မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်နည်းစနစ်များပြောင်းကြစို့

Posted_Date

Image

မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်နည်းစနစ်များပြောင်းကြစို့

Body

ယနေ့ခေတ်ကာလတွင်     လူသားတို့အသက်ရှင်သန်ရန်    နေ့စဉ်ရှူရှိုက်နေရသည့်လေထုမှာ သန့်စင်မှုနည်းပါးသွားပြီး အကြောင်းအမျိုးမျိုးကြောင့် လေထုညစ်ညမ်းမှုမှာ တစ်နေ့တခြား  ပိုမိုဆိုးဝါးလာသည်။ ဖုန်မှုန့်၊ မီးခိုးငွေ့နှင့်ဓာတုဓာတ်ငွေ့များကြောင့် လူနေထူထပ်သည့်မြို့ပြများတွင်သာမက ကျေးလက်ဒေသများတွင် လေထုညစ်ညမ်းမှုများ ကြုံတွေ့လာသည်။  အထူးသဖြင့် မီးလောင်ခြင်း၊ မီးရှို့ခြင်းများမှဖြစ်ပေါ်လာသည့်မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုပိုမိုဆိုးဝါးလာသည်။ 

ကိုဗစ်-၁၉ ရောဂါအပြီးတွင် အဆုတ်နှင့်အသက်ရှူလမ်းကြောင်း ကျန်းမာရေးအတွက်     အဓိကစိန်ခေါ်မှုတစ်ခုမှာ  မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာဖြစ်သည်။ မီးခိုးမြူငွေ့တွင်ပါဝင်သော အမှုန်အမွှားများ(PM2.5)သည် လူသားတို့၏အသက်ရှူလမ်းကြောင်းကို   ဆိုးဝါးစွာထိခိုက်စေသည်။    အထူးသဖြင့် ကလေးငယ်များနှင့်    သက်ကြီးရွယ်အိုများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ပိုမိုဖြစ်ပွားစေသည်။   မီးခိုးမြူငွေ့များကြောင့်   လူသားအားလုံး၏ကျန်းမာရေးကိုသာမက   ရာသီဥတုဖောက်ပြန်မှုများအပြင် လူမှုစီးပွားဘဝများကိုပါ ထိခိုက်လျက်ရှိသဖြင့် အာဆီယံဒေသတွင်းနိုင်ငံများသည်    မီးခိုးမြူငွေ့ညစ်ညမ်းမှုကိုဖြေရှင်းနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်။ 

မြန်မာနိုင်ငံအနေဖြင့်လည်း ဤပြဿနာကိုဖြေရှင်းနိုင်ရန်   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်၍    သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နယ်စပ်ဖြတ်ကျော်  မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်တွင်  ၂၀၀၃  ခုနှစ်၌  အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး   နယ်စပ်ဖြတ်ကျော်  မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ  အာဆီယံပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံ  (၂၀၂၄-၂၀၃၀) ကိုလည်းကောင်း၊  ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်ကိုလည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ  ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်   လာအို၊   မြန်မာနှင့်ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ချမှတ်ထားသည့် Clear Sky Strategy (၂၀၂၄-၂၀၃၀) ကိုလည်း လာအို၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မီးခိုးမြူငွေ့ဖြစ်ပေါ်မှု၏အဓိကအရင်းအမြစ်မှာ သဘာဝတောမီးလောင်ကျွမ်းမှုများထက် လူသားတို့၏ မဆင်မခြင်လုပ်ဆောင်ချက်များကြောင့်ဖြစ်သည်ကိုတွေ့ရှိရသည်။ လူ့ပယောဂကြောင့် တောမီးလောင်ခြင်း၊ စွန့်ပစ်အမှိုက်မီးရှို့ခြင်း၊ စိုက်ပျိုးရေးလုပ်ဆောင်ရန် တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များအား မီးရှို့ရှင်းလင်းခြင်းနှင့်စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မော်တော်ယာဉ်များ၊ စက်ရုံအလုပ်ရုံများမှထွက်သောမီးခိုးများ စသည်တို့ကြောင့်   မီးခိုးမြူငွေ့များဖြစ်ပေါ်လာရခြင်းဖြစ်သည်။ 

သဘာဝအတိုင်းဖြစ်ပေါ်သည့် တောမီးလောင်ကျွမ်းမှုများကို ထိန်းချုပ်ရန်ခက်ခဲသော်လည်း လူသားတို့၏   မဆင်မခြင်မီးရှို့မှုများကိုလျှော့ချနိုင်မည်ဆိုပါက မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများလျော့နည်းလာမည်ဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင်  မီးရှို့မှုများ လျော့နည်းပပျောက်စေရေးအတွက်  တောင်သူလယ်သမားများအား အသိပညာပေးခြင်း၊ အစားထိုးဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးနည်းလမ်းများအား စံပြကွက်၊ စမ်းသပ်ကွက်များပြုလုပ်ပြသခြင်း၊ သင်တန်းများပေးခြင်း၊ မီဒီယာများမှပညာပေးခြင်း စသည့်နည်းလမ်းများဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။ 

မီးရှို့ခြင်းကြောင့် တောင်သူလယ်သမားများကြုံတွေ့လာနိုင်သည့်ဆိုးကျိုးများ

ရိုးပြတ်နှင့်အမှိုက်သရိုက်များကို  မီးရှို့ခြင်းအားဖြင့်  ပိုးမွှားရောဂါကျရောက်မှုနည်းပါးစေခြင်းနှင့်  ထယ်ထိုးမြေပြင်လုပ်ငန်းများဆောင်ရွက်ရန်လွယ်ကူစေပြီး ပြာမှုန့်များမှနေ၍  မြေဆီဩဇာရသည်ဟု တောင်သူလယ်သမားအများစုက      ယူဆလေ့ရှိကြသည်။ 

လက်တွေ့မှာမူ စိုက်ပျိုးရေးမြေများတွင် မီးရှို့ခြင်းကြောင့်     ရေရှည်တွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အောက်ပါဆိုးကျိုးများစွာကို မုချဧကန်ကြုံတွေ့လာနိုင်သည်။

၁။ မြေဆီလွှာကျန်းမာရေး

တောင်သူလယ်သမားများစိုက်ပျိုးနေသည့် မြေဆီလွှာတွင်  ရုပ်ဂုဏ်သတ္တိ၊  ဓာတုဂုဏ်သတ္တိ၊  ဇီဝဂုဏ်သတ္တိများရှိသည်။      တောင်သူများအနေဖြင့် မြေကြီးကို သက်မဲ့ကြားခံနယ်(Medium)ဟုမမြင်ဘဲ သက်ရှိစနစ်(Living System)တစ်ခုအဖြစ် ရှုမြင်တတ်ရန်လိုသည်။ ကျန်းမာသောမြေဆီလွှာဖြစ်ရန်အတွက်    ရုပ်ဂုဏ်သတ္တိ၊   ဓာတုဂုဏ်သတ္တိများကောင်းမွန်နေရုံမျှသာမက ဇီဝဂုဏ်သတ္တိဖြစ်သည့် မြေကြီးအတွင်းအဏုဇီဝပိုးမွှားများပေါများရန်လည်းလိုသည်။  အဏုဇီဝပိုးမွှားများသည် သဘာဝမြေဩဇာများဖြစ်ပေါ်စေရန်နှင့်မြေဆီလွှာအတွင်း အာဟာရဓာတ်များလည်ပတ်နိုင်စေရန် ဆောင်ရွက်ပေးသူများဖြစ်သဖြင့်  ၎င်းတို့မရှိပါက မြေဆီလွှာသည် သက်မဲ့မြေကဲ့သို့ဖြစ်သွားနိုင်သည်။  စိုက်ခင်းမြေများကို မီးရှို့လိုက်ခြင်းကြောင့်  မြေတွင်းရှိ သက်ရှိအဏုဇီဝများသေဆုံးခြင်း၊   မြေဆီလွှာအတွင်း   သဘာဝမြေဆွေးဓာတ်ဖြစ်သည့် အော်ဂဲနစ်ပစ္စည်းများဆုံးရှုံးခြင်း၊ မြေအစိုဓာတ်ဆုတ်ယုတ်သွားခြင်း၊ မြေဆီလွှာမာခဲလာခြင်း၊ မြေကျပ်ခြင်း၊ မြေကြီးအတွင်းသို့ ရေစိမ့်ဝင်မှုနည်းသွားခြင်း၊ မြေချဉ်ငန်ကိန်း မျှခြေပျက်သွားခြင်း၊   မြေဆီလွှာတိုက်စားမှုဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများစွာဖြစ်စေ၍ မြေဆီလွှာ၏ဇီဝဂုဏ် သတ္တိသာမက ရုပ်ဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိများပါပျက်စီးသွားပြီး မြေဆီလွှာကျန်းမာရေးကို ထိခိုက်စေသည်။ 

၂။ စိုက်ပျိုးစရိတ်ပိုမိုမြင့်မားလာခြင်း

မြေဆီလွှာတွင်    သဘာဝအာဟာရဓာတ်များ (မြေဆွေးဓာတ်ထုတ်ပေးသည့် အော်ဂဲနစ်ပစ္စည်းများ) လျော့နည်းသွားသဖြင့် သီးနှံအထွက်နှုန်းကောင်းစေရန် ဓာတ်မြေသြဇာများကို ယခင်ကထက်ပိုမိုဝယ်ယူသုံးစွဲရန်လိုအပ်လာမည်။    မီးရှို့ခြင်းသည် ဖျက်ပိုးများကိုသာမက အကျိုးပြုမိတ်ဆွေပိုးမွှားများ (ဥပမာ- ပင့်ကူ၊ နကျယ်ကောင်)ကိုပါသေစေသောကြောင့် နောက်ပိုင်းတွင် ဖျက်ပိုးများ ပိုမိုကျရောက်လာနိုင်သည့်အန္တရာယ်ရှိပြီး    ပိုးသတ်ဆေးပိုမိုသုံးစွဲရန်လိုအပ်လာမည်။

၃။ ဈေးကွက်

မီးရှို့စိုက်ခင်းမှထွက်ကုန်များမှာ စျေးကွက်ပျက်ပြီး ဝယ်လက်မရှိခြင်း၊   ဈေးနှိမ်ခံရခြင်းများကြုံတွေ့ရမည်ဖြစ်သည်။  လက်ရှိကာလတွင် ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံကိုရောင်းချသည့်အခါတွင်  “မီးခိုးမြူကင်းစင်ကြောင်းထောက်ခံချက်(စိုက်ခင်းကိုမီးရှို့ထားခြင်းမရှိကြောင်း)”တင်ပြနိုင်မှသာ ထိုင်းနိုင်ငံဘက်မှဝယ်ယူလျက်ရှိသည်။ 

ပြောင်းလဲကျင့်သုံးသင့်သည့်စိုက်နည်းစနစ်များစိုက်ပျိုးရေးကဏ္ဍမှ   မီးရှို့မှုများပပျောက်စေပြီး  ရေရှည်တည်တံ့သော    စိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်နိုင်ရန်အတွက် တောင်သူလယ်သမားများအနေဖြင့် အောက်ပါနည်းလမ်းများကို အစားထိုးကျင့်သုံးသင့်သည်။

၁။ ကုန်းမြင့်လယ်ယာဖော်ထုတ်စိုက်ပျိုးခြင်း

တောင်တန်းဒေသများတွင် ရွှေ့ပြောင်းတောင်ယာစိုက်မည့်အစား ကုန်းမြင့်လယ်ယာများဖော်ထုတ်၍ ကုန်းမြင့်လှေကားထစ်စပါးစိုက်ပျိုးခြင်း၊    စပါးအခြေခံနှစ်သီးစား သီးနှံပုံစံပြောင်းလဲစိုက်ပျိုးခြင်းများဆောင်ရွက်သင့်သည်။    ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်းအားဖြင့်     မြေဆီလွှာအာဟာရကို ရေရှည်ထိန်းသိမ်းနိုင်ခြင်း၊ ရေအရင်းအမြစ်ကိုစနစ်တကျစီမံနိုင်ခြင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး အထွက်နှုန်းတည်ငြိမ်ခြင်း၊ တရားဝင်မြေပိုင်ဆိုင်မှုအခွင့်အရေးရခြင်း၊   ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိခြင်းနှင့် ဈေးကွက်ခိုင်မာသဖြင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ 

၂။ မြေဆွေးပြုလုပ်၍   သဘာဝမြေဩဇာအဖြစ်အသုံးပြုခြင်း

ရှေ့သီးနှံရိတ်သိမ်းပြီးသည့်အခါ ကျန်ရှိနေသည့်ရိုးပြတ်များနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို မီးမရှို့ဘဲ စနစ်တကျမြေဆွေးပြုလုပ်၍ စိုက်ခင်းထဲသို့ထည့်ပေးခြင်းသည် တောင်သူများအတွက် “အမှိုက်ကနေ ရွှေဖြစ်အောင်”ပြုလုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မြေဆွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ်အသုံးပြုခြင်းအားဖြင့် အော်ဂဲနစ်ပစ္စည်းများကြွယ်ဝစေခြင်း၊ မြေဆီလွှာကျန်းမာစေခြင်း၊    ရေထိန်းသိမ်းနိုင်စွမ်းကို  မြှင့်တင်ပေးခြင်း၊ မြေဆီလွှာ၏တည်ဆောက်ပုံကိုကောင်းမွန်စေပြီး လေဝင်လေထွက်ကောင်းစေခြင်း၊   မြေအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးမွှားများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဓာတ်မြေဩဇာဖိုးကုန်ကျစရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

၃။ ဘိုင်အိုချာပြုလုပ်၍ သဘာဝမြေဩဇာအဖြစ်အသုံးပြုခြင်း

ဘိုင်အိုချာဆိုသည်မှာ  သီးနှံအကြွင်းအကျန်များအား     အောက်ဆီဂျင်လုံးဝမရှိသည့်အခြေအနေ သို့မဟုတ် အနည်းငယ်သာရှိသည့်အခြေအနေတွင် မီးပြင်းပြင်းဖြင့် ပြာအဆင့်သို့မရောက်စေဘဲ မီးရှို့ခြင်းဖြစ်သည်။ စိုက်ခင်းအတွင်းသို့ ဘိုင်အိုချာထည့်ပေးခြင်းအားဖြင့် မြေဆီလွှာအတွင်း ကာဗွန်ပါဝင်မှုကို ထိန်းပေးနိုင်ခြင်း၊ မြေချဉ်ငန်ဓာတ်ကိုထိန်းညှိပေးခြင်း၊ လေထုကိုအဆိပ်အတောက်ဖြစ်စေသည့်ဓာတ်ငွေ့များကို ဘိုင်အိုချာကစုပ်ယူထားနိုင်ခြင်း၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ၏ဓာတ်ကြွင်းအာနိသင်ကို စုပ်ယူထားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

၄။ တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်း 

တောင်စောင်းစိုက်ပျိုးနည်းစနစ်ဆိုသည်မှာ  ကြီးထွားမှုမြန်ပြီး နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်သည့် ပဲမျိုးရင်းဝင်အပင်များ သို့မဟုတ် ချုံပုတ်ပင်များအား  စည်းရိုးကန့်ပင်များအဖြစ် ကွန်တိုလိုင်း (ရေပြင်ညီလိုင်း)အလိုက် ထူထပ်စွာစိုက်ပျိုးကာရံထားပြီး ၎င်းကွန်တိုခြံစည်းရိုး ကန့်ပင်လိုင်းများကြားတွင် သီးနှံပင်များကို အကန့်လိုက်စိုက်ပျိုးခြင်းဖြစ်သည်။ 

တောင်စောင်းအပေါ်ပိုင်းမှ  တိုက်စားစီးဆင်းလာသည့် အနည်အနှစ်များအား  စည်းရိုးကန့်ပင်များမှတားဆီး၍  ကွန်တိုမြောင်းထဲတွင် ဖမ်းယူပိတ်ဆို့ထားသဖြင့် မြေဆီလွှာတိုက်စားဆုံးရှုံးမှုသက်သာစေသည်။ ဤစနစ်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာကောင်းမွန်လာပြီး တစ်နေရာတည်းတွင် နှစ်ရှည်လများစိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် ရွှေ့ပြောင်းတောင်ယာမြေအသစ်များ ထပ်မံရှာဖွေမီးရှို့စိုက်ပျိုးရန်မလိုတော့ဘဲ တစ်နေရာတည်းတွင် အတည်တကျ အမြဲတမ်းတောင်ယာသဖွယ် စိုက်ပျိုးလာနိုင်မည်ဖြစ်သည်။ 

ရွှေ့ပြောင်းတောင်ယာစနစ်မှ တောင်စောင်းစိုက်ပျိုးရေးစနစ်ကို   ကူးပြောင်းခြင်းအားဖြင့်   သစ်တောပြုန်းတီးမှုကိုလျှော့ချနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်နိုင်ခြင်း၊ ရေတိုက်စားမှုနှင့်မြေဆီလွှာပျက်စီးမှုကိုလျှော့ချနိုင်ခြင်း၊ တစ်နေရာတည်းတွင် အတည်တကျနေထိုင်စိုက်ပျိုးလာနိုင်ခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်ခြင်း၊ ဈေးကွက်ခိုင်မာခြင်း၊ တောင်သူဝင်ငွေတိုးပြီး လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်ခြင်း၊ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုကို လျော့ကျစေခြင်း၊   သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

၅။ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုသည်မှာ သစ်တောပင်များ၊ နှစ်ရှည်ပင်များနှင့် ရာသီသီးနှံများ သို့မဟုတ်    စားကျက်သီးနှံများကိုရောနှော၍  စနစ်တကျစိုက်ပျိုးခြင်းကိုဆိုလိုသည်။ ဤစနစ်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက တောင်သူများအတွက် စီးပွားရေးအရ အကျိုးအမြတ်ပိုမိုရရှိစေရန်ရည်ရွယ်သည်။  သီးနှံသစ်တောရောနှောစိုက်ခြင်းဖြင့် ရွှေ့ပြောင်းတောင်ယာနေရာတွင် အမြဲတမ်းစိုက်ပျိုးရေးကို အစားထိုးသင့်သည်။ နှစ်ရှည်ပင် (သစ်သီးပင်၊  ကော်ဖီ၊ လက်ဖက်၊  ရော်ဘာ)  စိုက်ထားသည့်အတွက်   ယာမြေနေရာရရှိဖို့ နှစ်စဉ်မီးရှို့ဖို့မလိုတော့ပါ။   သီးနှံသစ်တောရောနှောစိုက်ခင်းများသည် များသောအားဖြင့်  တစ်နှစ်ပတ်လုံး  စိမ်းလန်းနေသောနှစ်ရှည်ပင်များရှိနေသည့်အတွက်   ခြောက်သွေ့သည့် ရွှေ့ပြောင်းတောင်ယာများထက်    တောမီးကူးစက်လောင်ကျွမ်းဖို့ပိုခက်ခဲစေသည်။

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဖြင့်   သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးခြင်း၊ ရာသီဥတုမျှတစေပြီး   ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊   အော်ဂဲနစ်ပစ္စည်းများပေါများစေခြင်း၊ မြေဆီလွှာဖွံ့ဖြိုးခြင်း၊ ဝင်ငွေလမ်းကြောင်းမျိုးစုံရရှိခြင်းနှင့်ဝင်ငွေတိုးတက်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

၆။ ရိုးပြတ်များကို စိုက်ခင်းအတွင်း ထယ်ထိုးမြေမြှုပ်ပြန်လည်ထည့်သွင်းခြင်း 

မြေဆီဩဇာထက်သန်သည့်မြေဖြစ်ရန်အတွက် မြေကြီးအတွင်းသို့ သဘာဝမြေဆွေးဓာတ်ပေးနိုင်သည့် အော်ဂဲနစ်ပစ္စည်းများထည့်ပေးရန်လိုသည်။ ရိုးပြတ်များကိုမီးမရှို့ဘဲ ထယ်မှောက်ခြင်းနှင့်ခုတ်ဖုံးစနစ်ကျင့်သုံးခြင်းသည် မြေကြီးအတွင်း အော်ဂဲနစ်ပစ္စည်းများထည့်ပေးနေခြင်းပင်ဖြစ်သည်။ ရိုးပြတ်များဆွေးမြည့်မှုမြန်ဆန်စေရန် အဏုဇီဝဖျော်ရည်အီးအမ်ဖျန်းပေးခြင်း၊ ယူရီးယားအနည်းငယ်ထည့်ပေးခြင်း၊    သင့်တော်သောထွန်ယက်ရေးကိရိယာများအသုံးပြုခြင်း စသည်တို့ကိုဆောင်ရွက်သင့်သည်။ ဤကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် မြေဆီလွှာအာဟာရနှင့်အော်ဂဲနစ်ပစ္စည်းတိုးပွားလာခြင်း၊ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိများကောင်းမွန်လာခြင်း၊ အကျိုးပြုအဏုဇီဝပိုးများပွားများလာခြင်း၊ ရေရှည်တွင်  ဓာတ်မြေဩဇာသုံးစွဲမှု လျော့ကျလာနိုင်စေခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

၇။ သီးနှံအကြွင်းအကျန်များအား မြေဖုံးပစ္စည်းအဖြစ်အသုံးပြုခြင်း

ဤနည်းလမ်းသည် သီးနှံရိတ်သိမ်းပြီး ကျန်ရှိသော ကောက်ရိုး၊ ပြောင်းရိုး၊ ပဲမှော်နှင့်အခြားအပင်အပိုင်းအစများကိုမီးမရှို့ဘဲ စိုက်ခင်းမြေမျက်နှာပြင်ပေါ်တွင် မြေဖုံးပစ္စည်းအဖြစ် ဖုံးအုပ်ပေးထားခြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနိုင်ခြင်း၊ ပေါင်းပေါက်ရောက်မှုကို နှိမ်နင်းနိုင်ခြင်း၊ မြေဆီလွှာအပူချိန်ကိုထိန်းညှိခြင်း၊ မြေဆီလွှာတိုက်စားမှုကိုကာကွယ်ခြင်း၊ ရေရှည်တွင် မြေဆီဩဇာတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

၈။ တိရစ္ဆာန်အစာပြုလုပ်ခြင်း

သီးနှံအကြွင်းအကျန်များကိုမီးမရှို့ဘဲ တိရစ္ဆာန်အစာအဖြစ်ပြုလုပ်အသုံးပြုခြင်းသည် စိုက်ခင်းမှထွက်သမျှပစ္စည်းများကို အကျိုးရှိရှိအသုံးချနိုင်သည့်အတွက်  “လုံးဝအလေအလွင့်မရှိသော စိုက်ပျိုးရေးစနစ်” (Zero Waste Farming)ကို ဖော်ဆောင်ရာရောက်သည်။ မိမိတို့မွေးမြူထားသည့်တိရစ္ဆာန်များအတွက် အစာဖိုးသက်သာစေသည့်အပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို  အကျိုးရှိရှိပေါင်းစပ်လုပ်ကိုင်လာနိုင်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်   တောင်သူများအနေဖြင့် သဘာဝမြေဩဇာ  (တိရစ္ဆာန်စွန့်ပစ်ပစ္စည်း)ပြန်လည်ရရှိခြင်း၊ တိရစ္ဆာန်အစာဝယ်ယူစရိတ်သက်သာခြင်း  စသည့်အကျိုးကျေးဇူးများရရှိနိုင်ပြီး “စိုက်ပျိုးရေးကလည်းအောင်မြင်၊ မွေးမြူရေးကလည်းအဆင်ပြေ”  ဖြစ်၍  စီးပွားရေးတွက်ခြေကိုက်နိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မီးခိုးမြူငွေ့ကင်းစင်သော     ပတ်ဝန်းကျင်တစ်ခုရရှိရန်အတွက် တောင်သူလယ်သမားများအနေဖြင့်  ဖော်ပြပါစိုက်ပျိုးနည်းစနစ်များအနက် မိမိတို့နှင့်လိုက်လျောညီထွေရှိမည့် စိုက်ပျိုးနည်းစနစ်များကို မဖြစ်မနေပြောင်းလဲကျင့်သုံးသင့်သည်။ ဤနည်းစနစ်များသည် မြေဆီဩဇာကောင်းမွန်ရေး၊ သီးနှံအထွက်နှုန်းတည်ငြိမ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေးအရ အကျိုးကျေးဇူးများစွာရရှိနိုင်သော ရေရှည်တည်တံ့စေမည့်စိုက်ပျိုးရေးနည်းလမ်းများဖြစ်သည်။ ဤနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးခြင်းဖြင့်  စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို  တစ်ပြိုင်နက်တည်း ဖော်ဆောင်နိုင်မည်ဖြစ်ပါသဖြင့် တောင်သူလယ်သမားများလိုက်နာကျင့်သုံးနိုင်စေရေးအတွက်   တင်ပြလိုက်ရပါသည်။   ။

MWD