ငြိမ်သက်နေသောဆက်ဆံရေးမှသည် မဟာဗျူဟာမြောက် အဆင့်မြှင့်တင်မှုဆီ တက်လှမ်းလာနေတဲ့ တရုတ်-အိန္ဒိယဆက်ဆံရေး
Posted_Date
Image
Body
လွန်ခဲ့သောဆယ်စုနှစ်အတွင်း ဖြစ်ပေါ်သည့်ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများ အပြီးတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးက မကြာသေးမီလများအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ငါးနှစ်ကြာရပ်ဆိုင်းထားသည့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်လာခြင်း၊ မကြာသေးမီက တပ်မမှူးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ကိုင်လာမန်ဆာရိုဗာ ဘုရားဖူးခရီးစဉ်လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ခြင်း၊ နည်းပညာမြင့်ထောက်ပံ့ရေးပစ္စည်းများအပေါ် ပိတ်ပင်မှုများလျှော့ပေါ့ပေးခြင်းနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ကြား ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ဖလှယ်ခဲ့ကြခြင်းတို့သည် နှစ်နိုင်ငံကြား အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လျက်ရှိသည့် အေးစက်နေသော ဆက်ဆံရေးအခြေအနေ ပြန်လည်နွေးထွေးလာသည်ကို ဖော်ပြနေသည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်၏ ဖိအားနှင့် အခွန်အခများ ကောက်ခံမှုကို ပြန်လည် ညှိနှိုင်းမှုများကြောင့် ဖြစ်ပေါ်လာသောစနစ်၏ ရလဒ်ဖြစ်နိုင်သည် ဟုဆိုရမည်ဖြစ်သည်။ ထိုအခြေအနေတွင် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ယခုထက်ပိုမိုခိုင်မာမှုရှိသော ခြေလှမ်းများအဖြစ် ဆက်လက်လျှောက်လှမ်းနိုင်ခြင်းက နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် အဆင့်မြှင့်တင်မှုဆီ တက်လှမ်း လာနိုင်စေမည် ဖြစ်သည်။ ဤနေရာတွင် စီးပွားရေးဆိုင်ရာအကျိုးစီးပွားများက တရုတ်နှင့်အိန္ဒိယနိုင်ငံ တို့ကြားတွင် ဆက်ဆံရေး တိုးတက်စေရန် အဓိကမောင်းနှင်အား ဖြစ်နေသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ ကြီးထွားလာသော စက်မှုလုပ်ငန်းရည်မှန်းချက်များ ပြည့်မီစေရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကွင်းဆက်များအပေါ် မှီခိုနေရသည်။ တရုတ်နိုင်ငံက ထုတ်လုပ်သော အီလက် ထရွန်နစ်ပစ္စည်း အစိတ်အပိုင်းများ၊ အစိမ်းရောင်စွမ်းအင်ပေါ်ထွန်းရေးတွင်အဓိကကျသော လျှပ်စစ်သုံးယာဉ်အတွက် ဘက်ထရီများ၊ မြေရှားသတ္တုသံလိုက်များနှင့် ဆေးဝါးထုတ်လုပ်ရန် မရှိမဖြစ် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများသည် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍကိုမြှင့်တင်ရန် မရှိမဖြစ် လိုအပ်နေသော အရာများလည်း ဖြစ်သည်။ ဤလိုအပ်ချက်ကြောင့် အိန္ဒိယ၏ လုပ်ငန်းစုကြီးများသည် နည်းပညာပူးပေါင်းဆောင်
ရွက်မှုများနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် အိန္ဒိယ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၇ ဘီလီယံခန့်သို့ ရောက်ရှိခဲ့သည်။ အဆိုပါပမာဏအနက် ဒေါ်လာ ၁၁၃ဘီလီယံကျော်မှာ တရုတ်မှအိန္ဒိယသို့တင်ပို့မှုများဖြစ်သည်။ ဤသည်မှာ အိန္ဒိယစားသုံးသူများက တရုတ်နိုင်ငံမှ ပစ္စည်းအမြောက်အမြားဝယ်ယူကြသည်ကို ပြသနေသည်။ ထို့ကြောင့် အိန္ဒိယ၏ ကျယ်ပြန့်သောစားသုံးသူဈေးကွက်က တရုတ်ကုမ္ပဏီများအတွက် ကြီးမားသော အခွင့်အရေးကြီးတစ်ခု ဖြစ်လာသည်။
နည်းပညာနှင့် ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် စမတ်ဖုန်း၊ ကားနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ကဏ္ဍများတွင် တရုတ်ကုမ္ပဏီများသည် အိန္ဒိယ၏ တိုးတက်လာနေသော ဒစ်ဂျစ်တယ်စနစ်၌ ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားသည်။ ပြီးခဲ့သည့်နှစ်က အိန္ဒိယဈေးကွက်တွင် စမတ်ဖုန်းအလုံးရေ ၁၅၆ သန်းနီးပါး ရောင်းချခဲ့ရရာ ရှောင်းမီနှင့် ဗီဗိုကဲ့သို့သော တရုတ်နိုင်ငံထုတ် စမတ်ဖုန်းများသည် အိန္ဒိယနိုင်ငံ၏ ဈေးကွက်ကို လွှမ်းမိုးထားကြောင်း ပြသနေသည်။ ထို့ပြင် ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်ဖြစ်လာသည့် အိန္ဒိယနိုင်ငံ၌ တရုတ်နိုင်ငံမှနာမည်ကျော်လျှပ်စစ်စွမ်းအင်သုံးကားကုမ္ပဏီဖြစ်သည့်ဘီဝိုင်ဒီက အိန္ဒိယနိုင်ငံကို၎င်း၏ နောက်ထပ် အဓိကဈေးကွက်အဖြစ် သတ်မှတ်ပြီး လျှပ်စစ်ကားဈေးကွက်၏ ၄၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ရေး ရည်မှန်းထားသည်။ နှစ်နိုင်ငံကြားရှိ ယခုကဲ့သို့သော စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများသည် နှစ်နိုင်ငံစလုံးကို ပိုမိုလက်တွေ့ကျသော ဆက်ဆံရေးဆီသို့ ဦးတည်လာစေသည်။
အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေး ယိုယွင်းလာခြင်းသည်လည်း တရုတ်နှင့်အိန္ဒိယတို့ကြားတင်းမာမှု လျော့ကျလာခြင်းအတွက် အရေးကြီးသော တွန်းအားတစ်ခုဖြစ်လာသည်။ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများထက် အိန္ဒိယနိုင်ငံထုတ်ပို့ကုန်များအပေါ် အခွန်ပိုမိုစည်းကြပ်ခြင်း အပြင်အရည်အချင်းပြည့်မီသော လုပ်သားများအတွက် H-1B ဗီဇာကြေးများကိုလည်း တိုးမြှင့်ခဲ့သည်။ ယခင်ကရှိခဲ့
ဖူးသော အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည်လည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။
အမေရိကန်နှင့် အိန္ဒိယတို့ကြားဆက်ဆံရေးက ပိုမို၍ အရောင်းအဝယ်သဘောဆန်လာခြင်းသည် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်လိုသော အိန္ဒိယနိုင်ငံ၏စိတ်အားထက်သန်မှုကို လျော့နည်းစေခြင်းဖြစ်သည်။ တစ်ဖန် ထိုအချက်သည်ပင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ၎င်း၏ သံတမန်ရေးရာရွေးချယ်မှုများကို ပိုမိုလမ်းပွင့်လာစေမည့် လမ်းကြောင်းတစ်ခုဖြစ်လာစေသည်။ အမေရိကန်နှင့်အိန္ဒိယတို့၏ ဆက်ဆံရေးယုတ်လျော့လာခြင်းသည် တရုတ်နိုင်ငံအတွက် စီးပွားရေးဆိုင်ရာအကျိုးစီးပွားများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံနှင့် တည်ငြိမ်သော ဆက်ဆံရေးကို ထူထောင်ရန် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာစေသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့က တွက်ချက်ထားသော ခြေလှမ်းများဖြင့် ပဋိပက္ခများကို လျှော့ချရန်စတင်နေပြီ ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ငါးနှစ်ကြာရပ်ဆိုင်းထားသည့် တရုတ်နိုင်ငံသားများအတွက် ခရီးသွားဗီဇာများကို ပြန်လည်ထုတ်ပေးခဲ့ပြီး တရုတ်နိုင်ငံကလည်း အိန္ဒိယသို့ ဓာတ်မြေဩဇာတင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် သုံးနှစ်အတွင်းပထမဆုံးအနေဖြင့် အိန္ဒိယနိုင်ငံသို့လာရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဗရာမန်ယန်ဂျေရှန်ကာသည်လည်း ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားခြင်းဖြင့် အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန်
ချစ်ကြည်ရေးခရီးစဉ်များ ပြန်လည်စတင်ထားနိုင်ပြီဖြစ်သည်။
မကြာသေးမီက တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပပြီးစီးခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ထိပ်သီး အစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့က ကုန်သွယ်မှုမျှတစေရေး၊ နှစ်နိုင်ငံပြည်သူများကြား အပြန်အလှန်ချစ်ကြည်ရေးခရီးများသွားရောက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အခြားအရာများကို ဆွေးနွေးခဲ့ကြသည်။ ဤကဲ့သို့သေးငယ်သော်လည်း အရေးပါသောလုပ်ဆောင်ချက်များသည် တရုတ်နှင့်အိန္ဒိယတို့အနေဖြင့် သံတမန်ရေးရာအကာအကွယ်တစ်ခုကို ထူထောင်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ပြဿနာကြီးများ မဟုတ်သော အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်မည့် အခြေအနေတစ်ခုကို စမ်းသပ်နေကြောင်း ပေါ်လွင်နေစေသည်။
တရုတ်နှင့် အိန္ဒိယတို့သည် အငြင်းပွားနေသော နယ်စပ်ရေးရာပဋိပက္ခအတွက် ဖြေရှင်းချက်တစ်ခုကို ဖော်ထုတ်နေလျက်ရှိသည်။ နောက်ဆုံးသဘောတူညီချက်ကို မည်သို့ချမှတ်မည်နှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြသည့် နိုင်ငံရေးကန့်သတ်ချက်များစာတမ်း ကိုပင် နှစ်ဖက်စလုံးက ၂၀၀၅ ခုနှစ်တွင် အတည်ပြုထားပြီးဖြစ်သည်။ သို့သော် အပြန်အလှန်မယုံကြည်မှု မြင့်တက်လာသည့် အခါတိုင်း ဖြေရှင်းချက်ဆီသို့ ဦးတည်သော အရှိန်အဟုန်ကကျဆင်းသွားခဲ့သည်။ ကိုယ်စားလှယ်များက ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သော်
လည်း နယ်စပ်တွင် စစ်ရေးအရ တင်းမာမှုက မဝေးသေးသည့်အချိန်အထိ ကျန်ရှိနေဆဲ ဖြစ်သည်။
နယ်စပ်အရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံကြားတွင် ဆွေးနွေးမှုများကို တစ်နှစ်ကြာရပ်နားထားပြီးနောက် ပြီးခဲ့သည့်လက လာဒက်မြို့၌ တပ်မမှူးအဆင့်ဆွေးနွေးပွဲများကို နှစ်နိုင်ငံစလုံးကပြန်လည်စတင်ခဲ့ပြီး လက်ရှိတွင် နယ်စပ်ပြဿနာအတွက် အဆင့်သုံးဆင့်ပါလုပ်ငန်းစဉ်၏ ဒုတိယအဆင့်ကို ရှေ့ဆက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။
ပထမအဆင့်မှာ နယ်စပ်တွင် ရင်ဆိုင်ထားသည့် တပ်ဖွဲ့များဆုတ်ခွာခြင်းနှင့် စစ်လက်နက်များကို ရုပ်သိမ်းခြင်းဖြစ်သည်။ လက်ရှိတွင်ဤအဆင့်ကို နှစ်နိုင်ငံစလုံးက ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။ ဒုတိယအဆင့်မှာ တင်းမာမှုလျှော့ချခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသတစ်ဝိုက်ရှိတပ်ဖွဲ့များနှင့် လက်နက်များကို လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ ပါဝင်သည်။ ဤအဆင့်ကို လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ ဖြစ်သည်။ တတိယအဆင့်မှာမူ စစ်သည်များအနေဖြင့် နောက်တန်းသို့ ဆုတ်ခွာခြင်းဖြစ်သည်။ ဤအဆင့်၌ နယ်စပ်ဧရိယာ တစ်လျှောက်ရှိ စစ်သည်အင်အားနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲတမ်း တပ်စွဲထားသည့် စခန်းများ သို့မဟုတ် နောက်တန်းသို့ အပြီးအပိုင်ရုပ်သိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးအဆင့်ဖြစ်သည်။
နှစ်နိုင်ငံကြား ယခုကဲ့သို့တင်းမာမှု လျော့ကျလာခြင်းသည် နည်းဗျူဟာအရ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှု ခေတ္တရပ်နားခြင်းထက် ပိုမိုသောအရာတစ်ခု ဖြစ်လာရမည် ဖြစ်သည်။ သို့မှသာ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသည် အမြဲတမ်း တည်မြဲနေမည်ဖြစ်သည်။ နယ်စပ်ကိုအချက်ပြသရာ ကိရိယာတစ်ခုအဖြစ် အသုံးချကာ ကင်းလှည့်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ ဟော့လိုင်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့် စစ်သည်အင်အား လျှော့ချခြင်းကဲ့သို့သော စစ်ဆေးနိုင်သည့်စံနှုန်းများဖြင့် အုပ်ချုပ်သည့် အခြေအနေသို့ရောက်ရှိမှသာ ငြိမ်းချမ်းရေးက တည်ငြိမ်နေမည် ဖြစ်သည်။
တည်ငြိမ်မှုမှ တိုက်ရိုက် အကျိုးခံစားရမည့် အစုအဖွဲ့များ ဖန်တီးတည်ဆောက်ခြင်းဖြင့် သွားလာလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေရေး လုပ်ဆောင်ရန် လိုအပ်သည်။ ၎င်းကို လေကြောင်းခရီးစဉ် အကြိမ်ရေတိုးမြှင့်ခြင်း၊ သတင်းထောက် အသိအမှတ်ပြု လက်မှတ်များကို ပြန်လည်ထုတ်ပေးခြင်းနှင့်အတူ ဘက်ပေါင်းစုံမှ ဝင်ထွက်ခွင့်ပြုသော စီးပွားရေးနှင့် သုတေသီဗီဇာများ ပြန်လည်ထုတ်ပေးခြင်းတို့ဖြင့် အောင်မြင်နိုင်သည်။
အိန္ဒိယနှင့် တရုတ်တို့အနေဖြင့် သတိထားခြင်းကို လက်တွေ့ကျင့်သုံးရုံသာ မကဘဲ ဖွဲ့စည်းမှုဆိုင်ရာ စနစ်အတွင်း ထည့်သွင်းရန် ဆုံးဖြတ်ခြင်း ရှိ၊ မရှိသည်ဤတင်းမာမှု လျော့ကျခြင်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ နှစ်ဖက်စလုံးသည် ကောင်းမွန်သော နယ်စပ်စီမံခန့်ခွဲမှု၊ စီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်တာများနှင့် နှစ်ဖက်စလုံးရှိ သာမန်ပြည်သူများ၏ သွားလာလှုပ်ရှားမှုတို့ဖြင့် စစ်မှန်သော တိုးတက်မှုများကိုရရှိနိုင်သည်။ စီမံခန့်ခွဲမှုရှိသော ပြိုင်ဆိုင်မှုသည် သဟဇာတဖြစ်ခြင်းဟူသော စိတ်ကူးယဉ်အယူအဆမဟုတ်သော်လည်း နိုင်ငံနှစ်ခု စလုံးသည် ပဋိပက္ခထက် တည်ငြိမ်မှုမှ ပိုမိုအကျိုးရှိမည်ကို သိရှိနားလည်ထားသည်မှာ ထင်ရှားနေသည်။ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ငြိမ်သက်နေသောဆက်ဆံရေးကာလကို မဟာဗျူဟာမြောက် သင့်မြတ်မှုအလေ့အကျင့်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါက လက်ရှိရရှိထားသော တည်ငြိမ် အေးချမ်းမှုသည် ရေရှည်တည်တံ့သော ဟန်ချက်ညီမှုကို အစပြုခြင်း ဖြစ်သည်သာမက မဟာဗျူဟာမြောက် အဆင့်မြှင့်တင်ခြင်းဆီသို့ တက်လှမ်းလာနိုင်စေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Ref: SCMP
