ဆေးဖက်ဝင်မျှစ်အကြောင်း သိကောင်းစရာအဖြာဖြာ

Posted_Date

Image

ဆေးဖက်ဝင်မျှစ်အကြောင်း သိကောင်းစရာအဖြာဖြာ

Body

ဝါးမျိုးနွယ်ပင် မျှစ်ကို အင်္ဂလိပ်အမည် အားဖြင့် Bamboo  Shoots ( Bamboo Sprouts) ဟုခေါ်ပြီး    ရုက္ခဗေဒအရ   Bambusa vulgaris၊ Phyllostachys edulis ဟုခေါ်သည်။  ရက်သတ္တနှစ်ပတ်သား မတိုင်မီ ဝါးပင်ပေါက်အရွယ်တွင် မျှစ်အဖြစ် ချိုးယူနိုင်သည်။   မျှစ်ကို ချက်ချင်းချိုးယူစားသုံးနိုင်သကဲ့သို့ တာရှည်ခံအောင်ထား ၍လည်း  စားသုံးနိုင်သည်။ ဝါးပင်ပေါက် သည် မျှစ်အဖြစ် အသုံး၀င်ရုံမျှမက ဝါးပင် နှစ်နှစ်သားခန့်တွင် နှီးအဖြစ်ပြုလုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင်   အထပ်သား၊   ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာနှင့် ဝါးတိုင် စသည်ဖြင့်  အိမ်ဆောက်ပစ္စည်းများ အဖြစ် အသုံး၀င်လှသည်။

ဘက်စုံသုံးဝါးပင်

ဝါးပင်သည် အိမ်တွင်းအသုံးအဆောင် ပစ္စည်းများအတွက်လည်း    အသုံးပြုနိုင် သော အပင်အမျိုးအစားဖြစ်သည်။  ဝါးလုံး ကို  နေရာမျိုးစုံအတွက်    အသုံးပြုလေ့ရှိကြသည်။ ဝါးလုံး၊ ဝါးကပ် စသည်တို့အဖြစ် အသုံးပြုရုံသာမက  အိမ်တွင်းအလှဆင် ရာတွင်လည်း အသုံးပြုနိုင်သည်။    မီးဖို ချောင်သုံးပစ္စည်းတချို့ကိုလည်း  ဝါးဖြင့် ပြုလုပ်နိုင်သည်။    နိုင်ငံတကာအဆင့်မီ    ဖန်တီးထားသည့် အိမ်သုံးပရိဘောဂပစ္စည်း အသုံးအဆောင်များကိုလည်းဝါးဖြင့် သေသပ်လှပစွာ ဖန်တီးပြုလုပ်နိုင်သည်။

မျှစ်စားသောက်ကုန်များ

ဇူလိုင်လနှင့် ဩဂုတ်လတို့တွင်   မျှစ် စတင်ပေါ်ချိန်ဖြစ်ပြီး တစ်နှစ်ပတ်လုံး ရောင်းချနိုင်ရန် ကြာကြာအထားခံနိုင်မည့် နည်းပညာဖြင့် မျှစ်ချို၊ မျှစ်ချဉ်၊  မျှစ်ဆား ရည်စိမ်နှင့်  မျှစ်ခြောက်ဟူ၍အမျိုးမျိုး ပြုလုပ်စားသုံးကြသကဲ့သို့  ပြည်ပနိုင်ငံ များ၌လည်း   မျှစ်ကို အာဟာရကြွယ်၀ သည့်   စားသောက်ကုန်အဖြစ်သတ်မှတ် ကာ အဓိကထားစားသုံးကြသည်။

မျှစ်နှင့်မြန်မာ့ဆေးကျမ်း

ဒဗ္ဗဂုဏပကာသနီ   ဆေးကျမ်းတွင် မျှစ်နုသည်    ဖန်သောအရသာ၊ ချိုသော အရသာရှိ၏။ ပူ၏။ သလိပ်ကိုနိုင်၏ဟုဆို  ထားသည်။ဘာဝပ္ပကာသကျမ်းတွင်မျှစ်သည် ချို၏။ ပူ၏။ ဖန်၏။ လေသလိပ်ကို ပျက် စေတတ်၏ ဟုဆိုထားသည်။သုဿုတကျမ်းတွင် မျှစ်သည် ချို၏။ ဖန်၏။ ဝမ်းမီးချက်ပြီးနောက် ပျက်စေတတ် ၏ ဟုဆိုထားသည်။

မျှစ်နှင့်ကျန်းမာရေး

လတ်လတ်ဆတ်ဆတ်    ၁၀၀   ဂရမ် အလေးချိန်ရှိသော မျှစ်စို့တွင် ၁၂ ကယ်လိုရီ ပါရှိပြီး   ပရိုတင်း၊ ရေဓာတ်၊ ကြေညက် လွယ်သော    အမျှင်ဓာတ်၊    Omega - 3 Fatty acid၊   Omega-6၊ Fatty acid   တို့ အပြင်    ဗီတာမင်ဓာတ်များဖြစ်ကြသော သိုင်ယာမင်၊  ရီဘိုဖလာဗင်၊    နိုင်ယာစင်၊   ဗီတာမင်B -6၊  ဖောလိတ်၊ ပန်တိုသင်းနစ် အက်စစ်   စသည်တို့ပါရှိကြသည်။  ထို့ပြင် သတ္တုဓာတ်များဖြစ်ကြသော   ကယ်လ်စီ ယမ်၊   သံဓာတ်၊ မဂ္ဂနီဆီယမ်၊  မီးစုန်း၊ ပိုတက်ဆီယမ်၊  ဇင့်၊ ကော့ပါး၊ မဂ္ဂနိစ်တို့ အသီးသီးပါရှိကြသည်။

မျှစ်ကိုစားသုံးခြင်းဖြင့်   နှလုံး၏ စွမ်းဆောင်ချက်ကို    ကောင်းမွန်အောင် ထိန်းသိမ်းပေးခြင်း၊ LDL ကိုလက်စထရော  လျှော့ချပေးနိုင်ခြင်းအပြင်   မျှစ်တွင်ပါရှိ  သောပိုတက်ဆီယမ်ဓာတ်က     နှလုံးကို ပုံမှန်အလုပ်လုပ်စေနိုင်သည်။

မျှစ်သည် ကယ်လိုရီနှင့် အဆီပါ၀င်မှု နည်းပြီး အမျှင်ဓာတ်ကြွယ်၀သဖြင့် ကိုယ်အလေးချိန်ကျလိုသူများ    မျှစ်ကို စားသုံးပေးသင့်သည်။ ထို့ပြင် အမျှင်ဓာတ် များသဖြင့် အစာအိမ်ကိုပြည့်တင်းစေကာ  နောက်ထပ်အစာစားချင်စိတ်ကို     ချိုးနှိမ် ပေးသောကြောင့်     ကိုယ်အလေးချိန် မတက်စေရန် ကာကွယ်ပေးသည်။

မျှစ်တွင်ပါရှိသော သဘာဝ Phytonu-trients က အစွမ်းထက်မြက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်    စွမ်း ဆောင်ပေးသကဲ့သို့ DNA ပျက်စီးစေတတ် သောခန္ဓာကိုယ်ကို      ဆိုးကျိုးပေးသည့် ဖရီးရယ်ဒီကယ်များကိုလည်း       တိုက် ထုတ်ပေးနိုင်သဖြင့်   ကင်ဆာရောဂါများ မဖြစ်စေရေးအတွက်     မျှစ်ကိုစားပေး သင့်သည်။   ထို့ပြင် မျှစ်ထဲတွင်ပါရှိသော Chlorophyll က   ကင်ဆာဆဲလ်များ ဖြစ် မလာအောင် ကာကွယ်ပေးသည်။

မျှစ်တွင် anti-inflammatory ဂုဏ် သတ္တိများပါရှိသည်။ ယင်းဂုဏ်သတ္တိ များက ဗက်တီးရီးယားနှင့် ကူးစက်ရောဂါ ပိုးအန္တရာယ်ကြောင့်     ဖြစ်တတ်သော ခန္ဓာကိုယ်၏ ကိုယ်တွင်းရောင်ရမ်းနာများ ကို လျှော့ချပေးနိုင်စွမ်းရှိသည်။

အမျှင်ဓာတ်ပေါကြွယ်ဝသော မျှစ်ကို စားပေးခြင်းဖြင့် အစာကြေညက်စေကာ အူထဲရှိ ကောင်းကျိုးပြုသော ဗက်တီးရီး ယားများကို ကြီးထွားစေသည်။ ထို့ပြင် အူသိမ်၊ အူမတို့၏လုပ်ငန်းဆောင်တာကို ချောမွေ့စေကာ ၀မ်းချုပ်တတ်သူများ အနေဖြင့် မျှစ်ကို မကြာခဏစားပေးသင့် သည်။   မျှစ်တွင် ဗီတာမင်၊  သတ္တုဓာတ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ  မြင့်မား စွာပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားစေသည်။

ချောင်းဆိုး၊ ရင်ကျပ်ခြင်းနှင့်  အသက် ရှူလမ်းကြောင်းပိတ်ဆို့ခြင်းအတွက် မျှစ် ကိုပြုတ်၍ ရလာသောအရည်ကို    ပျား ရည်စစ်စစ်နှင့်သောက်ပေးနိုင်သည်။

ဆီးလမ်းကြောင်း   ပိုးဝင်ခြင်းအတွက် ကိုလည်း  မျှစ်စားပေးပါ။  မျှစ်ပြုတ်ရည် သောက်ပါ။

မျှစ်က သွေးတိုးကျစေသည်။ မျှစ်တွင် ပိုတက်ဆီယမ်မြင့်မားစွာပါရှိနေ၍    ခန္ဓာ ကိုယ်ထဲရှိအရည်ဓာတ်များကို ထိန်းညှိ ပေးသောကြောင့်   သွေးဖိအားကို ပုံမှန် ဖြစ်အောင် ထိန်းပေးနိုင်သည်။

ဝါးစို့ကို ပြုတ်သောက်ပါက  သွေးကို သန့်စင်စေသည်။

အမျိုးသမီးများ   ဝါးရွက်ပြုတ်ရည် သောက်ပေးခြင်းဖြင့် ပုံမှန်သွေးဆင်းစေ သည်။

မျှစ်က သွေးကြောနံရံများထဲရှိ ကိုလက်စထရောဖြစ်တည်မှုကို ကာကွယ် ပေးပြီး မကောင်းသော LDL ကိုလက်စ ထရောများကို    လျှော့ချပေးနိုင်သော ကြောင့် နှလုံးကိုကျန်းမာစေသည်။

မျှစ်တွင် ပါဝင်သော အမျှင်ဓာတ် များက အစာစားပြီးနောက်    သွေးထဲရှိ သကြားဓာတ်ကို ပုံမှန်ဖြစ်စေသည်။ ထို့ကြောင့် ဆီးချိုရောဂါသည်များအတွက် မျှစ်က လွန်စွာကောင်းကျိုးပြုသည်။ 

မျှစ်သည် Ayurvedic ဆေးစွမ်းသတ္တိ ပါရှိပြီး အစွမ်းက တိရစ္ဆာန်များ၏ အဆိပ် အတောက်ကို ပြေစေသည်။  အိန္ဒိယနိုင်ငံ၌အဆိပ်ရှိမြွေနှင့်  ကင်းမြီးကောက် အဆိပ်ဖြေဆေးအတွက်  မျှစ်ကို  ရိုးရာ ကုထုံးအဖြစ်အသုံးပြုကြသည်။

မျှစ်ထဲတွင်ပါရှိသော မဂ္ဂနိစ်ဓာတ်က ခန္ဓာကိုယ်ဇီ၀ဖြစ်စဉ် ပုံမှန်လုပ်ဆောင်မှု အတွက်  အင်ဇိုင်းအဖြစ်အကျိုးသက် ရောက်မှုဖြစ်စေသည်။

မျှစ်ထဲတွင် ကယ်လ်စီယမ်ဓာတ် အများအပြားမပါရှိသော်လည်း မျှစ်စား ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော   ကယ်လ်စီယမ်ဓာတ်ကိုလုံလုံ လောက်လောက် အထောက်အပံ့ဖြစ်စေ သဖြင့် အရိုးများကို သန်မာစေသည်။

သံဓာတ်ပါရှိသော မျှစ်ကိုစားပေးခြင်း ဖြင့်  သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

ဝါးရွက်တွင် Methanol ဓာတ်မြင့်မား စွာပါရှိပြီး ဝါးရွက်ပြုတ်ရည်ကို သောက် ပေးခြင်းဖြင့်  ၀မ်းဗိုက်အတွင်းရှိ သန်ကောင်များကို သေစေနိုင်သည်။

ဝါးမင်းဟုခေါ်သောဝါးပင်ကို  သွေး လိမ်းပေးပါက   ကျီးပေါင်းရောဂါကို သက်သာစေသည်။

ဂျပန်နိုင်ငံ၌ နည်းပညာများကိုအသုံးပြုကာ  အော်ဂဲနစ်ဝါးမီးသွေးထုတ်လုပ်၍ ယင်းဝါးမီးသွေးဆေးတောင့်သည် အစာအဆိပ်သင့်ရောဂါ၊ မှိုအဆိပ်သင့်ရောဂါ၊ ၀မ်းဖော၀မ်းရောင်ရောဂါနှင့်    အရက် ကြောင့်ဖြစ်သောရောဂါများကို သက်သာ ပျောက်ကင်းစေသည်။

သတိပြုရန်

ဟင်းအရသာကောင်းစေရန်နှင့် ပူစပ်ခြင်းမဖြစ်စေရန် ဈေးမှ၀ယ်လာသော မျှစ်ကို   မချက်ပြုတ်မီ     ဦးစွာ ရေဖြင့် တစ်ကြိမ်ပြုတ်ပါ။ လတ်ဆတ်သောမျှစ်ကို    ရေခဲသေတ္တာထဲတွင်   ရက်သတ္တနှစ်ပတ်အထိ    သိမ်းထားနိုင်သည်။   အရသာ ခါးသက်သက်ဖြစ်သွားလျှင် သို့မဟုတ် ရေခဲသေတ္တာထဲတွင်    ရက်သတ္တနှစ်ပတ် ထက်ပို၍ကြာလျှင်  သို့မဟုတ် အရောင် ပြောင်းသွားလျှင် မစားသင့်ပေ။  ကိုယ်ဝန်နုစဉ်    မျှစ်ကို အလွန်အကျွံမစားသင့်ပေ။      အကြောတက်သူများ မျှစ်ကိုလျှော့စား သင့်ပြီး ၀မ်းနူးလွယ်သူများ  မျှစ်ကို သင့်တင့်ရုံသာစားပါ။

MWD