နွားနောက်မျိုးစိတ်အကြောင်း သိကောင်းစရာများ

Posted_Date

Image

နွားနောက်မျိုးစိတ်အကြောင်း သိကောင်းစရာများ

Body

နွားနောက်သည် မြန်မာနိုင်ငံ အထူးသဖြင့် ချင်းပြည်နယ်၏ တောင်တန်းဒေသများတွင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသော နွားမျိုးစိတ်တစ်ခုဖြစ်သည်။ နွားနောက်သည် အရှေ့ဟိမဝန္တာအိန္ဒိယအရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့်  တိဘက်တောင်တန်းဒေသများရှိ တိုင်းရင်းသားဒေသခံ လူမျိုးများအတွက် အလွန်အရေးပါသော်လည်း   သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် လျစ်လျူရှုခံနေရသည်။ နွားနောက်သည်   အိန္ဒိယအရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင်တွေ့ရှိရသော ခြေအိတ်ဖြူပုံစံ   အမှတ်အသားနှင့် ချွန်ထက်သောတြိဂံပုံဦးချိုများ ပါရှိသည့်နွားမျိုးဖြစ်သည်။    နွားနောက်သည် ယဉ်ကျေးအောင်  မွေးမြူထားသော ထူးခြားသည့်နွားမျိုးစိတ်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၈၀၀၀ ကျော်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည်ဟု  မှတ်ယူထားကြသည်။

နွားနောက်သည် ချင်းလူမျိုးများအပါအဝင် အရှေ့ဟိမဝန္တာတိုင်းရင်းသားများအတွက် သန့်ရှင်းမြင့်မြတ်သော တိရစ္ဆာန်အဖြစ်ကိုးကွယ်မှုရှိပြီး လူမှုရေး၊  ဓလေ့ထုံးတမ်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဗဟိုချက်မအဖြစ်   ပါဝင်နေပေသည်။ အသားထုတ်လုပ်ရန် အဓိကမွေးမြူကြပြီး  စိုက်ပျိုးရေးလုပ်ငန်းသုံး ယာဉ်အဖြစ်လည်းကောင်း၊ မြေယာထွန်ယက်ရာတွင်လည်းကောင်း အသုံးပြုသည်။ ရိုးရာဓလေ့အရ ဘာသာရေးအခမ်းအနားများတွင်   ပူဇော်ပသခြင်းနှင့်  မိသားစု၏ချမ်းသာကြွယ်ဝမှုကို  ဖော်ညွှန်းသည့် အထိမ်းအမှတ် သတ္တဝါလည်းဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း  အဆင့်အတန်းသတ်မှတ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။   အိန္ဒိယတွင် နွားနောက်အသားသည်   ယဉ်ကျေးမှုနှင့်ဘာသာရေးအရအရေးပါပြီး    မင်္ဂလာဆောင်နှင့်   ခရစ္စမတ်ပွဲတော်များတွင် ရေပန်းစားသော  အစားအစာတစ်ခုဖြစ်သည်။

နွားနောက်၏သဘာဝ

    အပင်စားသတ္တဝါဖြစ်ပြီး    သဘာဝအတိုင်း နီးပါးနေထိုင်သော  အလေ့အထကြောင့်   အပူပိုင်းမိုးသစ်တောများထိန်းသိမ်းရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။  နွားနောက်များကို ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၂၀၀၀ မှ ၉၀၀ဝ အကြား သစ်တောထူထပ်သောဒေသများတွင် ပုံမှန်အားဖြင့်တွေ့ရသည်။ ကြမ်းတမ်းသည့်   ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိသည်။ မြေပြန့်လွင်ပြင်ထက် တောင်စောင်း   တောင်ကမ်းပါးနှင့် တောင်ပြန့်များတွင်   အုပ်စုဖွဲ့နေထိုင်ကျက်စားလေ့ရှိသည်။ သို့သော် နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ နွားနောက်များ၏ သစ်တောကျက်စားရာ နေရာများလျော့နည်းလာခဲ့သည်။ နွားနောက်များသည် မြက်ခင်းများကို  စားသုံးသည့်အခြားနွားမျိုးနွယ်များနှင့်    မတူဘဲ သစ်တောထဲမှအရွက်များနှင့် အပင်ငယ်များကို စားလေ့ရှိသည်။ အရွက်၊ သစ်ဖု၊ သစ်မြစ်နှင့် ချုံနွယ်များကို နှစ်သက်ပြီး မနက်စောစောနှင့်ညနေခင်းတွင် အစာရှာလေ့ရှိသည်။   လေ့လာမှုများအရ နွားနောက်များသည် အပင်များ၏ အရွက်အစိတ်အပိုင်းများကို အဓိကစားသုံးလေ့ရှိပြီး အညွန့်အစိတ်အပိုင်းများကိုမူ အလွန်နည်းပါးစွာ စားသုံးကြောင်း   တွေ့ရှိရသည်။ ဆားငန်ရည်ရှိသော စားကျက်မြေကို ပိုမိုကြိုက်နှစ်သက်သည်။ ပုံမှန်ဆားကျွေးမွေးခြင်းအားဖြင့်   အလွန်ယဉ်ပါးသောတိရစ္ဆာန်အဖြစ်  လေ့ကျင့်မွေးမြူလေ့ရှိသည်။   နွားနောက်အချို့သည် တောရိုင်းသတ္တဝါများအဖြစ်  သစ်တောထဲတွင်  အချိန်ပြည့်နေကြသော်လည်း အများစုမှာ ညဘက်တွင်  ကျေးရွာသို့ ပြန်လာလေ့ရှိသည်။   ရိုးရာဓလေ့အရ ချင်းလူမျိုးများသည် နွားနောက်များကို  ညဘက်တွင်    တိုင်ထောင်အိမ်များ၏အောက်တွင်ထားလေ့ရှိသည်။ နွားနောက်များကို မြို့ပြထက်ကျေးလက်ကျေးရွာများတွင်   အများဆုံးမွေးမြူကြသည်။ သို့သော် ယခုအခါ မင်းတပ်နှင့်မတူပီမြို့တို့တွင်  မြို့ပြင်ဘက်၌  နွားနောက်အုပ်များကို   စတင်မွေးမြူလာကြသည်။

နွားနောက်များသည် သစ်တောများကိုထိန်းသိမ်းရန်  အကြောင်းတစ်ခုလည်းဖြစ်ခဲ့သည်။ အစာအဖြစ်စားသုံးရာမှ သစ်ပင်မျိုးစေ့များကို အူလမ်းကြောင်းမှတစ်ဆင့် ပြန့်ပွားစေခြင်း(Endozoochory)ဖြင့်   သစ်ပင်များ၏ မျိုးစေ့ပျံ့နှံ့မှုကို အထောက်အကူပြုပြီး သစ်တောဂေဟစနစ်ကို ထိန်းသိမ်းပေးသည်။ ချင်းလူမျိုးများအတွက်   နွားနောက်များသည် သစ်တောရိုင်းကြီးနှင့် ကျေးရွာတို့ကြားရှိ အကျိုးပြုသော ဆက်သွယ်မှုတစ်ခုဖြစ်သည်။

ဖြစ်ပွားတတ်သောရောဂါများ

     နွားနောက်များ၏ကျန်းမာရေးသည် ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုအတွက် အရေးပါလှပေသည်။ Bos  frontalis  များသည်   အခြားနွားမျိုးနွယ်ဝင်များကဲ့သို့ပင် ကူးစက်နိုင်သော ရောဂါနှင့် မကူးစက်နိုင်သော ရောဂါများကို ခံစားရနိုင်သည်။ နွားနောက်များတွင် ခွာနာလျှာနာရောဂါ၊ ဒေါင့်သန်းနာရောဂါ၊ အရေပြားအဖုအပိမ့်ရောဂါ၊ နာတာရှည်ဝမ်းပျက်ဝမ်းလျှောဂျုန်းရောဂါ၊ သားလျှောရောဂါ စသောကူးစက်ရောဂါများနှင့် (သွေးစုပ်ကပ်ပါးများ စသည့်ကပ်ပါးရောဂါများ ဖြစ်ပွားနိုင်ပြီး စီးပွားရေးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းသော မွေးမြူရေးစနစ်နှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်   အရေးကြီးသည်။     နွားနောက်၏သဘာဝနှင့် လိုက်လျောညီထွေစွာ   နေထိုင်ခြင်းအလေ့အထသည် ရောဂါထိန်းချုပ်ရေး၊ ဂေဟစနစ်တည်ငြိမ်ရေးနှင့်  ဇီဝမျိုးစုံမျိုးကွဲအတွက်  အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ ထို့ကြောင့် ၎င်း၏ဂေဟစနစ်ကို ကာကွယ်ခြင်းသည် လူနှင့်တိရစ္ဆာန်များ၏ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။ နွားနောက်များ၏  ပုံမှန်နေထိုင်ရာ သစ်တောများကို   သစ်ခုတ်မှုနှင့် လက်ဖက်ခြံများ ကျူးကျော်ဝင်ရောက်လာမှုတို့က ခြိမ်းခြောက်နေသည်။  နွားနောက်အမများသည်  နို့စို့ကလေးငယ်များနှင့် အတူရှိလျှင်  ရန်မူတတ်လေ့ရှိသည်။  သားပေါက်ငယ်များကို ခွေးအနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ကိုက်ဖြတ်စားသောက်ခြင်းကြောင့် နွားနောက်ဦးရေ တိုးပွားမှုကို   အဟန့်အတားဖြစ်စေသည်။

နွားနောက်၏ ထူးခြားသော လက္ခဏာများ

    ၎င်း၏ထင်ရှားသော   လက္ခဏာမှာ ဦးခေါင်းပိုင်းတွင်ဖြစ်သည်။ ဘို့မရှိ၊ ဦးချိုအရင်း၌ ပြားနေတတ်ပြီး  ၎င်း၏ဦးခေါင်းတွင် ဖွံ့ဖြိုးထူထဲသော နဖူးရိုး၊ ပြားချပ်သည့်မျက်နှာပုံပန်းနှင့် ဆန့်ကျင်ဘက်တြိဂံပုံ အစိတ်အပိုင်းတို့ပါရှိပြီး ထိုနေရာမှ ဘေးနှစ်ဖက်သို့ကော့ထွက်နေသော ဦးချိုများက ထူးခြားသောအသွင်အပြင်ကို ဖန်တီးထားသည်။ လည်ပင်းအောက်တွင် လျှောကျနေသော လည်ပင်းအရေပြား ရှိသည်။ အထီးများတွင် ပို၍သိသာသည်။

ကျောကုန်းရိုးတစ်လျှောက်တွင် မို့မောက်၍နေတတ်သည်။ ကြံ့ခိုင်သောကြွက်သားများ၊  ကျယ်ပြန့်သော   ရင်အုပ်နှင့်ခြေထောက်များ ရှိသည်။ အမွေးအရောင်မှာ နက်မှောင်သောအညိုရောင် သို့မဟုတ်  အနက်ရောင်ဖြစ်ပြီး  ခြေအနိမ့်ပိုင်းမှာ အဖြူ  သို့မဟုတ်  ဝါညိုရောင်ဖြစ်သည်။ နွားနောက် သားရေခွံသည်  သာမန်နွားများ၏ အရေခွံထက် အရွယ်အစားနှင့် အထူသုံးဆနီးပါးရှိသည်။

အရွယ်ရောက်ခြင်းနှင့်မျိုးပွားခြင်း

    နွားနောက်များသည်  polyestrous သတ္တဝါများဖြစ်ပြီး   တစ်နှစ်ပတ်လုံး မျိုးပွားနိုင်ကာ  သတ်သတ်မှတ်မှတ် မွေးမြူရာသီမရှိပါ။ တောထဲတွင် တစ်နှစ်ပတ်လုံး   လွတ်လပ်စွာသွားလာလျက် လူသားများ၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ သဘာဝအတိုင်း  မျိုးပွားကြသည်။ နွားနောက်များသည် အများအားဖြင့် အရွယ်ရောက်သော အထီးတစ်ကောင်၊ အမငါးကောင်မှ ၁၀ ကောင်နှင့် ငယ်ရွယ်သောကလေးများ ပါဝင်သော အုပ်စုများဖွဲ့၍ နေတတ်ကြသည်။ သာမန်နွားများထက်ကြီးထွားနှုန်းကောင်း၍ အရွယ်ရောက်ချိန်စောသည်။ အထီးများသည် ၁၈ လမှ ၂ နှစ်အကြားတွင် အရွယ်ရောက်သည်။ အမသည် တစ်နှစ်ခွဲတွင်  အရွယ်ရောက်၍ မိတ်လိုက်ပြီး သားပေါက်လေ့ရှိကာ တစ်နှစ်တစ်သားကျသည်။ ကိုယ်ဝန်ဆောင်ကာလမှာ  ၂၇၄ ရက်ဖြစ်သည်။

အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ သားမွေးနိုင်သည်။ မိုးရာသီနှင့်ဆောင်းဦးရာသီတို့တွင် သားပေါက်နှုန်းအများဆုံး ၃၃ ဒသမ ၃ ဖြစ်ပြီး နွေရာသီနှင့် ဆောင်းရာသီတို့တွင် သားပေါက်နှုန်း ၁၆ ဒသမ ၇ သာတွေ့ရှိရသည်။ ၎င်းသည် ဆောင်းရာသီ ဒီဇင်ဘာလနှင့်  ဖေဖော်ဝါရီလတို့တွင် သန္ဓေအောင်နှုန်း   ပိုမိုမြင့်မားကြောင်း ညွှန်ပြနေသည်။   နွေရာသီပြီးနောက် မိုးရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့တွင် အစိမ်းရောင်အရွက်များ၊ မြက်များရရှိနိုင်မှုကြောင့် တိရစ္ဆာန်များ၏ အစာစားနှုန်းနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းဖြစ်နိုင်သည်။ နွားနောက်သည် အခြားနွားမျိုးစိတ်များနှင့် မျိုးစပ်နိုင်သော်လည်း  အထီးသားပေါက်များသည် မျိုးမအောင်တတ်ပါ။

သားစမ်းသပ်မှုသုတေသနအရ  နွားရွှေနီအထီးနှင့်   နွားနောက်အမမျိုးစပ်ပါက ပေါက်ပွားသောအမသည် မျိုးအောင်၍ အထီးသည်သားမြုံသည်။ နွားနောက်အထီးနှင့်   နွားရွှေနီအမမျိုးစပ်ပါက ပေါက်ပွားသော အထီးအမများသည်  မျိုးအောင်ပြီး  နွားနောက်အထီးနှင့် နို့စားနွားဖရီရှန်အမ၊ နို့စားနွားဖရီရှန်အထီးနှင့်  နွားနောက်အမတို့ သားစပ်ပါကလည်း  ပေါက်ပွားသော အထီး၊  အမနှစ်မျိုးလုံးမျိုးအောင်သည်ကို   တွေ့ရှိရသည်။

နွားနောက်အထီးသည် ၆နှစ်မှ ၇နှစ်အရွယ်ထိ မိတ်လိုက်လေ့ရှိပြီး ကျော်လွန်ပါက သီးသန့်နေတတ်သည်။  အရည်အသွေးပြည့်မီသော  မျိုးပွားမှုဆိုင်ရာ နွားနောက်ထီးများ ရှားပါးခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ အရည်အသွေးပြည့်မီသော နွားနောက်ထီးများ မလုံလောက်ခြင်းကြောင့်၊ မျိုးရိုးတူချင်းမွေးမြူမှုများနှင့် မျိုးဆက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်။   အဘယ်ကြောင့်ဆိုသော် ထူးချွန်သော နွားနောက်ထီးအနည်းစုကိုသာ  အလွန်အကျွံအသုံးပြုရခြင်းကြောင့်ဖြစ်သည်။ ထို့ပြင်  အရွယ်အစားကြီးမားပြီး အရည်အသွေးကောင်းသော နွားနောက်များကို ပွဲတော်များနှင့် အခမ်းအနားများတွင်   အစုလိုက်  သတ်ဖြတ်လေ့ရှိသဖြင့် ကျန်ရှိသော အားနည်းသည့် တိရစ္ဆာန်များကိုသာ  မျိုးပွားရန် အသုံးပြုနေရသည်။   သဘာဝကျက်စားရာနေရာများ  ဆုံးရှုံးလာမှုနှင့်  အခြားခြိမ်းခြောက်မှုများကြောင့် ကမ္ဘာပေါ်ရှိ နွားနောက်အရေအတွက်သည် ကျဆင်းလျက်ရှိသည်။ ထို့ကြောင့် ဤပြဿနာကိုဖြေရှင်းရန်  ခေတ်မီနည်းလမ်းများကို စမ်းသပ်အသုံးပြုရန် အရေးကြီးသည်။ အသုံးပြုနိုင်သော  ခေတ်မီနည်းပညာများမှာ ၁။ မေထုန်မဲ့မျိုးစပ်ခြင်းနည်းပညာ၊ ၂။  သားအောင်ချိန်ကို  ထိန်းညှိခြင်း၊ ၃။ သန္ဓေသားလွှဲပြောင်းနည်းပညာတို့ဖြစ်သည်။

ဤသို့ သိပ္ပံနည်းကျမွေးမြူခြင်းအား နွားနောက်၏  ထုတ်လုပ်မှုစွမ်းရည်ကို စူးစမ်းလေ့လာခြင်းနှင့်   ခေတ်မီဇီဝနည်းပညာများ ဥပမာမျိုးပွားဆိုင်ရာဇီဝနည်းပညာ၊ အစာအာဟာရဖွံ့ဖြိုးရေးနည်းပညာနှင့်  ရောဂါရှာဖွေရေးတွင်နည်းပညာအသစ်များ  အသုံးပြုခြင်းမှတစ်ဆင့်သာ အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

နွားနောက်၏အသားနှင့်နို့

    တောတောင်ထဲတွင်  လွှတ်ကျောင်းမွေးမြူထားသော   နွားနောက်များတွင် ဟော်မုန်းပါဝင်သောထိုးဆေး၊ ပိုးသတ်ဆေး၊ ဓာတုမြေဩဇာစသည့် ဓာတုပစ္စည်းများမပါဝင်ခြင်းနှင့် အဆိပ်အတောက်ကင်းစင်ပြီး သဘာဝအတိုင်း ကြီးထွားခြင်းတို့ကြောင့်  နွားနောက်အသားနှင့် နို့သည် အာဟာရပြည့်ဝသော အော်ဂဲနစ်ထုတ်ကုန်များဖြစ်ကာ ဈေးကွက်တွင်  အထူးတန်ဖိုးရှိသည်။  မြက်နှင့်သဘာဝအစာစားသုံးမှုကြောင့် မွေးမြူရေးနွားများမှ ထွက်ရှိသော အမဲသားထက် ပိုမိုမာကျောပြီး အရသာရှိခြင်း၊ အဆီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်သင့်တော်ခြင်းတို့ကြောင့် နွားနောက်အသားကို အိန္ဒိယအရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ အနောက်မြောက်ဒေသနှင့် ဘူတန်တို့တွင်   ရိုးရာဓလေ့ဆိုင်ရာ အခမ်းအနားများ၊ မင်္ဂလာဆောင်များနှင့် ဒေသခံများ၏  နေ့စဉ်အစားအစာအဖြစ်   စားသုံးကြသည်။ အထီးများကို သုံးနှစ်မှ လေးနှစ်အရွယ်တွင် အသားထုတ်လုပ်ရောင်းချနိုင်သည်။ အသားထွက်နှုန်းပိဿာ ၈၀ မှ ၂၀၀  ထိရှိနိုင်သည်။ နွားနောက်များကို   အိန္ဒိယအရှေ့မြောက်ပိုင်းနှင့်   ဘူတန်နိုင်ငံတို့တွင် အဓိကအားဖြင့် နို့ထုတ်လုပ်ရန်အတွက် မွေးမြူကြသည်။   နွားနောက်၏နို့တွင် ထောပတ်ဓာတ်ကြွယ်ဝသည်။  နွားနို့ ၁၀၀ ဂရမ်လျှင် အဆီ ၃ ဒသမ ၃ ဂရမ်နှင့် ပရိုတင်း ၃ ဒသမ ၃ ဂရမ်နှင့် နှိုင်းယှဉ်ပါက နွားနောက်နို့တွင် အဆီ ၈ ဒသမ ၉ ဂရမ်/၁၀၀ ဂရမ်နှင့် ပရိုတင်း ၆ ဒသမ ၅ ဂရမ်/၁၀၀ ဂရမ်ပိုမိုပါဝင်သည်။ နွားနောက်နို့၏ ဖွဲ့စည်းမှုသည် သာမန်နွားနို့ထက် အဆီနှင့် ပရိုတင်းပါဝင်မှုပိုမိုများပြားကြောင်း တွေ့ရှိရသည်။ နို့တိုက်နှောင်းကာလရှိ နွားနောက်တစ်ကောင်၏ နို့တွင် ပရိုတင်း ၆ ဒသမ ၇၈ ဂရမ်/၁၀၀ ဂရမ်နှင့် အဆီ ၁၀ ဒသမ ၃ ဂရမ်/၁၀၀ ဂရမ် ပါဝင်သည်။

နွားနောက်သည် အာတိတ်ဒေသသတ္တဝါ မဟုတ်သော်လည်း ၎င်း၏နို့အဆီပါဝင်မှု မြင့်မားခြင်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၀၀ မှ ၃၀၀၀ မီတာအမြင့်ရှိ နေထိုင်ရာဒေသကြောင့်ဖြစ်နိုင်သည်။ 

ထို့ပြင် နွားနောက်နို့၏အဆီနှင့် ပရိုတင်းမြင့်မားမှုမှာ မျိုးရိုးဗီဇထူးခြားမှုနှင့်နို့ထွက်နှုန်း နည်းပါးမှုတို့ကြောင့်လည်းဖြစ်နိုင်သည်။ မြန်မာနိုင်ငံတွင်  နွားနောက်မွေးမြူခြင်းကို   အထူးသဖြင့်  ချင်းပြည်နယ်၏ တောင်တန်းဒေသများတွင် ရိုးရာမွေးမြူခြင်းစနစ်များဖြင့် ဆောင်ရွက်လျက်ရှိသည်။

-သဘာဝအတိုင်း လွှတ်ကျောင်းစနစ်

-        နွားနောက်များကို သစ်တောများအတွင်း   လွတ်လပ်စွာ လှည့်လည်ကျက်စားခွင့်ပေးထားပြီး ညဘက်တွင် ကျေးရွာသို့ ပြန်ခေါ်လေ့ရှိသည်။

-        အထီးများမှာ   တောထဲတွင် အချိန်ပြည့်နေလေ့ရှိပြီး   အမများကို   သားမွေးချိန်နီးပါက ယာယီခြံများတွင် ထားရှိသည်။

-       တစ်ဝက်လွှတ်ကျောင်း   ပေါင်းစပ်မွေးမြူခြင်း

-        နွားနောက်များကို မိုးရာသီနှင့် မျိုးပွားကာလများတွင် လွတ်လပ်စွာ လှည့်လည်စားသောက်ခွင့်ပြုသည်။   သဘာဝအလျောက် မိတ်လိုက်ခြင်း၊ အုပ်စုဖွဲ့ခြင်းများဖြင့် မျိုးရိုးဗီဇကောင်းသော သားကောင်းများ မွေးဖွားလာစေသည်။

-     ဆားဖြင့်သာ ထိန်းချုပ်မွေးမြူခြင်း

-     ဒေသခံများသည် ဆားကို အဓိကအသုံးပြု၍ နွားနောက်များကို ထိန်းသိမ်းသည်။ ဆားသည် နွားများအား ခြံအနီးသို့ ဆွဲဆောင်ရန် သဘာဝနည်းလမ်းဖြစ်သည်။  ဆားလောင်းခြင်းဖြင့် နွားများ၏ သတ္တုဓာတ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။

-       အနည်းငယ်သာ အမိုးအကာသုံးခြင်း

-        သားမွေးခါနီးအမများအတွက်သာ ယာယီခြံများပြုလုပ်ပေးပြီး ပုံမှန်အားဖြင့် အခြားနွားနောက်များကို  အမိုးအကာမဲ့စနစ်ဖြင့် မွေးမြူကြပြီး   မိုးရာသီနှင့် အေးသောရာသီတွင် သစ်ရွက်များဖြင့်   ကာကွယ်ပေးလေ့ရှိသည်။

-       နေ့ပိုင်းလွှတ်ကျောင်း၊ ညပိုင်းခြံခတ်မွေးမြူခြင်း

-        နေ့အချိန်  တောတွင်း/မြက်ခင်းပြင်များတွင်   အလိုလိုလွှတ်ကျောင်းကာ  သဘာဝမြက်၊ သစ်ရွက်များစားခွင့်ပြုသည်။

-        ညအချိန် ခြံအတွင်းသို့ပြန်ခေါ်၍ လုံခြုံရေးနှင့် သားရဲတိရစ္ဆာန် အန္တရာယ်မှကာကွယ်သည်။

-        စိုက်ပျိုးရာသီတွင် ခြံလှောင်မွေးခြင်း

-        ခြံလှောင်စနစ်တွင်   သုံးနှစ်တစ်ကြိမ်   နေရာပြောင်းပြီး ခြံဟောင်းနေရာကို တောင်ယာစိုက်ပျိုးမြေအဖြစ်  ပြန်လည်အသုံးပြုကြသည်။

နွားနောက်၏ ကျန်းမာရေးဆိုင်ရာ လေ့လာမှုများနှင့်ပတ်သက်သော စာတမ်းများသည် ရှားပါးပြီး ၎င်းတို့၏ရောဂါများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသေးစိတ်အချက်အလက်များ လုံလောက်စွာမရှိသေးပါ။ ထို့ကြောင့် သိပ္ပံနည်းကျလေ့လာမှုများပြုလုပ်ရန်လိုအပ်ပြီး ဤတိရစ္ဆာန်၏  ရောဂါဖြစ်ပွားနှုန်း၊ ရောဂါခံနိုင်ရည်၊ ရောဂါထိခိုက်လွယ်မှုတို့ကို သုတေသနပြုကာ ကျန်းမာရေးစီမံခန့်ခွဲမှု နည်းလမ်းများ ပိုမိုကောင်းမွန်စေရန်နှင့် သေဆုံးမှုနှုန်းနှင့် စီးပွားရေးဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းသင့်သည်။   ယနေ့ခေတ် နွားနောက်မွေးမြူရေးမှာ   တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာမွေးမြူရေးနည်းလမ်း များဖြင့်သာမွေးမြူကြသည်။ နွားနောက်၏ ထုတ်လုပ်မှုစွမ်းရည်နှင့် တိုင်းရင်းသားကျေးရွာများ၏ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ရန် သိပ္ပံနည်းကျမွေးမြူမှုများနှင့် ဆန်းသစ်တီထွင်မှုများ လိုအပ်နေသည်။ ၂၀၁၃ ခုနှစ်၏လေ့လာတွေ့ရှိချက်အရ   နွားနောက်၏   အသားနှင့်နို့တွင် ထူးခြားကောင်းမွန်သော ဂုဏ်သတ္တိများရှိပြီး ၎င်း၏အာဟာရပြည့်ဝသောနို့ဖြင့် ထုတ်ကုန်များထုတ်လုပ်ရန် အခွင့်အလမ်းများရှိသည်။ နွားနောက်နို့ထွက်ပစ္စည်းများကို တန်ဖိုးမြှင့်တင်ခြင်းနှင့်  မျိုးကွဲပစ္စည်းများဖန်တီးခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ဝင်ငွေကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ နွားနောက်အရေအတွက်သည် တဖြည်းဖြည်းလျော့နည်းလာလျက်ရှိပြီး အဓိကအားဖြင့် နွားနောက်အထီးများ ဒေသတွင်း၌မရရှိနိုင်ခြင်း၊ မျိုးမတူသွေးနှောခြင်း အလေ့အထများ တိုးပွားလာခြင်း၊ စားကျက်မြေများလျော့နည်းလာခြင်းနှင့် နွားနောက်မွေးမြူရေး ဒေသများတွင် သင့်လျော်သောမွေးမြူရေးနှင့် အစာကျွေးမွေးရေး စီမံခန့်ခွဲမှုစနစ်ကို ယခုတိုင်တည်ထောင်နိုင်ခြင်း မရှိသေးသောကြောင့်ဖြစ်သည်။ နွားနောက်သည် အဓိကအားဖြင့် တောထဲမှအပင်၊ သစ်ရွက်နှင့် မြက်များကိုသာ စားသုံးသောကြောင့် အော်ဂဲနစ်ထုတ်ကုန်များ    ဖွံ့ဖြိုးရန်  ကောင်းမွန်သောအခွင့်အလမ်းရှိသည်။ ထို့ပြင် နို့ထုတ်လုပ်မှုသည်လည်း စီးပွားရေးအရအကျိုးအမြတ်ရှိသည်။ အဘယ်ကြောင့်ဆိုသော်    နွားနောက်သည် တောထဲမှ သဘာဝအလျောက်ရရှိသော အပင်များကို အရည်အသွေးမြင့် အသား၊ အဆီပါဝင်မှုမြင့်နို့နှင့် ထူးခြားကောင်းမွန်သော   သားရေပစ္စည်းများအဖြစ်  ထိရောက်စွာပြောင်းလဲနိုင်သော တိရစ္ဆာန်ဖြစ်သည်။ ထိုသို့ပြောင်းလဲရာတွင်လည်း ဆားခဲကိုရံဖန်ရံခါသာ ထောက်ပံ့ပေးရန်လိုအပ်ပြီး အခြားလူသားများ၏ ဝင်ရောက်စွက်ဖက်မှုမလိုအပ်ပေ။   ထို့ကြောင့် နွားနောက်မွေးမြူရေး လုပ်ငန်းကို စီးပွား

ဖြစ်အောင်မြင်စေရန်နှင့် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးအတွက် အကျိုးပြုနိုင်စေရန် ခေတ်မီနည်းလမ်းများဖြင့် မြှင့်တင်သင့်ပါသည်။ ရေရှည်တွင် ဤကဲ့သို့သော လုပ်ဆောင်ချက်များသည် ဟိမဝန္တာဒေသ၏ ကြွယ်ဝသောယဉ်ကျေးမှုကို ထိန်းသိမ်းရာတွင်သာမက  ဒေသတွင်းရှိ သဘာဝထိန်းသိမ်းရေး   လုပ်ငန်းများကိုလည်း

အထောက်အကူဖြစ်စေမည်ဖြစ်သည်။    ပွဲတော်များမှတစ်ဆင့်သာ နွားနောက်ကို နိုင်ငံတကာအလင်းရောင်အောက်သို့ ရောက်ရှိစေကာ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုရရှိစေနိုင်သည်။   ထို့ပြင်   ဤပွဲတော်များသည် နိုင်ငံတကာခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့ဟိမဝန္တာဒေသ၏ ကျေးလက်စီးပွားရေးကိုမြှင့်တင်ပေးနိုင်သည့် အလားအလာများရှိပေသည်။ ဤသို့ဖြင့် နွားနောက်နှင့်ဆက်စပ်သော  ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းရင်း တစ်ချိန်တည်းမှာပင် ဒေသဖွံ့ဖြိုးရေးကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။    ။