မျိုး၊ မြေ၊ ရေ၊ နည်း လိုက်လျောညီ ပန်းတိုင်အထွက်နှုန်းဆီ
Posted_Date
Image
Body
မြန်မာနိုင်ငံ၏ စီးပွားရေးကုန်ထုတ်လုပ်ငန်း ကြီးများအနက် လယ်ယာကဏ္ဍသည် အခြေခံအကျဆုံးလုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့် အခြေခံကျစွာ အထောက်အပံ့ ပြုလျက်ရှိသည်မှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖြစ်ပါသည်။
နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများစေရေးမှာ နိုင်ငံအတွက် လိုအပ်ချက် ဖြစ်ပါသည်။ ထိုပန်းတိုင်နှစ်ရပ် အောင်မြင်ရန်အတွက် ပြည်သူတစ်ရပ်လုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ ပိုမိုပါဝင်ကြိုးစားဆောင်ရွက်ကြရပါမည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့် တိုင်းကျိုးပြည်ပြု ဆောင်ရွက်နေကြသည့် တောင်သူဦးကြီးများ၏ အခန်းကဏ္ဍက လွန်စွာအရေးကြီးလှသည်။
မြန်မာနိုင်ငံ၌ ဆန်စပါးကို နေ့စဉ်စားသုံးမှုအတွက် မရှိမဖြစ် အခြေခံထား၍ စားသောက်နေကြဆဲ ဖြစ်ပါသည်။ နောင်တွင် ဂျုံကို အစားထိုး ပြောင်းလဲစားသောက်ကြရန်လည်း လိုအပ်ပါသည်။ လက်ရှိတွင် တောင်သူလယ်သမားဦးကြီးများ၏ ဆန်စပါးစိုက်ပျိုးပေးမှုကြောင့် ပြည်သူများ စားရေရိက္ခာပြည့်ဝစွာ နေထိုင်ကြရသည်။ ထို့ကြောင့် တောင်သူလယ်သမားများသည် အဓိကကျေးဇူးရှင်များ ဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံများမှာ ပြည်တွင်း၌ အဓိကစားသုံးသည့် သီးနှံဖြစ်သော စပါးနှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပြည်ပပို့ကုန် ပဲအမျိုးမျိုး၊ ပြောင်း၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဝါ၊ ကြံနှင့် နှစ်ရှည်ပင်များဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ မီးဖို ချောင်သုံးသီးနှံ ငရုတ်၊ ကြက်သွန်၊ အာလူးနှင့် သစ်သီးဝလံများ၊ နှစ်ရှည်သီးနှံများ ဖြစ်ပါသည်။
စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများဖြစ်ထွန်း အောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရန် အတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် နည်းလမ်းလေးမျိုးဖြင့် ဆောင်ရွက်သွားရန် လိုအပ်သည်။ သီးနှံအလိုက် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ စိုက်ပျိုး မြေများ၏ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေဩဇာ သို့မဟုတ် သဘာဝမြေဩဇာများကို အသုံးပြုရန်လည်း လိုအပ်သည်။ ဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်ချိန်တွင် ဒေသအလိုက်ရရှိနိုင်သည့် သဘာဝမြေဩဇာကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်သုံးစွဲသွားနိုင်ရန် နည်းလမ်းများနှင့် ပညာပေးမှုများရှိပြီးဖြစ်သည့်အလျောက် အဆိုပါနည်းလမ်းများ ပိုမိုအသုံးပြုနိုင်ရေး အားထုတ်ကြရန်လည်း လိုအပ်ပါသည်။
ပိုက်ဆံလျှော်ကဲ့သို့ သစ်စိမ်းမြေသြဇာများ စိုက်ပျိုး၍ ထည့်သွင်းအသုံးပြုခြင်း၊ မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း၊ ဓာတ်မြေသြဇာနှင့် ဇီဝမြေသြဇာတို့ကို သဘာဝမြေသြဇာများနှင့်တွဲဖက်၍ အသုံးပြုခြင်း၊ အပင်ကြီးထွားမှုအတွက် လိုအပ်သော သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ ဒေသနှင့် လိုက်လျောညီထွေဖြစ်စေသည့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းနှင့် ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။
လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားရှားပါးမှုများနှင့်စပ်လျဉ်း၍လည်း ခေတ်မီစက်ကိရိယာများ အသုံးပြုဆောင်ရွက်ခြင်းအားဖြင့် အချိန်နှင့် လုပ်အားတို့ လျော့နည်းသက်သာစေမည့်အပြင် လေလွင့်ဆုံးရှုံးမှုများကိုလည်း လျော့နည်းစေမည်ဖြစ်ပါသည်။ တောင်သူဦးကြီးများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းလေးသွယ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းများရရှိပြီး ဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံအတွက် ဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။
သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်အတူ သီးနှံစိုက်စွမ်းအား မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရမည်ဖြစ်ရာ မိုးစပါးတစ်သီးသာ စိုက်ပျိုးကြသော မြေယာများအပေါ်တွင် ဒေသ၊ ရေ၊ မြေ အခြေအနေပေါ်မူတည်ပြီး သီးထပ်သီးနှံ အပြည့်အဝ စိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးနိုင်ရေးတို့ကိုလည်း ပိုမိုဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံ စိုက်ပျိုးနည်းစနစ်များကို နည်းပညာပေး ဆောင်ရွက်ထားပြီးဖြစ်ရာ တောင်သူများအနေဖြင့် မိမိဒေသနှင့် ကိုက်ညီသည့် သီးထပ်သီးညှပ်စိုက်ပျိုးနည်းစနစ်များကို ရွေးချယ်စိုက်ပျိုးသွားရန် လိုအပ်ပါသည်။
တောင်သူဦးကြီးများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံတကာဈေးကွက် လိုအပ်ချက်နှင့်အညီ နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော သီးနှံစိုက်ပျိုး ထုတ်လုပ်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သီးနှံများ၏ အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်မှုအပြင် စိုက်ပျိုးသမျှ သီးနှံတိုင်း၏ အရည်အသွေးကောင်းမွန်ရေးကို လည်း ဂရုပြုကြရန် လိုအပ်ပါသည်။ ပြည်တွင်း ထုတ်ကုန်များ အဆင့်မီမီထုတ်လုပ်နိုင်လျှင် ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် မျက်နှာပန်းလှလှ ဈေးကွက်ဝင်စွာ တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါသည်။ မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်း အရည်အသွေးကောင်းမွန်နေသမျှ ဈေးကွက်သည်လည်း ကျယ်ပြန့်နေမည်သာဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လယ်ယာသီးနှံများ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ပြည်တွင်းပို့ကုန် များ တင်ပို့နိုင်ရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် MSME လုပ်ငန်းများ တိုးတက်လာအောင် အားပေးဆောင်ရွက်လျက် ရှိပါသည်။ နည်းပညာလိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရရှိရေးကိုလည်း ဆောင်ရွက်ပေးနေပါသည်။
အလားတူ ခေတ်မီစိုက်ပျိုးနည်းပညာများနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားကြီးများ အချိန်နှင့်တစ်ပြေးညီ သိရှိအသုံးချနိုင်ရေးအတွက် တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း (Farmer Channel) အစီအစဉ်များ၊ လယ်ယာစီးပွားသတင်းများ ထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးနည်းပညာများ လွယ်လင့်တကူရရှိနိုင်ရန် မိုဘိုင်းဖုန်းများမှ Mobile Appli-cation ဖြင့် မိုးလေဝသသတင်းများ၊ လယ်ယာကဏ္ဍနှင့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် တောင်သူလယ်သမားများ သိရှိလိုသည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ လေ့လာသိရှိနိုင်ပြီ ဖြစ်ပါသည်။
တောင်သူလယ်သမားဦးကြီးများ လူမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်မှုပြုနေသကဲ့သို့ တောင်သူ လယ်သမားကြီးများကလည်း ဥစ္စာရင်လိုဥစ္စာရင်ခဲ ပိုမိုကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ တောင်သူလယ်သမားဦးကြီးများ၏ စွမ်းအားဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်စွာဖော်ဆောင်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးကို တိုးတက်စေနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
MDN
