ထုတ်ကုန်နှစ်ဆတိုးမြှင့်ရေး အလုပ်သမားကဏ္ဍ မြှင့်တင်ပေး
Posted_Date
Image
Body
မေလ ၁ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများကို ဂုဏ်ပြုသည့် အဓိပ္ပာယ်ပြည့်ဝသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ နေ့ထူးနေ့မြတ်ဖြစ်သည်။ ၁၈၈၉ ခုနှစ် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်နေ့မှစတင်၍ ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားများ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၃၈ ခုနှစ် မေလ ၁ ရက်နေ့မှစတင်၍ နှစ်စဉ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားများ ကျင်းပခဲ့သည်။
ထိုနေ့သည် အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လူမှုရေးနှင့် စီးပွားရေးတန်းတူညီမျှမှုအတွက် ကြိုးပမ်းခဲ့ကြသည့် သမိုင်းကြောင်းကို အမှတ်ရသောနေ့ဖြစ်သည့်အပြင် ကမ္ဘာ့အလုပ်သမားလူတန်းစားများအဖို့ နိုင်ငံရေး သဘောတရားအရ လွန်စွာအရေးပါသောနေ့ဖြစ်သည်။
ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကိုတော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ပင်ဖြစ်ပေသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ပေါ်ပေါက်လာအောင် ဖန်တီးလိုက်သော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခသည် ၁၉ ရာစုဆန်းမှစ၍ အမေရိကန်ပြည်ထောင်စုတွင် နိဒါန်းပျိုးခဲ့သည်။ ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ အလုပ်သမားတို့၏ဘဝမှာ အဆင်ပြေလာခြင်းမရှိသည့်အပြင် နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးလည်း များစွာဆိုးရွားနိမ့်ကျခဲ့သည်။
ထိုကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ကြုံတွေ့ရင်ဆိုင်ရသော အလုပ်သမားခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ တင်ပြတောင်းဆိုကြသည်။ ၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်ခန့်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။
သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်းခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျှော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်တို့ထိ ကူးစက်သွားခဲ့သည်။
၁၈၈၄ ခုနှစ်တွင် အမေရိကန်အလုပ်သမားများအဖွဲ့ချုပ်ညီလာခံ၌ ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာအလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမားအဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များပေးပို့လိုက်သည်။ အလုပ်သမားပေါင်းများစွာတို့သည် ဤညွှန်ကြားချက်အတိုင်းဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန်ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။
အချို့မှာ အလုပ်မှထုတ်ပစ်ခြင်းခံရပြီး အချို့မှာထောင်ကျ၍ သေကျေပျက်စီးကြရသည်။သို့သော်လည်း နောက်ဆုံးတွင် အလုပ်သမားများ၏အရေးမှာ အောင်မြင်သွားခဲ့ကာ ၁၈၈၉ ခုနှစ် ပါရီမြို့၌ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမားခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်း စသည့်အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။
ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ထို့ပြင် အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်များပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့်အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ၁၉၃၈ ခုနှစ် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် ရေနံမြေအလုပ်သမားသပိတ်ကြီးတွင် အလုပ်သမားများသာမက ကျောင်းသားများနှင့် တောင်သူလယ်သမားများပါဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရေနံလုပ်ငန်းကိုလက်ဝါးကြီးအုပ် သွေးစုပ်လုပ်ကိုင်ခဲ့ကြသော ဘီအိုစီသည် အကြီးဆုံးဖြစ်သည်။ ဘီအိုစီကုမ္ပဏီသည် အလုပ်သမားများကို ထိုက်တန်သည့် အခွင့်အရေးများမပေးသဖြင့် မကျေမနပ်ဖြစ်ကြရသည်။ ထိုအချိန်တွင် ချောက်မြို့ ဘီအိုစီကုမ္ပဏီမှ သခင်ခင်အား အလုပ်တစ်ရက် ခွင့်မဲ့ပျက်ကွက်မှုဖြင့် အလုပ်မှထုတ်ပစ်ရာ မကျေမနပ်မှုများပေါက်ကွဲပြီး ရေနံမြေအလုပ်သမားသပိတ်ကြီးသည် ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုသပိတ်ကြီးသည် ရေနံချောင်း လမ်းရွာရေနံချက်စက်ရုံမှ အလုပ်သမားများထံ ကူးစက်သွားပြီး သန်လျင်ရေနံချက်စက်ရုံများသို့ပါ ကူးစက်ကာ ထပ်ဆင့်သပိတ်များ ပေါ်ပေါက်ခဲ့သည်။
ထိုစဉ်က မြန်မာအလုပ်သမားထုသည် စစ်မှန်သောအလုပ်သမား အခွင့်အရေးများကို မခံစားခဲ့ရချေ။ အလုပ်သမားထုကြီး၏ဘဝမှာ တရားမျှတသောအသီးအပွင့် အကျိုးတရားများနှင့် ဝေးကွာခဲ့ရပြီး အရင်းရှင်လောင်းရိပ်အောက်တွင် ညှိုးနွမ်းခဲ့ရသည်။ ထိုအရေးတော်ပုံသည် မြန်မာနိုင်ငံရှိ အလုပ်သမားလူတန်းစားများ၏ သမိုင်းဝင်သောတိုက်ပွဲဖြစ်သည်။အလုပ်သမား လူတန်းစားတစ်ရပ်တည်းသာမဟုတ် တောင်သူလယ်သမားများ၊ တက္ကသိုလ်ကျောင်းသားများ၊ တို့ဗမာအစည်းအရုံးဝင်များ၊ ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြသဖြင့် ထင်ရှားအောင်မြင်ခဲ့ခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဖဆပလအစိုးရ နှစ်ခြမ်းကွဲသွားသောကြောင့် အလုပ်သမားအစည်းအရုံး နှစ်ခြမ်းကွဲသွားခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ၂ ရက်တွင် တော်လှန်ရေးကောင်စီတက်လာပြီး အလုပ်သမားရေးရာများကို အထူးကိုင်တွယ်ဖြေရှင်းခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပြည်သူ့အလုပ်သမားကောင်စီကိုဖွဲ့စည်းပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရန်နှင့် အလုပ်သမားအခွင့်အရေးရရန်၊ လုပ်အားနှင့်ညီမျှသည့် လုပ်ခရရန်နှင့် ဝန်နှင့်အား မျှတသည့်အလုပ်များ လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြသည်။ အလုပ်သမားနေ့ဖြစ်ပေါ်လာခဲ့သည့် ကမ္ဘာ့သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အခက်အခဲပေါင်းများစွာနှင့် တိုက်ပွဲအဆင့်ဆင့်ကို ဖြတ်ကျော်လာခဲ့ရသည်ကို တွေ့ကြရမည်ဖြစ်သည်။ အလုပ်သမားများစွာ၏ အသက်ပေါင်းများစွာဖြင့် ရင်း၍ရခဲ့သော နေ့တစ်နေ့ဖြစ်သည်ကို တွေ့ကြရမည်ဖြစ်ပြီး ကမ္ဘာ့အလုပ်သမားလူတန်းစားများအတွက် အရေးပါသော၊ တန်ဖိုးမဖြတ်နိုင်သော နေ့တစ်နေ့ဖြစ်ခဲ့သည်။
မြန်မာအဘိဓာန်တွင် အလုပ်သမားဟူသည် မိမိအသက်မွေးမှုအတွက် ကာယအား၊ ဉာဏအားကို အသုံးပြု၍ အလုပ်လုပ်သူဟူ၍ ဖွင့်ဆိုထားသည်။ အလုပ်သမားများကို အမျိုးအစားခွဲခြားကြည့်လျှင် ကာယအလုပ်သမားနှင့် ဉာဏအလုပ်သမားဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်မည်ဖြစ်သည်။ အလုပ်လုပ်ရာ၌ မိမိအသက်မွေးမှုအတွက် မိမိအလုပ်ကို ကိုယ်တိုင်လုပ်ခြင်းနှင့် သူတစ်ပါး၏အလုပ်ကို လုပ်အားခယူ၍ လုပ်ခြင်းဟူ၍ အလုပ်နှစ်မျိုးရှိသည်။ မည်သို့ပင်ဖြစ်စေ ကာယ၊ ဉာဏအလုပ်သမားများသည် မိမိတို့ဘဝရပ်တည်ရှင်သန်ရေးအတွက် ကာယအား၊ ဉာဏအားများကိုရင်းကာ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စေတနာတို့ဖြင့် ပေးဆပ်နေကြသူများဖြစ်သည်ဟု ဆိုနိုင်သည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ အခြေခံလူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားနှင့် အလုပ်သမားတို့၏လုပ်အားကို တန်ဖိုးထားဖော်ထုတ်လျက်ရှိသည်။ အလုပ်သမားများကိုလည်း ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ လုပ်ငန်းခွင်စည်းကမ်းထိန်းသိမ်းရေး အလုပ်လုပ်သလောက် အကျိုးခံစားခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အတွင်းရှိ သဘာဝအရင်းအမြစ်များကိုအခြေပြုလျက် လူသယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတများကို ထိထိရောက်ရောက် အသုံးချပြီး အသိပညာနှင့် အတတ်ပညာရှင်များ၏ စွမ်းအားဖြင့် ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးတွင်လည်းကောင်း၊ နိုင်ငံတော်တွင် အထူးစီမံကိန်းကြီးများ ချမှတ်၍လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အစိုးရသစ် တာဝန်ယူသည့်နေ့မှစ၍ ရက်ပေါင်း ၁၀၀ အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်ပေးသွားရန် ဆောင်ရွက်လျက်ရှိသည်။
တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေး စီမံချက်အနေဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့နှင့်ပတ်သက်၍ သုံးသိန်းအထိလည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို နှစ်သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နှင့်ပတ်သက်၍ တစ်သိန်းခွဲအထိလည်းကောင်း တိုးမြှင့်ချေးပေးသွားမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေနှင့် ပတ်သက်၍လည်း ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။
အလားတူ ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှင့် လာမည့်ပညာသင်နှစ်မှစ၍ အလယ်တန်းပညာအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို ထည့်သွင်းသင်ကြား ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်းများစွာရှိပြီးဖြစ်သည့်အတွက် ယင်းအခွင့်အလမ်းကောင်းများကိုထိရောက်အကျိုးရှိစွာအသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုနှစ်ဆတိုးတက်ရေး၊ ပြည်ပမှ ကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့်နိုင်ငံအဖြစ်မှ ပြည်ပသို့ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်လာရေး နိုင်ငံတော်အစိုးရမှ အဘက်ဘက်က ကြိုးစားဆောင်ရွက်ပေးလျက်ရှိသည်။ အလုပ်သမားကြီးများကလည်း နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ကိုယ်အား၊ ဉာဏ်အားရှိသရွေ့ အစွမ်းကုန်အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးဇူးရှင် အလုပ်သမားကြီးများ၏ လူမှုဘဝဖူလုံရေး၊ ထိုက်သင့်သော လုပ်ခလစာရရှိရေးတို့ကို နှစ်အလိုက် ဆက်လက်တိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ အလုပ်သမားများကလည်း ထုတ်ကုန်နှစ်ဆတိုးမြှင့်ထုတ်လုပ်ရေးတို့တွင် အားသွန်ခွန်စိုက်ကြိုးပမ်းကြခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို တက်ညီလက်ညီဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။
MWD
