နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

Posted_Date

Image

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

Body

မြန်မာနိုင်ငံလူဦးရေ၏  ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်   နေထိုင်ကြသည်။ ကျေးလက် ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနက် ၅၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် သစ်တောကဏ္ဍ လုပ်ငန်းများတွင်  လုပ်ကိုင်ဆောင်ရွက်ကြသောသူများ ဖြစ်သည်။

နိုင်ငံစီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ် ရှိသည့်အနက် ကျေးလက်ဒေသ၏ အဓိကစီးပွားရေးဖြစ်သော    စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ်ချမှတ်ဆောင်ရွက်ရာတွင်  ဒုတိယအချက်ဖြစ်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ    စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်   စက်မှုကဏ္ဍ(Agro- based Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို  စဉ်ဆက်မပြတ် မြှင့်တင်ရေးဟူ၍ ပါရှိသည်။

နိုင်ငံတော်၏ စီးပွားရေးကို   လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည်  မြန်မာနိုင်ငံတွင် ရှိသည့် တိုင်းရင်းသားပြည်သူ အများစု၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖြစ်သကဲ့သို့  နိုင်ငံစီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်သည်။ နိုင်ငံတော်မှ ပြည်သူတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးနှင့် ပိုလျှံရေးအတွက် ဆန်စပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေး၊ ပဲမျိုးစုံစိုက်ပျိုးရေးနှင့်အသား၊ ငါး ရေထွက်ထုတ်ကုန် တိုးတက်ထုတ်လုပ်နိုင်ရေးတို့ကို  နှစ်စဉ်နှစ်တိုင်း  တိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကသီးနှံအဖြစ်သတ်မှတ်ထားသော သီးနှံ ၁၀ မျိုး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရန်လည်း  ဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတစ်ခုဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ စီးပွားရေးအား ကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊  နိုင်ငံစီးပွားတိုးတက်မြင့်မားရေးတို့အတွက် ပြည်သူအားလုံးက အမှန်တကယ် အလုပ်လုပ်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေ၊ မြေ သဘာဝသယံဇာတပေါကြွယ်သောနိုင်ငံ ဖြစ်သည့်အတွက် အလုပ်လုပ်လျှင် လုပ်နိုင်သလောက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ အမှန်တကယ်အလုပ်လုပ်နိုင်ရန်အတွက်  အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရမည်ဖြစ်သည်။

ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေး

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်ဖွံ့ဖြိုးရေးအတွက်  လယ်ယာ၊  စက်မှု၊  လက်မှုနှင့် အခြားကုန်ထုတ် လုပ်ငန်းများကို တိုးချဲ့ပြီး ပြည်တွင်းသုံးပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် လိုအပ်သည်။ ပြည်ပမှ တင်သွင်းကုန်များအပေါ် မှီခိုမှုလျှော့ချကာ ပြည်တွင်းထုတ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် နိုင်ငံ့ငွေကြေး အပ်နှံမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။  နိုင်ငံသားတိုင်းကလည်း မိမိတို့နိုင်ငံ၏ထုတ်ကုန်များကို ဦးစားပေး ဝယ်ယူသုံးစွဲခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်ပကုန်ပစ္စည်းများထက် ပြည်တွင်းထုတ်ပစ္စည်းများကို ပိုမိုရွေးချယ်ဝယ်ယူခြင်းဖြင့် ဒေသခံလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုကို  အားပေးရာရောက်သည်။  ထို့ကြောင့်  ကုန်ထုတ်လုပ်မှုအားမြှင့်တင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

အစိုးရအနေဖြင့် စက်မှုဇုန်များ တည်ထောင်ခြင်း၊ အတိုးနှုန်းများ သက်သာစွာ ချေးငွေများရယူစေခြင်း၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ

မြန်မာနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများသည်  အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤကဏ္ဍများသည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြည်ပပို့ကုန် တိုးတက်ရေးတို့အတွက်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။  စိုက်ပျိုးရေးသည် မြန်မာ နိုင်ငံ၏အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းများကို  အဓိကလုပ်ကိုင်ကြသည်။  ထို့ပြင် စိုက်ပျိုးရေးထွက်ကုန် တစ်ခုဖြစ်သည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်   ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံစိုက်ပျိုးနိုင်သည့် နေရာများတွင် နေကြာကို   ယခုစိုက်ပျိုးမှုထက်   ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ 

အလားတူ   မွေးမြူရေးလုပ်ငန်းသည်လည်း ကျေးလက်ဒေသများတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ကျယ်ပြန့်စွာလုပ်ကိုင်ကြပြီး နိုင်ငံအတွက်လိုအပ်သည့် အသားနှင့်နို့ထွက်ပစ္စည်းများ ဖူလုံရေးအတွက် အရေးပါလျက်ရှိသည်။ မွေးမြူရေးလုပ်ငန်းများတွင် အဓိကအဖြစ် နွား၊ ကြက်၊ ဝက်ကိုလည်းကောင်း၊ ရေချိုနှင့်ရေငန်ငါးများကို စီးပွားဖြစ်လည်းကောင်း မွေးမြူကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ စိန်ခေါ်မှုများအဖြစ်  မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသည့်ရာသီဥတုပြောင်းလဲခြင်း၊  ဈေးကွက်ဝင်ရောက် နိုင်မှုအနေဖြင့် ကျေးလက်ဒေသများတွင် ထုတ်ကုန်များ ဈေးကွက်သို့ရောက်ရှိရန်    အခက်အခဲရှိခြင်း၊ တောင်သူများအတွက်   ခေတ်မီနည်းပညာနှင့်ငွေကြေးအထောက်အပံ့များလိုအပ်ခြင်း စသည်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

သို့ဖြစ်ရာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေး လမ်းညွှန်အဖြစ် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အရည်အသွေးမြှင့်၍ နိုင်ငံတကာ ဈေးကွက်သို့တင်ပို့ခြင်း၊ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများကို နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်ဖော်ဆောင်ပေးခြင်းတို့ကို  နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက   ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုမှသည်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်   နိုင်ငံ့စီးပွားရေးတည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဖြစ်ပေါ်လာမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးအခြေအနေသည် ယခင်   ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  စုစုပေါင်းရငွေကျပ် ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်မှုရရှိခဲ့

ကြောင်းကို ဇူလိုင်လ ၃၁ ရက်က ကျင်းပသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၃/၂၀၂၅)တွင် ဖော်ပြထားကြောင်း သိရသည်။

MSME ကဏ္ဍ၏အရေးပါမှု

နိုင်ငံသား တစ်ဦးချင်းစီ၏   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရှိမှသာလျှင် တိုင်းပြည်သာယာဝပြောပြီး ဖွံ့ဖြိုး တိုးတက်မည် ဖြစ်သည့်အတွက် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုး လုပ်ငန်းများအတွက် ပုဂ္ဂလိကဖွံ့ဖြိုးမှုနှင့်  Agro-based Industries  ကို အဓိကထား၍ အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်မှုလုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက်မှုကို တွဲဖက်ဖော်ဆောင်ပေးလျက်ရှိသည်။  MSME ဆိုသည်မှာ အနည်းငယ်သော အရင်းအနှီးဖြင့် စတင်လုပ်ကိုင်နိုင်သည့် စီးပွားရေး လုပ်ငန်းငယ်များဖြစ်ပြီး နိုင်ငံတကာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်သဖွယ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ MSME လုပ်ငန်းများသည် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုခြင်းနှင့်  ပြည်တွင်းထုတ်ကုန်များ တိုးတက်စေခြင်းတို့အတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။  

ယနေ့ခေတ်  ကမ္ဘာကြီးသည်   အရာရာတွင် တိုးတက်မှုအပေါင်းနှင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။ လူသားတို့၏ တီထွင်ကြံဆမှုကြောင့် အသစ်အသစ်တို့သည် အဆက်မပြတ် ဖြစ်ပေါ်နေလျက်ရှိရာ စီးပွားရေးလုပ်ငန်းများ သည်လည်း နည်းပညာသစ်များဖြင့် တိုးတက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါလှသည့်အခန်းကဏ္ဍ၌  ပါဝင်နေသည်။ မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့်အလတ်စားကုန်ထုတ်လုပ်ငန်း    ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချက်များချမှတ်ပြီး   တွန်းအားပေးပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ MSME လုပ်ငန်းများ၏မတူညီသည့်  အတွေးအခေါ်များ၊  ဆန်းသစ်တီထွင်မှုများနှင့်အတူ ဈေးကွက်ထိုးဖောက် နိုင်ရေးအတွက် အရည်အသွေးမြင့်မားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုပါ  ဖန်တီးပေးလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေးတိုးတက်မှု အခြေအနေများဖြစ်သည့်  ပြည်ပတင်ပို့မှု၊ တင်သွင်းမှုမျှတမှုများသည် နိုင်ငံ၏ စီးပွားရေးအပေါ်များစွာ မူတည်သည်။ တင်ပို့မှု၊ တင်သွင်းမှုကွာဟချက် သို့မဟုတ် သွင်းကုန်သည်    ပို့ကုန်ထက် များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် Trade Deficit အနုတ်လက္ခဏာကိုသာမြင်ရမည်ဖြစ်သည်။ ကျေးလက်ဒေသနေတိုင်းပြည်၏  ထုတ်လုပ်မှုအင်အားစုသည် ၇၀ ရာခိုင်နှုန်းခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် သစ်တောသယံဇာတပေါများ ကြွယ်ဝသော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏများပြားလျက်ရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု၏  ၉၉ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေး လုပ်ငန်းအများစုအပေါ်တွင်  ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံ့စီးပွားရေး ယန္တရားတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။

ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း  အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ အများဆုံးပါဝင်နေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများ၏ အခြေအနေကို လေ့လာကြည့်မည်ဆိုပါက  အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)များက များစွာ အထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည်  နိုင်ငံတစ်နိုင်ငံ၏   အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး အခြေခံ အကျဆုံးစီးပွားရေး လုပ်ငန်းလည်းဖြစ်သည်။ 

ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး အားကောင်းလာစေရန်အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ကူညီဆောင်ရွက်သွားကြရမည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ   မွေးထုတ်ပေးနိုင်ရန်အတွက်  နိုင်ငံတော် အစိုးရက KG+9 အထိ မသင်မနေရပညာရေးစနစ်ကို   နိုင်ငံတော်၏အနိမ့်ဆုံး ပညာရေး ရည်မှန်းချက်အဖြစ်  ချမှတ်ဆောင်ရွက်လျက်ရှိသည်။   ၂ဝ၂၃-၂ဝ၂၄  ပညာသင်နှစ်မှစတင်၍         အဆိုပါ ပညာရေးအဆင့်ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များ သင်ကြားပေးသည့် အထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးခဲ့သည်။  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊  စိုက်ပျိုး၊  မွေးမြူရေး အထက်တန်းကျောင်းများကို  ခရိုင် ၈၈ ခုတွင် ၈၉ ကျောင်းအထိဖွင့်လှစ်ပေးနိုင်ခဲ့သည်။  ဆက်လက်၍ လက်တွေ့အသုံးချ သိပ္ပံပညာရပ်နှင့် နည်းပညာရပ်များ ပေါင်းစပ်သင်ကြားပေးသည့် တက္ကသိုလ်ရှစ်ခုကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်စွမ်းအားမြင့်မားပြီး နိုင်ငံစီးပွားရေး တိုးတက်မြင့်မားလာရေးအတွက်  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ  မြင့်မား တိုးတက်လာအောင်   လိုအပ်သည့်ကဏ္ဍများကို   နိုင်ငံတော်ကဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

အချုပ်အားဖြင့် ဆိုသော် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ရန် ရေ၊ မြေ၊ ရာသီဥတု စသော အခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေကိုကောင်းစွာပြုပြင်ပြီး လိုအပ်သည့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများအပြည့်အဝအသုံးပြုခြင်း၊ စိုက်ပျိုးရေကိုသီးနှံ၏ လိုအပ်ချက်နှင့် အညီပေးဝေခြင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများအစား   ခေတ်မီနည်းပညာများကို  အသုံးပြုခြင်းဖြင့် သီးနှံများအထွက်တိုး လာမည်ဖြစ်ရာ တောင်သူများလည်း ဝင်ငွေတိုးလာကြမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက လုပ်ငန်းများလုပ်ကိုင်နေကြသည့် ပြည်သူတစ်ဦးချင်းစီ၏ဝင်ငွေသည် တိုးတက်လာကာ လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ  နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး ကုန်ထုတ်လုပ်မှုကဏ္ဍကို  အားပေးမြှင့်တင် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။    ။

MWD