၂၀၂၆ ခုနှစ် ကမ္ဘာ့နိုင်ငံရေးစနစ် အသစ်ကို ပုံဖော်မယ့် ပထဝီနိုင်ငံရေး အက်ကြောင်းကြီးများ
Posted_Date
Image
Body
၂၀၂၆ ခုနှစ် ကုန်ဆုံးလွန်မြောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးဟာ အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်း သိရပါလိမ့်မယ်။ အဲဒါကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမြဲတမ်း ကြွေးကြော်နေတဲ့ “အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုပုံစံအသစ်” ဆိုတာ တကယ်ပဲလက်တွေ့မှာ အလုပ်ဖြစ်ရဲ့လား ဒါမှမဟုတ် စကားလုံးအလှတွေနဲ့ပဲ ပြီးသွားမယ့် အရာတစ်ခုလားဆိုတာပါပဲ။
အခုအချိန်မှာ ကမ္ဘာ့နေရာအသီးသီးမှာရှိတဲ့ ပထဝီနိုင်ငံရေးစစ်မျက်နှာတွေဟာ အမေရိကန်ရဲ့ အာဏာစက်ကို စမ်းသပ်နေတဲ့ နေရာတွေဖြစ်လာပါတယ်။ အရင်က ကျွန်တော်တို့သိခဲ့တဲ့ နိုင်ငံတကာစနစ်ကြီးဟာ အကြီးအကျယ် ပြောင်းလဲနေပြီး အမေရိကန်ကဒီစနစ်ကြီးကို သူတို့စိတ်ကြိုက်ဘယ်လောက်အထိပြန်ပြီး ပုံဖော်နိုင်မလဲဆိုတာ တကယ့်ကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ အစောပိုင်းလမှာတင် ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အပြောင်းအလဲဟာအရင်က ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တဲ့ အပြောင်းအလဲတွေထက်တောင် ပိုပြီးမြန်ဆန်နေတာကို တွေ့ရမှာပါ။
ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ယခင်သမ္မတတွေနဲ့မတူဘဲ ပိုပြီးပြတ်သားတယ်။ ရလဒ်ကို ပိုပြီး ဦးစားပေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီလို ပြတ်သားမှုတွေက ရှိရင်းစွဲပဋိပက္ခတွေကိုပိုပြီး ကြီးထွားလာစေသလို နိုင်ငံတကာဆက်ဆံရေးမှာလည်း အက်ကြောင်းအသစ်တွေကို ဖန်တီးနေပြန်ပါတယ်။ လက်ရှိကမ္ဘာ့နေရာအသီးသီးမှာ ဖြစ်ပျက်လျက်ရှိတဲ့ ပထဝီနိုင်ငံရေး စစ်မျက်နှာတွေဟာ အမေရိကန်အနေနဲ့ ကမ္ဘာ့စနစ်ကြီးကို ဘယ်လောက်အထိပြန်ပြီး ပုံဖော်နိုင်မလဲဆိုတာကို ပြသနေတဲ့ အဓိက အညွှန်းကိန်းတွေပဲ ဖြစ်ပါတယ်။
ဂါဇာဒေသ
ပထမဆုံးစမ်းသပ်ချက်ကတော့ ဂါဇာဒေသပါပဲ။ ဒေါ်နယ်ထရမ့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်က ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာစတင်ခဲ့ပြီး ၂၀၂၆ ခုနှစ်အရောက်မှာတော့ လက်တွေ့အကောင်အထည် ဖော်မှုအပိုင်းမှာ အကြီးမားဆုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကိုတွေ့ရပါတယ်။ အမေရိကန်ရဲ့ ရည်မှန်းချက်က ဂါဇာဒေသမှာ အမှန်တကယ် အလုပ်လုပ်နိုင်စွမ်းရှိတဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို တည်ဆောက်ဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအဖွဲ့အစည်းကို ကာကွယ်ပေးဖို့အတွက် ဒေသတွင်း အာရပ်နိုင်ငံတွေပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လိုအပ်ပါတယ်။
ဒီနေရာမှာ အခက်အခဲတစ်ခုက ဟားမတ်အဖွဲ့အနေနဲ့ အရင်ကထက် အားနည်းသွားပေမယ့်လုံးဝကို အမြစ်ပြတ်သွားခြင်းမရှိသေးတာပါပဲ။ ဂါဇာဒေသခံတွေကြားမှာ သူတို့ရဲ့ လွှမ်းမိုးမှုကရှိနေဆဲဖြစ်တာကြောင့် သူတို့ကို လုံးဝချန်လှပ်ထားလို့မရဘူးဆိုတဲ့ အချက်က အမေရိကန်အတွက် ခေါင်းခဲစရာဖြစ်နေပါတယ်။
တစ်ဖက်မှာလည်း အစ္စရေးအစိုးရကဟားမတ်ရဲ့ မည်သည့်တည်ရှိမှုကိုမျှ လက်ခံသွားမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်အတွင်းမှာ အမေရိကန်အနေနဲ့ ဒီလိုရှုပ်ထွေးပြီး ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လက်တွေ့အခြေအနေကို ဘယ်လိုကိုင်တွယ် သွားမလဲဆိုတာကဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေး စွမ်းဆောင်ရည်ကို တိုင်းတာမယ့် အချက်ပဲဖြစ်ပါတယ်။ ထရမ့်တစ်ယောက်ဒီအခြေအနေကြီးကို အောင်မြင်မလား ဒါမှမဟုတ် ဒီတင်းမာမှုတွေကြားမှာပဲ စီမံကိန်းကြီးပျက်စီးသွားမလားဆိုတာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။
ဗင်နီဇွဲလား
အမေရိကန်ရဲ့ ဩဇာသက်ရောက်မှုကို ပြန်လည်သက်သေပြနိုင်မယ့် ဒုတိယအရေးကြီးတဲ့ စစ်မျက်နှာကတော့ ဗင်နီဇွဲလားနိုင်ငံပါ။ ထရမ့်ဟာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရိုကို ရာထူးကဖယ်ရှားနိုင်ဖို့အတွက် သူ့ရဲ့နိုင်ငံရေး အရင်းအနှီးတွေကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပါတယ်။
အမေရိကန်သာ ဗင်နီဇွဲလားနိုင်ငံမှာ အပြောင်းအလဲတစ်ခုကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ အမှန်တကယ်ဖန်တီးနိုင်ခဲ့ရင် ဒါဟာ လက်တင်အမေရိကမှာတင် မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ အမေရိကန်နိုင်ငံရဲ့ ဩဇာအာဏာကို ပြန်လည်ခိုင်မာသွားစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေရဲ့ ဗင်နီဇွဲလားမှာ ခြေကုပ်ယူထားမှုတွေကိုဖယ်ရှားနိုင်ခြင်းက ထရမ့်အတွက်တော့ ကြီးမားတဲ့ နိုင်ငံခြားရေးအောင်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။
ယူကရိန်း
ယူကရိန်းအရေးမှာတော့ ထရမ့်အနေနဲ့ ပိုပြီးသတိထားတဲ့၊ ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ ချဉ်းကပ်ပုံမျိုးကို သုံးနေပါတယ်။ အမေရိကန်အတွက် ဒီနေရာမှာ အရင်းအနှီးသိပ်မများလှဘဲ စစ်ရေးနည်းဖြင့်ပါဝင်ပတ်သက်တာထက် စီးပွားရေးအရ ညှိနှိုင်းမှုလုပ်တာတွေ၊အလွတ်သဘော ဆက်သွယ်မှုလုပ်တာတွေကနေတစ်ဆင့် နှစ်ရှည်လများဖြစ်နေတဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခကို တဖြည်းဖြည်းလျှော့ချနိုင်မယ်လို့ အမေရိကန်အစိုးရက ယုံကြည်နေပါတယ်။ စီးပွားရေးအရအကျိုးအမြတ်တွေကို အသုံးချပြီး ရုရှားနဲ့ ယူကရိန်းကြားမှာ ကြားနေနယ်မြေတစ်ခု ဖန်တီးနိုင်မယ်ဆိုတဲ့ ယူဆချက်က တကယ်ပဲ မှန်ကန်ရဲ့လားဆိုတာ ၂၀၂၆ ခုနှစ်မှာပဲ အဖြေပေါ်လာမှာပါ။
အမေရိကန်ရဲ့ ပြည်တွင်းနိုင်ငံရေး
ဒီဖြစ်ရပ်တွေအားလုံးဟာ အမေရိကန်ရဲ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။ အဲဒီရွေးကောက်ပွဲပြီးရင် ထရမ့်ရဲ့လုပ်ပိုင်ခွင့်တွေက ဥပဒေပြုလွှတ်တော်အတွင်းမှာ အကန့်အသတ်ရှိလာနိုင်တဲ့အတွက် ဩဇာမရှိတဲ့ သမ္မတမဖြစ်ခင်မှာ ထရမ့်အစိုးရဟာ ကြီးမားတဲ့ နိုင်ငံခြားရေးပြဿနာတွေကို အမြန်ဆုံး အပြတ်ဖြတ်ချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၆ ခုနှစ်ပထမပိုင်းမှာ ထရမ့်ဆီကနေ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အများအပြား မြင်တွေ့ခဲ့ရတာပါ။
ဥရောပ
အနောက်ဥရောပအတွက်လည်း ၂၀၂၆ ခုနှစ်က အဆုံးအဖြတ်နှစ်ပါပဲ။ ပြီးခဲ့တဲ့နှစ်တွေက စတင်ခဲ့တဲ့ လက်နက်အင်အား ဖြည့်တင်းမှုတွေကို ဥရောပနိုင်ငံတွေက ဆက်ထိန်းထားနိုင်မလားဆိုတာ အစမ်းသပ်ခံရမှာဖြစ်သလို ပြင်သစ်နိုင်ငံမှာလည်း ၂၀၂၇ ခုနှစ်ရွေးကောက်ပွဲအတွက် ရှေ့ပြေးအနေနဲ့ လက်ယာယိမ်းအင်အားစုတွေက ဩဇာကြီးမားလာနေပါတယ်။ မာရင်းလီပန်ရဲ့ လက်ထောက် ဂျော်ဒန် ဘာဒဲလားသာ အာဏာရလာခဲ့ရင် အမေရိကန်နဲ့ စစ်ရေးမဟာမိတ်ကို ဆက်ထိန်းထားပေမဲ့ ဥရောပသမဂ္ဂရဲ့ လက်ရှိပုံစံကြီးကိုတော့ အကြီးအကျယ် ပြောင်းလဲပစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျာမနီမှာလည်း ဖရိုင်းဒရစ်မာ့ရဲ့ အစိုးရအသစ်က စီးပွားရေးတိုးတက်မှုကို ပြန်မမြှင့်တင်နိုင်ရင် ဂျာမန်နိုင်ငံရေး တည်ငြိမ်မှုမှာ ကြီးမားတဲ့ အက်ကြောင်းတွေ ထပ်ထွက်လာပါလိမ့်မယ်။
BRICS နဲ့ အာရှစစ်မျက်နှာ
တရုတ်၊ အိန္ဒိယနဲ့ ထိုင်ဝမ်ကျွန်းအပါအဝင် အာရှစစ်မျက်နှာမှာလည်း စိန်ခေါ်မှုတွေက အပြည့်ပါပဲ။ တရုတ်နိုင်ငံမှာ ၂၀၂၇ ခုနှစ်ပါတီကွန်ဂရက်အတွက်ပြင်ဆင်နေချိန်မှာ သမ္မတ ရှီကျင့်ဖျင်အနေနဲ့ လက်ရှိစနစ်အတိုင်းဆက်သွားမလား ဒါမှမဟုတ် တိန့်ရှောင်ဖိန် လက်ထက်ကလို စုပေါင်းအုပ်ချုပ်ရေးစနစ်ကို ပြန်သွားမလားဆိုတာ ၂၀၂၆ ခုနှစ်မှာ အဖြေပေါ်လာမှာပါ။ အမေရိကန်က ထိုင်ဝမ်ကျွန်းကိုစစ်လက်နက်ပစ္စည်းတွေ အကြီးအကျယ်ထောက်ပံ့ပေးနေမှုကြောင့် တရုတ်နဲ့ အမေရိကန်အကြားတင်းမာမှုက ပိုပြီးပြင်းထန်လာနေပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်မှာ ပါကစ္စတန်၊ တရုတ်တို့နဲ့ ပိုနီးစပ်တဲ့ အစိုးရအသစ်တက်လာတာဟာ ဒေသတွင်းအားပြိုင်မှုကို ပိုပြီးရှုပ်ထွေးစေပါတယ်။ နောက်ထပ်တစ်ချက်အနေနဲ့ ဘရာဇီးနိုင်ငံမှာလည်း သမ္မတ လူလာဟာ လူကြိုက်များနေဆဲဖြစ်ပေမယ့် အတိုက်အခံ ဘော်ဆိုနာရိုဘက်က ပြန်တက်လာခဲ့ရင် BRICS အဖွဲ့အပေါ် ထားရှိတဲ့ ဘရာဇီးရဲ့သဘောထားက ပြောင်းလဲသွားနိုင်ပါတယ်။
မတည်ငြိမ်မှုများရဲ့နှစ်
ခြုံငုံသုံးသပ်ရရင် ၂၀၂၆ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှု အရှိန်အဟုန် အမြင့်မားဆုံးဖြစ်လာမယ့် အလှည့်အပြောင်းကာလ တစ်ခုဖြစ်လာပါလိမ့်မယ်။ အရင်က မျှော်လင့်ခဲ့သလို အေးအေးဆေးဆေးနဲ့ ခန့်မှန်းရလွယ်ကူတဲ့ နိုင်ငံတကာစနစ်ဟောင်းမျိုးဟာ ရှေ့လျှောက်မြင်တွေ့ရဖို့ မဖြစ်နိုင်တော့သလောက်ပါပဲ။ ၂၀၂၆ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ နောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာအထိ ကမ္ဘာ့အခင်းအကျင်းကို ရိုက်ခတ်သွားမှာ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ နိုင်ငံခြားရေးမူဝါဒတွေက ကမ္ဘာ့နိုင်ငံရေးမှာ ရှိရင်းစွဲ ပဋိပက္ခတွေကို ပိုပြီးအရှိန်မြင့်လာစေပါတယ်။ သူက နိုင်ငံတကာ သဘောတူညီချက်တွေ၊ အဖွဲ့အစည်းတွေထက် အပြန်အလှန်အကျိုးအမြတ်နဲ့ အင်အားသုံးဖိအားပေးမှုကို ပိုပြီးဦးစားပေးတဲ့အတွက် နိုင်ငံငယ်တွေအဖို့ လုံခြုံရေးအရ ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်။
ဂါဇာ၊ ဗင်နီဇွဲလားနဲ့ ယူကရိန်း စတဲ့ စစ်မျက်နှာတွေမှာ အမေရိကန်က ရလဒ်ကောင်းတွေ ထွက်အောင် ဖော်ဆောင်နိုင်မလားဆိုတာကပဲ ထရမ့်ရဲ့ "America First" မူဝါဒဟာ ကမ္ဘာကြီးကိုတကယ်ပဲ ငြိမ်းချမ်းစေမှာလား ဒါမှမဟုတ် ပိုပြီး မတည်မငြိမ် ဖြစ်စေမှာလားဆိုတဲ့ အဖြေကိုပေးပါလိမ့်မယ်။
ပိုမိုနက်ရှိုင်းလာတဲ့ အက်ကြောင်းများ၂၀၂၆ ခုနှစ်အတွင်းမှာ မြင်တွေ့ရမယ့် အခြေအနေတွေအရ ကမ္ဘာကြီးဟာ အရင်လို အင်အားကြီးနိုင်ငံ တစ်နိုင်ငံတည်းက ထိန်းချုပ်ထားတဲ့ ဧကဝင်ရိုးစနစ် ကနေ အင်အားစုအများအပြား အားပြိုင်နေတဲ့ ဗဟုဝင်ရိုးစနစ်ဆီကို အတင်းအကျပ် ကူးပြောင်းနေရပြီ ဖြစ်ပါတယ်။ဒါကြောင့်ပြောရမယ်ဆိုရင် ၂၀၂၆ ခုနှစ်“စံနှုန်းအဟောင်းတွေ ပျက်စီးပြီး စံနှုန်းအသစ်တွေ မွေးဖွားဖို့ ကြိုးစားနေတဲ့နှစ်”လို့ ဆိုရပါလိမ့်မယ်။ အပြောင်းအလဲတွေက မြန်ဆန်လွန်းပြီး ခန့်မှန်းရ ခက်ခဲလွန်းတဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရော၊ ပြည်သူတွေပါ မရေရာမှုတွေနဲ့ ရင်ဆိုင်ရမယ့်ခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်လာမှာပါ။ သမိုင်းကတော့ တစ်ပတ်ပြန်လည်နေပြီဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့ သိခဲ့တဲ့ ပုံမှန်အခြေအနေဆိုတာဟာ အတိတ်မှာပဲ ကျန်ရစ်ခဲ့ပြီဖြစ်ပြီး ၂၀၂၆ ခုနှစ်က စတင်လိုက်တဲ့ အက်ကြောင်းကြီးတွေကနေ တစ်ဆင့် ကမ္ဘာ့နိုင်ငံရေး စနစ်အသစ်တစ်ခု ဘယ်လိုပုံပေါ်လာမလဲ ဆိုတာကိုတော့ ကျွန်တော်တို့အားလုံးက ဆက်လက်စောင့်ကြည့် သွားကြရဦးမှာ ဖြစ်ပါတယ်။ ။
MWD
