မျိုးဆက်သစ်များ ကျန်းမာဖို့ ကိုယ်တိုင်ဆေးလိပ်ဖြတ်ကြစို့
Posted_Date
Image
Body
ဆေးလိပ်သောက်ခြင်းအလေ့အကျင့်သည် လူကို ကောင်းကျိုးချမ်းသာမရရှိစေဘဲ ဆိုးကျိုးဒုက္ခများသာ ရရှိစေသည်။ ငွေကြေးကုန်ကျခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းကာ အခြားသူများကိုထိခိုက်စေခြင်း စသောဆိုးကျိုးဒုက္ခများရရှိနိုင်သည်။ ထိုကဲ့သို့ ကောင်းကျိုးချမ်းသာမရှိသော ဆေးလိပ်သောက်ခြင်းဓလေ့သည် ၁၀ ရာစုခန့်ကစ၍ ပေါ်တူဂီနှင့်အီတလီနိုင်ငံတို့၌ စတင်ခဲ့သည်ဟုဆိုကြသည်။ ကိုလံဘတ်သည် ၁၄၉၂ ခုနှစ်တွင် နယ်မြေသစ်ရှာဖွေရာမှ အမေရိကတိုက် ဘဟားမားကျွန်းသို့ရောက်ခဲ့ရာ ထိုကျွန်းတွင် နေထိုင်ကြသူများသည် ဆေးလိပ်မီးရှို့သောက်ရှူနေသည်ကိုတွေ့မြင်ခဲ့သည်။ ကိုလံဘတ်က ထိုအပင်မျိုးစေ့ကို ဥရောပသို့ သယ်ယူလာရာမှ ဆေးလိပ်သောက်ခြင်းအလေ့အကျင့်များ ပြန့်ပွားခဲ့ခြင်းဖြစ်သည်။
ဆေးလိပ်သောက်သူများတွင် အချို့က ဆေးလိပ်၏ ဆိုးကျိုးကိုမသိ၍ သောက်သုံးနေသူများရှိသကဲ့သို့ဆေးလိပ်၏ဆိုးကျိုးကို သိလျက်နှင့် သောက်သုံးနေကြသူများလည်း ရှိကြသည်။ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူအမျိုးသားဦးရေ သန်း ၉၀၀ ကျော်နှင့် အမျိုးသမီးဦးရေ သန်း ၂၀၀ ကျော်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် တစ်နှစ်လျှင် လူဦးရေငါးသန်းမျှ သေဆုံးနေကြပြီး သေဆုံးသူအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံမှဖြစ်သည်။ ဆေးလိပ်သောက်ခြင်း အလေ့အကျင့်သည် ဆေးလိပ်သောက်သုံးသူနှင့် နီးစပ်စွာနေထိုင်ရင်းမှ ကူးစက်သွားတတ်သည်။ ဆေးလိပ်သောက်သောသူ တစ်ဦးနှင့် ရင်းနှီးစွာနေထိုင်ခြင်းဖြင့် ဆေးလိပ်သောက်တတ်သည့် အလေ့အထများကို အတုယူတတ်သွားနိုင်သည်။
ဆေးလိပ်သောက်ခြင်းဆိုသည်မှာ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ စီးကရက်နှင့် အီးစီးကရက် သောက်သုံးရှူရှိုက်ခြင်းတို့ဖြစ်သည်။ ဆေးလိပ်တွင် နီကိုတင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ကတ္တရာနှင့် ဘင်ဇင်းတို့ပါဝင်သည်။ ဆေးလိပ်မီးရှို့၍ ထွက်ပေါ်လာသော မီးခိုးငွေ့တွင် ကင်ဆာရောဂါဖြစ်နိုင်စေသော ဓာတ်ပစ္စည်းပေါင်း ၆၀ ကျော်ပါရှိပြီး ပါဝင်သောဓာတ်ပစ္စည်းပေါင်း ၄၇၀၀ ခန့်ပါရှိသည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုး၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါတို့ဖြစ်စေနိုင်သည်။ ဆေးလိပ်သောက်သူသည် မိမိပိုင်ဆိုင်သောငွေစက္ကူများကိုမီးရှို့ကာ ခန္ဓာကိုယ်အတွက် ရောဂါဘယများကို ဝယ်ယူနေခြင်းဖြစ်သည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါ စသည့်မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာ ကပ်ရောဂါအသွင်ဖြင့် အလျင်အမြန်တိုးတက် များပြားလာနေပြီး ၎င်းရောဂါများကို ကုသရန်အတွက် ပြည်သူ့ဘဏ္ဍာငွေ မြောက်မြားစွာသုံးစွဲရသည့် အတွက်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြီးမားသော အဟန့်အတားတစ်ခုဖြစ်စေသည်။ ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှု အလေ့အထကောင်းများ လိုက်နာကျင့်သုံးနိုင်ရေးသည် ရောဂါကာကွယ်ရေးအတွက် အခြေခံကျသည့်အချက်တစ်ခုပင်ဖြစ် သည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု တစ်မျိုးတည်းကြောင့် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော်သေဆုံးနေရပြီး အဆိုပါလူဦးရေမှ ၁ ဒသမ ၂ သန်းသည် ကိုယ်တိုင်ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့်မဟုတ်ဘဲ အခြားသူသောက်သုံးသည့် တစ်ဆင့်ခံဆေးလိပ်ငွေ့ (Second-hand smoke)ကြောင့် ရောဂါများဖြစ်ပွား၍ သေဆုံးနေရသည်။
များသောအားဖြင့် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် သေဆုံးနေရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြသည်။ဆေးလိပ်သောက်ခြင်းကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက ဆေးလိပ်သောက်သုံးမှုအန္တရာယ် ကာကွယ်တားဆီးရေး အတွက် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။ လူအများဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်နိုင်ရန် ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မေလ ၃၁ ရက်ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် ဆေးရုံများ၊ ဘူတာရုံများ၊ လေဆိပ်များ၊ ကျောင်းများ၊ ဘတ်စကားများ၊ သင်္ဘော၊ မီးရထား၊ လေယာဉ်ပျံ စသောနေရာများ၌ ဆေးလိပ်မသောက်ရန် ကန့်သတ်ထားသည်။
ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့်ပတ်သက်၍ ဥပဒေအား လိုက်နာရန် ဆောင်ရွက်မှုသည် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကိုကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် အထောက်အကူပေးခြင်းများ ဆောင်ရွက်မှုမရှိစေရန်အတွက်လည်း ဥပဒေနှင့်အညီ ထိရောက်စွာထိန်းချုပ် ဆောင်ရွက်သွားရန်လိုအပ်သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ သတ်မှတ်ဆောင်ရွက်ပြီး ပြည်သူလူထုအား ဆေးလိပ်ငွေ့အန္တရာယ်မှ ရောဂါများဖြစ်ပွားစေမှု မရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်မှု၏ အောင်မြင်မှုတစ်ရပ်အနေဖြင့် (၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင်မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ASEAN Smoke Free Award ဆုချီးမြှင့်ခံခဲ့ရသည်။ ထိုအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ တိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှစ၍ အီးစီးကရက်၊ Vape နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ပိတ်ပင်ခဲ့သည်။ အီးစီးကရက်နှင့် Vape များ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းနှင့်သုံးစွဲခြင်းအားလုံးကို တားမြစ်ထားသည်။ အထူးသဖြင့် လူငယ်များအသုံးပြုနေကြသည့် အီးစီးကရက်ကြောင့် ဆေးစွဲခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်းနှင့် ကင်ဆာရောဂါ အထိဖြစ်စေနိုင်သည့် နီကိုတင်းဓာတ်ပါဝင်မှုများကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌လည်း ဆေးလိပ်သောက်သုံးသည့်ဓလေ့မှာ ကြာမြင့်ပြီဖြစ်ကြောင်းကို တူးဖော်တွေ့ရှိခဲ့ရသော မြေဆေးတံ ရှေးဟောင်းပစ္စည်းများအရ သိရှိနိုင်သည်။ ထိုရှေးဟောင်းပစ္စည်းများအရ သုဝဏ္ဏဘူမိနှင့်သရေခေတ္တရာ ခေတ်ကတည်းကပင် မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးသည့် ဓလေ့ရှိခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူတစ်ဦး၏ တစ်နှစ်ဆေးလိပ်သောက်သုံးသည့်အရေအတွက်မှာ အလိပ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိရှိကြောင်းသိရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအဆက်ဆက်က ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးနှင့် ဆေးရွက်ကြီးကင်းမဲ့ရေး စီမံချက်လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြသည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျန်းမာရေးဌာနက ဦးစီးကျင်းပသည့် ဆေးလိပ်သောက်သုံးမှုကင်းဝေးရေး ဆွေးနွေးပွဲကြီးပြုလုပ်၍ ဆေးလိပ်သောက်သုံးမှု တိုက်ဖျက်ရေးနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ ကျန်းမာရေးပညာပေးခြင်းများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၉၉ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၏ (၁၇) ကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့၌ကျင်းပပြီး ဆေးလိပ်အန္တရာယ်ကင်းရှင်းရေးကို ဆွေးနွေးကြ၍ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ လှုပ်ရှားမှုများအဖြစ် မြန်မာနိုင်ငံတွင် တယ်လီဗေးရှင်းမှ ဆေးလိပ်ကြော်ငြာများ ကိုပိတ်ပင်ခြင်း၊ ရုပ်ရှင်ဇာတ်လမ်းများဖြင့် ပညာပေးပြသခြင်း၊ ရုပ်ရှင်ရုံ၊ ရုံး၊ ဘူတာ စသည့်လူအများစုဝေးရာများတွင် ဆေးလိပ်မသောက်ရန် ကန့်သတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စွဲလမ်းမှုဖြတ်တောက်ရေး၊ အများပြည်သူသို့ အသိပညာပေးရေး စသည့်လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ယခုအခါ အဆိုပါဥပဒေကို ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျောင်းသားလူငယ်လူရွယ်များ ဆေးလိပ်သောက်သုံးခြင်းမှ ကင်းဝေးရန် ကျောင်းပရိဝုဏ်အတွင်းနှင့် ယင်းမှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုလုပ်ရန်၊ ၁၈ နှစ် မပြည့်သေးသူလူငယ်များကို ဆေးလိပ်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့်ရောင်းချရန် စေခိုင်းခြင်းမပြုလုပ်ရန် ဥပဒေဖြင့်တားမြစ် ထိန်းချုပ်ထားသည်။
လူငယ်များသည် အရာရာကိုစမ်းသပ်လိုကြသည်။ ကိုယ်တိုင်ကြုံမှယုံကြသည်။ ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် မြင်တွေ့နေရသည့်အတိုင်း လက်တွေ့စမ်းသပ် သုံးစွဲရာမှ လူငယ်များ၏ အနာဂတ်သည် ဆေးလိပ်ငွေ့များနှင့်အတူ ဝေဝါးပျောက်ကွယ်သွားတတ်သည်။ အသိပညာ၊ အတတ်ပညာများကို မလေ့လာနိုင်ဘဲ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အာရုံစူးစိုက်နိုင်မှု ကျဆင်းလာခြင်း၊ သင်ယူနိုင်စွမ်းရည် နည်းပါးလာခြင်းတို့ ဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးတို့ကို ခံစားရပြီး လူငယ်ဘဝကို အညွန့်တုံးစေမည်ဖြစ်သည်။
ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဟူသည့်အတိုင်း မကောင်းသည့်အရာကို စာတွေ့အမြင်တွေ့လေ့လာ၍ ကိုယ်တွေ့မပြုလုပ်ဘဲ လူငယ်များ ကိုင်၍ပင်မကြည့်သင့်သောအရာမှာ ဆေးလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးဆိုသော အရာပင်ဖြစ်ပေသည်။ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များသည် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နေရမည်။ အသိပညာ၊ အတတ်ပညာနဲ့ပြည့်စုံနေရမည်။ သို့မှသာ နိုင်ငံတော်ကို ကောင်းမွန်မှန်ကန်စွာ ဦးစီးဦးဆောင်နိုင်မည်ဖြစ်သည်။
ကလေးသူငယ်များကို ဆေးလိပ်သောက်ခြင်းအစမပြုစေရန် ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ရမည်မှာ လူ့အသိုင်းအဝိုင်း၏ တာဝန်ဖြစ်သည်။ မိဘများ၊ ဆရာများ၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကလေးများ၏ကျန်းမာရေးနှင့် အနာဂတ်ကို ကာကွယ်နိုင်မည်ဖြစ် သည်။ ကလေးများတွင် ဆေးလိပ်သောက်ခြင်း၊ ကလေးငယ်များအား ဆေးလိပ်မီးညှိခိုင်းခြင်း၊ ဆေးလိပ်ဝယ်ခိုင်းခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ ကလေးသူငယ်များ ဆေးလိပ်မသောက်ရန် အတွက် အကောင်းဆုံးကာကွယ်နည်းမှာ မိမိကိုယ်တိုင် ဆေးလိပ်မသောက်ခြင်းပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာနှင့်စိတ်မကျန်းမမာဖြစ်ရခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်၍ အသိ၊ သတိဖြင့်ထိန်း၍ မိမိအကျိုး၊ မိမိတို့၏မျိုးဆက်သစ်များ အကျိုးအတွက် ဆင်ခြင်ရှောင်ကြဉ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။
MWD
