ယူအေအီးနဲ့အီရန်ကြား တိုက်ရိုက်စစ်ဖြစ်နိုင်ခြေ ပိုနီးလာနေပြီလား
Posted_Date
Image
Body
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နောက်ပိုင်းမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နဲ့ အီရန်တို့ကြား ဆက်ဆံရေးက အရင်လိုသတိထားပြီး အဆင်ပြေအောင် ထိန်းညှိနေနေရတဲ့ အဆင့်ကနေ ပိုမိုတင်းမာလာတဲ့ အခြေအနေအသစ်တစ်ခုထဲကို ဝင်ရောက်လာပါတယ်။ အရင်တုန်းက ယူအေအီးက “ဘယ်ဘက်ကိုမှဘက်မလိုက်ဘူး” ဆိုတဲ့မူဝါဒနဲ့အမေရိကန်၊ အစ္စရေး၊ အီရန်တို့နဲ့ ဆက်ဆံရေးကို တစ်ပြေးညီထိန်းထားနိုင်ပေမယ့် အခုအချိန်မှာတော့အဲဒီညီမျှမှုက လက်တွေ့မဖြစ်လာသလိုဖြစ်နေပါပြီ။ တရားဝင်အနေအထား အရကြည့်ရင် ယူအေအီးကသူတို့ဟာ အမေရိကန်နဲ့အစ္စရေးက အီရန်အပေါ် တိုက်ခိုက်နေတဲ့စစ်ပွဲမှာ မပါဘူးလို့ကြေညာထားပါတယ်။ ယူအေအီးရဲ့ နယ်မြေ၊ ဝေဟင်နဲ့ရေပြင်တွေကိုလည်း အီရန်ကိုတိုက်ခိုက်ဖို့ အသုံးမပြုစေဘူးလို့ အတည်ပြု ပြောဆိုထားပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့ ပကတိအခြေအနေတွေအရဆိုရင် အီရန်ဘက်က ဒီစကားတွေကို မယုံတော့ဘူးဆိုတာ ပြလာပါတယ်။
အီရန်ရဲ့အမြင်မှာ ယူအေအီးက အမေရိကန်ရဲ့ အရေးကြီးမိတ်ဖက် နိုင်ငံတစ်ခုဖြစ်သလို အစ္စရေးနဲ့ Abraham Accords သဘောတူညီချက်မှာ ပါဝင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ထို့ပြင် ပင်လယ်ကွေ့ဒေသထဲမှာ အနောက်နိုင်ငံတွေအတွက် ငွေကြေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးဗဟိုချက်တစ်ခုလို ဖြစ်နေပါတယ်။ အဲဒါကြောင့် အီရန်ဟာ ယူအေအီးကို အီရန်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့စည်းမှုထဲ တဖြည်းဖြည်းပါဝင်လာနေတဲ့ နိုင်ငံတစ်နိုင်ငံလိုမျိုးမြင်လာတာပါ။
အခုလိုဖြစ်လာရတဲ့အဓိကပြဿနာက Abu Musa၊ Greater Tunb နဲ့ Lesser Tunb ဆိုတဲ့ ကျွန်းသုံးကျွန်းကိစ္စပါပဲ။ ဒီကျွန်းတွေက ဟော်မုရေလက်ကြားအနီးမှာရှိပြီး ၁၉၇၁ ခုနှစ်မှာ အီရန်ကထိန်းချုပ်ခဲ့တာပါ။ အဲဒီအချိန်က ယူအေအီးကို မတည်ထောင်ခင်ဖြစ်ပါတယ်။
ယူအေအီးဘက်က သူတို့ရဲ့ပိုင်နက်ဖြစ်တဲ့ ဒီကျွန်းတွေကို အီရန်က သိမ်းပိုက်ထားတာလို့ ယူဆနေပြီး ညှိနှိုင်းဆွေးနွေးဖို့ ဒါမှမဟုတ် နိုင်ငံတကာ တရားရုံးကနေတစ်ဆင့် ဖြေရှင်းဖို့ တောင်းဆိုနေခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အတွက်တော့ ဒီကိစ္စကပြီးဆုံးသွားပြီ လို့သတ်မှတ်ထားပြီး ကျွန်းတွေဟာ သူတို့ပိုင်နက်အစိတ်အပိုင်းပဲလို့ ယုံကြည်ထားပါတယ်။ ယူအေအီး အတွက် ဒီကျွန်းသုံးကျွန်းဟာ သူတို့နိုင်ငံ စတင်တည်ထောင်ချိန်ကတည်းက ရင်ထဲမှာစွဲကျန်နေတဲ့ အနာတစ်ခုလိုဖြစ်နေပါတယ်။ အိမ်နီးချင်းအင်အားကြီး နိုင်ငံတစ်ခုရှေ့မှာ သူတို့ရဲ့အားနည်းချက်ကို အမြဲတမ်းသတိပေးနေတဲ့ သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ အခုအချိန်မှာ အဲဒီကျွန်းတွေကို စစ်ရေးနည်းလမ်းနဲ့ ပြန်ရယူနိုင်မလားဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတာဟာ ယူအေအီး-အီရန်ဆက်ဆံရေးထဲက အပြစ်အနာအဆာ အကြီးဆုံးနေရာကို ပြန်ထိလိုက်သလိုဖြစ်နေပါတယ်။
အမေရိကန်-အီရန်စစ်မဖြစ်ခင်က ယူအေအီးဟာ လူတိုင်းနဲ့ အဆင်ပြေအောင်နေဖို့ ကြိုးစားခဲ့ပါတယ်။ အီရန်နဲ့ကုန်သွယ်ရေး ဆက်လုပ်ဖို့လိုသလို လုံခြုံရေးအတွက် အမေရိကန်ကိုမှီခိုရပါတယ်။ နည်းပညာနဲ့ ကာကွယ်ရေးကဏ္ဍမှာ အစ္စရေးနဲ့ပူးပေါင်းဖို့လည်း လိုနေပါတယ်။ ဒါပေမဲ့ အများရှေ့မှာတော့ စစ်ထဲကို တိုက်ရိုက်မပါဝင်သလိုပုံစံ ထိန်းထားချင်ခဲ့ပါတယ်။
သို့သော်လည်း အမေရိကန်နဲ့အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက်ပိုင်း အဲဒီညီမျှမှုက စတင်ယိုယွင်းပျက်စီးလာပါတယ်။ စစ်ပွဲအတွင်း အစ္စရေးအရာရှိတွေနဲ့ ယူအေအီးခေါင်းဆောင်ပိုင်းတို့ကြား လျှို့ဝှက်တွေ့ဆုံမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယူအေအီးကို လျှို့ဝှက်သွားရောက်ပြီး ယူအေအီး သမ္မတ မိုဟာမတ်ဘင်ဇာယတ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းဌာနများကဆိုပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ စစ်ပွဲဖြစ်ပွားပြီး တင်းမာမှုတွေရှိနေဆဲ အချိန်နောက်ပိုင်းမှာဖြစ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အစ္စရေးဘက်က ဒီခရီးစဉ်ကို အမှန်တကယ်ဖြစ်ခဲ့တယ်လို့ သဘောထားပေမယ့် ယူအေအီးဘက်က လူသိရှင်ကြားငြင်းဆိုခဲ့ပါတယ်။ အဲဒီကွဲလွဲချက်ကပဲ ယူအေအီးရဲ့ “ဘက်မလိုက်” ပုံရိပ်ကိုထိခိုက်စေပြီး အီရန်အတွက် “ယူအေအီးဟာ လျှို့ဝှက်ပူးပေါင်းနေတယ်” လို့ စွပ်စွဲဖို့အကြောင်းပြချက် ထပ်ပေးလိုက်သလိုဖြစ်သွားပါတယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ ကောင်းတာက အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆတ်ရဲ့ အကြီးအကဲ ဒေးဗစ်ဘားနီယာရဲ့ ယူအေအီးခရီးစဉ် သတင်းတွေပါပဲ။ ဘားနီယာဟာ စစ်ဖြစ်စဉ်ကာလအတွင်း ယူအေအီးကို အနည်းဆုံးနှစ်ကြိမ်သွားပြီး အီရန်နဲ့ပတ်သက်တဲ့ စစ်ရေးဆောင်ရွက်မှုတွေကို ညှိနှိုင်းခဲ့တယ်လို့ သတင်းဌာနတချို့က ဆိုပါတယ်။
စစ်ပွဲကာလအတွင်း လျှို့ဝှက်သံတမန် ဆက်သွယ်မှုဆိုတာ အပြည့်အစုံမသိနိုင်ပေမယ့် နိုင်ငံရေးအဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ယူအေအီးက သူတို့အနေနဲ့“ဘက်မလိုက်”လို့ပြောချိန် အစ္စရေးထောက်လှမ်းရေး အကြီးအကဲတွေ ဝင်ထွက်သွားလာနေတယ်ဆိုရင် အီရန်အတွက်တော့ ယူအေအီးဟာ အစ္စရေး-အမေရိကန်ပူးပေါင်းစနစ်ထဲဝင်နေပြီလို့ မြင်မှာပဲ ဖြစ်ပါတယ်။
ယူအေအီးဘက်က ဒီလိုဆက်ဆံရေးကို ကာကွယ်ရေးပူးပေါင်းမှု၊ သတင်းအချက်အလက်မျှဝေမှုအဖြစ် မြင်နိုင်ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးနဲ့ စစ်ပွဲမှာပါဝင်မှုကြားကမျဉ်းဟာ ပျောက်သွားတတ်ပါတယ်။ Axios သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် အစ္စရေးဟာ ယူအေအီးကို သံကွန်ချာလေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အဲဒီစနစ်ကိုအသုံးပြုနိုင်တဲ့ စစ်သည်တွေပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဟက်ကာဘီးကလည်း ဒီအချက်ကိုအတည်ပြုခဲ့ပါတယ်။ ယူအေအီးအတွက် ဒါဟာ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် လိုအပ်တဲ့ကာကွယ်ရေး အဆင့်တစ်ခုလို့ ရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့အမြင်မှာတော့ ယူအေအီး ဟာ အစ္စရေးရဲ့စစ်ရေးအခြေခံ အဆောက်အဦထဲ ပေါင်းစည်းလာနေတယ်လို့ပဲ မြင်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက ဘဏ္ဍာရေးကဏ္ဍပါပဲ။ ယူအေအီးဟာ အီရန်ရဲ့စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဘဏ္ဍာရေးဆိုင်ရာ အရေးကြီးတဲ့ပြင်ပ ဗဟိုချက်တစ်ခုအဖြစ် နှစ်ပေါင်းများစွာကြာအောင်တည်ရှိခဲ့တာပါ။ ကုန်သွယ်ရေးကုမ္ပဏီတွေ၊ ငွေလဲလှယ်ရေးလုပ်ငန်းတွေ၊ ကြားခံငွေကြေးစနစ်တွေကနေ အီရန်ဟာ ပိတ်ဆို့မှုတွေကိုတစ်စိတ်တစ်ပိုင်း ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်လာပြီးနောက် ယူအေအီးဘက်က အီရန်နဲ့ဆက်စပ်နေတဲ့ ငွေကြေးလမ်းကြောင်းတွေကိုပိတ်ပင်တာ၊ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာမျိုး လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း Amin Exchange ဆိုတဲ့ အီရန်ငွေလဲလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီကွန်ရက်တွေကို ပိတ်ဆို့မှုအသစ်ချမှတ်ခဲ့ပါတယ်။ အဲဒီထဲ ယူအေအီး၊ တူကီယဲ၊ တရုတ်နဲ့ ဟောင်ကောင်မှ ကုမ္ပဏီတွေပါ ပါဝင်တယ်လို့ဆိုပါတယ်။ အီရန်အတွက် ဒါဟာ စစ်မျက်နှာအသစ်တစ်ခုပဲဖြစ်ပါတယ်။ ယူအေအီး ဘက်က “ဒါကပိတ်ဆို့မှုစည်းမျဉ်း လိုက်နာတာပါ” လို့ ပြောနိုင်ပေမယ့် စစ်ဖြစ်နေချိန် အဲဒီလုပ်ရပ်တွေဟာ အီရန်ကိုဖိအားပေးတဲ့ လုပ်ရပ်အဖြစ် မလွဲမသွေရှုမြင် ခံရမှာပါ။
အခြေအနေတွေကို ပိုရှုပ်ထွေးစေတာကတော့ အမေရိကန်အရာရှိတွေဟာ ယူအေအီးကို စစ်ထဲ ပိုမိုပါဝင်လာဖို့ ဖိအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေပါပဲ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့မှာ အီရန်ပိုင်ကျွန်းတစ်ကျွန်းကို ယူအေအီးအနေနဲ့သိမ်းယူနိုင်ဖို့ စဉ်းစားစေချင်တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒီသတင်းတွေက အမှန်ဟုတ် မဟုတ် မသိရသေးပေမယ့် ကျွန်းပြဿနာကို အမေရိကန်နဲ့ အစ္စရေးဘက်က အီရန်ကိုဖိအားပေးဖို့ အသုံးချလာနိုင်တယ်ဆိုတဲ့အမြင်ကို ပိုမိုအားကောင်းလာစေပါတယ်။ ယူအေအီးအတွက် ဒီအခြေအနေက အလွန်အန္တရာယ်များပါတယ်။ သူတို့ရဲ့ မြို့၊ ဆိပ်ကမ်း၊ လေဆိပ်၊ စွမ်းအင်စနစ်၊ ငွေကြေးစနစ်တွေက လုံခြုံပြီး စီးပွားရေးကောင်းတဲ့နိုင်ငံဆိုတဲ့ ပုံရိပ်တစ်ခုလုံးဟာ တည်ငြိမ်မှုအပေါ် မူတည်နေပါတယ်။ ဒါကြောင့် စစ်ထဲကို နည်းနည်းလေးပဲ ပါဝင်လိုက်ရင်တောင် ယူအေအီးရဲ့ဖွံ့ဖြိုးရေးပုံစံတစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။
အခုအချိန်မှာ ယူအေအီးရဲ့ဘက်မလိုက်ဆိုတဲ့ ရပ်တည်ချက်ဟာ တဖြည်းဖြည်း မတည်မငြိမ်လာပါပြီ။ ယူအေအီးက စစ်ထဲတိုက်ရိုက်မဝင်ချင်ပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးဆီက အပြည့်အဝ ခွာထွက်သွားလို့လည်း မရပါဘူး။ ဘာလို့လဲဆိုတော့အဲဒီဆက်ဆံရေးတွေကပဲ ဒုံးကျည်ကာကွယ်ရေး၊ စစ်ရေးထောက်ပံ့မှုနဲ့ မဟာဗျူဟာ အာမခံချက်တွေပေးနေလို့ပါ။ ဒီနှစ်မျိုးကြားက ရှုပ်ထွေးမှုကြောင့် ယူအေအီးဟာ အရင်လို ကြားနေညှိနှိုင်းသူ မဟုတ်တော့ဘဲ စစ်ပွဲထဲဆွဲသွင်းခံရနိုင်တဲ့အန္တရာယ်အများဆုံးနိုင်ငံတစ်ခုဖြစ်လာနေပါတယ်။ ယူအေအီးအတွက် အကြီးဆုံးအန္တရာယ်ကတော့ စစ်ထဲကိုတစ်ခါတည်း ခုန်ဝင်သွားတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းအဆင့်လိုက်ဆွဲသွင်းခံရနိုင်တာပါပဲ။
အီရန်နိုင်ငံနဲ့သက်ဆိုင်တဲ့ ငွေကြေးကွန်ရက်တွေကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လာမယ်၊ အမေရိကန်-အစ္စရေးကာကွယ်ရေး ပူးပေါင်းမှု ပိုနက်ရှိုင်းလာမယ်၊ အစ္စရေးအရာရှိတွေနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ များလာမယ်၊ ဟော်မုရေလက်ကြားလုံခြုံရေးမှာ ပါဝင်လာမယ်၊ နောက်ဆုံး အီရန်အပေါ်ဖိအားပေးဖို့ ကျွန်းပြဿနာကိုအသုံးချလာမယ်။ အဲဒီအဆင့်တစ်ခုချင်းစီကိုကြည့်ရင် “ကာကွယ်ရေးအတွက်ပါ” “မဖြစ်မနေလုပ်ရတာပါ” ဆိုပြီးရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးပေါင်းလိုက်တဲ့အခါ ယူအေအီးဟာ စစ်နား မှာ ရပ်နေတဲ့ နိုင်ငံမဟုတ်တော့ဘဲ စစ်ထဲတကယ် ဝင်ရောက်တဲ့နိုင်ငံ ဖြစ်သွားနိုင်ပါတယ်။
MWD
