ကင်ဆာရောဂါများအတွက် အထောက်အကူပြုစေသည့် ကန်စွန်းရွက်
Posted_Date
Image
Body
ကန်စွန်းပင်သည် Convolvulaceae မျိုးရင်းဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Ipo-moea aquatica Forsk/Ipomoea Reptans Poir ဖြစ်သည်။
မြန်မာ့အယူအဆအရ ကံကောင်း အောင် ကန်စွန်းညွန့်ကို ဘုရားတင်လှူ ကြသည့် အစဉ်အလာရှိသည်။ မြန်မာနိုင်ငံ၌ ကန်စွန်းရိုးနီ၊ ရိုးရိုးကန်စွန်း (မြန်မာကန်စွန်း) နှင့် တရုတ်ကန်စွန်းဟူ၍ သုံးမျိုးတွေ့ရသည်။ ရိုးတံတို၍ အရွက်နည်းသော ကန်စွန်းရိုးနီကို ချဉ်ရည်ဟင်း၊ ချဉ်ဖတ်၊ မန်ကျည်းသီးမှည့်နှင့်ပြုတ်ကာ အတို့အမြှုပ်အဖြစ် စားသုံးလေ့ရှိသည်။ အစိမ်းရောင်အရွက်ဖားဖား တရုတ်ကန် စွန်းကို အရိုးပင်စည်များကြီးထွားပြီး နူးညံ့မှုရှိသောကြောင့် ကြော်စားလေ့ရှိ သည်။
မြန်မာကန်စွန်း၏အရွက်နှင့် အရိုးတို့မှာ တရုတ်ကန်စွန်းလောက်မကြီးဘဲ နူးညံ့မှု နည်း၍ ကြော်ချက်၊ ချဉ်ရည်ဟင်း၊ သနပ် စုံ၊ ငါးပေါင်းကြော်၊ ကန်စွန်းရွက်ပေါင်းနှင့် ကန်စွန်းရွက်သုပ်အဖြစ် ပြုလုပ်စားသုံး လေ့ရှိကြသည်။ မှိုဟင်းလျာများ ကြော်လှော်ချက်ပြုတ်ရာတွင် အဆိပ်အတောက် ပြေစေရန် ကန်စွန်းရွက်သည် မရှိမဖြစ်ဖြေ ဆေးဖြစ်သည်။
ကန်စွန်းရွက်ထဲတွင် ကယ်လိုရီ၊ ကစီ ဓာတ်၊ သကြား၊ ချေဖျက်လွယ်သောအမျှင် ဓာတ်၊ ပရိုတင်း၊ ဗီတာမင်-A၊ ဘီတာ ကယ်ရိုတင်း၊ လူတိန်း၊ Zeaxanthin၊ ဖောလိပ်၊ ဗီတာမင်-C နှင့် သံဓာတ် စသည်တို့ပါဝင်သည်။
- ကန်စွန်းရွက်ကို သုတေသနပြုဓာတ် ခွဲစမ်းသပ်ကြည့်ရာတွင် Initiation (ခေါ်) ကောင်းသည့် ခန္ဓာကိုယ်အကျိုး ပြု DNA များ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ပေးကြောင်း၊ Proliferation (ခေါ်) ကင်ဆာဆဲလ်များ အဆမတန် ကြီးထွားလာမှုကို ဟန့်တားပေးနိုင်ကြောင်း၊ Metastasis (ခေါ်) ကင်ဆာ ဆဲလ်များပြန့်ပွားလာမှုကို ဟန့်တား ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု အမေရိကန်နိုင်ငံထုတ် Daily Health Digest ၌ ရေးသားဖော်ပြ ထားသည်။
- အင်္ဂလန်နိုင်ငံရှိ ကင်ဆာသုတေသန အဖွဲ့၏ဆန်းစစ်ချက်များအရ ကန်စွန်း ရွက်သည် ဂေါ်ဖီမျိုးနွယ်၀င်ဖြစ်၍ ကင်ဆာရောဂါအမျိုးမျိုးကို တိုက် ထုတ်ပေးနိုင်သည့် Isothiocyanates ဓာတ်ပေါင်းစုပါရှိသည်။ ထို့ပြင် ကန် စွန်းရွက်တွင် ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ထိန်းချုပ်ပေးနိုင် သော phenethyl isothiocyanate (ခေါ်) PEITC ဓာတ်ပါဝင်သည်။ ထို ဓာတ်က အထူးသဖြင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီး ကင်ဆာနှင့် အမျိုးသားများ ဆီးကျိတ် ကင်ဆာ စသည့်ကင်ဆာရောဂါဆဲလ် များ ကြီးထွားလာမှုကို ထိန်းချုပ်ပေးနိုင်စွမ်းရှိကြောင်း လေ့လာတွေ့ရှိရသည်။
ထို့ပြင် အင်္ဂလန်နိုင်ငံရှိ The University of Reading တက္ကသိုလ်မှ သုတေသန ပြုချက်များအရ အောက်ပါအတိုင်း အကြံပြုထားသည်။
- အင်္ဂလန်နိုင်ငံ၌ ရင်သားကင်ဆာသည် ဒုတိယအဖြစ်များဆုံးဖြစ်ကာ အမျိုးသမီး ၅၀၀၀၀ ခန့် နှစ်စဉ် ရင်သား ကင်ဆာရောဂါခံစားကြရပြီး ၁၂၀၀၀ ခန့်က ထိုကင်ဆာရောဂါဖြင့် ကွယ် လွန်သွားကြောင်း၊
- ရင်သားကင်ဆာကို ဓာတ်ရောင်ခြည်ပေး၍ ကုသသည့်အခါ အရေပြား အရောင်ပျက်စီးခြင်း ဖြစ်လေ့ရှိသော်လည်း ကန်စွန်းရွက်ကို ဓာတ်စာ ကုထုံးအဖြစ်ကျွေး၍ ဓာတ်ရောင်ခြည် ကုသကြည့်သည့်အခါ အရေပြားပျက်စီးခြင်းမှ သိသိသာသာလျော့ပါး သက်သာနေသည်ကို တွေ့ရကြောင်း၊
- First stage (ခေါ်) ရင်သားကင်ဆာဖြစ်ခါစ ဝေဒနာရှင် အမျိုးသမီး ၁၀၀ ကို ဓာတ်ရောင်ခြည်ကုသနေစဉ်တွင်ပင် ကန်စွန်းရွက် ၁၀၀ ဂရမ်ကို ရက် သတ္တရှစ်ပတ်တိတိ နေ့စဉ်စားသုံးစေပြီးနောက် သွေးစစ်ကြည့်ရာ ကန်စွန်းရွက်ထဲတွင် ပါ၀င်သည့် သဘာ၀ဓာတ်ပေါင်းများက ကင်ဆာ ဆဲလ်များကို တိုက်ထုတ်ပေးကြောင်း လေ့လာတွေ့ရှိခဲ့သည်။
- ၁ ဂရမ်အလေးချိန်ရှိသော ကန်စွန်း ရွက်တွင် ယင်းနှင့်အလေးချိန်တူ ဟင်းနုနယ်ထက် သံဓာတ်ပါ၀င်မှု ပိုများကြောင်း၊
- ၁ ဂရမ်အလေးချိန်ရှိသော ကန်စွန်း ရွက်တွင် ယင်းနှင့်အလေးချိန်တူ လိမ္မော်သီးထက် ဗီတာမင်-C ပါ၀င်မှုပိုများကြောင်း၊
- ၁ ဂရမ်အလေးချိန်ရှိသော ကန်စွန်းရွက်တွင် ယင်းနှင့်အလေးချိန်တူ နွားနို့ထက် ကယ်လ်စီယမ်ပါ၀င်မှု ပိုများကြောင်း၊
- ၁ ဂရမ်အလေးချိန်ရှိသော ကန်စွန်းရွက်တွင် ယင်းနှင့်အလေးချိန်တူ ပန်းဂေါ်ဖီစိမ်းထက် ဗီတာမင်-E ပါ၀င် မှုပိုများကြောင်း၊
- ၁ ဂရမ်အလေးချိန်ရှိသော ကန်စွန်းရွက်တွင် ယင်းနှင့်အလေးချိန်တူ ငှက်ပျောသီးထက် ဖောလိပ်ဓာတ် ပါ၀င်မှုပိုများကြောင်း စသည်ဖြင့် လေ့လာတွေ့ရှိရသည်။
ယင်းအတွက် ကန်စွန်းရွက်ကို နေ့စဉ် စားသုံးပေးခြင်းဖြင့် DNA ပျက်စီးမှုမဖြစ် အောင် ကာကွယ်ပေးကြောင်းနှင့် ကျန်းမာ သည့်သွေးဆဲလ်များ တိုးပွားစေသောကြောင့် ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
သတိပြုရန်
ကန်စွန်းရွက်နှင့် မွေးရာပါဓာတ်မတည့်သူများ သတိထားစားသုံးသင့်သည်။ ကန်စွန်းရွက်တွင် အိုင်အိုဒင်းဓာတ်ပေါများ ၍ ဟိုက်ပိုသိုင်းရွိုက်ရောဂါကို ကောင်း ကျိုးပြုသော်လည်း ဟိုက်ပါသိုင်းရွိုက် ရောဂါကို ကောင်းကျိုးမပြုသောကြောင့် ဟိုက်ပါသိုင်းရွိုက်ဝေဒနာရှင်များ ကန်စွန်းရွက် လုံး၀မစားသုံးသင့်ပါ။ ကန်စွန်းရွက်သည် ဆီးရွှင်စေသော်လည်း လိုအပ်သည်ထက် လွန်ကဲစွာစားသုံးမိပါက မကြာခဏ ဆီးသွားရသည့် ဆီးအိတ်ရောင်ရောဂါ ဖြစ်စေနိုင်သည်။
မှတ်ချက်
ကန်စွန်းပင်များကို များသောအားဖြင့် စိုက်ခင်းထဲတွင် သဘာ၀ရေမှော်ကဲ့သို့ စိုက်ပျိုးထားလေ့ရှိသောကြောင့် ကပ်ပါး ပိုးများပါလာတတ်၍ မချက်ပြုတ်မီ ရေ များများဖြင့် သန့်စင်အောင် ဆေးကြော သင့်သည်။ ညှိုးပျော့၍ အဝါရောင်သန်း နေသော ကန်စွန်းရွက်များသည် မလတ် ဆတ်ဘဲ အာနိသင်လည်း ပျက်ပြယ်စေသည်။
အချုပ်အားဖြင့်ဆိုရသော် ခေတ်မီ တိုးတက်သော ယနေ့ကမ္ဘာတွင် ကျန်းမာ ရေးအမြင်ရှိသူတိုင်း သစ်သီး၀လံနှင့် ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေး အထောက်အကူပြု အာဟာရအစားအစာ များအဖြစ် အရေးပါပုံကို သိမြင်လက်ခံ လာကြပြီဖြစ်ရာ မိမိတို့ပတ်၀န်းကျင်၌ ရာသီမရွေး ရရှိနိုင်ကာ လွယ်ကူမြန်ဆန်စွာ ချက်ပြုတ်နိုင်ပြီး ခံတွင်းလည်းမြိန်၊ ကင်ဆာရောဂါများအတွက် အထောက်အကူပြု စေသည့် ကန်စွန်းရွက်ကို မီးဖိုချောင်သုံး ဆေးဝါးအဖြစ် စားသုံးပေးကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။
MWD
