မြင်ရတာကို မယုံရတော့တဲ့ ဒီကနေ့ခေတ်ရဲ့ ကမ္ဘာ့နိုင်ငံရေး

Posted_Date

Image

မြင်ရတာကို မယုံရတော့တဲ့ ဒီကနေ့ခေတ်ရဲ့ ကမ္ဘာ့နိုင်ငံရေး

Body

လူသားတွေရဲ့ သမိုင်းကာလတစ်လျှောက်လုံးမှာ ကမ္ဘာ့အဆင့် ဩဇာလွှမ်းမိုးမှုရှိတဲ့ အခင်းအကျင်းတွေဟာ သတင်းအချက်အလက်တွေ အလွန်ရှားပါးတဲ့ အခြေအနေမှာပဲ လည်ပတ်ခဲ့ရတာဖြစ်ပါတယ်။ အရင်ကတော့ သတင်းတစ်ခုရဖို့ဆိုတာ ခက်ခဲတဲ့အတွက် ရလာတဲ့သတင်းအချက်အလက် အနည်းငယ်အပေါ်မှာပဲ မူတည်ပြီး လူတွေက ကိုယ့်အမြင်နဲ့ကိုယ် အမျိုးမျိုးအနက်ဖွင့်ဆိုခဲ့ကြရတာပါ။

ဒါပေမဲ့ အခုဒစ်ဂျစ်တယ်ခေတ်ထဲ ရောက်လာတဲ့အခါမှာတော့ အခြေအနေက လုံးဝဥဿုံ ပြောင်းပြန်ဖြစ်သွားပါပြီ။ သတင်းတွေက ဖောဖောသီသီ ရှိနေလင့်ကစား ဒါဟာ တကယ်အစစ်လား၊ အတုလားဆိုတဲ့ စစ်မှန်မှုကတော့ အလွန်ရှားပါးတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ဉာဏ်ရည်တု AI နည်းပညာကိုသုံးပြီး ဖန်တီးထားတဲ့ Deepfakes တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ “လူထုစကားပြောဆိုမှု နဲ့ “မျက်မြင်သက်သေ အထောက်အထား တွေအပေါ် ယုံကြည်မှုကို အခြေခံကနေ လှုပ်ခါဖျက်ဆီးပစ်နေတာပါ။

Deepfake ဆိုတာ AI နည်းပညာသုံးပြီး လူတစ်ယောက်ရဲ့ ရုပ်ပုံ၊ ဗီဒီယို ဒါမှမဟုတ် အသံကို တခြားလူတစ်ယောက်က လုပ်နေတာ၊ ပြောနေတာမျိုးဖြစ်အောင် ဖန်တီးထားတဲ့ အတုအယောင်ဖြစ်ပါတယ်။ ဒီ Deepfake ဗီဒီယိုတွေ၊ ပုံတွေနဲ့ အသံတုတွေဟာအရင်ကထက် ကုန်ကျစရိတ် သိသိသာသာ သက်သာလာရုံသာမကဖန်တီးရတာလည်း လွယ်ကူလာတဲ့အတွက် ဘယ်သူမဆို လက်နက်တစ်ခုလို သုံးနိုင်လာနေကြတာဖြစ်ပါတယ်။

ဒီနေ့ခေတ် အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒီလို AI နဲ့ လုပ်ထားတဲ့ အတုအယောင်တွေဟာ နေရာအနှံ့ ပျံ့နှံ့နေပါပြီ။ စစ်တမ်းတွေအရဆိုရင် ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်ဟာ လွန်ခဲ့တဲ့တစ်နှစ်အတွင်း Deepfake ဗီဒီယိုတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ဖူးကြတယ်လို့ သိရပါတယ်။ 

အချို့သော ဖန်တီးမှုတွေကတော့ ကြည့်လိုက်ရင် အန္တရာယ်မရှိသလိုပါပဲ။ ရယ်စရာမောစရာ အဆင့်ပဲ ရှိပါတယ်။ ဥပမာ ရုရှားနိုင်ငံ ကမ်ချက်ကာဒေသမှာ ကိုးထပ်တိုက်အမြင့်လောက်ရှိတဲ့ နှင်းပုံကြီးတွေ ရှိနေတယ်ဆိုပြီး အမေရိကန်မှာပါ ပျံ့နှံ့သွားတဲ့ AI ပုံတွေလိုမျိုးပေါ့။

ဒါတွေက အပေါ်ယံကြည့်ရင် အပျော်သဘောလို့ ထင်ရပေမယ့်တကယ်တမ်းမှာ လူတွေရဲ့အမှန်နဲ့အမှား ခွဲခြားနိုင်စွမ်းကို တဖြည်းဖြည်းဝါးမျိုလာနေတာဖြစ်ပါတယ်။ ဒီနည်းပညာဟာ အခုဆိုရင် အပျော်သဘောအဆင့်ကနေ ပြင်းထန်တဲ့ နိုင်ငံရေးတင်းမာမှုတွေကို ပိုမိုလောင်စာဖြည့်ပေးလာတဲ့ လက်နက်တစ်ခုအဖြစ် ရောက်ရှိလာနေပါပြီ။

Deepfake တွေရဲ့ အန္တရာယ်က နိုင်ငံရေးတင်းမာမှုတွေကို မီးလောင်ရာလေပင့်ဖြစ်စေတဲ့အထိ ရောက်လာတာကို ၂၀၂၅ ခုနှစ် မေလမှာတုန်းက ဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် အကျပ်အတည်းမှာ အထင်အရှား မြင်ခဲ့ရပါတယ်။ အဲဒီတုန်းက တိုက်လေယာဉ် နှစ်စင်း 

ပျက်ကျသွားပြီလို့ ပြထားတဲ့ ဗီဒီယိုအတုတစ်ခုဟာ နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းမှာ တောမီးလိုပျံ့သွားပါတယ်။ အစိုးရတွေဘက်က ဒါဟာ အတုကြီးပါလို့တရားဝင်ငြင်းဆိုချက်တွေ ထုတ်ပြန်ဖို့ ကြိုးစားနေတုန်းမှာတင် လူထုကြားမှာ စစ်လိုလားတဲ့ စိတ်ဓာတ်တွေက အထွတ်အထိပ် ရောက်ကုန်ပါပြီ။

ဒီဖြစ်ရပ်က ဘာကိုပြလဲဆိုရင် Deepfake ဆိုတာ ဖျော်ဖြေရေး သက်သက်မဟုတ်တော့ဘဲ နိုင်ငံတစ်ခုရဲ့ တည်ငြိမ်ရေးနဲ့ အမျိုးသားလုံခြုံရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ လက်နက်ဖြစ်လာပြီဆိုတာပါပဲ။ ဒါကြောင့်လည်း ၂၀၂၅ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကမ္ဘာတစ်ဝန်း AI အသုံးပြုမှုဆိုင်ရာစည်းမျဉ်းအသစ်တွေက လှိုင်းလုံးတစ်ခုလို ပေါ်ထွက်လာတာပါ။ နိုင်ငံတွေဟာ AI အတုအယောင်တွေကို နည်းပညာအသစ်တစ်ခုလိုမမြင်တော့ဘဲ နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့အရာတစ်ခုအဖြစ် သတ်မှတ်ပြီး ထိန်းချုပ်ဖို့ကြိုးစားလာကြပါတယ်။

အာရှနိုင်ငံတွေကိုကြည့်ရင် ဥပဒေနဲ့ ချက်ချင်းလက်ငင်း အရေးယူတာကို ပိုတွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဆိုရင် ဇန်နဝါရီလ ၁၀ ရက်မှာ Grok ပလက်ဖောင်းကို ယာယီပိတ်ဆို့လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပလက်ဖောင်းကိုသုံးပြီး ခွင့်ပြုချက်မရှိဘဲ လိင်ပိုင်းဆိုင်ရာ Deepfake တွေ ဖန်တီးနေကြလို့ပါ။ ဂျကာတာအစိုးရရဲ့တုံ့ပြန်ပုံက စံနှုန်းတွေသတ်မှတ်ဖို့ စောင့်မနေတော့ဘဲ ပြဿနာဖြစ်တာနဲ့ ဖြန့်ဝေတဲ့ လမ်းကြောင်းကို ချက်ချင်းဖြတ်တောက်လိုက်တာပဲဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ ပိုပြီးတင်းကျပ်လှတဲ့ ရာဇဝတ်မှုဆိုင်ရာချဉ်းကပ်ပုံကို သုံးတာတွေ့ရပါတယ်။ ၂၀၂၅ ခုနှစ်အကုန်မှာ နိုင်ငံတော်ဆန့်ကျင်ရေး AI ပုံရိပ်တွေ၊ ဗီဒီယိုတွေဖြန့်တဲ့သူများကို မျက်ကွယ်မှာတင်တရားစီရင်ပြီး ဖမ်းဝရမ်းတွေထုတ်ခဲ့ပါတယ်။

ဒါဟာ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာကို ကာကွယ်တာဖြစ်ပြီး အွန်လိုင်းပေါ်ကနေ ပြည်ပမှတိုက်ခိုက်တာမျိုးကို ခွင့်မပြုဘူးဆိုတဲ့ ပြတ်သားရှင်းလင်းတဲ့ သတင်းစကားပေးလိုက်တာပါ။

အိန္ဒိယမှာလည်း ဇန်နဝါရီလ ၁၉ ရက်မှာ အိန္ဒိယရဲတပ်ဖွဲ့က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကို အသရေဖျက်ဖို့ ကြိုးစားတဲ့ AI ပုံရိပ်တစ်ခုအတွက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။ ဒီနေရာမှာ သတိထားရမှာက   သူတို့ရဲ့ရည်ရွယ်ချက်ဟာ   ကြီးမားတဲ့ လှည့်ဖြားမှုထက် လူထုကြားမှာ ချက်ချင်းလက်ငင်းဆူပူအုံကြွမှု ဖြစ်စေဖို့ပဲဖြစ်ပါတယ်။

ဥရောပသမဂ္ဂ EU ကတော့ ဥပဒေကြောင်းအရ စနစ်တကျ မူဘောင်တွေ ချမှတ်နေပါပြီ။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၁၇ ရက်မှာ ဥရောပကော်မရှင်က AI နဲ့ဖန်တီးထားတဲ့ အကြောင်းအရာတွေကို အညွှန်းပါရမယ်ဆိုတဲ့ ဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာAI အက်ဥပဒေပါ ပွင့်လင်းမြင်သာမှု မူဝါဒတွေကို လက်တွေ့ကျင့်သုံးနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေအဖြစ် ပြောင်းလဲလိုက်တာပါ။

ဂျာမနီတရားရေးဝန်ကြီးဌာနကလည်း ဇန်နဝါရီလ ၉ ရက်မှာ AI နဲ့ ပုံရိပ်တုပြုပြင်တာတွေကို ဒစ်ဂျစ်တယ် အကြမ်းဖက်မှုလို့သတ်မှတ်ပြီး ရာဇဝတ်မှုအဖြစ်အရေးယူဖို့ ပြင်ဆင်လာပါတယ်။ အမေရိကန်နိုင်ငံမှာတော့ သမ္မတဒေါ်နယ်ထရမ့်က Take It Down Act ကို ၂၀၂၅ မှာ လက်မှတ်ထိုးခဲ့တာကြောင့် ပလက်ဖောင်းတွေအနေနဲ့ ခွင့်ပြုချက်မရှိတဲ့ AI ပုံရိပ်ကို ချက်ချင်းဖယ်ရှားပေးဖို့ တာဝန်ရှိလာစေပါတယ်။ အထက်လွှတ်တော်ကလည်း DEFIANCE Act ကို အတည်ပြုခဲ့သလို၊ လူတစ်ဦးချင်းစီရဲ့ ပုံရိပ်နဲ့ အသံကို ကာကွယ်ပေးမယ့် No Fakes Act ကိုလည်း ဆက်လက်ဆွေးနွေးနေကြပါတယ်။

ရုရှားနိုင်ငံဟာလည်း ဒီလှိုင်းထဲမှာ နောက်ကျကျန်နေခဲ့ခြင်းမရှိဘဲကိုယ်ပိုင်လမ်းစဉ်ကို ဖော်ဆောင်နေပါတယ်။ ဇန်နဝါရီလ ၂၀ ရက်မှာ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဦးဆောင်ပြီး အထူးလုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းအရ AI နဲ့ လုပ်ထားတဲ့ ဗီဒီယိုမှန်သမျှ အညွှန်းမပါရင် ဒါမှမဟုတ် အညွှန်းမှားရင် အုပ်ချုပ်ရေးနည်းလမ်းအရ ဒဏ်ကြေးတွေရိုက်မယ့်အစီအစဉ်ကို   ၂၀၂၆  မတ်လကျရင် လွှတ်တော်မှာ စတင်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးပမ်းနေသလို နိုင်ငံတကာအဆင့်မှာလည်း C2PA လိုမျိုး နည်းပညာစံနှုန်းတွေ ဖော်ဆောင်ပြီး သတင်းတစ်ခုရဲ့ မူရင်းဇာစ်မြစ်ကို စစ်ဆေးနိုင်အောင် လုပ်ဆောင်နေကြပါတယ်။ နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေးသမဂ္ဂ ITU လိုမျိုး အဖွဲ့အစည်းတွေမှာလည်း AI ပွင့်လင်းမြင်သာမှုအတွက် ဆွေးနွေးနေကြပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင်  ယနေ့ကမ္ဘာကြီးဟာ အခုဆိုရင် ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုဆိုတာကို စနစ်တကျစစ်ဆေးရမယ့်ခေတ်ကိုရောက်နေပါပြီ။ အစိုးရတွေအတွက် Deepfake ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာဟာ သူတို့ရဲ့ နိုင်ငံရေးအရ ရင့်ကျက်မှုနဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နိုင်စွမ်းကို စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။

အခုအချိန်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲများက နည်းပညာတိုက်ပွဲတင် မဟုတ်တော့ပါဘူး။ “မြင်ရမှယုံဆိုတဲ့ စကားအလုပ် မဖြစ်တော့တဲ့ ခေတ်မှာ စစ်မှန်တဲ့ နိုင်ငံရေးနဲ့ လူမှုရေးယုံကြည်မှုတွေကို ဘယ်လိုမျိုး ဆက်လက်ထိန်းသိမ်းမလဲဆိုတာဟာ လူသားတွေအားလုံးရဲ့တာဝန် ဖြစ်လာပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်ရေးဟာ ဒီအတုအယောင်တွေကို ဘယ်လောက်အထိ ထိထိရောက်ရောက်နဲ့ ပညာသားပါပါ တားဆီးနိုင်မလဲ ဆိုတဲ့အပေါ်မှာသာမူတည်နေတော့မှာ ဖြစ်ပါတယ်။             

Ref: RT

MWD