမှ စားသုံးဆီတန်ချိန်လေးသိန်းမှ ခြောက်သိန်းဝန်းကျင်အထိ တင်သွင်း နေရခြင်းသည် နိုင်ငံတော်၏ အဖိုးတန်လှသော နိုင်ငံခြားငွေများကို ပြည်ပသို့စီးထွက်စေသည့် အဓိက အပေါက်အပြဲတစ်ခုဖြစ်နေရာ “ဆီပဲပုပ်” တိုးချဲ့စိုက်ပျိုးခြင်းက ထိုအပေါက်အပြဲကို ပိတ်ဆို့ပေးမည့် အခိုင်မာဆုံးသော ဆည်တံခါးကြီး ဖြစ်လာပါလိမ့်မည်။
ပဲပုပ်သည် အပင်မှရသော “ကုန်းပေါ်မှအသား” ဖြစ်ရုံသာမက မြေဆီလွှာကို ပြန်လည်ကုသပေးသည့် “မြေဩဇာစက်ရုံ” လည်းဖြစ်သည်။ ယင်းကို ဆီထွက်သီးနှံအဖြစ် အကြီးအကျယ် စိုက်ပျိုး ထုတ်လုပ်ခြင်းသည် စားသုံးဆီဖူလုံရေးအတွက်သာမက မွေးမြူရေးကဏ္ဍနှင့် မြေဆီလွှာ ရေရှည်တည်တံ့ရေး အတွက်ပါ သော့ချက်ကျသော လုပ်ငန်းစဉ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ပဲပုပ်သည် အခြားသီးနှံများထက် ထူးခြားသော ဝိသေသတစ်ခု ရှိနေပါသည်။ ယင်းမှာ နေရာဒေသမရွေး စိုက်ပျိုးနိုင်မှုပင်ဖြစ်သည်။ နေပူပြင်းသော အညာဒေသ၏ မြေဆီလွှာမှသည် မိုးများသော ကမ်းရိုးတန်းဒေသများအထိ ပဲပုပ်သည် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲ ရှင်သန်နိုင်သော စွမ်းအားရှိပါသည်။ အထူးသဖြင့် စပါးစိုက်ခင်းများအပြီး သီးထပ်စိုက်ပျိုးရန်အတွက် ပဲပုပ်သည် အကောင်းဆုံးသော ရွေးချယ်စရာတစ်ခုဖြစ်သည်။
ဤသို့ တစ်နိုင်ငံလုံး အနှံ့အပြားစိုက်ပျိုးနိုင်ခြင်းကြောင့် ဒေသအလိုက် ဆီဖူလုံရေးကို အထောက်အကူ ပြုရုံသာမက သယ်ယူပို့ဆောင်စရိတ် သက်သာစွာဖြင့် ပြည်တွင်းဖြစ် ဆီစစ်စစ်ကို လူတိုင်းလက်လှမ်းမီ နိုင်စေမည်ဖြစ်ပါသည်။ ဒေသအလိုက် ဆီကြိတ်စက်ငယ်လေးများမှတစ်ဆင့် ဒေသထွက်ဆီများကို ထုတ်လုပ်လာနိုင်ပါက ကျေးလက်နေပြည်သူများ၏ ဝင်ငွေစီးဆင်းမှု သိသိသာသာ တိုးတက် လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။ ထို့ကြောင့် ဆီပဲပုပ်ကို ပိုမိုတိုးချဲ့ စိုက်ပျိုးရေးသည် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုမျှသာမဟုတ်ဘဲ နိုင်ငံ၏ စားရေရိက္ခာဖူလုံမှု၊ နိုင်ငံခြားငွေတည်ငြိမ်မှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ကို ပေါင်းစပ်ပေးမည့် ဗျူဟာမြောက် စီးပွားရေးလှုပ်ရှားမှုကြီး ဖြစ်ပေတော့မည်။
ပြည်တွင်းစီးပွားရေးယန္တရားကို ကိုယ်ပိုင်ကုန်ကြမ်းဖြင့်လည်ပတ်
ပဲပုပ်စိုက်ပျိုးထုတ်လုပ်ခြင်းသည် လယ်ယာထွက်ကုန်တစ်ခုရရှိရုံမျှမကဘဲ ဆက်စပ်စီးပွားရေးကဏ္ဍ အသီးသီးကိုပါ တစ်ပြိုင်နက်တည်း နိုးကြားတက်ကြွလာစေမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဆီပဲပုပ်ကို တိုးချဲ့စိုက်ပျိုးလာနိုင်ခြင်းသည် ရပ်တန့်လုနီးပါးဖြစ်နေသည့် ပြည်တွင်း ဆီစက်များကို ပြန်လည်ရှင်သန် လည်ပတ်လာစေမည့်အပြင် စက်ရုံလုပ်သားများမှသည် သယ်ယူပို့ဆောင်ရေးလုပ်သားများအထိ အလုပ်အကိုင်အခွင့် အလမ်းသစ်များကို ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံခြားငွေယိုစီးမှုကို တားဆီးရုံသာမက ပြည်တွင်းစီးပွားရေးယန္တရားကို ကိုယ်ပိုင်ကုန်ကြမ်းဖြင့် လည်ပတ်စေခြင်းပင်ဖြစ်ပါသည်။
သာမန်အားဖြင့် ပဲပုပ်ကို ဆီအတွက်သာ ရည်ရွယ်သည်ဟုထင်ရသော်လည်း ယင်းမှရရှိသော “ပဲဖတ်” (Soybean Meal) သည် မွေးမြူရေးကဏ္ဍအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်နေပြန်ပါသည်။ လက်ရှိတွင် ကျွန်ုပ်တို့နိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်ပမှတင်သွင်းနေရခြင်းမှာ အလွန်ပင်နှမြောဖို့ကောင်းလှသည်။ ဆီပဲပုပ်ကို အင်တိုက်အားတိုက် စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံရေးဟူသည့်ပန်းတိုင်ကို လှမ်းကိုင်နိုင် ရုံမျှမကဘဲ မွေးမြူရေးအစာဖူလုံရေးကိုပါ တစ်ဆက်တည်း ဖြေရှင်းပေးနိုင်သည့် “တစ်ချက်ခုတ် နှစ်ချက်ပြတ်”လမ်းကြောင်းဖြစ်ပါသည်။
ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း ပဲပုပ်ဆီသည် ဈေးကွက်အတွင်းရှိ အရည်အသွေးမမီသော ဆီများအတွက် အကောင်းဆုံးသော အစားထိုးမှုဖြစ်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်သည့် အကျိုးပြုဓာတ်များ ပါဝင်ခြင်းကြောင့် ပဲပုပ်ဆီကို စားသုံးခြင်းသည် ပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်းကိုပါ မြှင့်တင်ပေးရာရောက်သည်။ ထို့ကြောင့် “ဆီပဲပုပ်” စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးစေရုံတင်မကဘဲ တစ်မျိုးသားလုံး၏ အသက်ရှည် ကျန်းမာခြင်းကိုပါ တည်ဆောက်ပေးနိုင်သည့် ဘက်စုံအကျိုးပြုလုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။
ပို၍ ထူးခြားသောအချက်မှာ ပဲပုပ်သည် စိုက်ပျိုးသူတောင်သူတို့၏ မြေဆီလွှာကို အခမဲ့ပြုပြင်ပေးသည့် “သဘာဝမြေဩဇာစက်ရုံ” ဖြစ်နေ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေအများစုမှာ ဓာတ်မြေဩဇာများကို နှစ်ရှည်လများ သုံးစွဲလာမှုကြောင့် မြေဆီလွှာများ မာကျောပျက်စီးပြီး အာဟာရဓာတ် ကုန်ခန်းနေကြပြီဖြစ်ရာ ပဲပုပ်စိုက်ပျိုးခြင်းသည် မြေဆီလွှာကို ပြန်လည်ကုသပေးသည့် ထိရောက်သောကုထုံးတစ်ခုဖြစ်သည်။ ပဲပုပ်ပင်၏အမြစ်များက လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို မြေကြီးထဲသို့ ဖမ်းယူဖြည့်တင်း ပေးနိုင်စွမ်းရှိသဖြင့် နောက်ဆက်တွဲစိုက်ပျိုးမည့် သီးနှံများအတွက် ဓာတ်မြေဩဇာအသုံးပြုမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ယင်းသည် တောင်သူတို့အတွက် စိုက်ပျိုးစရိတ်ကို သက်သာစေရုံသာမက အသားတင်အမြတ်ငွေကို ပိုမိုရရှိစေကာ မြေဆီလွှာကိုပါ ရေရှည်တည်တံ့စေသည့် ဘက်စုံအကျိုးပြုစီးပွားရေးစနစ်သစ်ကို ဖော်ဆောင်ပေးမည်မှာ ဧကန်မလွဲပင် ဖြစ်ပေသည်။
ဆီထွက်နှုန်းကောင်းပြီး အပင်သက်တမ်းတိုသော မျိုးကောင်းမျိုးသန့်များကိုရွေးချယ်
“ဆီပဲပုပ်” စိုက်ပျိုးရန်အတွက် ခက်ခဲနက်နဲသော နည်းပညာများစွာ မလိုအပ်ဘဲ ရိုးရှင်းစွာ ဆောင်ရွက်နိုင်ပါသည်။ ဆီထုတ်ရန်အတွက် ရည်ရွယ်၍ လက်ရှိစိုက်ပျိုးနေသောမျိုးများအစား စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဆီထွက်နှုန်းကောင်းပြီး အပင်သက်တမ်းတိုသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ မြေကိုထွန်ရေး ညက်အောင် ပြင်ပြီးနောက် အစိုဓာတ်ရှိချိန်တွင် တန်းကြား ၁၂ လက်မနှင့် ပင်ကြား လေးလက်မခန့်ထားကာ စနစ်တကျ စိုက်ပျိုးနိုင်ပါသည်။
အထူးသဖြင့် စပါးရိတ်သိမ်းပြီးစ အစိုဓာတ်ဖြင့်ပင် အလွယ်တကူ စိုက်ပျိုးနိုင်ခြင်းမှာ ပဲပုပ်၏ အားသာချက်ဖြစ်ပြီး အခြားသီးနှံများကဲ့သို့ အလွန်အမင်းပြုစုရန်မလိုဘဲ အစောပိုင်းပေါင်းမြက် ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့်အချိန်တွင် ရေအနည်းငယ်သွင်းပေးရုံဖြင့် အောင်မြင်နိုင်ပါသည်။ ပဲပုပ်သည် အပင်သက်တမ်း တိုတောင်းခြင်းကြောင့် တစ်နှစ်လျှင် သီးနှံနှစ်ကြိမ်၊ သုံးကြိမ်အထိ သီးထပ်စိုက်ပျိုးနိုင်၍ မိမိ၏ မြေကွက်ငယ်လေးမှ ဝင်ငွေအမြောက်အမြား ရရှိလာစေမည့်နည်းလမ်း ကောင်းတစ်ခုလည်းဖြစ်သည်။
ထို့အပြင် ပဲပုပ်စိုက်ပျိုးခြင်းသည် အရင်းအနှီးသက်သာပြီး အကျိုးအမြတ်များပြားသည့် “အလေအလွင့် မရှိသော စီးပွားရေး” (Zero Waste Economy) ကို ဖော်ဆောင်ပေးပါသည်။ အစေ့ကိုဆီကြိတ်ရန် ရောင်းချရုံတင်မကဘဲ အပင်ခြောက်များနှင့် ဘေးထွက်ပစ္စည်းများကို မွေးမြူရေးအစာ သို့မဟုတ် မြေဆွေးအဖြစ် ပြန်လည်အသုံးချနိုင် သဖြင့် စိုက်ပျိုးသူအတွက် မည်သည့်အရာမှ လေလွင့်မှုမရှိသည့် ဘက်စုံအကျိုးအမြတ်ကို ရရှိစေမည်ဖြစ်သည်။ ပဲပုပ်သည် မြေကြီးကို ချစ်မြတ်နိုးသော တောင်သူများအတွက် မြေဆီလွှာကိုကုသပေးရင်း ဝင်ငွေတိုးစေသည့် “ရွှေရောင်အခွင့်အလမ်း” တစ်ခုဖြစ်ရာ စားသုံးဆီ ဖူလုံရေးအတွက် ဆီပဲပုပ်ကိုအလေးထားစိုက်ပျိုးခြင်းဖြင့် မိမိတို့၏ ဘဝကို မြှင့်တင်ရန် အချိန်တန်ပြီဖြစ်သည်။
နိဂုံးချုပ်ရလျှင် ပဲပုပ်သည် ကျွန်ုပ်တို့အတွက် သာမန်ဟင်းခတ် သီးနှံတစ်ခုမျှသာ မဟုတ်တော့ဘဲ နိုင်ငံ၏ စားသုံးဆီဖူလုံရေးနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် ရတနာသီးနှံ ဖြစ်သည်။ “ဆီပဲပုပ်” ကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးထုတ်လုပ်သွားမည်ဆိုပါက မကြာမီကာလအတွင်း မြန်မာ့မြေပေါ်မှထွက်ရှိသော ရွှေရောင်ပဲပုပ်စေ့များမှတစ်ဆင့် ပြည်သူများ ထံသို့ အရည်အသွေးမြင့် ပဲပုပ်ဆီများ စီးဝင်လာပေတော့မည်။ ယခုအချိန်သည် “ဟင်းခတ်မှသည် ဆီထွက် သီးနှံသို့” အသွင်ပြောင်းရန် အချိန်ကောင်းပင်ဖြစ်သည်။ ထိုသို့ပြောင်းလဲနိုင်ခြင်းသည်ပင်လျှင် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေးအတွက် ခိုင်မာသော အနာဂတ်ကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
MDN
