နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

Posted_Date

Image

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

Body

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဟူသောအချက်ကို ထည့်သွင်းချမှတ်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အဓိကဦးစားပေးကဏ္ဍအဖြစ်သတ်မှတ်ထားခြင်းသည် ကုန်ထုတ်လုပ်မှုမြှင့်တင်ကာ နိုင်ငံတော်၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။

စိုက်ပျိုးရေးကိုအခြေခံ

ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် တည်မှီနေပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်မှုအပေါ်တွင် မူတည်လျက်ရှိသည်။ 

ထို့ကြောင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ရည်မှန်းချက်ဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည်  ကုန်ထုတ်လုပ်မှု စွမ်းအားတိုးတက်ရေးကို  အလေးထား ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည်။ 

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကိုဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်။ ယခင်ကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်လုပ်ငန်းများ အားနည်းချက်ရှိခဲ့သဖြင့် ပို့ကုန်များ လျော့နည်းပြီး သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲမှု ပိုမိုများပြားခဲ့သည်။ အထူးသဖြင့် သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲမှု ပိုများခဲ့ပြီး ပြန်လည်စိုက်ပျိုးထိန်းသိမ်းမှုအားနည်းခဲ့သည်။ ထို့ကြောင့် မြေပေါ်သယံဇာတများ ဖြစ်သည့် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုလုပ်ငန်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သော နိုင်ငံဖြစ်သည်။ နိုင်ငံရှိလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ကျန် ၃ဝ ရာခိုင်နှုန်းခန့်သည် မြို့ပြများတွင်နေထိုင်ကြသည်။ နိုင်ငံရှိလူဦးရေအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်သားငါးကဏ္ဍတို့တွင် အသက်မွေးဝမ်းကျောင်းပြု   လုပ်ကိုင်နေကြသူများ ဖြစ်သည်။ 

ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွားရေးမြင့်မားတိုးတက်လာပြီး ပြည်သူလူထု၏လူမှုစီးပွားဘဝများလည်း “ကျွဲကူးရေပါ” ဆိုသလို  လိုက်ပါမြင့်တက်လာမည်ဖြစ်သည်။ 

လူအများစုမှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသစီးပွားရေးကို မြှင့်တင်ပေးနိုင်လျှင် နိုင်ငံစီးပွားရေးလည်း တိုးတက်မြင့်မားလာပြီး ဆင်းရဲမွဲတေမှုကိုလျှော့ချနိုင်မည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဆိုသည်မှာ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့်သီးနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ အမျှင်များ၊ မွေးမြူရေးထွက်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် အသုံးချပြီး တန်ဖိုးမြှင့်ကုန်ချောများ  သို့မဟုတ်  အခြားစက်မှုလုပ်ငန်းများအတွက် သွင်းအားစုများ ထုတ်လုပ်သည့်လုပ်ငန်းများပင်ဖြစ်သည်။ အဆိုပါ လုပ်ငန်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်  ကုန်ကြမ်းများကို စားသောက်ကုန်အမျိုးမျိုး၊  အထည်အလိပ်များနှင့် ဇီဝလောင်စာများ အဖြစ်သို့ အသွင်ပြောင်းစေပြီး တန်ဖိုးကိုလည်း  မူလကုန်ကြမ်းထက်  များစွာတိုးမြှင့်သွားစေသည်။       စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်ရေး၊ မြို့ပြနှင့် အခြားပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုများ   လျော့နည်းရေးတို့ကို များစွာ အထောက်အကူဖြစ်စေသည်။  အထူးသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေသည်။

စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်စေရန်ကိုလည်း အထောက်အကူပြုလျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများသည် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများမှ ထွက်ပေါ်လာသော ကုန်ကြမ်းများအတွက် ခိုင်မာသော ဈေးကွက်များအဖြစ် ရပ်တည်ပေးလျက်ရှိသည်။ အထူးသဖြင့် ကျေးလက် ဒေသများတွင် အလုပ်အကိုင်များကိုလည်း ဖန်တီးပေးနိုင်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများနှင့် ရပ်တည်နေရသော ကျေးလက်နေတောင်သူများ၏ မိသားစုဝင်များအတွက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရလမ်းတို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ပြည်တွင်းသုံးစွဲရန် မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို ထုတ်လုပ်ပေးခြင်းဖြင့် ပြည်ပသွင်းကုန်အပေါ် မှီခိုနေရမှုကိုလည်း လျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မည်ဖြစ်သည်။

ကုန်ထုတ်လုပ်မှုတိုးတက်ရေး

လယ်ယာထုတ်ကုန်လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်များကို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်သည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ ပြည်ပပို့ကုန်ဈေးကွက်ဝင်သီးနှံများ ပိုမိုတင်ပို့နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်ရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good AgriculturePractices-GAP) စံချိန်စံညွှန်းနှင့်အညီ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

အမှန်တော့ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်းသည် အထွက်နှုန်းများ ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။ ထို့ပြင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်း ဖြင့်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက် ကောင်းမွန်လာကာ ဒေသစီးပွားရေးကိုများစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ ထို့ကြောင့် အထွက်နှုန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများ လုံလောက်ကောင်းမွန်စွာ ရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။

ဆိုရလျှင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်လိုသကဲ့သို့ မြေကောင်းမွန်မှုရှိစေရေး မြေပြုပြင်ခြင်း လုပ်ငန်းများနှင့် သဘာဝမြေဩဇာများကို အသုံးပြုရန်လည်း လိုအပ်သည်။ စိုက်ပျိုးရေး လုပ်ငန်းများမှ သီးနှံအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်း ဆန်ဖူလုံလာမည်ဖြစ်ပြီး ဒေသထွက်သီးနှံများဖြစ်သည့် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံကိုလည်း ပိုမိုတိုးတက်ထုတ်လုပ် လာနိုင်မည်ဖြစ်သဖြင့် ဒေသအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် အဆိုပါ တိရစ္ဆာန်အစာများကို အသုံးပြု၍ ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို မွေးမြူနိုင်သည်။ ထိုသို့ မွေးမြူ ဆောင်ရွက်ခြင်းဖြင့် ဒေသစားရေးကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သည်။ အလားတူ ဆန်စက်လုပ်ငန်းများ ကောင်းမွန်နေရန်လည်း လိုအပ်သည်။ ဆန်စက်များမှထွက်ရှိသည့် ဆန်ကွဲ၊ ဖွဲများဖြင့် တိရစ္ဆာန်အစာများ ပြုလုပ်၍ရသည်။ ဆီထွက်သီးနှံများမှ နှမ်းဆီ၊ ပဲဆီများ ထုတ်လုပ်နိုင်ပြီး  ဆီစက်များမှထွက်ရှိသည့် နှမ်းဖတ်၊ ပဲဖတ်များဖြင့်လည်း တိရစ္ဆာန်အစာများထုတ်လုပ်နိုင်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသစီးပွားရေးတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ အထူးသဖြင့် တစ်ဧကပန်းတိုင် အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုလျှင် တိုင်းပြည်တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး

နေကြာသီးနှံသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည်။ နေကြာဆီဖူလုံပိုလျှံခြင်းဖြင့် နိုင်ငံ၏စားသုံးဆီလိုအပ်ချက်ကို လျော့နည်းစေပြီး ပြည်ပမှစားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်သောကြောင့်    နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေနိုင်သည်။ လက်ရှိတွင် နှစ်စဉ်ပြည်ပမှ စားအုန်းဆီများ   တင်သွင်း နေရသည့်အတွက် ပြည်ပမှတင်သွင်းမှုကိုလျှော့ချနိုင်ရန် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း   အထွက်တိုးအောင် စနစ်တကျ ဆောင်ရွက်သွားသင့်သည်။ နေကြာဆီသည် အရည်အသွေးကောင်းပြီး ကျန်းမာရေး

အတွက် အထောက်အကူဖြစ်စေသော စားသုံးဆီဖြစ်သည်။  နေကြာသီးနှံသည်  ဈေးကွက်ဝင်သီးနှံဖြစ်သဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပါက တောင်သူများဝင်ငွေတိုးတက်စေပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည် ဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေး ဆောင်ရွက်ရာတွင် မြေပဲဆီသည် ထုတ်လုပ်မှု စရိတ်များသည့်အတွက် စားသုံးသူများလက်လှမ်းမီသည့်  ဈေးနှုန်းဖြစ်စေရန် ဆီထွက်သီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်သည်။

ဝါး၊ ဝါ၊  ရော်ဘာနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ဝါကိုအခြေခံသည့်  စက်မှုကုန်ထုတ်လုပ်ငန်းကို ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ပြီး ချည်ထည်များကို ထုတ်လုပ်နိုင်မည်ဆိုလျှင် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဝါးများထွက်ရှိပြီး    ဝါးပင်၏သက်တမ်းသည် အများဆုံး ၁၀ နှစ်မှနှစ် ၂၀ ခန့်သာရှိ၍ အကျိုးရှိစွာ အသုံးမပြုလျှင် လေလွင့်ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ဒေသအလိုက်ဝါးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေရှာဖွေသွားနိုင်သည်။

အမှန်တော့ မြန်မာနိုင်ငံတွင် ဝါး၊ ဝါနှင့် ရော်ဘာတို့သည် စိုက်ပျိုးဖြစ်ထွန်းထွက်ရှိပြီး ပစ္စည်းများဖြစ်၍ အချိန်တိုအတွင်း ကုန်ချောနှင့်ရောင်းကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်သော လုပ်ငန်းများဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံမှထွက်ရှိသော ကော်ဖီသည်ကမ္ဘာပေါ်တွင် ရောင်းတမ်းဝင်သည့်ကော်ဖီဖြစ်သည်။ ထို့ကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းများ တိုးတက်လာစေရေး အလေးထား ဆောင်ရွက်ပြီး အလုပ်အကိုင်နှင့် အပိုဝင်ငွေများရရှိအောင် ဆောင်ရွက်သွားရန် လိုအပ်သည်။

အထူးသဖြင့် နိုင်ငံတော်အနေဖြင့် အဆိုပါလုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီး၊ နည်းပညာနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီသွားရန်အသင့်ရှိနေပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအတွက် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး ရင်းနှီးမြှုပ်နှံရန်လိုအပ်သည့် ငွေကြေးများကိုလည်း ထုတ်ချေး ပေးသွားရန် စီမံထားရှိပြီး ဖြစ်သည်။ ထို့ကြောင့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေများ ရရှိနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင်ပြည်ပမှတင်သွင်းနေရသည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌လုံလောက်

စွာထုတ်လုပ်၍ ပြည်ပသွင်းကုန်များ အစားထိုးနိုင်မည်ဖြစ်သည်။ 

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌နေထိုင်သူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို  ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်သည်။  ထို့ကြောင့်  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ပြီး  နိုင်ငံများ၏  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း  လေ့လာဆောင်ရွက်သွားရမည်ဖြစ်သည်။ 

အထူးသဖြင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် သီးနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ အမျှင်များ၊ မွေးမြူရေးထွက်ပစ္စည်းများ စသည်တို့ကို ကုန်ကြမ်းအဖြစ်အသုံးချပြီး တန်ဖိုးမြှင့်ကုန်ချောများ၊ တစ်ပိုင်းကုန်ချော သို့မဟုတ် အခြားစက်မှုလုပ်ငန်းများအတွက် သွင်းအားစုများ ထုတ်လုပ်ခြင်းဖြင့်  စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများသည် စိုက်ပျိုးရေးထွက်ကုန်ကုန်ကြမ်းများကို စားသောက်ကုန်အမျိုးမျိုး၊  အထည်အလိပ်များ၊ ဇီဝလောင်စာများ စသည်တို့အဖြစ်သို့ အသွင်ပြောင်းစေပြီး တန်ဖိုးကိုလည်း မူလကုန်ကြမ်းထက်များစွာတိုးမြှင့်သွားနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊  ဆင်းရဲမှုပပျောက်ရေး၊   အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်ရေး၊ မြို့ပြနှင့်အခြားပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုများလျော့နည်းရေးတို့ကို    များစွာအထောက်အကူဖြစ်စေသည်။ 

စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် သဘာဝမှပေးထားသည့် အရင်းအမြစ်များစွာရှိပြီး အမှန်တကယ် အလုပ်လုပ်၍ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်မည်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ အခြားနိုင်ငံများနှင့်တန်းတူ အဆင့်မီစွာထုတ်လုပ်နိုင်မည်ဆိုလျှင် ပြည်ပမှနှစ်စဉ် တင်သွင်းနေရသည့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းများကို   အစားထိုးထုတ်လုပ်နိုင်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ဆိုရလျှင် မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်မှု တိုးတက်လာစေရန် လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  ထို့ကြောင့် နိုင်ငံတော်ကြီးရွှေသီးလာစေမည့် ခေတ်မီစိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး၊    လူမှုဘဝအဆင်ပြေချောမွေ့စေရေးတို့အတွက်   ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းကာ  ထိထိရောက်ရောက် ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းအကြံပြု ရေးသားလိုက်ရပါသည်။    ။

MWD