ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ(အပိုင်း-၂)
Posted_Date
Image
Body
သံလွင်မြစ်ကူးတံတား(ဘားအံ)
သံလွင်တံတား(ဘားအံ)သို့လည်း ရောက်ရှိခဲ့ပါသေးသည်။ ဘားအံမြို့နှင့် သံလွင်မြစ်ကူးတံတားသည် အလွန်မဝေးလှပါ။ တံတားသို့ဦးတည်ရာလမ်းတစ်လျှောက် မြစ်သံလွင်ဘက်သို့ မျက်နှာမူနေသောရွာလေးများကိုတွေ့ရသည်။ တချို့နေရာများတွင် လယ်ကွင်းများ၏ စိမ်းစိမ်းစိုစိုအရောင်များက မျက်စိပသာဒဖြစ်စေသည်။
တံတားကြီးတစ်စင်းက မိုးကောင်းကင်နှင့်ထိတွေ့လုနီးပါး မတ်မတ်ရပ်လျက်တည်ရှိနေသည်ကို တွေ့ရသည်။ ဤတံတားကြီးကား မြန်မာနိုင်ငံ၏ အရှည်လျားဆုံးနှင့်အင်အားအကြီးမားဆုံး မြစ်တစ်စင်းဖြစ်သည့် သံလွင်မြစ်ကြီးကို ဖြတ်ကျော်တည်ဆောက်ထားသည့် သံလွင်တံတား(ဘားအံ)ပင်ဖြစ်သည်။
သံလွင်တံတား(ဘားအံ)သည် ဘားအံမြို့နှင့်မြိုင်ကလေးရွာကို ဆက်သွယ်ပေးထားသည်။ သံမဏိရက်မအမျိုးအစားတံတားဖြစ်ပြီး ၂၂၅၂ ပေ အရှည်ရှိသည်။ ဒေသအတွင်း ကုန်းလမ်းခရီးအတွက် အဓိကကျသော တံတားတစ်စင်းဖြစ်၏။ ၁၉၉၄ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၉၉၇ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တံတားပေါ်၌ ရပ်မိပေပြီ
မြစ်၏ရေစီးသံများက အချိန်၏လှိုင်းလုံးကဲ့သို့ ဆက်တိုက်လှုပ်ရှားနေသည်။ မြစ်ရေသည် အနက်ရှိုင်းဆုံးသောအရောင်ဖြင့် ကရင်ပြည်နယ်တောင်တန်းများကြားမှ ချောင်းရေများကိုစုဆောင်းကာ မဆုတ်မနစ်စီးဆင်းလျက်ရှိနေသည်။
အဝေးဘက်တွင်မြင်တွေ့နေရသော တောင်တန်းများသည် အပြာရောင်မှိုင်းမှိုင်းဖြင့် မိုးကောင်းကင်အောက်တွင် တိတ်တဆိတ်ရပ်တည်နေကြသည်။
မြစ်ကမ်းပါးများပေါ်ရှိ စိမ်းလန်းသောသစ်တောများကလည်း သဘာဝ၏အေးချမ်းမှုကိုဖော်ပြနေသည်။
စာရေးသူသည် တံတားပေါ်မှ ဖြတ်သန်းသွားလာနေကြသည့် ကားများ၊ ဆိုင်ကယ်များ၊ လူများနှင့် အဝေးရှုခင်းများကိုကြည့်နေရင်း ဆင့်ကဲဆင့်ကဲအတွေးနယ်ချဲ့နေမိပြန်သည်။
အတိတ်ကာလများက မြစ်တစ်ဖက်မှတစ်ဖက်သို့သွားလာရန် လှေများကိုသာအားကိုးရသည့် အချိန်ကာလများရှိခဲ့သည်။ မိုးရာသီရောက်လျှင်မြစ်ရေများတက်ကာ လူများ၏ခရီးသွားလာမှုများနှင့် ကုန်စည်ပို့ဆောင်မှုများမှာ အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်။
ယနေ့တွင်တော့ သံလွင်မြစ်ကူးတံတားကြီးသည် မြစ်ကမ်းနှစ်ဖက်ကို ခိုင်မာစွာဆက်သွယ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ဒေသခံများ၏ နေ့စဉ်ဖြတ်သန်းမှုဘဝလမ်းကြောင်းများ ပိုမိုလွယ်ကူသက်သာစေခဲ့ပြီ။
တံတားကြီးရှိလာပြီးသည့်နောက် ဒေသ၏အသက်ရှူသံများ ပိုမိုမြန်ဆန်သွက်လက်လာသကဲ့သို့ပင် ထင်မိသည်။
တံတားကြီးသည် ဒေသဖွံ့ဖြိုးရေး၏အိပ်မက်များကို အကောင်အထည်ဖော်ရန်၊ ချိတ်ဆက်ပေးနိုင်ရန် တိတ်တဆိတ်တာဝန်ထမ်းဆောင်နေသည်ဟု ခံစားရမိသည်။ ဆက်စပ်စဉ်းစားမိသည်က နိုင်ငံတော်၌ ဘာကြောင့်လမ်းများဖောက်လုပ်ပေးရန်၊ ဘာကြောင့်တံတားတွေဆောက်ပေးရန် လိုအပ်တာလဲဟုပင်ဖြစ်သည်။
ဤသို့ လမ်းတစ်လမ်းဖောက်ခြင်း၊ တံတားတစ်စင်းဆောက်ခြင်းဆိုသည်မှာ ရိုးရိုးအဆောက်အအုံ တည်ဆောက်ခြင်းသာမဟုတ်ပေ။ ၎င်းတို့ကဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းကြောင်းဖွင့်ပေးသော အနာဂတ်၏တံခါးများ ဖွင့်လှစ်ပေးခဲ့ခြင်းပင်ဖြစ်ကြသည်။
လမ်းများ
လမ်းများသည် နိုင်ငံတစ်နိုင်ငံအတွက် သွေးလွှတ်ကြောမကြီးများနှင့်တူပေသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်နိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ပညာရေး စသည့်ကဏ္ဍအားလုံး မြန်မြန်ဆန်ဆန်တိုးတက်နိုင်သည်။ အဘယ်ကြောင့်ပါနည်း။
လမ်းများသည် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အရေးကြီးလှသည်။ ဒေသအသီးသီးမှ ထုတ်ကုန်များ၊ ကုန်ကြမ်းများ လွယ်လင့်တကူသယ်ဆောင်နိုင်သည်။
ခရီးလမ်းမြန်ဆန်သဖြင့် သယ်ယူပို့ဆောင်မှုကာလများ လျော့ကျစေပြီး ကုန်ပစ္စည်းဈေးနှုန်းများ ပိုမိုသက်သာစေသည်။ နိုင်ငံအတွက် စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ရန်လွယ်ကူစေသည်။ နိုင်ငံသားတို့လိုရာခရီးကို ချောမွေ့မြန်ဆန်စွာသွားလာနိုင်ကြသည်။
လမ်းများသည် ကျေးလက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည်။ တောင်သူလယ်သမားများ၏ လယ်ယာထွက်ပစ္စည်းများကို ဈေးကွက်သို့အချိန်တိုအတွင်းပို့နိုင်သည်။ ကျေးလက်ဒေသများသို့ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ ကောင်းမွန်စွာရောက်ရှိစေသည်။ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းကိုမြင့်တက်စေသည်။ သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးအားလုံးအတွက် အဓိကကျသောကဏ္ဍတွင်ပါဝင်ပြီး လူနေမှုဘဝကို မြင့်မားတိုးတက်စေသည်။
လမ်းများသည် လူမှုဆက်သွယ်ရေးကိုလည်းလျင်မြန်စေသည်။ နိုင်ငံသားတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ နေရာအနှံ့သွားလာ လည်ပတ်နိုင်သည်။ အရေးပေါ်အခြေအနေများ (ဥပမာ-ဆေးရုံပို့ဆောင်ရန်) အချိန်မီဆောင်ရွက်နိုင်သည်။ တောင်ပေါ်၊ မြေပြန့်ဒေသအသီးသီးရှိ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများဖလှယ်ခြင်းကိုချောမွေ့စေသည်။
လမ်းများသည် နိုင်ငံအုပ်ချုပ်ရေးအတွက် များစွာပံ့ပိုးသည်။ နိုင်ငံတော်၏ ဝန်ဆောင်မှုများ ပြည်သူလူထုထံသို့ အလွယ်တကူရောက်ရှိနိုင်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အဖွဲ့အစည်းများ လျင်မြန်စွာပြောင်းရွှေ့နိုင်သည်။
လမ်းများသည် ခရီးသွားလုပ်ငန်းအတွက် ပိုမိုဖွံ့ဖြိုးစေသည်။ ပြည်တွင်းပြည်ပ ခရီးသွားများသွားလာမှုလွယ်ကူစေသည်။ နိုင်ငံ၏ခရီးသွားလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံခြားဝင်ငွေကောင်းမွန်စေသည်။
လမ်းများသည် အရေးပေါ်အခြေအနေများကိုလည်း ထိရောက်စွာဆောင်ရွက်နိုင်စေသည်။ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ (ဥပမာ-ငလျင်၊ ရေဘေး၊ မီးဘေး)များဖြစ်ပွားပါက အချိန်တိုအတွင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ပါလိမ့်မည်။ထို့ကြောင့်လမ်းများသည် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုဟု ဆိုရပါလိမ့်မည်။
တံတားများ
တံတားများသည်လည်း နိုင်ငံတစ်နိုင်ငံအတွက် လမ်းများကဲ့သို့ပင် အလွန်အရေးပါလှပေသည်။
“သဘာဝအတားအဆီးများကို အောင်မြင်စွာကျော်လွှားနိုင်သောဉာဏ်ပညာ” ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
တံတားများသည် ပထဝီဆိုင်ရာ အတားအဆီးကိုဖြတ်ကျော်နိုင်သည်။ မြစ်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများ၊ တောင်ပြတ်များ၊ တောင်ကြားများကိုဖြတ်သန်း၍ ခရီးဝေးကိုချိတ်ဆက်ပေးသည်။
ဝေးကွာနေသော ကမ်းနှစ်ဖက်ကိုဖြတ်သန်း၍ ဒေသတစ်ခုနှင့်တစ်ခု လွယ်ကူစွာဆက်သွယ်ပေးသည်။
တံတားများသည် စီးပွားရေးအတွက်အကျိုးကျေးဇူးများဖြစ်စေသည်။ ခရီးသွားရန်အတွက် မြစ်ချောင်းများဖြတ်ကျော်ကူးရန် အချိန်ကြာခြင်း၊ လှေငယ်များ၊ ဇက်များစောင့်ဆိုင်းရခြင်းမှ လွတ်မြောက်စေပြီး အချိန်ကုန်သက်သာစေသည်။ သဘာဝအတားအဆီးရှိသော ဒေသများတွင်ပင် စက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်သည်။ ကုန်စည်များသယ်ယူပို့ဆောင်ဖြန့်ဖြူးရေးအတွက် အခြေခံချိတ်ဆက်မှုလည်းဖြစ်သည်။
တံတားများသည် လူမှုဆက်သွယ်မှုကိုလည်း တိုးတက်စေသည်။ ကျေးလက်ဒေသများနှင့် မြို့ပြဒေသများအကြား ဆက်သွယ်ရေး ပိုမိုရရှိစေသည်။ လူမျိုးစုများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေသည်။
တံတားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံရေးအရအရေးပါလေသည်။ နယ်စပ်ဒေသများ၊ သဘာဝအတားအဆီးရှိသော ဒေသများသို့ တပ်ဖွဲ့ဝင်များ အမြန်ရောက်ရှိနိုင်သည်။ သဘာဝဘေးအန္တရာယ်စသည့် နိုင်ငံ၏အရေးပေါ် အခြေအနေများတွင် ပြည်သူလူထုအား အမြန်ရွှေ့ပြောင်းပေးနိုင်သည်။
တံတားများသည် နိုင်ငံ၏အင်ဂျင်နီယာနည်းပညာ အောင်မြင်မှု၊ နိုင်ငံ၏တိုးတက်မှု၊ နိုင်ငံတော်ပုံရိပ်ကိုမြှင့်တင်နိုင်မှု၊ နိုင်ငံသားများ၏ မျှော်မှန်းချက်နှင့် ဂုဏ်ယူရမှုတို့ကိုဖော်ပြသော သင်္ကေတတစ်ခုလည်းဖြစ်သည်။
လမ်းနှင့်တံတားများ
လမ်းတစ်လမ်း၊ တံတားတစ်စင်း၏ အဓိပ္ပာယ်ပြည့်ဝမှုကို ထပ်မံတွေးမိသည်။ လမ်းတစ်လမ်းဖောက် လုပ်ခြင်းမှာလည်း မြေပြင်ပေါ်တွင် ကျောခင်းနေသည့် သာမန်သက်မဲ့မျဉ်းတစ်ကြောင်းသာ မဟုတ်၊ လူသားတို့၏ ဘဝအနာဂတ်သို့သွားမည့်လမ်းကြောင်းကို ဖွင့်လှစ်ပေးသည့် သက်ဝင်လှုပ်ရှားနေသည့် သက်သေတစ်ခုပင်ဖြစ်နေသည်။
တံတားတစ်စင်းဆိုသည်မှာ မြစ်ကမ်းနှစ်ဖက်ကို ချိတ်ဆက်ပေးသည့် သက်မဲ့ပစ္စည်းတစ်ခုသာမဟုတ်။
လူသားတို့၏ဘဝများ၊ အိပ်မက်များနှင့် ဒေသတစ်ခု၏ အနာဂတ်များကိုပါ ပုံဖော်ချိတ်ဆက်ပေးထားသည့် ဖွံ့ဖြိုးတိုးတက်ရေး၏ အမြဲရှင်သန်နေသောပြယုဂ်တစ်ခုဖြစ်နေသည်။
လမ်းတစ်လမ်း၊ တံတားကြီးတစ်စင်း တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်ကဒေသဖွံ့ဖြိုးရေးနှင့် အများအကျိုးအတွက် အဘက်ဘက်မှစဉ်းစားပြီးမှ ဘဏ္ဍာငွေများအကုန်အကျခံပြီး ဖော်ဆောင်ထားပေးခဲ့ခြင်းဖြစ်သည်။ ဤအကျိုးရလဒ်ကိုလည်း ဒေသခံများဦးစွာခံစားကြရသည်။
ဒေသအသီးသီး၌ လမ်း၊ တံတားများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာ၌ လူဦးရေသိပ်သည်းဆ၊ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ မကိုက်ခြင်းတို့ကို မေ့ထားရန်လိုသည်။
ထိုဒေသလေးတစ်ခု၌ ဆောင်ရွက်ပေးသည့် လုပ်ငန်းများမှတစ်ဆင့်ရရှိလာသည့် နိုင်ငံသားများ၏ယုံကြည်မှု၊ နိုင်ငံတော်အပေါ် အားကိုးအားထားပြုမှုတို့သည် အခြားဒေသအသီးသီးသို့ပျံ့နှံ့သွားမည်။ ထိုအခါ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာအထောက်အကူပြုပါလိမ့်မည်။
တည်ဆောက်ရဦးမည့် အခြေခံအဆောက်အအုံများ ငြိမ်းချမ်းရေးဆိုသည်မှာ “လူသားတိုင်းပူပင်သောကကြောက်လန့်မှုကင်းပြီး အေးချမ်းစွာ နေထိုင်နိုင်ခြင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည် ထင်သည်။ ငြိမ်းချမ်းပြီးအေးချမ်း သာယာဘေးကင်းမှုသည် နိုင်ငံသားများအတွက်၊ နယ်မြေတစ်ခုအတွက်၊ နိုင်ငံတစ်ခုအတွက် အလိုအပ်ဆုံးနှင့် အဓိကအကျဆုံးအခြေခံ လိုအပ်ချက်ပင်ဖြစ်သည်။
ယုံကြည်ချက်၊ ခံယူချက်မတူညီကြတိုင်း အဖျက်လုပ်ရပ်များကို လွယ်လွယ်ကူကူ ဖျက်ဆီးကျူးလွန်ခြင်းများမှာ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုအလွန်ကြီးမားလွန်းလှပါပေသည်။
ဝိဝါဒကွဲပြားခြင်း၊အတွေးအမြင်မတူခြင်း၊ ကိုယ်ကျိုးစီးပွားထိခိုက်ခြင်း စသည့်အချက်တို့အား ငြိမ်းချမ်းစွာမဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့်ဒေသအသီးသီးတွင် ပေးဆပ်မှုတွေများစွာရှိခဲ့သည်။ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များ၊ နိုင်ငံ၏အခြေခံအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့ရလေသည်။ ငြိမ်းချမ်းမှုများလည်း ဝေးကွာခဲ့သည်။
မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် အချိန်တစ်ခုရောက်လျှင် အရှိန်ရပ်တန့်သွားပေလိမ့်မည်။ ထိုအချိန်မှသာ နိုင်ငံအနှံ့ ထူထောင်ရေးလုပ်ငန်းများကို ကွက်ပြည့်နင်းကာပြန်လည်ဆောင်ရွက်၍ရနိုင်ပါမည်။ ဒေသများငြိမ်းချမ်းချိန်ရောက်မှသာ လူ့စွမ်းအားအရင်းအမြစ်များကို ပြန်လည် တည်ဆောက်နိုင်ပါမည်။ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးပြန်လည် စတင်ရပါလိမ့်မည်။ အချိန်များစွာယူရပါလိမ့်ဦးမည်။ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရပါမည်။
ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အခြေခံအဆောက်အအုံများ ကောင်းမွန်လာစေရန် ဒေသအသီးသီးတွင် “ဖောက်ရဦးမည့် လမ်းများ” များစွာဆောင်ရွက်ရပေဦးမည်။ သဘာဝအတားအဆီးများကို ဖြတ်ကျော်နိုင်ရန် “ဆောက်ရဦးမည့် တံတားများ”များစွာ တည်ဆောက်ရပေဦးမည်။ ။
MWD
