မျက်မှောက်ကမ္ဘာတွင် တွေ့ကြုံနေရသော ကျန်းမာရေး ပြဿနာများ
Posted_Date
Image
Body
အချိန်ကာလလိုက်၍ ကမ္ဘာအနှံ့တွင် ကျန်းမာရေး ဆိုင်ရာပြဿနာများ အမျိုးမျိုး တွေ့ကြုံဖြေရှင်းခဲ့ရသည်။ ယခုမျက်မှောက်ကာလတွင်လည်း ကျန်းမာရေးစိန်ခေါ်မှုမျိုးစုံကို ပြည်သူလူထု၊ ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ချုပ်သူအဖွဲ့အစည်းများနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့မှ ရင်ဆိုင်ဖြေရှင်းလျက်ရှိသည်။ ပုံမှန်တွေ့ကြုံနေကျ ကျန်းမာရေးပြဿနာ များအပြင် ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ် မကြာခဏကျရောက်မှု၊ ကမ္ဘာ့နိုင်ငံ တချို့ကြား စစ်ပွဲများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးထိခိုက်မှု၊ အသက် အန္တရာယ်ဆုံးရှုံးမှုများလည်း ခံစားရလျက်ရှိသည်။ ထို့ပြင် ဆင်းရဲမှု၊ အရေးပါသောဆေးဝါးများ ညီတူမျှတူမရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှုဌာနများသို့ လက်လှမ်းမမီနိုင်မှုတို့သည် လူထုအတွင်းရှိ မူလကပင် အားနည်းသော လူစုများအတွက် ပို၍ခက်ခဲမှုဖြစ်စေသည်။ ကမ္ဘာတစ်ဝန်း အလုပ်လုပ်နိုင်စွမ်းနည်းသော သက်ကြီးရွယ်အိုဦးရေများပြား လာခြင်းကြောင့်လည်း နာတာရှည်ရောဂါများ၊ အသက်အရွယ်အရ ဖြစ်လာရသည့်ရောဂါများကို ကုသရန်နှင့် ဝေဒနာခံစားမှုများကို ပြုစုစောင့်ရှောက်ရန် ပို၍လိုအပ်လာခဲ့သည်။
ရောဂါများနှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများ
HIV၊ ငှက်ဖျား၊ တီဘီရောဂါများသာမက သွေးလွန်တုပ်ကွေးရောဂါ၊ ကြက်၊ ငှက်တုပ်ကွေး ရောဂါ၊ အီဘိုလာဗိုင်းရပ်စ်ရောဂါ၊ Zika ဗိုင်းရပ်စ်၊ မျောက်ကျောက်ရောဂါ စသော အသစ်သစ်ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးရောဂါများသည် လူထု၏ ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုစနစ်ကို ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံ တချို့၌ဖြစ်ပွားမှုမှသည် ကမ္ဘာအနှံ့ပျံ့နှံ့ကာ ကမ္ဘာ့ ကပ်ရောဂါအသွင်ဖြစ်ပွားရန်အထိ အားကောင်းခဲ့ ကြသည်။ ကိုဗစ်-၁၉ ရောဂါကိုယ်တိုင်က မျိုးကွဲများ အဖြစ် ကမ္ဘာအနှံ့ပျံ့နှံ့ဖြစ်ပွားလျက်ရှိသောကြောင့် လူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲ နေထိုင်ကာ ရာသီတုပ်ကွေးကဲ့သို့ပင် လက်ခံကုသ နေကြသည်။
မကူးစက်နိုင်သောရောဂါများ
မူလက ကူးစက်ရောဂါများသည် ဝင်ငွေနည်း သောနိုင်ငံများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုအားနည်းသော နိုင်ငံများတွင် အဓိကရင်ဆိုင် ဖြေရှင်းရသည့် ပြဿနာတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါတွင် ဝင်ငွေနည်းနှင့် အလယ်အလတ် ဝင်ငွေရှိသောနိုင်ငံများတွင်ပါ စားသောက်နေထိုင်မှု ပုံစံပြောင်းလာသဖြင့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုများလာသည်ကို တွေ့ရှိရသည်။ ယခင်က ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအစာမလုံလောက် သောကြောင့် အစာအာဟာရချို့တဲ့ခြင်းကို ဖြေရှင်း နေရပြီး ချမ်းသာကြွယ်ဝသောနိုင်ငံများတွင် အဝ လွန်ခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြေရှင်းဆောင်ရွက်ခဲ့ရသည်။ ကမ္ဘာ့ရွာဖြစ်လာခြင်းနှင့်အတူ နေထိုင်စားသောက်မှုပုံစံများ ကူးစက် လာခြင်း၊ ဆားစားသုံးမှုများခြင်း၊ လှုပ်ရှားသွားလာမှု နည်းခြင်း၊ အရက်၊ ဆေးလိပ်သောက်သုံးခြင်း၊ လေထု ညစ်ညမ်းခြင်း၊ အဝလွန်ခြင်းတို့သည် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကို စိန်ခေါ်သကဲ့သို့ ဖြစ်စေသည်။ ကမ္ဘာ့နိုင်ငံများတွင် ရောဂါကုသရန် ဆေးဝါးပုံမှန်ရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု မတူညီ အားနည်းမှုများကြောင့် ရောဂါထိန်းချုပ်နိုင်မှုနည်းကာ သေဆုံးမှုနှုန်းများလာရသည်။ ယခုအခါမကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှု မှာ သေဆုံးမှုအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့သည်။
စိတ်ကျန်းမာရေးပြဿနာ
မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ စိတ်ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်မှုသည် ရှေ့တန်းသို့ရောက်လာခဲ့သည်။ စိတ်ပူပန်မှုနှင့် စိတ်ကျရောဂါသည် လူငယ်ထုအတွင်းသာမက ကျန်းမာရေးဝန်ထမ်းများတွင်ပါ ခံစားလာရသည်။ လူမှုစီးပွားခက်ခဲခြင်း၊ လူငယ်ထုတွင် ယှဉ်ပြိုင်မှု များလာခြင်း၊ လုပ်ငန်းခွင်ဖိစီးမှုများခြင်း၊ အလုပ် ပင်ပန်းခြင်း၊ မူးယစ်ဆေး၊ စိတ်ကြွဆေးသုံးစွဲမှုများလာခြင်းတို့သည် ငယ်ရွယ်သူများတွင် စိတ်ကျန်း မာရေးရောဂါများ ခံစားရစေပြီး မိမိကိုယ်ကို အဆုံး စီရင်မှုများစေခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့်တွေ့ကြုံရသည့် ကျန်းမာရေးပြဿနာများ
ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန် မြင့်မားလာမှု၊ ရေထုမြင့်မားလာမှု၊ ရာသီဥတု ဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု များသည် ရောဂါပိုးသယ်ဆောင်သော ခြင်၊ ယင် ပေါက်ပွားမှုပြောင်းလဲလာပြီး သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားမှု များပြားလာသကဲ့သို့ ရောဂါဖြစ်ပွားမှုပုံစံ၊ ပြင်းထန်မှု၊ နေရာဒေသပြောင်းလဲလာကြသည်။ မူလက မဖြစ်သောနေရာများတွင်ပါ ဖြစ်ပွားလာကြသည်။ အသစ်သစ်သော သဘာဝဘေးအန္တရာယ် များကြောင့် လူအစုလိုက် ရွှေ့ပြောင်းနေထိုင်ရမှုသည် မသန့်ရှင်းသော ရေ၊ အစားအသောက်များ ကြောင့် ရောဂါများဖြစ်ပွားနိုင်သည်သာမက လူထုကြား ကူးစက်ရောဂါများ အချင်းချင်းကူးစက်ပြန့်ပွား စေနိုင်သည်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းလာမှု
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေထောက်ပံ့မှု နည်းပါးလာခြင်းသည် HIV၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေမှုများကို ခြိမ်းခြောက်လျက်ရှိသည်။ ကျန်းမာရေးကုသမှု စရိတ်ကြီးမြင့်ခြင်း၊ ပို၍ အဆင့်မြင့်ကောင်းမွန်သောကုသမှုကို လူထုမှလိုအပ်လာခြင်း တို့ကြောင့် ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်ကို ပို၍ လိုအပ်လာစေခဲ့သည်။ လူသားအားလုံးကို ညီတူမျှတူ အလုံးစုံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း မြို့ပြ၊ ကျေးလက်၊ ဆင်းရဲ၊ ချမ်းသာ ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက် များ ဆက်လက်ရှိနေခဲ့သည်။ ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍ အားနည်းမှုဒဏ်ကို ဆင်းရဲသော၊ ဝင်ငွေနည်းသောနိုင်ငံများ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှုနှင့် အလှမ်းဝေးသော ဝေးလံဒေသများ တွင် ပို၍ခံစားခဲ့ကြရသည်။
ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကိုဖြေရှင်းနိုင်မည့်နည်းလမ်းများ
ကူးစက်ရောဂါများနှင့် ပတ်သက်၍ ရောဂါမဖြစ်ပွားစေရန် ရေကိုကျိုချက်သောက်ခြင်း၊ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်း၊ လူထူထပ်သောနေရာများသွားလျှင် နှာခေါင်းစည်းတပ်ခြင်း၊ နှာခေါင်း၊ပါးစပ်ပိတ်၍ ချောင်းဆိုးခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်း အောင်ပြုလုပ်ခြင်း၊ ယင်လုံအိမ်သာအသုံးပြုခြင်းနှင့် ခြင်ထောင်ထောင်၍အိပ်ခြင်း စသည့် အပြုအမူ များလိုက်နာရန် လူထုအတွင်း အသိပညာပေးခြင်း၊ ဝိုင်းဝန်းဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
ထို့ပြင် မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှုလျှော့ချနိုင်ရေးအတွက် အဆီ၊ အငန်၊ ချိုလွန်းသော အစားအစာများ လျှော့စားရန်၊ အရက်၊ ဆေးလိပ် မသောက်ရန်၊ လှုပ်ရှားတက်ကြွသည့် လူနေမှုပုံစံ နေထိုင်ရန်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ရန် လူထုသို့ အသိပညာပေးရမည်။ ကိုယ်လက်လှုပ်ရှားခြင်း အားကစား၏အကျိုးကို လူထုကိုသိမြင်စေပြီး လူထု လှုပ်ရှားမှုအသွင် ဝိုင်းဝန်းဆောင်ရွက်ရပါမည်။ ရောဂါဖြစ်မှ ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ ကောင်းမွန်သဖြင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးရန်လိုအပ်သည်။ မကူးစက်နိုင်သော နာတာရှည်ရောဂါများကို ကာကွယ်ကုသရေး အတွက် မြို့ပြများတွင်သာမက ဝေးလံသောကျေးလက်ဒေသများအထိပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးခန်းများဖွင့်လှစ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်သင်ကြား ပေးခြင်း၊ လိုအပ်သောဆေးဝါး၊ စမ်းသပ်ကိရိယာများဖြည့်တင်းပေးခြင်း၊ လူထုအား အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။
လူငယ်များကိုလည်း စိတ်ကြွဆေး၊ မူးယစ်ဆေး သုံးစွဲမှုရှောင်ကြဉ်ရန် အသိပညာပေးခြင်းနှင့်အတူ အရက်စွဲ၊ ဆေးစွဲခြင်းမှ ပြန်လည်ထူထောင်လာအောင် ကုသပေးခြင်း၊ ဝိုင်းဝန်းဖေးမခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။
ဆေးရုံကြီးများတွင် ကုသမှု၊ ရောဂါရှာဖွေမှုအဆင့်မြင့်စေရန် ဆောင်ရွက်ခြင်းများနည်းတူ ပြည်သူများ အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာ ပေးနိုင်ရန် ဒေသန္တရပြည်သူ့ကျန်းမာရေးဆေးခန်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်အတူ ကျေးလက်ဆေးခန်းများ၏ လုပ်ဆောင်နိုင်မှုကို တိုးချဲ့ဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြို့နယ်ဆေးရုံ များရှိ ဆရာဝန်၊ သူနာပြုများ၏ စွမ်းရည်မြှင့်တင် ပေးခြင်းအပြင် လူထုနှင့်ထိတွေ့နေရသော သားဖွား ဆရာမ၊ အရန်သားဖွားနှင့် ကျေးလက်ကျန်းမာရေး လုပ်သားများ၏ အရည်အသွေးမြင့်မားလာရေး အတွက် ထပ်လောင်းလေ့ကျင့် သင်ကြားပေးမှုများ မကြာခဏ ပြုလုပ်သင့်သည်။ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ဆေးထိုးနှံ ရေး၊ ကူးစက်ရောဂါပြန့်ပွားမှု လျှော့ချရေးအပြင် နာတာရှည်ရောဂါစောင့်ရှောက်မှုပါ ဆောင်ရွက်နိုင် ရန်၊ စိတ်ကျန်းမာရေးလူနာများ ကုသစောင့်ရှောက် တတ်စေရန်လည်း လေ့ကျင့်သင်ကြားပေးသင့်သည်။
ဆေးယဉ်ပါးပြဿနာနှင့် ရောဂါပိုးအသစ်များ အတွက် ပိုးသတ်ဆေး၊ ကာကွယ်ဆေးများထုတ်လုပ်နိုင်ရန် သုတေသနနှင့် ဖွံ့ဖြိုးမှုရန်ပုံငွေထားရှိပြီး စဉ်ဆက်မပြတ် စမ်းသပ်ရှာဖွေရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆေးယဉ်ပါးမှုနည်းပါးစေရေး အတွက် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ ညွှန်ကြားချက် (guideline) များ ဆေးရုံများအလိုက်၊ ဒေသအလိုက် ရေးဆွဲကာ လိုက်နာကျင့်သုံးသင့်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံအလိုက် ကျန်းမာရေး အဖွဲ့အစည်းများမှလည်း ဒေသအလိုက် ကူးစက် ရောဂါများဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြည့် လေ့လာပြီး အချိန်နှင့်တစ်ပြေးညီ ကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ အသုံးပြုလာခြင်းဖြင့် အဝေးမှ ကြည့်ရှုထောက်လှမ်းကာ ရောဂါနှင့်ပတ်သက်၍ အချိန်မီသိရှိနိုင်ပြီး အကြံပြုကုသပေးနိုင်ခြင်းကြောင့် ဝေးလံသောကျေးလက်နေလူထုအတွက် အကျိုးဖြစ်စေနိုင်သည်။ လူနာနှင့်ဆိုင်သော အချက်အလက်များကို အီလက် ထရောနစ်မှတ်တမ်းများထားရှိအောင် လုပ်ဆောင် ခြင်းဖြင့်လည်း ပို၍စနစ်ကျကာ ကျန်းမာရေးကဏ္ဍ ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးဒဏ်ကို ခံနိုင်သော ဆေးရုံ၊ ဆေးခန်း၊ ဆေးစတိုများဆောက် လုပ်ထားသင့်ပြီး ရေကောင်းရေသန့်လုံလောက်စွာ ရရှိရေးနှင့် ခြင်၊ ယင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများမဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရမည်
ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပါက စောစီးစွာ သတိပေးနိုင်သောစနစ်များ တပ်ဆင်ထားရန်နှင့် ဆောင်ရွက်ရမည့် ကျန်းမာရေးအစီအမံ၊ဆေးဝါးများ ကြိုတင်ဖြည့်တင်းထားရှိရမည်ဖြစ်သည်။
ကျန်းမာရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့်အတူ လူထုအတွင်း နေအိမ်အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင် ရွက်ခြင်း၊ ရေကောင်းရေသန့်ရရှိစေခြင်း၊ သဘာဝ ပတ်ဝန်းကျင်သန့်ရှင်းအောင် ဆောင်ရွက်ခြင်း၊ ပညာရေးကဏ္ဍမြှင့်တင်ခြင်း စသည့် လူမှုစီးပွားဘဝမြင့်တက်လာအောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာပြဿနာများ ရင်ဆိုင် ဖြေရှင်းရန် လုပ်ဆောင်ရာတွင် လူထုမှလည်း ပူးပေါင်းပါဝင်သင့်သောကြောင့် ကျန်းမာရေးဗဟု သုတများ လူထုအတွင်း မကြာခဏဖြန့်ဝေပြီး လိုက်ပါ လုပ်ဆောင်စေရမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
MWD
