စွန်ပလွံသီး၏ ကျန်းမာရေးကောင်းကျိုးများ
Posted_Date
Image
Body
စွန်ပလွံပင်သည် အုန်းပင်၊ ထန်းပင် အမျိုးအစားတို့တွင် ပါဝင်၍ ရာသီဥတု ပူပြင်းခြောက်သွေ့သော ဒေသများ၌ ပေါက်ရောက်သည်။ စွန်ပလွံပင်၏ ပင်စည်မှာ ဖြောင့်မတ်ရှည်လျား၍ ပင်စည်အမြင့် ပေ ၆ဝ မှ ပေ ၈ဝ အထိရှိပြီး အပင်ထိပ်ပိုင်း၌သာ အရွက်များ ဝေဆာစွာရှိသည်။ ရှေးယခင်ကတည်းက ထိုအရပ်ဒေသများတွင် နေထိုင်ကြသူများ သည် စွန်ပလွံသီးကို နေ့စဉ်စားသုံးကြ သည်။ စွန်ပလွံပင်စည်၏အခေါက်သည် ကြမ်းသော်လည်း စွန်ပလွံသားကိုလည်း တခြားသစ်သားများနည်းတူ အမျိုးမျိုး အသုံးပြုခဲ့ကြသည်။ အရွက်များသည် ငှက်တောင်သဖွယ်ဖြစ်ပြီး အလျား ၁ဝ ပေ မှ ပေ ၂ဝ အထိရှိသည်။ စွန်ပလွံပင်သည် နှစ်ပေါင်း ၁၀၀ ကျော်အထိ နှစ်စဉ် အသီးများသီးလေ့ရှိပြီး အသီးခိုင်တစ်ခိုင် လျှင် အလုံး ၁၀၀ ကျော်ရှိပြီး အသီးကို အမှည့်အတိုင်းဖြစ်စေ၊ အခြောက်လှန်း၍ ဖြစ်စေ စားသုံးကြသည်။ မြန်မာနိုင်ငံ၌ အလေ့ကျပေါက် သီးပွင့်နေသော စွန်ပလွံ ပင်များကို နေရာအနှံ့တွင် တွေ့မြင်နိုင် သည်။
စွန်ပလွံသီးများသည် ဘဲဥလုံးရှည်ပုံစံအရှည် ၁ လက်မခွဲ ၂ လက်မ၊ အချင်း ၁ လက်မခန့်ရှိပြီး ကျောက်ခဲကဲ့သို့မာကျောကာ အရှည် ၁ လက်မခန့်ရှိပြီး အစေ့တစ်စေ့တည်းသာရှိသည်။ စွန်ပလွံသီးသည် စိုက်ပျိုးသည့်မျိုးပေါ် မူတည်၍ အနီရောင်ရင့်ရင့်မှ အဝါရင့်ရင့် အရောင်များအထိရှိသည်။
စွန်ပလွံသီးကို အသီးအတိုင်း လတ် ဆတ်စွာစားကြသကဲ့သို့ ယိုထိုး၍လည်း စားကြသည်။ ထို့ပြင် စွန်ပလွံစေ့ကို ရေစိမ်ကြိတ်ခွဲ၍ တိရစ္ဆာန်အစာအဖြစ် လည်း အသုံးပြုနိုင်သည်။ အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများမှ လည်း စွန်ပလွံဆီကို အလှကုန်ပစ္စည်းများ ပြုလုပ်ရာတွင် သုံးစွဲကြသည်။ စွန်ပလွံ သီးကို အစိမ်းစားခြင်းအပြင် မုန့်အချို များပြုလုပ်ရန်နှင့် ဟင်းလျာချက်ပြုတ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြ သည်။ စွန်ပလွံသီးကို သစ်သီးခြောက် အဖြစ် သတ်မှတ်ထားသော်လည်း အသီးသည် တစ်စိတ်တစ်ပိုင်းသာခြောက်၍ အပင်မှခူးပြီးခါစတွင် လွန်စွာနူးညံ့သည်။ ယခုအခါ စွန်ပလွံသီးအမျိုးအစား အများ အပြားရှိလာရာ အရောင်အသွေး၊ အသား နှင့် အရသာမှာ ကွာခြားသည်။ စွန်ပလွံ သီးသည် ဟင်းလျာများချက်ပြုတ်ရာနှင့် အလှကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရုံသာမက ကျန်းမာရေး အတွက်လည်း များစွာကောင်းကျိုးပြုနိုင် သည်။
နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်စေသော စွန်ပလွံသီး
စွန်ပလွံသီးတွင် သွေးကြောနံရံများ တွင် အညှိတက်ခြင်းကို အကာအကွယ် ပေးသည့် အင်တီအောက်စီးဒင့် (ခေါ်)ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပြီး ထိုဓာတ်တိုးဆန့်ကျင်ပစ္စည်း များသည် နှလုံးသွေးကြောကျန်းမာရေး ကို တိုးတက်စေနိုင်သည်။ စွန်ပလွံသီးတွင် နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်စေနိုင်သည့် Isoflavones နှင့် Phytoestrogens များလည်း အများ အပြားပါဝင်သည်။
အစာချေဖျက်ရာတွင် အထောက်အကူပြုနိုင်သော စွန်ပလွံသီး
စွန်ပလွံသီးတွင် အူလမ်းကြောင်းအစာချေဖျက်ခြင်းကို ပိုမိုကောင်းမွန်စေသည့် သတ္တုဓာတ်နှင့် အမျှင်ဓာတ်များလည်း များစွာပါဝင်သည်။ အမျှင်ဓာတ်များစွာ ပါဝင်ခြင်းသည် အူလမ်းကြောင်း လှုပ်ရှား မှုနှေးကွေးသောရောဂါကို ကုသရာတွင် အထောက်အကူပြုပြီး ပိုတက်ဆီယမ်ပါဝင်မှု မြင့်မားခြင်းသည် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ ခံစားနေရသူများကို သက်သာစေသည်။ ထို့ပြင် စွန်ပလွံသီးပုံမှန်စားသုံးခြင်းသည် အစာခြေစနစ် အတွင်း အကျိုးပြုသော ဗက်တီးရီးယားများကို တိုးပွားစေသောကြောင့် အူမကြီး ကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင် သည်။
အရိုးများကိုသန်မာစေသောစွန်ပလွံသီး
စွန်ပလွံသီးတွင် မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်နှင့် ကြေးနီ စသည့်သတ္တုဓာတ် များ ကြွယ်ဝသောကြောင့် အရိုးဆဲလ် များကို သန်မာစေပြီး အသက်အရွယ် ကြောင့်ဖြစ်သည့် အရိုးပွခြင်းကိုကာကွယ် နိုင်သည်။ ထို့ပြင် စွန်ပလွံသီး ပုံမှန်စားသုံးပါက အရိုးရောဂါများကိုကာကွယ်နိုင်သည်။
ကိုလက်စထရောကို လျှော့ချပေးနိုင်သောစွန်ပလွံသီး
စွန်ပလွံသီး၌ အဆီလုံးဝမပါသောကြောင့် နေ့စဉ်စားသုံးပါက ခန္ဓာကိုယ် အတွင်း ကိုလက်စထရောအဆင့်ကို လျှော့ချပေးနိုင်သည်။ မကြာသေးမီက သုတေသနပြုချက်များအရ စွန်ပလွံသီး တွင် ကြွယ်ဝသော သံဓာတ်နှင့်အမျှင်များသည် ခန္ဓာကိုယ်အတွင်း ကိုလက်စထရောများခြင်းကို တားဆီးနိုင်သည်ဟု ဖော်ပြထားသည်။
သွေးပေါင်ချိန်ကို ထိန်းပေးနိုင်သော စွန်ပလွံသီး
စွန်ပလွံသီးတွင် ပိုတက်ဆီယမ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန်ကိုထိန်းပေးသည်။ ပိုတက်ဆီယမ် သည် ဆားတွင်ပါဝင်သော သွေးတိုးစေ သည့် ဆိုဒီယမ်၏ သက်ရောက်မှုကို လည်း လျှော့ချပေးနိုင်သည်။ အသုံးဝင် သောသတ္တုဓာတ်များပါဝင်သောကြောင့် သွေးပေါင်တက်စေသော သွေးအတွင်းသကြားပါဝင်မှုကိုလည်း လျှော့ချပေးသည်။
မှတ်ဉာဏ်တိုးတက်စေသော စွန်ပလွံသီး
သုတေသနပြုချက်များအရ စွန်ပလွံ သီးသည် ခန္ဓာကိုယ်အတွင်း အဆိပ် အတောက်ဖြစ်ခြင်းနှင့် တခြားပုံစံအမျိုးမျိုး ဖြင့် ရောင်ရမ်းမှုများကြောင့် ဦးနှောက် ထိခိုက်ခြင်းကို ကာကွယ်ပေးသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများတွင် နာဗ့်ဆဲများ အဆင့်လျော့ကျခြင်းကို တားဆီးပြီး မှတ်ဉာဏ်နှင့်တခြားသော အသိအာရုံများကို တိုးတက်စေသည်။
ခွန်အားတိုးစေသောစွန်ပလွံသီး
စွန်ပလွံသီးတွင် Sucrose၊ Fructose နှင့် Glucose တို့ကဲ့သို့သော သဘာဝသကြားဓာတ်များ မြင့်မားစွာပါဝင်သော ကြောင့် အလွန်ချိုသည်။ ထိုသဘာဝ သကြားများသည် ခန္ဓာကိုယ်အတွင်း ကယ်လိုရီအများအပြား ထုတ်လုပ်ပေး သောကြောင့် စွမ်းအင်တိုးစေသည်။ စွန်ပလွံသီး၏ သတ္တုဓာတ်များကြောင့်လည်း ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး ထိုဇီဝကမ္မဖြစ်စဉ်က လည်း စွမ်းအားများ ထုတ်လုပ်ပေးသည်။
ညဘက်အမြင်အာရုံချို့ယွင်းမှုကို ကာကွယ်ပေးသောစွန်ပလွံသီး
စွန်ပလွံသီးတွင် ဗီတာမင်-A ကြွယ်ဝ သောကြောင့် အမြင်အာရုံတိုးတက်စေ ပြီး ညဘက်အမြင်အာရုံချို့ယွင်းခြင်းကို ကာကွယ်ပေးသည်။ ဗီတာမင်-A ချို့တဲ့ ခြင်းသည် ကလေးများ ညဘက်အမြင် အာရုံချို့တဲ့ခြင်းကို အဓိကဖြစ်စေသော ကြောင့် စွန်ပလွံသီး ပုံမှန်စားရန်လိုသည်။
ကိုယ်ဝန်ဆောင်များအတွက် ကောင်းမွန်သောစွန်ပလွံသီး
စွန်ပလွံသီးတွင် အမျှင်ပါဝင်မှုများသောကြောင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင် ကာလအတွင်း စအိုသွေးကြောများ နာကျင်ရောင်ရမ်းခြင်းကဲ့သို့ ပြင်းထန် သော နောက်ဆက်တွဲပြဿနာများကို တားဆီးပေးသည်။ စွန်ပလွံသီးနေ့စဉ် စားသုံးခြင်းသည် တခြားသော ကျန်း မာရေးဆိုင်ရာများကိုလည်း ကောင်းမွန်စေသည်။
အရေပြားကျန်းမာရေး ပိုမိုကောင်းမွန်စေသော စွန်ပလွံသီး
စွန်ပလွံသီးတွင် ဗီတာမင်-C နှင့် D ကြွယ်ဝသောကြောင့် အရေပြား၏သဘာဝရုန်းကန်အားကို ကောင်းမွန်စေကာ အရေပြားချောမွေ့ကျန်းမာစေသည်။ ထိုအကြောင်းအရာများကြောင့် ကျန်းမာရေး သတိရှိသူများကြားတွင်စွန်ပလွံသီးသည် အလွန်ရေပန်းစားလျက်ရှိသည်။
အူမကြီးကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေသော စွန်ပလွံသီး
အစားအသောက်နှင့် အာဟာရသုတေသနအဖွဲ့အစည်း၏ လေ့လာစမ်းသပ်မှု များအရ နေ့စဉ် စွန်ပလွံသီးစားသုံးသူ များသည် အူမကြီးအတွင်းရှိ ကောင်းမွန် အကျိုးပြုသော ဗက်တီးရီးယားများကို ပွားများစေပြီး ကင်ဆာဖြစ်စေသော ဆဲလ်များကို ဟန့်တားပေးကြောင်း တွေ့ရှိ ရသည်။
ကိုယ်ခံစွမ်းအားမြင့်မားစေသော စွန်ပလွံသီး
စွန်ပလွံသီးတွင် သဘာဝသကြားဓာတ်၊ ဂလူးကို့စ်နှင့် သစ်သီးရည်တို့ပါဝင် သဖြင့် ကိုယ်ခံစွမ်းအားကို သဘာဝအတိုင်းရရှိစေပါသည်။ တခြားသော စွမ်းအားဖြည့်ဖျော်ရည်များနှင့် မတူသောစွန်ပလွံသီးတွင် အမျှင်ဓာတ်၊ ပိုတက်ဆီ ယမ်၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင်ဓာတ် များစွာပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားကို ကြာရှည်ကောင်းမွန်စေပါသည်။
အစာချေဖျက်နှုန်းကောင်းမွန်စေသော စွန်ပလွံသီး
ပုံမှန်အစာချေဖျက်အားကောင်းလိုသူများအတွက် စွန်ပလွံသီးကိုပုံမှန်စားပေး ရန် အထူးသင့်လျော်သည်။ စွန်ပလွံသီး တစ်ခွက်စာစားမည်ဆိုလျှင် အမျှင်ဓာတ် ၁၂ ဂရမ်ခန့်ရရှိမည်ဖြစ်ပြီး တစ်ရက်တာလိုအပ်သော အမျှင်ဓာတ်ပုံမှန်စားပေး ခြင်းဖြင့် ဝမ်းချုပ်၍ မအီမသာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
စွန်ပလွံသီးကို ပုံမှန်စားခြင်းဖြင့် အစာချေဖျက်နှုန်းကောင်းမွန်စေခြင်း၊ ကိုယ်ခံ စွမ်းအားမြင့်မားစေခြင်း၊ အူမကြီးကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေခြင်း၊ ကိုယ်ဝန်ဆောင်များအတွက် ကောင်းခြင်း၊ ညဘက်အမြင်အာရုံချို့ယွင်းမှုကို ကာကွယ်ပေးခြင်း၊ ရုပ်ပိုင်းခွန်အားတိုးစေခြင်း၊ မှတ် ဉာဏ်တိုးတက်စေခြင်း၊ ကိုလက်စထရောလျှော့ချပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ကိုထိန်းပေးနိုင်ခြင်း၊ အရိုးများကိုသန်မာစေခြင်း၊ အစာချေဖျက်ရာတွင်အထောက်အကူပြုနိုင်ခြင်း၊ နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်စေခြင်း စသည့်ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
