တိရစ္ဆာန်ကျင်ငယ်ရည်များဖြင့် သီးနှံစိုက်ပျိုးခြင်း
Posted_Date
Image
Body
ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့်အတူ စားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် သီးနှံစိုက်ခင်းများတွင် ဓာတ်မြေဩဇာ သွင်းအားစုများကို အလွန်အကျွံ အသုံးပြုလာကြသည်။ ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းသည် သီးနှံအရည်အသွေးကျဆင်းခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီး ရေရှည်တွင် မြေဆီလွှာပျက်စီးမှုကိုဖြစ်ပေါ်စေသည်။ ရေရှည်တွင် စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရေးအတွက် ဆောင်ရွက်ကြရာတွင် ဂေဟဗေဒစနစ်နှင့် လိုက်လျောညီထွေမှုရှိပြီး စိုက်ပျိုးမြေဆီလွှာနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေသည့် နည်းစနစ်များကို ပိုမိုလက်ခံကျင့်သုံးရန်လိုအပ်လာသည်။ ထို့ကြောင့် ဓာတ်မြေဩဇာသွင်းအားစုများသုံးစွဲခြင်းကိုလျှော့ချ၍ သဘာဝမြေဩဇာများ ပြုလုပ်ပြီး အချိုးကျပေါင်းစပ်သုံးစွဲရန် လိုအပ်သည်။ သို့ဖြစ်ပါ၍ လယ်ယာလုပ်ငန်းခွင်မှ အလွယ်တကူ ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြုခြင်းသည် စိုက်ပျိုးကုန်ကျစရိတ် နည်းပါးပြီး အကျိုးအမြတ်များများ ရရှိနိုင်မည် ဖြစ်သည်။ တိရစ္ဆာန်ကျင်ငယ်ရည်များကို အသုံးပြု၍ သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်။ အော်ဂဲနစ်အခြေခံသဘာဝအရင်းအမြစ်များထဲမှ တိရစ္ဆာန်များ၏ ကျင်ငယ်ရည်အသုံးပြု၍ တောင်သူများမိမိစိုက်ခင်းတွင် အလွယ်တကူအသုံးပြုနိုင်ရေးအတွက် ယခုဆောင်းပါးကိုရေးသားရခြင်းဖြစ်သည်။
တိရစ္ဆာန်၏ကျင်ငယ်ရည်တွင် အာဟာရဓာတ်ပါဝင်မှု
တိရစ္ဆာန်များ၏ ကျင်ငယ်ရည်တွင် သီးနှံများအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ် အများဆုံးပါဝင်ပြီး ဖော့စဖောရပ်၊ ပိုတက်စီယမ် စသည့်အပင်ကြီးထွားမှုအတွက် အရေးပါသည့် အာဟာရဓာတ်များနှင့် အနည်းလိုအာဟာရဓာတ်များလည်း ပါဝင်သည်။
တိရစ္ဆာန်ကျင်ငယ်ရည်စုဆောင်းခြင်း ရှေးယခင်ကပင် တောင်သူများသည် မွေးမြူထားသော တိရစ္ဆာန်များမှစွန့်ထုတ်လိုက်သည့် ကျင်ငယ်ရည်များကို မြောင်းသွယ်ပေးထားပြီး ကျင်းများထဲတွင်စုဆောင်းတတ်ကြသည်။ နွားတင်းကုပ်များ၌ သမံတလင်းခင်း၍ ကျင်ငယ်ရည်စီးကြောင်းပြုလုပ်ကာ ရေကန်ငယ် သို့မဟုတ် ရေပုံးခံ၍နွားကျင်ငယ်ရည် ခံယူနိုင်သည်။ နွားကျင်ငယ်ရည်စွန့်သည့် အချိန်တွင်လည်း တိုက်ရိုက်စုဆောင်းနိုင်သည်။ နွားတစ်ကောင်သည် တစ်ရက်လျှင် နွားကျင်ငယ်ရည် ၆ လီတာခန့်စွန့်ထုတ်နိုင်သည်။ ထို့ကြောင့် နွားတစ်ရှဉ်းရှိသော လယ်သမားတစ်ဦးသည် တစ်နှစ်လျှင် နွားကျင်ငယ်ရည် ၄၃၈၀ လီတာကိုစုဆောင်းရရှိနိုင်သည်။
တိရစ္ဆာန်ကျင်ငယ်ရည်၏အကျိုးကျေးဇူးများ
(က) သီးနှံကြီးထွားမှုကို ပိုမိုကောင်းစေခြင်း၊
(ခ) မြေဆီလွှာအတွင်း အကျိုးပြုသက်ရှိများပိုမိုပွားများလာစေပြီး ၎င်းတို့၏လုပ်ဆောင်မှု တိုးလာစေခြင်း၊
(ဂ)မြေဆီလွှာအတွင်း အနည်းလိုအာဟာရဓာတ်များ များပြားလာစေခြင်း၊
(ဃ) မြေဆီလွှာအတွင်း အော်ဂဲနစ်ပစ္စည်းများပါဝင်မှုကိုထိန်းပေးနိုင်ခြင်း၊
(င)ကုန်ကျစရိတ်နည်းနည်းနှင့် သီးနှံအထွက်တိုးစေခြင်း။
အသုံးပြုပုံ
တိရစ္ဆာန်ကျင်ငယ်ရည်ကို အပင်တွင်တိုက်ရိုက်အသုံးပြုပါက အပင်ကိုလောင်စေနိုင်သောကြောင့် ရေနှင့်အချိုးကျရော၍ ပြုပြင်ပြီးမှ အသုံးပြုရန်လိုအပ်သည်။ နွား၊ ကျွဲ ကျင်ငယ်ရည်တစ်ဆလျှင် ရေငါးဆမှ ၁၀ ဆခန့်ရောစပ်ရန်နှင့် ဝက်၊ ဆိတ်ကျင်ငယ်ရည်သည် ပိုမိုပြင်းအားပြင်းသည့်အတွက် ကျင်ငယ်ရည်တစ်ဆလျှင် ရေ ၁၅ ဆခန့်အထိ ရောစပ်အသုံးပြုရမည်။ ကျင်ငယ်ရည်ကို လတ်လတ်ဆတ်ဆတ် အသုံးပြုခြင်းထက် ပုံးထဲတွင် တစ်ပတ်မှနှစ်ပတ်ခန့်ပိတ်ထားပြီး အချဉ်ဖောက် အသုံးပြုခြင်းသည် ပိုမိုထိရောက်မှုရှိသည်။ အချဉ်ဖောက်ထားသော ကျင်ငယ်ရည်ကို အသုံးပြုခြင်းဖြင့် နိုက်ထရိုဂျင်နှင့် အာဟာရဓာတ်များကို အပင်စုပ်ယူလွယ်သည့်ပုံစံသို့ ပြောင်းလဲပေးနိုင်သောကြောင့် အပင်ကြီးထွားမှုပိုမိုမြန်ဆန်စေသည်။ ကျင်ငယ်ရည်ထဲသို့ တင်လဲရည် သို့မဟုတ် ထန်းလျက်ရည် အနည်းငယ်ထည့်ပြီး အသုံးပြုပါက အကျိုးပြုပိုးမွှားများကို ပိုမိုပွားများလာစေသည်။ အီးအမ် သို့မဟုတ် ငါးအမိုင်နိုအက်စစ်များနှင့်ရောစပ်အသုံးပြုပါက အကျိုးကျေးဇူးပိုမိုရရှိစေသည်။
နွားကျင်ငယ်ရည် ရွက်ဖျန်းအားဆေးပြုလုပ်ခြင်း
ပထမဦးစွာ နွားကျင်ငယ်ရည်ဖျော်မည့် စည်ပိုင်း/ ပုံးထဲသို့ ရေလီတာ ၂၀၀ ထည့်ပါ။ ထို့နောက် နွားချေး ၁၀ ကီလိုဂရမ်နှင့် နွားသေး ၅ လီတာမှ ၁၀ လီတာခန့်၊ ထန်းလျက် ၂ ကီလိုဂရမ်နှင့် ပဲမှုန့် ၂ ကီလိုဂရမ်၊ မြေကြီးလက်တစ်ဆုပ် သို့မဟုတ် မြေကြီး ၂၅၀ ဂရမ်မှ ၅၀၀ ဂရမ်ထည့်ပါ။ ရောစပ်ထားသည့်ပုံးအား တစ်ရက်သုံးကြိမ်မွှေပေးပါ။ မွှေသည့်အခါ နာရီလက်တံအတိုင်းမွှေပြီး တစ်ခါမွှေလျှင်
အနည်းဆုံး ၁၀ မိနစ်ခန့်မွှေပေးပါ။ ရောစပ်ထားသည့်ပုံးအား နေရောင်တိုက်ရိုက်မထိတွေ့စေရန်၊ အစိုဓာတ်ထိန်းနိုင်ရန်နှင့် ယင်ကောင်များမနားစေရန်အတွက် အဝတ်စအပါးဖြင့် သေချာစွာစည်းနှောင်ပိတ်ပေးပါ။ ၅ ရက်မှ ၇ ရက်ကြာပြီးနောက် အပုပ်နံ့မထွက်ဘဲ ကစော်နံ့ကဲ့သို့ ချိုမွှေးမွှေးအနံ့ရရှိလာပါကအသုံးပြုနိုင်ပြီဖြစ်သည်။
အသုံးပြုရမည့်နည်းလမ်းများ
(က) မြေကြီးထဲလောင်းပေးခြင်း
အပင်၏အမြစ်ကိုတိုက်ရိုက်မထိစေရန် အပင်ခြေမှ အနည်းငယ်ခွာ၍ လောင်းပေးပါ။
(ခ) အရွက်ကိုဖျန်းခြင်း (Foliar Spray)
ရေနဲ့အဆများစွာ (ဥပမာ ၁:၂၀ အချိုး) ရောစပ်ပြီး အရွက်ကိုဖျန်းပေးခြင်းဖြင့် အပင်မှအာဟာရကို ချက်ချင်းစုပ်ယူနိုင်ပါသည်။
(ဂ) မြေဆွေးပုံထဲထည့်ခြင်း
မြေဆွေးပုံများ ဆောင်ရွက်သည့်အချိန်တွင် ကျင်ငယ်ရည်ကိုလောင်းပေးပါက ဆွေးမြည့်မှုနှုန်းမြန်လာပြီး အာဟာရဓာတ် ပိုမိုကြွယ်ဝစေမည် ဖြစ်သည်။
သတိပြုရန်အချက်များ
တိရစ္ဆာန်ကျင်ငယ်ရည်ကို ရေမရောဘဲ တိုက်ရိုက်သုံးစွဲပါက အပင်သေနိုင်သည်။
နေရောင်ပြင်းချိန်တွင် အသုံးပြုပါက အပင်ကိုလောင်စေတတ်သည်။ ညနေခင်း သို့မဟုတ် မနက်စောစောအသုံးပြုပါက အကောင်းဆုံးဖြစ်သည်။ ရောဂါရှိသည့် တိရစ္ဆာန်ကျင်ငယ်ရည်ကို အသုံးမပြုရပါ။
စပါးသီးနှံအတွက်အသုံးပြုပုံ
စပါးပင်သည် နိုက်ထရိုဂျင်ဓာတ်ကို ကြိုက်နှစ်သက်သဖြင့် တိရစ္ဆာန်ကျင်ငယ်ရည်သည် အလွန်ထိရောက်မှုရှိသည်။
ပျိုးခင်း၊ စိုက်ခင်းပင်ပွားထွက်ချိန်နှင့် စပါးနှံမထွက်မီအချိန်တွင် အသုံးပြုနိုင်သည်။ နွားကျင်ငယ်ရည်တစ်ဆလျှင် ရေငါးဆမှ ၁၀ ဆအထိရောစပ်၍အသုံးပြုပါ။ စပါးခင်းရေသွင်းသည့်အချိန် ရေဝင်ပေါက်မှ ကျင်ငယ်ရည်ကို အစက်ချပေးခြင်းဖြင့် တစ်ကွင်းလုံးပျံ့နှံ့စေနိုင်သည်။
အရွက်ဖျန်းလိုပါက ရေ အဆ၂၀ ခန့်ရောပြီး ၁၅ ရက်တစ်ကြိမ်ဖျန်းပေးပါ။ အပင်ပွားနှုန်းကောင်းပြီး စပါးပင်ကို စိမ်းစိုသန်မာစေသည်။
ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ)အတွက်အသုံးပြုပုံ
ပဲမျိုးစုံသီးနှံများသည် ၎င်းတို့၏မြစ်ဖုများမှ နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်စွမ်းရှိသောကြောင့် ကျင်ငယ်ရည်ကိုအလွန်အကျွံသုံးစွဲပါက အပွင့်အားနည်းသွားတတ်သည်။ အပင်ပေါက်ပြီး ၁၅ ရက်သားမှ အပွင့်မပွင့်ခင်အထိသာ သုံးသင့်သည်။ ကျင်ငယ်ရည်တစ်ဆလျှင် ရေ ၁၀ ဆမှ ၁၅ ဆခန့်ရောစပ်အသုံးပြုပါ။ အရွက်များအားဖျန်းပေးခြင်းသည် ပိုမိုထိရောက်စေသည်။ အပွင့်ပွင့်နေချိန်တွင် ကျင်ငယ်ရည်ပက်ဖျန်းပါက အပွင့်ကြွေကျတတ်သောကြောင့် အပွင့်မပွင့်မီသုံးစွဲရန် အရေးကြီးသည်။
ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း)အတွက်အသုံးပြုပုံ
ဆီထွက်သီးနှံများသည် အပင်အစောပိုင်းကြီးထွားမှုအတွက် နိုက်ထရိုဂျင်လိုအပ်သကဲ့သို့ အစေ့အဆန်အောင်မြင်စေရန်အတွက် ပိုတက်စီယမ်လိုအပ်သည်။ အပင်သက်တမ်းငယ်စဉ်ကာလနှင့် အသီးတင်ချိန်တွင်သုံးစွဲနိုင်သည်။ ကျင်ငယ်ရည်တစ်ဆလျှင် ရေ ၁၀ ဆခန့်ရောစပ်အသုံးပြုပါ။
မြေဆီလွှာထဲသို့လောင်းပေးခြင်းသည် အမြစ်ကိုသန်မာစေပြီးအပင်ယိုင်လဲမှုကိုကာကွယ်ပေးသည်။ အကြံပြုချက်အနေဖြင့် နှမ်းစိုက်ပျိုးရာတွင် ကျင်ငယ်ရည်ထဲတွင် ပြာအနည်းငယ် ရောစပ်ပေးနိုင်ပါက ဆီထွက်နှုန်းကိုပိုမိုကောင်းမွန်စေသည်။
ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက် အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်း ဆောင်ရွက်ကြရာတွင် ဓာတုမြေဩဇာများ သီးသန့်အသုံးမပြုဘဲ သဘာဝမြေဩဇာများနှင့် အချိုးကျပေါင်းစပ် အသုံးပြုကြရမည် ဖြစ်သည်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ကျင်ငယ်ရည်များကို အသုံးပြု၍ သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းသည် သီးနှံများပန်းတိုင်
အထွက်နှုန်းရရှိရေး၊ ထုတ်ကုန်များဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတုသွင်းအားစုသုံးစွဲမှု လျှော့ချရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်သည်။ စိုက်ပျိုးမြေဆီလွှာ ကျန်းမာရေးတိုးတက် ကောင်းမွန်စေ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ပြီး ရေရှည်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် တိရစ္ဆာန်ကျင်ငယ်ရည်များကို ပြုလုပ်သုံးစွဲကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။
MWD
