နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့
Posted_Date
Image
Body
မွေးမြူရေးကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်မှုအတွက် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက်ပါ အခရာကျသော ကဏ္ဍတစ်ခုဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍသည် စီးပွားရေးစက်ဝန်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးခြင်း၊ ပြည်သူလူထု၏ လူနေမှုဘဝမြှင့်တင်ပေးခြင်းနှင့် နိုင်ငံတော်၏ စီးပွားရေးရပ်တည်ချက်ကိုခိုင်မာစေခြင်း စသည့်အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသ စီးပွားရေးကို မြှင့်တင်ပေးနိုင်လျှင် နိုင်ငံစီးပွားရေးလည်းတိုးတက်မြင့်မားလာပြီး ဆင်းရဲမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်မည်ဖြစ်သည်။ မွေးမြူရေးထွက်ကုန်များ ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ပါက ကုန်သွယ်မှုပိုငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေသည်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏အကြီးဆုံးပြည်နယ်တစ်ခုဖြစ်ပြီး မတူညီသော မြေမျက်နှာသွင်ပြင် ရာသီဥတုနှင့်ယဉ်ကျေးမှု မျိုးစုံတည်ရှိရာ ဒေသဖြစ်သည့်အလျောက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရန် အလားအလာကောင်းများရှိသည်။ ယခုအခါ ပြည်နယ်အတွင်း မွေးမြူရေးထုတ်ကုန်များ တိုးတက်ထွန်းကားလာစေရန် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ဆောင်ရွက်နေမှုများ များစွာရှိသည်။
မိမိတို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ ဖြန့်ဖြူးပေးခြင်း၊ မေထုန်မဲ့နည်းများဖြင့် သားစပ်ပေးခြင်း၊ မွေးမြူရေးဆိုင်ရာ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အရည်အသွေးမြှင့် အစာထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေသကုန်ကြမ်းများဖြင့် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပေးခြင်း၊ ဈေးကွက်ရှာဖွေရေးအတွက် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ရောင်းချနိုင်ရန် ဆက်သွယ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍ၏ပါဝင်ဆောင်ရွက်မှုအနေဖြင့် ခေတ်မီမွေးမြူရေးခြံများ တည်ဆောက်ပြီး အသား၊ ဥနှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဒေသထွက် ကြက်၊ ဝက်၊ အမဲသားများနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ရှမ်းပြည်နယ်မှထွက်ရှိသော အသား၊ နို့၊ ဥများကို ကိုယ်ပိုင်အမှတ်တံဆိပ်များဖြင့် ဈေးကွက်တင်ရောင်းချခြင်းများ ဆောင်ရွက်ရန်လိုအပ်သည်။
မိမိတို့ ရှမ်းပြည်နယ်အနေဖြင့် မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်လာစေရန် မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မွေးမြူသူများအတွက် လိုအပ်သော မွေးမြူရေးချေးငွေများ ချထားပေးခြင်း၊ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်ဘတ်ဂျက်ဖြင့် မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မွေးမြူရေးလုပ်ငန်းများအနေဖြင့် စီးပွားဖြစ်အောင်မြင်ရန် စိန်ခေါ်မှုများကိုကျော်လွှားရန်လိုအပ်သည်။ ဈေးကွက်နည်းပညာ အားနည်းခြင်းသည် မွေးမြူရေးလုပ်ငန်းများတွင် စီးပွားရေးဖြစ်ရန် မလွယ်ကူကြောင်း တွေ့ရှိရသည်။
မွေးမြူရေးလုပ်ငန်းများတွင် အရည်အသွေးကောင်းမွန်ရေး လုပ်ကိုင်နိုင်သော်လည်း စီးပွားရေးတွက်ခြေကိုက်ရေး လက်တွေ့ဆောင်ရွက်ရန်ခက်ခဲသည်။
ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံ၏ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများမှာ တိုးတက်မှုအားနည်းနေဆဲဖြစ်သည်။ ဇီဝလုံခြံမှုသည်လည်း ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက် စသည့်မွေးမြူရေး လုပ်ငန်းတွင် ရောဂါပိုးမွှားများ ဝင်ရောက်ပျံ့နှံ့မှုကြောင့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် လူ့စွမ်းအားအရင်းအမြစ်များ ရရှိရေး တိုးတက်ဆောင်ရွက်သွားရန်လိုအပ်သည်။
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ကြမ်းအဆင့်တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်သည်။ MSME လုပ်ငန်းများကို အားပေးခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် လူဦးရေအများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့်အပြင် ပြည်တွင်းထုတ်လုပ်မှုကို မြင့်တက်စေပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည်။
မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မီနည်းစနစ်များဖြင့် ဇီဝလုံခြုံမှုစနစ်ကို စနစ်တကျ ချမှတ်ကျင့်သုံးခြင်းဖြင့် ရောဂါဘယများကူးစက်ပျံ့နှံ့မှုမှ ကာကွယ်တားဆီးနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော မွေးမြူရေးလုပ်ငန်းများကို တည်ဆောက်နိုင်သည်။ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးနှင့်ပုဂ္ဂလိကကဏ္ဍ၏ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် အစိုးရဌာနဆိုင်ရာများဘက်မှ မတည်ကူညီဆောင်ရွက်ပေးနေမှုနှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးမှုကိုလည်း ယခုထက်ပိုမိုအားဖြည့် ဆောင်ရွက်ပေးရန်လိုအပ်သည်။ မွေးမြူရေးကဏ္ဍတွင် မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်နိုင်ရေးနှင့် ခေတ်မီသောနည်းပညာများ ပြည်သူများထံသို့ ရောက်ရှိရေးအတွက် သက်ဆိုင်ရာ ဌာနအနေဖြင့်လည်း သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်သည်။
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်စေရုံသာမက နိုင်ငံတော်၏ စီးပွားရေးလည်း ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာခြင်းဖြင့် နိုင်ငံစီးပွားရေး မြင့်မားတိုးတက်လာပြီး ပြည်သူလူထု၏လူမှုစီးပွားဘဝများလည်း “ကျွဲကူးရေပါ” ဆိုသလို လိုက်ပါမြင့်တက်လာမည်ဖြစ် သည်။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်သည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှတ်တိုင်တစ်ခုဖြစ်သည်။ မွေးမြူရေးကဏ္ဍအနေဖြင့် ဤဆောင်ပုဒ်နှင့်အညီ မိမိတို့၏ သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချကာ စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပထမအဆင့်အနေဖြင့် နည်းပညာမြှင့်တင်ပြီး ကောင်းမွန်သောမွေးမြူရေး ကျင့်စဉ်(GAHP)စနစ်ဖြင့် မွေးမြူစေခြင်း၊ ဈေးကွက်ဆိုင်ရာ အသိပညာများကို တိုးချဲ့ကျင့်သုံးခြင်းဖြင့် နိုင်ငံတော်၏ ရွှေရောင်အနာဂတ်ကို အတူချီတက်ကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။ ။
MWD
