နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းကြစို့
Posted_Date
Image
Body
ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်နေကြပြီး ထိုသို့ဆောင်ရွက်ကြတဲ့ လုပ်ငန်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ သဟဇာတဖြစ်မှသာ အမှန်တကယ်အဓိပ္ပာယ်ရှိပြီး ပြည့်စုံပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းသွားတဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိပ္ပာယ်ရှိတဲ့ဖွံ့ဖြိုးမှုမဖြစ်နိုင်ပါ။ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လက်ရှိလူသားတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းရင်းနဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့လိုအပ်ချက်ကိုလည်း မထိခိုက်စေဘဲ ဖြည့်ဆည်းပေးနိုင်မယ့် စီးပွားရေး၊ လူမှုရေးနဲ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ ကဏ္ဍသုံးရပ်ကို ဟန်ချက်ညီညီ ဆောင်ရွက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့အခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကျွန်ုပ်တို့အားလုံးလိုလားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုကိုရရှိပိုင်ဆိုင်နိုင်ကြပြီး နိုင်ငံတော်သာယာဝပြောစေမှာ ဧကန်ဖြစ်ပါတယ်။
သဘာဝတရားရဲ့ပင်ကိုစွမ်းအင်နဲ့ အချိုးကျသာယာလှပနေခဲ့တဲ့ ဤကမ္ဘာမြေကြီးဟာ ကျွန်ုပ်တို့လူသားတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ယနေ့အချိန်မှာ သယံဇာတတွေ လျော့နည်းလာမှုနဲ့အတူ ပတ်ဝန်းကျင် ယိုယွင်းမှုတွေကို ကြုံတွေ့နေရပါတယ်။ နေ့စဉ်နဲ့အမျှ ကမ္ဘာ့လူဦးရေ တိုးပွားလာနေပြီး ဆန်းသစ်တဲ့နည်းပညာတွေ တိုးတက်လာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းနဲ့ စည်းကမ်းမဲ့လုပ်ဆောင်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ဟာ ယိုယွင်းလာရပါတယ်။ လူသားတွေရဲ့လုပ်ဆောင်မှုအမျိုးမျိုးကိုခြုံငုံကြည့်ရင် ရုပ်ကြွင်းလောင်စာတွေ အများအပြားတူးဖော် ထုတ်လုပ်ခြင်း၊ သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ညစ်ညမ်းတဲ့ စွန့်ပစ်ရေနဲ့ ညစ်ညမ်းပစ္စည်းတွေစွန့်ပစ်ခြင်း၊ အမှိုက်များစည်းကမ်းမဲ့ စွန့်ပစ်ခြင်းဆိုတဲ့အဓိက အချက်(၄)ချက်ကို တွေ့ရှိရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ မျိုးသုဉ်းပျောက်ကွယ်ခြင်းဆိုတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အဓိကဆက်စပ်ပြဿနာ(၃)ရပ်ကို ယနေ့ကမ္ဘာပေါ်ကလူသားတွေ ရင်ဆိုင်ကြုံတွေ့လာကြရပါတယ်။
သန့်ရှင်းလတ်ဆတ်တဲ့လေကိုမရှူရှိုက်ကြရတဲ့ ကမ္ဘာ့လူသားသန်းပေါင်းများစွာရှိနေပြီး UNEP ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းတွေအရ ညစ်ညမ်းတဲ့လေကို ရှူရှိုက်နေကြရလို့ နှစ်စဉ်လူဦးရေ ၈ ဒသမ ၁ သန်းခန့်ဟာ အရွယ်မတိုင်မီ သေဆုံးနေရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေမရရှိကြတဲ့ ကမ္ဘာ့လူသားများစွာရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ ခန့်မှန်းချက်အရ နှစ်စဉ် လူဦးရေ ၃ သန်းခန့်ဟာ ရေထုညစ်ညမ်းမှုကြောင့် အသက်သေဆုံးနေကြရကြောင်း လေ့လာသိရှိရပါတယ်။ ရေထုညစ်ညမ်းမှုကြောင့် ရေနေသတ္တဝါတွေ ကျက်စားရာ ဂေဟစနစ်တွေပျက်စီးလာပြီး ဇီဝမျိုးစုံမျိုးကွဲတွေလည်း မျိုးသုဉ်းပျောက်ကွယ် လာရပါတယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကစပြီး ကမ္ဘာ့အပူချိန်ဟာ သိသိသာသာမြင့်တက်လာတဲ့အတွက် အကျိုးဆက်အနေနဲ့ နိုင်ငံအများအပြားမှာ ရာသီဥတုပြောင်းလဲမှုတွေဖြစ်ပေါ်လျက်ရှိပြီး သဘာဝဘေးတွေ တစ်နှစ်ထက်တစ်နှစ် အကြိမ်ရေများများနဲ့ ပိုမိုပြင်းပြင်းထန်ထန် ရင်ဆိုင်ခံစားကြရပါတယ်။
ပတ်ဝန်းကျင်ယိုယွင်းမှုနဲ့ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကျွန်ုပ်တို့မြန်မာနိုင်ငံဟာလည်း အခြားကမ္ဘာ့နိုင်ငံတွေနည်းတူ ခံစားလာရပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ အပူချိန်မြင့်မားခြင်း၊ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာခြင်း၊ ရေကြီးရေလျှံမှုများပိုမိုများပြားလာခြင်း၊ အချို့ဒေသတွေမှာ မိုးခေါင်ရေရှားခြင်း၊ ကမ်းရိုးတန်းဒေသတွေမှာ နှစ်စဉ်လိုလိုမုန်တိုင်း တိုက်ခတ်ဝင်ရောက်မှု အကြိမ်ရေများလာခြင်းနဲ့ ပိုမိုပြင်းထန်လာခြင်း၊ မုတ်သုံကာလ တိုတောင်းလာခြင်းစတဲ့ ဖြစ်စဉ်တွေကို ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။
ဒီအခြေအနေတွေကို ကြိုတင်ကာကွယ်လျှော့ချနိုင်ဖို့ ကျွန်ုပ်တို့နိုင်ငံမှာ မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ(၂၀၁၉)ကို ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြသူအားလုံးရဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျန်းမာပျော်ရွှင်ဖို့အတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်နဲ့ ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် အဆိုပါမူဝါဒကို ထုတ်ပြန်ချမှတ်ထားတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၄ ခုနှစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို အစိုးရဌာန၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကဏ္ဍတို့ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိကြပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေဖို့အတွက် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့်ပင်မ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ရေးဆွဲချမှတ်ထားပြီးလည်းဖြစ်ပါတယ်။
နိုင်ငံတော်ထာဝစဉ်စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတတဲ့ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်ဖို့အတွက် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀)ကို ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာဌာနတွေ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိကြပါတယ်။ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူမှုပတ်ဝန်းကျင်အပေါ် သိသာထင်ရှားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ မဖြစ်ပေါ်စေဖို့အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် ညစ်ညမ်းမှုတွေ ထိန်းချုပ်နိုင်ဖို့အတွက် အခြေခံစည်းမျဉ်းအဖြစ် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို သတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ကုန်းမြေပေါ်က စတင်အခြေပြုထွက်ရှိလာတဲ့ ပလတ်စတစ်ညစ်ညမ်းမှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူသားတို့ရဲ့ကျန်းမာရေးနဲ့ အဏ္ဏဝါပတ်ဝန်းကျင် အပါအဝင် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများမှ ကာကွယ်တားဆီးရန် ရည်ရွယ်၍ အမျိုးသားအဆင့်ပလတ်စတစ် စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်(၂၀၂၆-၂၀၃၅)ကိုလည်း ထုတ်ပြန်ထားရှိပြီးဖြစ်ကာ နိုင်ငံတော်သာယာဖို့နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုဟာ အဆိုပါနိုင်ငံရဲ့ ပြည်သူတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတတွေအပေါ်မှာ အဓိကမှီတည်နေတယ်လို့ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အမျိုးအစားစုံလင်တဲ့ သဘာဝသစ်တောကြီးတွေ၊ ဂေဟစနစ်တွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေ၊ လွတ်လပ်စွာယှက်ဖြာစီးဆင်းနေတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေနဲ့မြေပေါ်မြေအောက် အဖိုးတန်သဘာဝ သယံဇာတတွေလွန်စွာပေါကြွယ်ဝလှပြီး ဒါတွေဟာ နိုင်ငံ့စီးပွားရေးနဲ့ပြည်သူများရဲ့ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ဖို့အတွက် လွန်စွာအထောက်အကူပြုတဲ့ အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ ဒီသယံဇာတတွေ လျော့ပါးမသွားရလေအောင် တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရင်းနဲ့ သန့်ရှင်းသာယာတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးဟာနိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ပဲဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရနဲ့သက်ဆိုင်ရာဌာနတွေက နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို အလေးထားဆောင်ရွက်နေကြသလို ကျွန်ုပ်တို့ပြည်သူလူထု တစ်ရပ်လုံးကလည်း ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတတွေကို အချင်းချင်းမျှဝေ စည်းရုံးလှုံ့ဆော်ခြင်း၊ သစ်တောသစ်ပင်တွေကို ချစ်မြတ်နိုးပြီး တစ်နိုင်တစ်ပိုင်ပြုစုစိုက်ပျိုးခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် မှန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမယ့် အလေ့အထတွေကို သတိပြုရှောင်ကြဉ်ခြင်း၊ စွမ်းအင်နဲ့ လျှပ်စစ်ကိုချွေတာသုံးစွဲခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကိုရယူသုံးစွဲခြင်း၊ ကြွပ်ကြွပ်အိတ်နဲ့ တစ်ခါသုံးပလတ်စတစ် သုံးစွဲမှုတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်း၊ မိမိတို့နေထိုင်ရာ မြို့၊ရွာပတ်ဝန်းကျင်ကို အမြဲတစေသန့်ရှင်းနေစေခြင်း၊ 3R လို့ခေါ်တဲ့ လျှော့ချသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း ဆိုတဲ့စနစ်တွေကို လိုက်နာကျင့်သုံးခြင်း၊ ပိုးသတ်ဆေးနဲ့ဘေးအန္တရာယ်ရှိ ဓာတုပစ္စည်းတွေ အလွန်အကျွံသုံးစွဲမှုမှ ရှောင်ကြဉ်ခြင်း၊ အဖိုးတန်ရေချိုကို ချွေတာသုံးစွဲခြင်း၊ ညစ်ညမ်းမှုတွေမဖြစ်ရလေအောင် အမှိုက်တွေကိုစနစ်တကျ စွန့်ပစ်ခြင်း၊ ထုတ်ပြန်ထားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေကို အလေးထားလိုက်နာခြင်း စတာတွေကို အလေ့အထတစ်ခုဖြစ်တဲ့အထိ ကျင့်သုံးလိုက်နာဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသေးအဖွဲ အမူအကျင့်လေးတွေကအစ နေ့စဉ်ပြောင်းလဲပြီး နိုင်ငံကြီးသားပီသစွာနဲ့ ပြုမူနေထိုင်ကြမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုတွေ သိသိသာသာလျော့နည်းလာမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းတွေ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ ဥတုရာသီညီညွတ်မျှတပြီး စိုက်ပျိုးသီးနှံတွေ ပိုမိုအောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်စားဝတ်နေရေးနဲ့ စားရေရိက္ခာပြည့်ဖြိုးဖူလုံလာမှာ ဖြစ်ပါတယ်။ ထိုအခါ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့ရဲ့လူမှုစီးပွားဘဝတွေ စဉ်ဆက်မပြတ်မြင့်မားလာနိုင်မှာဖြစ်ပါတယ်။ သန့်ရှင်းတဲ့ ရေ၊ မြေ၊ လေကိုရယူခံစားရင်း နိုင်ငံသားတွေရဲ့ကျန်းမာရေးနဲ့ပညာရေးအဆင့်တွေ တိုးတက်လာစေမှာဖြစ်ပါတယ်။ သဘာဝဘေးဆိုးတွေလျော့ပါးသက်သာပြီး လူနေမှုအဆင့်အတန်းတွေ မြင့်မားလာကြမှာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းတွေ ရေရှည်တည်တံ့ခိုင်မြဲကာ ကြွယ်ဝချမ်းသာမှုကိုရရှိကြပြီး နိုင်ငံတော်ပိုမိုသာယာလှပစေမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြသူတိုင်းဟာ ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို အပြည့်အဝခံစားနိုင်ခွင့်ရှိသလို အဆိုပါပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုမရှိရလေအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမယ့် တာဝန်လည်းရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ မိမိကိုယ်ကိုချစ်မြတ်နိုးခြင်းသာမက မိမိရဲ့မိသားစု၊ အနာဂတ်မျိုးဆက်တွေနဲ့ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုးတဲ့ လက်တွေ့လုပ်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်စိမ်းလန်းတဲ့ မြန်မာနိုင်ငံတော်အဖြစ် သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွ ေပေးအပ်နိုင်ဖို့အတွက် နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ဆိုတဲ့ လမ်းညွှန်ဆောင်ပုဒ်နဲ့အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အလေးထား ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်။ ။
