စပါးရွှေဝါတောင်လိုပုံနှင့် အိမ်အပြန်ခရီး အတွေးစုံ(နိုင်ငံတော်ရွှေသီးဖို့  ကုန်ထုတ်လုပ်မှု အားပေးစို့)

Posted_Date

Image

စပါးရွှေဝါတောင်လိုပုံနှင့် အိမ်အပြန်ခရီး အတွေးစုံ(နိုင်ငံတော်ရွှေသီးဖို့  ကုန်ထုတ်လုပ်မှု အားပေးစို့)

Body

တန်ဆောင်မုန်းလပြည့်ရက်မတိုင်ခင် တစ်ရက်အလိုကဖြစ်သည်။ သားအဖနှစ်ယောက် ဆိုင်ကယ်တစ်စီးဖြင့် နေပြည်တော်မှသည် မြို့လှမြို့ဆီချီတက်ခဲ့ကြ၏။ မြို့လှမြို့ဆီသွားရောက်ရသည့် အကြောင်းရင်းကား “လပြည့်နေ့ကထိန်အလှူရှိတယ်၊ သားအဖတွေ လာခဲ့ကြဦးပေါ့” ဟူသော မိခင်နှင့်အစ်မဖြစ်သူတို့၏ တိုက်တွန်းဖိတ်ခေါ်မှုကြောင့်ပင်။ ဘောဂသီရိကားကြီးဝင်းကို လွန်သည်နှင့် မြို့ရှောင်လမ်းဟုခေါ်သော လမ်းမကြီးပေါ်ရောက်၏။ နေပြည်တော်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဤလမ်းမကြီးကိုဖြတ်၍ တစ်လတစ်ခါမျှ အိမ်သို့ပြန်ဖြစ်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်လာသည့်နောက်ပိုင်းမှစ၍ မရောက်ဖြစ်တော့ပေ။ မြို့ရှောင်လမ်းကြီးပေါ် ဆိုင်ကယ်စီးရင်းဖြစ်စေ၊ ကားစီးရင်းဖြစ်စေ ကျွန်တော့်အတွက် စာရေးဖို့အကြောင်းအရာတစ်ခုခုကို ရရှိခဲ့စမြဲဖြစ်ရာ ယခုအကြိမ်တွင်လည်း  လမ်းဘေးဝဲ၊ ယာတစ်လျှောက် မြင်တွေ့ရသော မြင်ကွင်းများကစာပေပိုးကို ထပ်လှုံ့ဆော်သလို ဖြစ်ပေါ်လာပြန်သည်။ သားဖြစ်သူက ရှေ့ကထိုင်ရင်း သူသိလိုသမျှမေးသည်။ ကျွန်တော်ကလည်း တွေးလိုရာတွေးသည်။ တွေးရင်း ငေးရင်းမြင်နေရသည့် ရှုခင်းများကြောင့် သီချင်းတစ်ပုဒ်က နားထဲအလိုလိုရောက်လာသည်။       

“စပါးရွှေဝါ တောင်လိုပုံ ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆေးရိုးမီးလှုံ...” ဟူသည့် ချစ်အာရုံတေးသီချင်းလေးက  တစ်ခေတ်တစ်ခါက မြန်မာတို့၏ ကျေးလက်အငွေ့အသက်များ၊ ထိုမှသည် တိုင်းပြည်စားရေရိက္ခာဖူလုံမှုအခြေအနေများ၊ ချစ်စရာယဉ်ကျေးမှုဓလေ့များကို ညွှန်းဆိုထားသည်မှာ နှစ်သက်ကြည်နူးစရာပင်။ ကားလမ်းမကြီးဘေး ရွာစဉ်တစ်လျှောက် မြေကွက်လပ်များတွင် စပါးပုံများက  ရွှေရောင်တဝင်းဝင်း။ တစ်ရွာပြီး တစ်ရွာဖြတ်တိုင်း ဖုံးတုန်းလုံးတုန်းတန်ဆောင်မုန်းနှင့်အညီ  မြင်တွေ့ရသည်များက နံနက်ခင်းနေခြည်နုနုတွင် ရွှေရည်လေးများ ဥနေသည့်ပမာ။ ယခင်က ကျွဲ၊ နွား လှည်းတို့ဖြင့် လှုပ်ရှားရုန်းကန်ခဲ့ရသော မြင်ကွင်းများနေရာတွင် ရိတ်သိမ်းခြွေလှေ့စက်များက  အစားထိုးဝင်ရောက်လာသည်။ တိုးတက်ပြောင်းလဲလာသော စက်မှုလယ်ယာစနစ်ကို ကြိုဆိုမိသော်ငြားရွာမှာမွေး ရွာမှာကြီးပြင်းခဲ့သောကြောင့် ကျွဲ၊နွားတို့ဖြင့် ကျေးလက်အလှကို တန်ဆာဆင်သော တောင်သူဦးကြီးများ၏ ပုံရိပ်များကိုလည်း တမ်းတလည်ပြန်ဖြစ်မိသည်။

ယခင်က နေပြည်တော်မြို့ပြကြီးမပေါ်မီ ဤရွာစဉ်လေးများသည် ပျဉ်းမနားမြို့ကို မှီခိုအားထားခဲ့ကြရ၏။ သွားလာရေးဆိုသည်မှာ ယခုကဲ့သို့ မဖွံ့ဖြိုးသေး။

ရွာချင်းဆက်လမ်းဟူသည်လည်း မည်မည်ရရမရှိ။

မှတ်မိသမျှ ပျဉ်းမနားမှ တောင်ငူအထိပြေးဆွဲသည့် ကားရထားဟူသော   ရထားတွဲတိုလေးကိုစီးကြရသည်။ ပျဉ်းမနား-ပြည်ဝင်-အေလာ- ထိန်အင်း-သာဝတ္ထိ-ရေနီ-မြို့လှခရီးစဉ်ကို ကျွန်တော်ငယ်စဉ်က ကြိမ်ဖန်များစွာလိုက်ပါစီးဖူးခဲ့သည်။  ထိုသို့လိုက်စီးရင်းဒေသထွက်ကုန်များကို ပျဉ်းမနား-တောင်ငူမြို့ကြီးများဆီ သွားရောက်ပို့ဆောင်  ကုန်စည်ကူးသန်းမှုပြုခဲ့ကြသော   တောင်သူများကိုတွေ့ခဲ့ရသည်။ နေပြည်တော်မြို့သစ်ကြီးပေါ်ထွက်လာပြီး မကြာမီ ဤမြို့ရှောင်လမ်းမကြီးလည်း ပေါ်ထွက်လာသည်။ ဘောဂသီရိမှ သာဝတ္ထိမြို့အဝင်ထိ မြို့ရှောင်ဖြတ်လမ်းကြီးကို ဖောက်လိုက်ခြင်းအားဖြင့် ပျဉ်းမနားကိုဖြတ်သည့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကို

ဖြတ်စရာမလိုဘဲ အချိန်များစွာကျုံ့သွားသည်။  သာဝတ္ထိမြို့အဝင်တွင် ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့်ပြန်ဆုံသည်။ လမ်းအဖြောင့်မို့ ဟိုသည်ကွေ့ပတ်မနေရ။ နေပြည်တော်မြို့သစ်ကြီးနှင့်အတူ ဤမြို့ရှောင်လမ်းပေါ်ထွက်လာမှု အကျိုးဆက်သည် နေပြည်တော် ပတ်ပတ်လည်မြို့ရွာများကို အကျိုးသက်ရောက်မှုရှိစေခဲ့သည်။ ဤလမ်းမကြီးမှဖြတ်တိုင်း ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ စပါး၊ ကြံ စိုက်ခင်းများကိုသာမက ဖရဲ၊ သခွား၊ ဘူး၊ ဖရုံ စိုက်ခင်းစုံကိုပါ မြင်တွေ့ခဲ့ရသည်။ လယ်ခင်းယာခင်းများတွင် ကောက်ပဲသီးနှံများကို ဝေဝေဆာဆာမြင်တွေ့ရတိုင်း ကြည်နူးစိတ်နှင့်အတူ ဝမ်းသာပီတိဖြစ်မိသည်။ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူဦးကြီးများကို အားထားသည်။ အားပေးအားမြှောက်ပြုသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့၏ အခြေခံသည် ကျေးလက်မှစတင်သည်။ လိုအပ်သည့် နည်းပညာများနှင့် စိုက်ပျိုးရေး အထောက်အကူများကို နိုင်ငံတော်အနေဖြင့် မျှဝေပေးနေသည်များကိုလည်း မြင်တွေ့ရသည်။ လမ်းမကြီးထက် အထက်အောက်စုန်ဆန် ဖြတ်သန်းမောင်းနှင်နေကြသော ကုန်တင်ကားကြီးများပေါ်တွင်   ရှမ်းပြည်မှတင်သွင်းလာသောစားသောက်ကုန်များ၊ မြေလတ်ဒေသမှ သယ်ဆောင်လာသော ကြက်သွန်၊ ငရုတ်များ တစ်ဖန် မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသော စက်မှုကုန်ကြမ်းများ အစရှိသည်တို့သည် ပြည်တွင်းဖြစ် စိုက်ပျိုးရေးကဏ္ဍမှထွက်ရှိသည့် အကျိုးရလဒ်များပင်ဖြစ်ပေသည်။

နိုင်ငံ၏မြေမျက်နှာသွင်ပြင်အနေအထားနှင့် ကမ္ဘာ့ပထဝီဝင်အနေအထားအရ ကျွန်တော်တို့နိုင်ငံ၏တည်ရှိမှုသည် အင်မတန်ကံထူးလှသည်ဟုဆိုရပေမည်။ သင့်တင့်မျှတသော ရာသီဥတုကြောင့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီမပြတ်  စိုက်နိုင်ပျိုးနိုင်သည်။ မြေဆီမြေနှစ်လည်းပေါကြွယ်ဝသည်။ စိုက်ပျိုးရေးအတွက် လိုအပ်သည့်ရေလည်း ထိုက်သင့်သလောက်ရှိနေသည်။ သဘာဝပေးရေကို လူတို့၏ကြံဆမှုဖြင့်ပေါင်းစပ်အသုံးချ၍ တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ သီးနှံအထွက်တိုးမြှင့်ရေးသည် နိုင်ငံ၏အဓိကပန်းတိုင်ဆိုလည်း မမှားပါချေ။ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း တိုင်းပြည်စားရေရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိနေသည်။

ဤနေရာတွင်  “ အူမတောင့်မှ သီလစောင့်မည်” ဟူသော  ဆိုရိုးလေးကိုသတိရမိသည်။ တိုင်းသူပြည်သားအားလုံး စားရေရိက္ခာဖူလုံ၍ ဝမ်းဝအောင်စားသုံးနိုင်မည်။ ပိုလျှံသည်ကိုရောင်းချမည်။ တစ်ဖန် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက်လည်း အဆင်ပြေလာမည်ဆိုလျှင် တိုင်းပြည်အေးချမ်းတည်ငြိမ်မှု ရှိနေမည်မှာမလွဲသေချာပင်ဖြစ်သည်။ အခြေခံအကျဆုံးသော စားရေရိက္ခာမဖူလုံမပြည့်စုံခြင်းကြောင့် လူသားတို့၏လိုအင်ဆန္ဒများမပြည့်ဝကာ ကိုယ်ကျင့်တရားများပျက်ယွင်းကြရသည်။ နောက်ဆုံးတွင်လက်နက်ကိုင် အကြမ်းဖက်သည်အထိ ဖြစ်လာကြသည်။ ထိုသို့မဖြစ်ရလေအောင်  နိုင်ငံတော်အကြီးအကဲအနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးကို တစိုက်မတ်မတ်အားပေး ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ပေသည်။

တစ်ဖန် “ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသောစကားနှင့်အညီ  ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားနပ်ရိက္ခာလုံလောက်စွာ ရရှိစေရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း မျိုးကောင်းမျိုးသန့်များရရှိအောင် စနစ်တကျသုတေသနပြု ဆောင်ရွက်ရန်၊ ဝါနှင့်ပတ်သက်၍လည်း ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ကြရန်၊ ဝါးသည်လည်း အဖိုးတန်ကုန်ကြမ်းဖြစ်၍ ဝါးစက္ကူပျော့ဖတ်ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်နိုင်ရန်၊ ရော်ဘာထုတ်ကုန်ပစ္စည်းများကိုလည်း ပြည်တွင်းမှရရှိသည့် ရော်ဘာအခြေခံကုန်ကြမ်းများကို အသုံးပြု၍ အဆင့်မြင့်ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်၏။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ MSME လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက်ပြပွဲများ၊ ပြိုင်ပွဲများကို ကျင်းပကာ အကျိုးဆက်အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ထွက်လာစေခဲ့သည်။ နိုင်ငံတော်အဆင့် MSME ပြပွဲများကျင်းပ၍လည်း ဒေသအလိုက် ကုန်ထုတ်လုပ်မှုများကိုပြသစေပြီး ပြည်ပကပါစိတ်ဝင်စားမှု ရှိလာအောင် ဆောင်ရွက်ပေးနေမှုများကိုလည်း မကြာခဏဆိုသလို တွေ့မြင်ခဲ့ရသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ  မိုးစပါးစိုက်တောင်သူများအတွက်  ၂၀၂၅  ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့သကဲ့သို့ လက်ဆွဲမျိုးစေ့ချကိရိယာများကိုလည်း ပံ့ပိုးပေးထားသည်ကို သတင်းများတွင်  တွေ့ရှိခဲ့ရ၏။  ထိုသို့ပံ့ပိုးမှုရရှိထားသော ဒေသများမှ တောင်သူများအနေဖြင့်  တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရန် ကြိုးစားဆောင်ရွက်ကြဖို့သာ လိုပေသည်။

သီးနှံများပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် အတွက်ဟုဆိုကာ စိုက်ပျိုးမြေများကို တိုးချဲ့ခြင်းထက်ရှိထားပြီးသား စိုက်ပျိုးမြေများတွင် တစ်ဧကသီးနှံအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်ရန် ပို၍လိုအပ်သည်။ နိုင်ငံ၏လူဦးရေ  ၇၀  ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်  နေထိုင်သူများဖြစ်သောကြောင့်  ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှသာ နိုင်ငံတော်၏ စီးပွားရေးတိုးတက်လာမည်ဖြစ်ကာ ဆင်းရဲမှုကိုပါလျှော့ချပေးနိုင်မည်ဖြစ်သည်။

အောက်တိုဘာလ ၁၆ ရက်တွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ထောင်စုဝန်ကြီးများ၊  တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ် “ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက် ရှိသကဲ့သို့  စိုက်ပျိုးသူတောင်သူများ ကိုယ်တိုင်ကလည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးတောင်သူများ အနေဖြင့် ကိုယ်တိုင်အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်အားထည့်ဆောင်ရွက်မှသာ  မိမိဆောင်ရွက်သည့်အကျိုးကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း” ဟူ၍ ထည့်သွင်းမှာကြားခဲ့သည်ကို မှတ်သားသိရှိခဲ့ရပါသေး၏။

နိုင်ငံ့စီးပွားတိုးတက်ရန် ပြည်တွင်းထုတ်ကုန်များ မဖြစ်မနေလိုအပ်သည်။ ထွက်ရှိလာသော ထုတ်ကုန်များကို အားပေးကြရန်လိုသည်။ ထုတ်ကုန်မရှိလျှင် ရောင်းစရာကုန်ပစ္စည်းလည်း ရှိနိုင်မည်မဟုတ်ပေ။

လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုကျော်ချိန်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပအကူအညီများနှင့် non-trade မှ ရရှိသည့် ငွေများဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်ခဲ့ခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ပန်းတိုင်ရည်မှန်းချက်များ ရရှိအောင် ဆောင်ရွက်နိုင်မှုမရှိခြင်းတို့ကြောင့် ကုန်သွယ်မှုလိုငွေများပြကာ တိုင်းပြည်စီးပွားရေး အားနည်းခဲ့ရသည်။ တစ်ဖန် ကြိုတင်မျှော်မှန်းနိုင်ခြင်း မရှိသော ကိုဗစ်-၁၉ ကဲ့သို့ရောဂါများ၊ သဘာဝဘေးဒဏ်များနှင့် ငလျင်ဘေးဒဏ်များကလည်း တိုင်းပြည်စီးပွားရေးကို  အဟန့်အတားများဖြစ်စေခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှစတင်၍ ယခင်ကာလများနှင့်မတူ တစ်မူထူးကဲစွာ ကြိုးစားအကောင်အထည်ဖော်ခဲ့သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် ယနေ့ အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီကာလတိုင် ဆက်လက်၍ ရုပ်လုံးပေါ်အောင် ဆောင်ရွက်နေဆဲဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက တိုင်းပြည်အတွက် စိတ်ရင်းစေတနာမွန်ဖြင့် ဆောင်ရွက်ပေးနေချိန်တွင် ကျွန်တော်တို့သားအဖ ဖြတ်လာခဲ့ရသော မြို့ရှောင်လမ်းဘေးဝဲ၊ ယာနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးမှ မြင်မြင်သမျှသော  လယ်ယာရှုခင်းအဖုံဖုံနှင့် ရွှေနှင့်ယိုးမှား စပါးပုံကြီးများသည် နှစ်ထောင်းအားရစရာကောင်းလှသည်။

ဤမြင်ကွင်းတို့သည် အစိုးရနှင့်ပြည်သူ၊ အစိုးရနှင့် တောင်သူဦးကြီးများ၏ တွဲလက်ညီညီကြိုးစား အားထုတ်မှုများ၏ ပြယုဂ်များဟုလည်းဆိုရပေမည်။ ဆက်လက်၍လည်း ချမှတ်ထားသော ဆောင်ပုဒ်နှင့်အညီ  ယခုထက်မက ကြိုးစားအားထုတ်မည်ဆိုပါလျှင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  တိုးတက်လာကာ နိုင်ငံတော်သည်လည်း အမြန်ဆုံးဖွံ့ဖြိုး တိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း အိမ်အပြန်ခရီးမှ အတွေးတချို့အား မျှဝေရေးသားလိုက်ရပါသည်။   ။

MWD

Photo Credit to MDN