ရေကြောင်းလူငယ်မှစချီ အနာဂတ်ကြယ်ပွင့်များဆီသို့
Posted_Date
Image
Body
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါသော လူသားအရင်းအမြစ်အစသည် လူငယ်များပင်ဖြစ်သည်။ လူငယ်များ၏ အသိပညာစွမ်းရည်နှင့် နိုင်ငံချစ်စိတ်ကို မြှင့်တင်ပေးခြင်းဖြင့် ယနေ့ခေတ်လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ဆောင်ရွက် တည်ဆောက်ပေးမည့် အရေးကြီးဆုံးအခြေခံ အင်အားများဖြစ်ကြသည်။ “ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး” ၊ “လူငယ်ဆိုတာ နိုင်ငံ၏အနာဂတ်ကြယ်ပွင့်ဖြစ်သည့်အတွက် လူငယ်ကောင်းလျှင် နိုင်ငံကောင်းပါသည်။ လူငယ်တွေ အရည်အသွေးမြင့်လျှင် နိုင်ငံရဲ့အနာဂတ်လည်း မြင့်မားတိုးတက်လာမည်” ဆိုသည့်စကားများသည် လူငယ်များအပေါ် မျှော်လင့်ချက်ကြီးပုံကို ထင်ဟပ်စေသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက် စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်စခန်းများကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
တပ်မတော်(ရေ)အနေဖြင့် ရေကြောင်းပညာရပ်များကိုစိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် လူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်း(၁/၂၀၂၆)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း (၁/၂၀၂၆) တို့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်မှ မေလ ၂၉ ရက်အထိ လူငယ်စခန်းပေါင်း ၁၃ ခုတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၀၀ ဦးဖြင့် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ကာ အဆိုပါသင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများ၊ ရေတပ်စခန်း ဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများ၊ အရာရှိများ အသီးသီး တက်ရောက်ဖွင့်လှစ်ကြသည်။
ရေကြောင်းပညာသည် လွယ်ကူသော ပညာရပ်မဟုတ်ဘဲ စည်းကမ်းရှိမှု၊ စိတ်ရှည်သည်းခံနိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့ကို တစ်ပြိုင်တည်းဆောင်ရွက်ရန် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်သည်။ ရေယာဉ်ပေါ်တွင် အလုပ်လုပ်ရခြင်း၊ ရာသီဥတုအခြေအနေများကို ရင်ဆိုင်ရခြင်း၊ နိုင်ငံတကာရေလမ်းကြောင်းဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရခြင်းဖြင့် လူငယ်များအတွက် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထိုအတွေ့အကြုံများက လူငယ်များကို အရည်အချင်းပြည့်၀သော အနာဂတ်ခေါင်းဆောင်များအဖြစ် ပြောင်းလဲစေနိုင်သည်။ ရေကြောင်းလူငယ်များအနေဖြင့် အင်္ဂလိပ်ဘာသာစကား၊ နည်းပညာ၊ စည်းကမ်းလိုက်နာမှုနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု (Team Work)
တို့ကို တိုးတက်အောင် လေ့ကျင့်ဆောင်ရွက်ရမည်။ ရေယာဉ်ပေါ်၌ အလုပ်လုပ်ရာတွင် မိမိတစ်ဦးတည်းသာမက အဖွဲ့လိုက်ညီညွတ်မှု (The Power of Unity) သည် အရေးကြီးသဖြင့် အပြန်အလှန်နားလည်မှုနှင့် တာဝန်ယူမှုရှိစေရန် လိုအပ်သည်။
ထို့ပြင် ရေကြောင်းလူငယ်များသည် မိမိတို့၏အိပ်မက်များကို မလျှော့မပေါ့ဘဲ အားစိုက်ကာ အခက်အခဲများ၊ ပင်ပန်းမှုများရှိနိုင်သော်လည်း အနာဂတ်ကိုရည်မှန်းပြီး ကြိုးစားသွားပါက နိုင်ငံတော်အတွက် အကျိုးရှိစေမည့်ကြယ်ပွင့်များအဖြစ် ထွန်းလင်းလာနိုင်မည်ဖြစ်သည်။ ရေကြောင်းလူငယ်များသည် ရေယာဉ်ပေါ်တွင် တာဝန်ထမ်းဆောင်ရန်သာမက အဖွဲ့လိုက်ပူးပေါင်း ဆောင်ရွက်နိုင်သော စိတ်ဓာတ်ကိုလည်း တည်ဆောက်ရမည်ဖြစ်ပြီး အပြန်အလှန်ကူညီမှု၊ စည်းကမ်းတကျ လေ့ကျင့်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်တို့ကို လေ့လာသင်ယူခြင်းသည် အနာဂတ်တွင် နိုင်ငံတော်၏ရေကြောင်း အခန်းကဏ္ဍ အောင်မြင်နိုင်စေရေး အထောက်အကူဖြစ်စေသည်။ ရေကြောင်းဆိုင်ရာ ပညာရပ်များနှင့် ရာသီဥတုအခြေအနေတို့ကို စနစ်တကျလေ့လာသင်ယူခြင်းအားဖြင့် လူငယ်များ၏အရည်အချင်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။ ရေကြောင်းလူငယ်များအတွက် အရေးကြီးဆုံးအချက်မှာ “ညီညွတ်မှုနှင့် အပြန်အလှန်လေးစားမှု”ဖြစ်သည်။
လူငယ်ဟူသည် စူးစမ်းလိုစိတ်ရှိခြင်း၊ ဖျတ်လတ်တက်ကြွခြင်း၊ အရာရာကိုတီထွင်ဖန်တီးလိုစိတ်ရှိခြင်း၊ အမှန်တရားကို မြတ်နိုးခြင်းစသော ဂုဏ်သတ္တိများရှိသကဲ့သို့ မှန်ကန်သောအတွေးအခေါ်နှင့် တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်မြတ်နိုးရန်လည်း လိုအပ်သည်။ ထို့ပြင် လူငယ်များသည် အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက် အားကိုးရမည့် အခြေခံကာကွယ်ရေး အင်အားစုများဖြစ်ပြီး လူငယ်များ၏ စွမ်းဆောင်နိုင်မှုသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကကျပေသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အင်အားနှင့် စွမ်းရည်မရှိပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်မတည်တံ့နိုင်သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် လူငယ်များ၏ တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုများသည် လွန်စွာအရေးပါသည်။
မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ အဓွန့်ရှည်ရပ်တည်နိုင်ရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ အလေးထားပြုစု ပျိုးထောင်လျက်ရှိသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်းများကို ရေကြောင်းပညာရပ်များနှင့် ရေကြောင်းသွားလာရေးဆိုင်ရာ အတတ်ပညာများအား လူငယ်လူရွယ်များ စိတ်ပါဝင်စားလာပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေး အခန်းကဏ္ဍသည် အရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းချိန်ပြင်ပဖြစ်သော ကိုယ်ပိုင်အချိန်ကို အလဟဿမဖြစ်စေဘဲ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ပြီး မိမိဝါသနာပါရာပညာ
ရပ်ကို တစိုက်မတ်မတ် လေ့လာလေ့ကျင့်နိုင်စေရန်၊ နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အသိပညာ၊ အတတ်ပညာများ တိုးပွားလာပြီး အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်နှင့် တိုင်းပြည်အတွက် အရေးပေါ်ကာလများတွင် လူငယ်လူရွယ်များကို နိုင်ငံတော်ကာကွယ်ရေး အရန်အင်အားများအဖြစ် အားကိုးအားထားပြုနိုင်ရန် ရည်ရွယ်သည်။
ရေကြောင်းလူငယ်သင်တန်းတစ်ခုတွင် သင်ကြားရသည့် ဘာသာရပ်များမှာ စစ်ရေးပြ၊ တပ်မတော်(ရေ)သမိုင်း၊ နက္ခတ္တဗေဒဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ ရေတပ်အချက်ပြဆက်သွယ်ရေး ဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရား၊ GPS ၊ Radar နှင့် အီလက်ထရောနစ် ဆက်သွယ်ရေးအပါအဝင် ရေကြောင်းသွားလာရေး ဘာသာရပ်၊ ရေကူး၊ လှေလှော်ရွက်တိုက် စသည်ဖြင့် သင်ကြားပြသပေးသည်။ သင်တန်းသို့တက်ရောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်စေခြင်း၊ လူငယ်များပူးပေါင်း ဆောင်ရွက်တတ်စေခြင်း၊ အမိန့်နာခံမှုကောင်းခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းတို့အပြင် စစ်ရေယာဉ်များ၏စွမ်းရည်၊ တာဝန်ထမ်းဆောင်ပုံနှင့် ရေတပ်ဆိုင်ရာ အခေါ်အဝေါ်များကို နားလည်သဘောပေါက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့် သာမန်ကျောင်းသားလူငယ်များ၊ သင်ယူလေ့လာရန်ခက်ခဲပြီး အခွင့်အလမ်းနည်းပါးသည့် ရေကူးဘာသာရပ်နှင့် လှေလှော်ရွက်တိုက် ဘာသာရပ်များကို သင်ကြားရသဖြင့် ရေနှင့်ရင်းနှီးကျွမ်းဝင်ကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းခြင်း၊ သက်လုံကောင်းခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းတို့အပြင် နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဖြစ်သည်။
ထို့ပြင် ရေတပ်သားဘာသာရပ်ကို သင်ကြားခြင်းဖြင့် ရေယာဉ်များ၏ အရာ၀တ္ထု၊ အသုံးအဆောင်၊ ပစ္စည်းသုံးစွဲပုံ စသည်တို့ကို သီးခြားသတ်မှတ်ခေါ်ဆိုသော ရေကြောင်းဆိုင်ရာဝေါဟာရများ၊ ကြိုးချည်ကြိုးထိုးနည်းများ၊ အဝေးကြည့်ကင်း တာဝန်ထမ်းဆောင်ခြင်း၊ ရေတိုင်းခြင်း စသော ရေတပ်သားတစ်ဦး အခြေခံသိရှိသင့်သည့် လုပ်ငန်းတာဝန်ပညာရပ်များကို သိရှိနားလည်နိုင်မည်ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဘာသာစကား ကွဲပြားခြားနားသော်လည်း ရေတပ်သားအချက်ပြ ဆက်သွယ်ရေးဘာသာရပ်ကို သင်ကြားခြင်းဖြင့် ပင်လယ်ပြင်တွင် ရေယာဉ်တစ်စင်းနှင့် တစ်စင်း အလံတင်/ချ ဆက်သွယ်နည်း၊ မျက်မြင်အချက်ပြဆက်သွယ်နည်းများဖြင့်ဆက်သွယ်နိုင်မည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်း တက်ရောက်ပြီးသည့်အခါ အချို့သောလူငယ်များ အနေဖြင့် သင်တန်းမှရရှိလာသော အတွေ့အကြုံများနှင့် စိတ်ဓာတ်များကိုအခြေခံ၍ အနာဂတ်တပ်မတော်(ရေ)တွင် အမှုထမ်းရန်၊ မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများတွင် ပါဝင်ရန် သို့မဟုတ် နိုင်ငံတကာကုန်သွယ် ရေယာဉ်များတွင် အမှုထမ်းရန် ဆုံးဖြတ်ချက်ချနိုင်ကြမည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်
ဆောက်ရေးတွင် အရေးပါသည့် ပြည်တွင်း၊ ပြည်ပရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ပင်လယ်ပြင်သယံဇာတများ ရှာဖွေဖော်ထုတ်အသုံးချရေး၊ ပင်လယ်ပြင်ဂေဟစနစ်များ ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရေလမ်းကြောင်းများကို စနစ်တကျအသုံးပြုရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့လူငယ်များသည် အနာဂတ်ရေကြောင်းဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်အင်အားစုများအဖြစ် ကျရာအခန်းကဏ္ဍ အသီးသီးမှ ပခုံးပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့သည် ပထဝီအနေအထားအရ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတို့တွင် အလွန်အချက်အချာ ကျသည်။
မြန်မာ့ပင်လယ်ပြင်မှ အဖိုးထိုက်အဖိုးတန် ရေပေါ်ရေအောက် သယံဇာတများ ထုတ်ယူသုံးစွဲလျက်ရှိရာ နိုင်ငံ၏အမျိုးသား အကျိုးစီးပွားကို များစွာပံ့ပိုးပေးလျက်ရှိသည်။ ရေကြောင်းအကျိုးစီးပွားအပေါ် အခြေပြုတည်ဆောက်သွားကြသည့် နိုင်ငံအားလုံးတို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်ကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် “မြန်မာ့ပင်လယ်ပြင်သည် မြန်မာနိုင်ငံ၏အနာဂတ်”ဖြစ်သည်ဟု ဆိုနိုင်သည်။
တပ်မတော်(ရေ)သည် “နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရမည်၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည်” ဟူသော ရည်မှန်းချက်တာဝန်များ ချမှတ်ပြီး သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) ဖြစ်စေရန် မျှော်မှန်းတည်ဆောက်လျက်ရှိပြီး ဝေဟင်စစ်ဆင်ရေး၊ ရေပြင်စစ်ဆင်ရေး၊ ရေအောက်ရန်ကာကွယ်မှု စစ်ဆင်ရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေး စသည့် စစ်ဆင်မှုနယ်ပယ်လေးရပ်ကို စစ်ဆင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များနှင့် ရေငုပ်သင်္ဘောစစ်ရေယာဉ်များကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ရာ ဒေသတွင်း ရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ပြီး မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေကြောင်းအကျိုးစီးပွား (National Interests)နှင့် ရေကြောင်းစွမ်းအား (Sea Power) သည် ရေတပ်စွမ်းအား တစ်ခုတည်းအပေါ် မှီတည်နေသည်မဟုတ်ဘဲ ပြည်သူလူထု၏ ရေကြောင်းဆိုင်ရာ အသိပညာရှိမှု၊ ပင်လယ်ရေကြောင်းအပေါ် အာရုံစိုက် အလေးထားနိုင်မှုနှင့် ရေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု စသည့်အချက်များအပေါ် မူတည်နေသည်။ အရာရာကိုစူးစမ်း လေ့လာလိုစိတ်ရှိသော၊ နိုးကြားတက်ကြွသော လူငယ်များ၏ ရေကြောင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူ အားထုတ်မှုအပေါ်တွင် များစွာတည်မှီသည်။ ထို့ကြောင့် အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်(ရေ)အတွက်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ရေကြောင်းလူငယ်သင်တန်းများတွင် ပင်လယ်ရေကြောင်းဆိုင်ရာ ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်ပြီး ရေကြောင်းအသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများ ပြည့်စုံနေစေရန် ရေကြောင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံများ သင်ကြားဖြန့်ဝေ လက်ဆင့်ကမ်းအမွေပေးလျက်ရှိသည်။
ရေကြောင်းလူငယ်များအနေဖြင့် မိမိတို့၏အိပ်မက်ကို အကောင်အထည်ဖော်ရန် အခက်အခဲများကို မကြောက်မရွံ့ဘဲ ကြိုးစားရမည်ဖြစ်သည်။ ပင်လယ်ရေပြင်တွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အသိပညာ၊ အတတ်ပညာနှင့် လက်ရုံးရည်၊ နှလုံးရည် နှစ်ခုလုံးကိုပြည့်စုံအောင် လေ့ကျင့်ရမည်ဖြစ်သည်။
ထိုသို့ကြိုးစားသော လူငယ်မောင်မယ်များသည် အနာဂတ်တွင် တောက်ပသောကြယ်ပွင့်များအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည့် ရေကြောင်းလူငယ်များဖြစ်လာစေရန် အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးစားကြရမည်ဖြစ်သည်။ မြန်မာပြည်အနှံ့မှရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံကြရမည်ဖြစ်ရာ အသိမိတ်ဆွေများ တိုးပွားလာမည့်အပြင် သက်ဆိုင်ရာဒေသ အသီးသီး၏ ဒေသန္တရဗဟုသုတများလည်း ရရှိကြမည်ဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်း တက်ရောက်လျက်ရှိသည့် လူငယ်မောင်မယ်များသည် အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် နိုင်ငံတော်က အားထားရသည့် ရေကြောင်းဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် လည်းကောင်း၊ အနာဂတ်တပ်မတော်(ရေ)၏ မျိုးဆက်သစ်လူငယ်များအဖြစ် လည်းကောင်း မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် နိုင်ငံ့ရတနာအနာဂတ်ကြယ်ပွင့်များအဖြစ်လည်းကောင်း မြင်တွေ့ကြရမည်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲများကလည်း အနာဂတ်အတွက် လူငယ်များ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း သိရှိနားလည်သဖြင့် ရေကြောင်းလူငယ်မောင်မယ်များကို လက်ခံတွေ့ဆုံအားပေးစကားပြောကြားခြင်း၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းတို့ကို အရေးတယူဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် လူငယ်များကို အလေးအနက်ထားသည်မှာလည်း သိသာထင်ရှားလှသည်။ နိုင်ငံတော်အကြီးအကဲများ၏ အားပေးချီးမြှင့်လမ်းညွှန်မှုများကြောင့် သင်ထောက်ကူပစ္စည်းများစုံလင်စွာ ဘာသာရပ်များကို သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူ အရာရှိ၊ နည်းပြများမှ စနစ်တကျသင်ကြားပြသပေးပြီး နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ဆေးအကာအကွယ်ပေးရေးကအစ စနစ်တကျလိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် ရေကြောင်းလူငယ်မောင်မယ်များအပေါ် နိုင်ငံတော်အနေဖြင့် မည်မျှအလေးအနက်ထားကြောင်းကို သိနိုင်သည်။
ယနေ့နိုင်ငံတော်တာဝန်ထမ်းဆောင်နေကြသူများမှာ တစ်ချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များပင်ဖြစ်သည်။
လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်အတွက် ထပ်လောင်းပေါင်းစည်း တိုးပွားလာမည့် လူသားအရင်းအမြစ်များပင်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ တစ်ဟုန်ထိုးပြောင်းလဲတိုးတက်လျက်ရှိရာ ခေတ်နှင့်လိုက်လျောညီထွေစွာ မိမိတို့အပေါ် ကျရောက်လာမည့် နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ယခုကတည်းက ပြင်ဆင်ကြိုးစားသွားကြရန် လိုအပ်သည်။
မြန်မာနိုင်ငံတော်နှင့် မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်(ရေ)အနေဖြင့်လည်း မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအမွေ ပခုံးပြောင်းတာဝန် လွှဲပြောင်းပေးရမည်ဖြစ်သည်။ သို့ဖြစ်၍ ရေကြောင်းလူငယ်သင်တန်းသည် ယနေ့ခေတ်ရေကြောင်းပညာကို စိတ်ဝင်စားသော လူငယ်တစ်ဦးအား မနက်ဖြန်၏ အနာဂတ်ကြယ်ပွင့်ဖြစ်လာစေရန် ပျိုးထောင်ပေးသော ပျိုးခင်းကောင်းတစ်ခုပင်ဖြစ်ပေသည်။ ထို့ကြောင့် ယခုနှစ်ဖွင့်လှစ်မည့် ရေကြောင်းလူငယ်စခန်းများတွင် သင်တန်းတက်ရောက်ကြမည့် ရေကြောင်းလူငယ်မောင်မယ်များသည် တပ်မတော်(ရေ) မျိုးဆက်သစ်များအဖြစ်လည်းကောင်း၊ အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် အားတစ်ခုအဖြစ်လည်းကောင်း၊ မြန်မာ့ပင်လယ်ပြင်ထက်တွင် လင်းလက်တည်ရှိလာမည့် ကြယ်ပွင့်များအဖြစ်လည်းကောင်း “ရေကြောင်း လူငယ်မှစချီ အနာဂတ်ကြယ်ပွင့်များဆီသို့”ဟူ၍ ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။
MDN
