ဟော်မုရေလက်ကြားရဲ့ မရေရာတဲ့ အနာဂတ်နဲ့ အာရှအပေါ် ရိုက်ခတ်မှုများ

Posted_Date

Image

ဟော်မုရေလက်ကြားရဲ့ မရေရာတဲ့ အနာဂတ်နဲ့ အာရှအပေါ် ရိုက်ခတ်မှုများ

Body

ယနေ့ခေတ် ကမ္ဘာကြီးရဲ့အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရင် တိုက်ပွဲတွေဟာခဏတဖြုတ်တော့ ငြိမ်သက်သွားတာမျိုး ရှိနိုင်ပေမယ့် ပင်လယ်ကွေ့ဒေသကြီးကတော့ အရင်လိုမျိုးအေးအေးဆေးဆေးနဲ့ ပုံမှန်အခြေအနေဆီ ပြန်ရောက်ဖို့ တော်တော်ကြီး မဖြစ်နိုင်တော့ဘူးလို့ ဆိုရမှာပါ။ အရင်ကတော့ ပဋိပက္ခတစ်ခု ဖြစ်လာရင် စစ်ပွဲပြီးတာနဲ့ အရာအားလုံးပုံမှန်ပြန် ဖြစ်သွားမယ်လို့ မျှော်လင့်လို့ ရနိုင်ခဲ့ပေမယ့် အခုအခြေအနေတွေက အလှည့်အပြောင်းကြီး တစ်ခုဆီရောက်နေပါပြီ။

အထူးသဖြင့် အာရှနိုင်ငံတွေအတွက် အသက်သွေးကြောလို့တင်စားရတဲ့ ဟော်မုရေလက်ကြားအနာဂတ်က အတော်လေးကို စိုးရိမ်စရာကောင်း လာပါတယ်။ အရင်ကတော့ ကျွန်တော်တို့က ဒီရေလက်ကြားကြီး ပိတ်သွားမလား၊ ပွင့်နေမလားဆိုတဲ့အချက်ကို အဓိကထားပြီး စောင့်ကြည့်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေက အဲဒါထက်ပိုပြီး နက်နဲရှုပ်ထွေးလာပါပြီ။ အခု အဓိကစိန်ခေါ်မှုက ဒီရေလမ်းကြောင်းဟာ အရင်လို စိတ်ချရမှုရှိသေးရဲ့လား၊ ကြိုတင်ခန့်မှန်းလို့ ရနိုင်ဦးမလား၊ ပြီးတော့ နိုင်ငံရေးအရ အကျပ်ကိုင်တဲ့နေရာမှာ အသုံးချခံနေရပြီလားဆိုတဲ့ အချက်တွေက ပိုပြီးအရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်လာပါတယ်။

 ဟော်မုရေလက်ကြားရဲ့ လက်ရှိအခြေအနေကို သေချာသုံးသပ်ကြည့်ရင် ဒါဟာ မရေရာတဲ့ ဆိုင်းငံ့မှုတစ်ခုလို့တောင် ပြောလို့ရပါတယ်။ တစ်ဖက်မှာလည်း ပဋိပက္ခတွေကရှိနေတုန်းဖြစ်သလို၊ အခြားတစ်ဖက်မှာလည်း အပြောင်းအလဲတွေက ဘယ်အချိန်ဖြစ်လာမလဲမသိနိုင်တဲ့ အနေအထားမျိုးပါ။ အမေရိကန်နဲ့ အီရန်ကြားက သံတမန်ရေးဆွေးနွေးမှုတွေဟာလည်း တစ်ခါတလေ ရှေ့တိုးလိုက်၊ တစ်ခါတလေ ပြန်ရပ်သွားလိုက်နဲ့ ယုံကြည်မှုကင်းမဲ့နေတာကြောင့် တိကျတဲ့ ဖြေရှင်းချက်တစ်ခုဆီ ဦးတည်နေတာမျိုးမရှိပါဘူး။ အာရှနိုင်ငံတွေအတွက်တော့ ဒီလိုမျိုးသံတမန်ရေးအခြေအနေတွေထက် လက်တွေ့ရေကြောင်း သွားလာမှု ပမာဏက ပိုအရေးကြီးပါတယ်။ လက်ရှိမှာရေလက်ကြားဟာ စာရွက်ပေါ်မှာတော့ သွားလို့ရနေတုန်းပါပဲ၊ ဒါပေမဲ့ သင်္ဘောဖြတ်သန်းသွားလာမှုနှုန်းက ပုံမှန်အောက်ကို အများကြီးလျော့နည်းနေတာ တွေ့ရပါတယ်။ ပြဿနာက ဥပဒေအရ ဖြတ်သန်းခွင့်ရရှိရေးတင်မဟုတ်တော့ဘဲ စီးပွားရေးဆိုင်ရာယုံကြည်မှုပျက်ပြားနေတာပါ။ ရေလမ်းကြောင်းတစ်ခုဟာ စာရွက်ပေါ်မှာပွင့်နေပေမယ့် ကမ္ဘာ့စီးပွားရေးအတွက်တည်ငြိမ်တဲ့ သွေးကြောတစ်ခုအဖြစ် မဆောင်ရွက်နိုင်တော့ရင် အဲဒီလမ်းကြောင်းဟာ အနှစ်သာရအားဖြင့် မအောင်မြင်တော့ဘူးလို့ ဆိုရမှာပါ။

မိမိတို့ရင်ဆိုင်နေရတဲ့အန္တရာယ်က ရေကြောင်းသွားလာမှုကြီး ရုတ်တရက်ရပ်တန့်သွားတာမျိုးမဟုတ်ဘဲ ရေလက်ကြားက တရားဝင်တော့ပွင့်နေပေမယ့် မဟာဗျူဟာမြောက်မရေရာမှုတွေ ရေရှည်တည်ရှိနေတာမျိုးဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကုန်သွယ်မှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်ပေမယ့် ယုံကြည်မှုတွေ နည်းပါးလာတာ၊ အာမခံကြေးတွေ အဆမတန်မြင့်တက်လာတာနဲ့ နိုင်ငံရေးအရစွန့်စားရမှုတွေ ပိုများလာတာကြောင့် အစိုးရတိုင်းဟာ အနှောင့်အယှက်တွေ ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတာကိုအမြဲတမ်း ပူပန်နေရပါတော့တယ်။ ဒါဟာ စစ်ပွဲကြီးမဟုတ်သလို ပုံမှန်ကုန်သွယ်မှု အခြေအနေလည်း မဟုတ်တဲ့ ကြားညပ်အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ရေလက်ကြားကြီး အကြီးအကျယ်ပိတ်ဆို့မသွားရင်တောင်မှ မရေရာမှုတွေ ရှည်လျားနေတာက အာရှဒေသစီးပွားရေးအတွက် တော်တော်လေးကို ထိခိုက်စေပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်က တိုက်ပွဲတွေအပြီးမှာ အီရန်ရဲ့နိုင်ငံရေးအပြုအမူပဲဖြစ်ပါတယ်။ အီရန်ဟာ ဒီအခြေအနေမှာ အင်အားတောင့်တင်းစွာ ထွက်ပေါ်လာခြင်းမရှိနိုင်ပေမယ့် အားနည်းနေတာကလည်း သူတို့ကိုဘေးကင်းတယ်လို့ မဆိုနိုင်ပါဘူး။ အားနည်းနေတဲ့ ခေါင်းဆောင်ပိုင်းဟာ သူတို့မှာ သြဇာရှိသေးတယ်ဆိုတာပြသဖို့ ဖိအားပေးနိုင်တဲ့ နည်းလမ်းကို ပိုပြီးအသုံးချ လာနိုင်ပါတယ်။ သူတို့က ရေလမ်းကြောင်းကြီးတစ်ခုလုံးကို ထိန်းချုပ်ဖို့မလိုပါဘူး။ ပုံမှန်သွားလာမှုကို နှောင့်ယှက်နိုင်ရုံနဲ့တင် ကမ္ဘာကြီးကို ကုန်ကျစရိတ်တွေအဆမတန်မြင့်တက်အောင် လုပ်နိုင်စွမ်း ရှိနေတာကိုပြသပြီး သူတို့ရဲ့ အရှိန်အဝါထိန်းသိမ်းဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။ အီရန်အနေနဲ့ သူတို့ရဲ့ သမားရိုးကျစစ်ရေးနည်းလမ်းတွေမှာ အကန့်အသတ် ရှိလာရင်တောင် ကမ္ဘာ့စီးပွားရေးကို နာကျင်အောင်လုပ်နိုင်တဲ့ ဒီလိုရေလက်ကြားကနေတစ်ဆင့် အကျပ်ကိုင်နိုင်တဲ့ စွမ်းရည်ကိုတော့ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။

ဒီနေရာမှာ အမေရိကန်အတွက်လည်း အကျပ်ရိုက်စရာဖြစ်လာပါတယ်။ အီရန်ကို ဆက်ပြီး ဖိအားပေးဖို့ လိုအပ်ပေမယ့် အဲဒီဖိအားတွေကပဲ အာရှနိုင်ငံတွေကလိုလားတဲ့ တည်ငြိမ်မှုကို ပျက်ပြားစေသလိုဖြစ်နေပါတယ်။ အထူးသဖြင့် အီရန်ရေနံနဲ့ ပတ်သက်နေတဲ့ တရုတ်ကုမ္ပဏီတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကဒါကိုသက်သေပြနေတာပါ။ တရုတ်အတွက်တော့ ဟော်မုရေလက်ကြားဟာ စွမ်းအင်ကိစ္စတင်မဟုတ်တော့ဘဲ အမေရိကန်ရဲ့ ထိန်းချုပ်မှု၊ ပိတ်ဆို့မှုတွေနဲ့ ဆက်စပ်ပြီး ပိုမိုကျယ်ပြန့်တဲ့ အားပြိုင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။ တရုတ်ဟာ ပင်လယ်ကွေ့ဒေသမှ စွမ်းအင်အပေါ်မှီခိုနေရပေမယ့် သူတို့သွားလာနေရတဲ့ ရေကြောင်းနဲ့ ဘဏ္ဍာရေးစနစ်တွေက အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ ဒီတော့ တရုတ်ရဲ့ တွက်ချက်မှုက တခြားသူတွေနဲ့ မတူနိုင်တော့ပါဘူး။ တရုတ်က ဒေသတွင်းတည်ငြိမ်မှုကို လိုလားသော်ငြားအဲဒီတည်ငြိမ်မှုဟာ အမေရိကန်ရဲ့ ရေတပ်အင်အားနဲ့သြဇာအောက်မှာ ရှိနေမှာကိုတော့ လုံးဝမလိုလားပါဘူး။ တရုတ်ဟာ ဟော်မုရေလက်ကြားမှာတင်မကဘဲ အမေရိကန်ရဲ့ ပိတ်ဆို့မှုနဲ့ သံတမန်ရေးဖိအားတွေ ကြားမှာပါ အကျပ်ရိုက်နေတာဖြစ်ပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားလို ထိပ်တန်းစက်မှုနိုင်ငံတွေအတွက်ကတော့ အဓိကဦးစားပေးက စွမ်းအင်စီးဆင်းမှုတည်ငြိမ်ဖို့၊ ငွေကြေးဖောင်းပွမှုကို ထိန်းနိုင်ဖို့နဲ့ သင်္ဘောလမ်းကြောင်းတွေအပေါ် ဖိအားလျော့ကျဖို့ပါပဲ။ တစ်ဖက်မှာလည်း အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက အခြေအနေကိုစောင့်ကြည့်ရင်း သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်တွေကို တခြားနေရာတွေဆီကနေရယူ

ဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ တိတ်တဆိတ်ကြိုးပမ်းလာကြပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အာရှနိုင်ငံတွေအားလုံးဟာ ဟော်မုရေလက်ကြားကို အရင်လို အမြဲတမ်းစိတ်ချရတဲ့လမ်းကြောင်းအဖြစ် ယူဆလို့ မရတော့တဲ့ခေတ်သစ်ထဲကို ရောက်လာနေပါပြီ။ ဘေးကင်းလုံခြုံတဲ့ ဖြတ်သန်းခွင့်ဆိုတာဟာ ယာယီနားလည်မှုတွေ၊ ရေတပ်ရဲ့ဖိအားပေးမှုတွေနဲ့ နိုင်ငံရေး အပေးအယူတွေ အပေါ်မှာသာ မူတည်နေမယ်ဆိုရင်အာရှရဲ့ စွမ်းအင်စီမံကိန်းတွေအပေါ် အခြေခံထားတဲ့ စီးပွားရေးအုတ်မြစ်ဟာ အင်မတန်ယိုင်နဲ့လာနေပြီလို့ ဆိုရမှာပါ။

နိဂုံးချုပ်အနေနဲ့ပြန်ကြည့်မယ်ဆိုရင် ပင်လယ်ကွေ့ဒေသဟာ စစ်ပွဲကနေ ပုံမှန်အခြေအနေဆီကို ဦးတည်သွားနေတာမဟုတ်ဘဲ ပိုပြီးမရေရာတဲ့ ထိန်းချုပ်မှုအောက်ရှိ မတည်ငြိမ်မှုစနစ်ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားတာဖြစ်ပါတယ်။ ဒါဟာ မျက်မြင်ဖြစ်ပွား

နေတဲ့စစ်ပွဲကြီးတစ်ခုထက်စာရင် ပိုပြီးမမြင်သာသလို ခံစားရနိုင်ပေမယ့် တကယ်တမ်းမှာတော့ စျေးကွက်တွေ၊ အစိုးရတွေနဲ့ စီးပွားရေးကုမ္ပဏီတွေအတွက် ပိုပြီးရေရှည်ဖြစ်စေမယ့်၊ ပိုပြီး နာကျင်စေမယ့် အန္တရာယ်တစ်ခုဖြစ်နေပါတယ်။ အာရှနိုင်ငံတွေက ဟော်မုရေလက်ကြားကို ဖြတ်သန်းခွင့်ရနေဦးမှာ ဖြစ်ပေမယ့်အဲဒီဖြတ်သန်းခွင့်ကို အမြဲတမ်းရနိုင်တဲ့ အခွင့်အရေး လို့မယူဆနိုင်တော့တဲ့ ခေတ်ရောက်နေပါပြီ။ အာရှရဲ့ စွမ်းအင်စီမံကိန်းတွေဟာ ဒီလိုထိန်းချုပ်မှုအောက်က မတည်ငြိမ်မှုတွေကြား ဘယ်လိုရှင်သန်မလဲဆိုတာတကယ့်ကို ကြီးမားတဲ့ ပဟေဠိတစ်ခုပါ။ အခြေအနေတွေက တရားဝင်စစ်ပွဲမဖြစ်ခင်မှာတင် စီးပွားရေးအရ ထိခိုက်မှုတွေစတင်နေပြီဖြစ်လို့ အာရှနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးနဲ့ စွမ်းအင်ဖူလုံရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် အရင်ထက်ပိုမိုခိုင်မာတဲ့ ပြင်ဆင်မှုတွေ၊ မဟာဗျူဟာအသစ်တွေကို ဖော်ဆောင်ကြဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။

Ref: SCMP

MWD