ဉာဏ်ရည်တုနည်းပညာ သို့မဟုတ် အေအိုင် ဖွံ့ဖြိုးတိုးတက်လာခြင်း

Posted_Date

Image

ဉာဏ်ရည်တုနည်းပညာ သို့မဟုတ် အေအိုင် ဖွံ့ဖြိုးတိုးတက်လာခြင်း

Body

“ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို ဖြစ်ထွန်း အောင်လုပ်တတ်တဲ့၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လူသားတွေဖြစ်တယ်။ အဲဒီလိုဖြစ်လာအောင် လုပ်ပေးထားတဲ့ အနှစ်သာရတွေကို ဆော့ဖ်ဝဲ ဒါမှ မဟုတ် အယ်လ်ဂိုရစ်သမ်အဖြစ် ပြောင်းလဲလိုက် နိုင်ရင် ဘာဖြစ်မလဲ"

 

ထိုမေးခွန်းမှာ ဉာဏ်ရည်တုနည်းပညာကို စမလုပ်ခင် သူ့ကိုယ်သူမေးခဲ့မိသည့် မေးခွန်းဖြစ် သည်ဟု ယနေ့ခေတ်၏အေအိုင် ရှေ့ဆောင်ဦးရွက် များထဲမှ တစ်ယောက်ဖြစ်သူ မူစတာဖာ ဆူလီမန်က ၂၀၂၃ ခုနှစ်ထုတ် The Coming Wave စာအုပ်ထဲတွင် ရေးထားသည်။ ထိုစဉ်က အေအိုင်ကုမ္ပဏီလေးတစ်ခု ကို ကမ်းမမြင်လမ်းမမြင် အနေအထားတွင် စတင် ထူထောင်ခဲ့ရာမှ သူသည် ယခု မိုက်ခရိုဆော့ဖ်၏ အေအိုင် စီအီးအိုဖြစ်နေပြီ။ သို့သော် ထိုမေးခွန်းမှာ ၂၁ ရာစုတွင်မှ၊ နည်းပညာအခြေခံရှိပြီး စွန့်ဦးတီထွင် လုပ်တတ်သူ တစ်ယောက်ထံတွင်မှ ပေါ်ထွက်လာ သော မေးခွန်းမဟုတ်။ အလားတူ မေးခွန်းမျိုးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ရနေး ဒေးကားတို့လို၊ သောမတ် ဟော့ဘ်တို့လို၊ အလန် ကျူရင်တို့လို အသိဉာဏ်ပညာရှင် အဆက်ဆက်က ထုတ်ခဲ့ကြပြီးသား။

ဗြိတိသျှ သင်္ချာပညာရှင် အလန်ကျူရင်က ၁၉၅ဝ ပြည့်နှစ်ထုတ် သူ့စာတမ်း Computing Machinery and Intelligence တွင် 'စက်တွေက တွေးနိုင်သလား' ဟု မေးခွန်းထုတ်ခဲ့သည်။ ထိုမေးခွန်းကိုပင် ယနေ့ခေတ် ဉာဏ်ရည်တု နည်းပညာ၏ အခြေခံအုတ်မြစ်ဟု ပညာရှင်များက ယူဆထားကြသည်။ ကျူရင်ကပင် စမ်းသပ်ချက် တစ်ခုကို အဆိုပြုသည်။ သူ့စမ်းသပ်ချက်တွင် လူနှစ်ယောက်နှင့် စက်တစ်လုံး ပါဝင်သည်။ လူတစ်ယောက်က အကဲဖြတ်သူ။ သူနှင့် စက်ကြား တွင်ရော၊ သူနှင့် အခြားလူကြားတွင်ရော လက်နှိပ် စက်လိုစက်မျိုးဖြင့် စာရိုက်ပြီး ပို့နိုင်သည့် ကြားခံ စက်တစ်ခုရှိမည်။ ယခုခေတ်လို ဖုန်းဖြင့် စာပို့၍ ရနေသော အချိန်အခါမျိုးတွင် ထိုသို့သောဆက်သွယ်ရေးနည်းမှာ နေ့စဉ်သုံးဖြစ်နေသော်လည်း ကျူရင်တို့ . ခေတ်ကမူ အနာဂတ်နည်းပညာတစ်ခု။ အကဲဖြတ်မည့်သူသည် ဘယ်သူက လူလဲ၊ ဘယ်သူက စက်လဲ မသိ။ သို့သော် အပြန်အလှန် စာပေးပို့စကားပြောရင်း လူလား စက်လား အကဲဖြတ်နိုင်မည်ဖြစ်သည်။

ထိုသို့ အကဲဖြတ်နေရင်း လူလား၊ စက်လားခွဲမရတော့ သည့် အနေအထားရောက်လျှင် ထိုစက်သည် စာမေးပွဲအောင်ပြီ။ ယင်းကို ကျူရင် စမ်းသပ်ချက်ဟု ခေါ်ပြီး စက်၏အသိဉာဏ်နှင့်ပတ်သက်၍ အခြေခံ အဆင့်တစ်ခုအဖြစ် သဘောထားကာ နောက်ပိုင်း သုတေသီများက ထိုစမ်းသပ်ချက်ကို ကျော်လွန်နိုင် ရန် အသည်းအသန် ကြိုးစားခဲ့ကြသည်။

အေအိုင်နည်းပညာဆိုသည့် နယ်ပယ်တစ်ခု တရားဝင်ပေါ်ပေါက်လာသည်ကတော့ ၁၉၅၆ ခုနှစ် နွေရာသီတွင်ဟု ဆိုနိုင်သည်။ ဆိုနိုင်သည်။ ထိုနွေရာသီတွင် ကွန်ပျူတာ သိပ္ပံပညာရှင်များဖြစ်ကြသော ဂျွန် မက္ကာသီ၊ မာဗင်မင်စကီး၊ နေသန်နီယယ် ရိုချက် စတာ၊ ကလောက်ရှန်နွန်တို့ ဦးဆောင်သည့် ဘာသာရပ်ဆိုင်ရာ ညီလာခံတစ်ခု ကျင်းပခဲ့သည်။ ထိုညီလာခံသည် စက်၏အသိဉာဏ်ကို ဖော်ထုတ်ရန် ဦးစားပေးသော ညီလာခံ၊ ဒါ့တ်မောက် ညီလာခံဟု အမည်တွင်သည်။ ထိုညီလာခံတွင် အသိဉာဏ်တု သို့မဟုတ် အေအိုင် ဟု ယနေ့ခေတ် ခေါ်တွင်သော Artificial Intelligence ဆိုသည့် စကားလုံးကို မင်စကီးက စတင်အသုံးပြုခဲ့သည်။ ထိုညီလာခံမှ သုတေသီအကျော်အမော်တို့၏ ဟောကိန်းမှာ စိတ်ဝင်စားဖို့ကောင်းသည်။ “ဘယ်သင်ယူမှုမျိုးကို ဒါမှမဟုတ် အသိဉာဏ်ပညာရဲ့ တခြား ဘယ်လက္ခဏာရပ်ကိုမဆို သဘောတရားအားဖြင့် တိတိပပ ဖော်ပြနိုင်တဲ့အတွက် စက်တစ်လုံးဟာ အဲဒါကိုတူအောင် လုပ်ယူလို့ရတယ်”။ ထိုခေတ် ထိုအခါက နည်းပညာများနှင့်ဆိုလျှင် အကောင်းမြင် လွန်းခြင်း သို့မဟုတ် ရည်မှန်းချက်ကြီးလွန်းခြင်း ဟုပင် ဆိုနိုင်သည်။ သို့သော် ယနေ့ခေတ်တွင် ထိုစကားမှာ လွန်သည်ဟု မဆိုသာတော့ပေ။

ယခုဆောင်းပါးအစတွင် ဖော်ပြထားသည့် ဆူလီမန်၏ မေးခွန်းထဲမှ “လူသားတို့ကို ယခုလိုဖြစ်လာအောင် လုပ်ပေးထားသော အနှစ်သာရ” ဆိုသည်မှာ ထိုအသိဉာဏ်ပညာကို ဆိုလိုသည်။ ကျွန်တော်တို့ကို လူသားဟူဿ ဖြစ်စေသည့်အချက်ထဲတွင် အသိဉာဏ်ပညာအပြင် ခံစားချက်တို့ကိုလည်း မထည့်၍မရ။ သို့သော် အသိဉာဏ်ပညာနှင့် ခံစားချက်တို့သည် လက်ရှိအချိန်ထိတော့ မတူ ကွဲပြားသည့်အရာနှစ်ခုအဖြစ် မြင်နေရဆဲ။ကွဲပြားသည်ကခံစားချက်ကို သဘောတရားအားဖြင့် တိတိပပပြော၍မရ။ ဒဿနဆရာတို့က အမျိုးမျိုး ကြိုးစားခဲ့ကြသည့်တိုင် ဂန္ထဝင်၊ ခေတ်ပြိုင်၊ မော်ဒန်၊ ပို့စ်မော်ဒန် ခေတ်အဆက်ဆက်တွင် ခံစားချက်တို့ကို ပုံဖော်၍ မဆုံးနိုင်။ သို့သော် ဒါ့တ်မောက် ညီလာခံက အသိဉာဏ်ပညာ၏မည်သည့်သဘောလက္ခဏာရပ် ကိုမဆို သဘောတရားအားဖြင့် တိတိပပဖော်ဆောင် နိုင်သောကြောင့် စက်သည် ယင်းကိုတုပနိုင်သည်ဟု ရဲရဲတင်းတင်း အဆိုပြုသည်။ ထိုအဆိုပြုချက်သည် ယနေ့ခေတ် အေအိုင်ဆိုသည့် နည်းပညာအထိရောက်လာအောင် သုတေသီတို့ကို အားသစ်လောင်း ပေးသောစကားဆိုသည်မှာ ငြင်း၍မရပေ။ ယနေ့ ခေတ် လူသား အသိဉာဏ်ပညာကို အတိုင်းအတာ တစ်ခုအထိ ထည့်သွင်းထားနိုင်ပြီဖြစ်သော အေအိုင် တို့တွင် ခံစားချက်ရှိလားဆိုသည့်မေးခွန်းမှာ တစ်ကျော့ပြန် ပေါ်ထွက်လာသည်။ ထိုအကြောင်းကိုတော့ နောက်မှ သီးခြားဆွေးနွေးပါမည်။

၁၉၉၀ ပြည့်နှစ်လွန်များတွင် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်လာသည်။ ဆရာသမားတို့၏ အပြောအတိုင်း လိုက်ပြောရလျှင် ပါရာဒိုင်း အရွေ့တစ်ခုဟု ဆိုနိုင်သည်။ ယင်းမှာ စက်လေ့လာ သင်ယူမှုဟု ဆိုနိုင်သော Machine Learning နည်းပညာ။ စက်က ဘယ်လို လေ့လာသင်ယူသလဲ။ ရှေ့ပိုင်းက စက်တို့သည် လူသားတို့က ရေးပေးထားသည့် ကုဒ်များအတိုင်းသာ အလုပ်လုပ်သည်။ ထိုသို့သောစက်များက ဆုံးဖြတ်ချက်ရမှတ်မှုများကို လုပ်နေသည် ဟု ထင်ရာသော်လည်း တကယ်တမ်းတွင် လူသားပရိုဂရမ်ရေးသူတို့က ကြိုတင်ဆုံးဖြတ်ချက်ချထားပေးခြင်းသာ။ စက်လေ့လာသင်ယူမှုတွင်မူ ထိုသို့ မဟုတ်တော့။ အယ်လ်ဂိုရစ်သမ်ချင်း မတူတော့။

 

ဥပမာပြောရလျှင် ထုံးတမ်းစဉ်လာ အယ်လ်ဂို ရစ်သမ်တစ်ခု၌  အခန်းတွင်းအပူချိန် ၃၀ ဒီဂရီ ဆဲလ်စီးယပ်ထက် ကျော်လျှင် လေအေးပေးစက်ကို ဖွင့်ပါဟု ရေးထားသည်ဆိုပါစို့။ စက်သင်ယူမှု အယ်လ်ဂိုရစ်သမ်တွင် ထိုသို့မဟုတ်။ အခန်းတွင်း အပူချိန်ဆိုင်ရာ အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ပေးထားသည်။ လေအေးပေးစက် ဖွင့်လေ့ပိတ်လေ့ရှိသည့် အနေအထားတို့ကို အချက် အလက်အဖြစ် ထည့်သွင်းပေးထားသည်။ အယ်လ်ဂို ရစ်သမ်က ထိုအချက်အလက်များကို ယူသည်။ အပူချိန်ဘယ်လောက်တွင် ဖွင့်လဲ၊ ဘယ်လောက်တွင် ပိတ်လဲဆိုသည့် အချက်အလက်တို့ကို စိစစ် တွက်ချက်သည်။ ယင်းကို မှတ်သားထားပြီး အပူချိန် ဘယ်လောက်တွင် လေအေးပေးစက်ဖွင့်ရမလဲဆို သည်ကို အယ်လ်ဂိုရစ်သမ်က ဆုံးဖြတ်သည်။ ထို့ကြောင့် နောက်ဆုံး အဆုံးအဖြတ်သည် စက်ပေါ် တွင် မူတည်သွားသည်။

 

ထိုသဘောတရားဖြင့် တည်ဆောက်ထားသည့် ဒီဘလူးကွန်ပျူတာသည် ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့  စစ်တုရင်ချန်ပီယံ  ဂယ်ရီကက်စပါးရော့ကို အနိုင် ကစားလိုက်သည်။ ထိုပြိုင်ပွဲ၏ စာချုပ်ပါအချက်အလက်များနှင့် နောက်ပိုင်း အနန်း၏ စိန်ခေါ်မှုကို လက်မခံခြင်းလိုမျိုး အငြင်းပွားဖွယ်ကိစ္စအချို့ကို ဖယ်ထားလိုက်ပါ။ မည်သို့ပင်ဖြစ်စေ ထိုဖြစ်ရပ်သည် စက်သင်ယူမှု၏  လုပ်နိုင်စွမ်းကို အတိုင်းအတာတစ်ခု အထိ ပြသလိုက်သည်။ ယင်းမှာ ခေတ်သစ်အေအိုင်၏ ပင်မအရင်းအမြစ်တစ်ခုဖြစ်သော စက်သင်ယူမှု သဘောတရားကို စတင်ကိုင်တွယ်လာနိုင်ခြင်း ဖြစ်သည်။ ကျန်အပိုင်းများကို နောက်အပတ်တွင် ဆက်လက်ဆွေးနွေးသွားပါမည်။

ကြေးမုံ