အရှေ့အလယ်ပိုင်း၏ မဟာဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမှုနှင့် အားပြိုင်မှုအသစ်များ
Posted_Date
Image
Body
ကမ္ဘာတစ်ဝန်းလုံးတွင် အနောက်အုပ်စု၏ အသာစီးရမှုကို ကတိကဝတ်ပြုခဲ့ဖူးသော စစ်အေးတိုက်ပွဲ အလွန် အခြေချနေထိုင်မှုများသည် ယခုအခါ မယိမ်းယိုင်နိုင်သောအချက်အလက်တစ်ခုအဖြစ် မယူဆ နိုင်တော့ပေ။ ၎င်း၏ ဝေါဟာရများသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သော်လည်း လက်တွေ့သမိုင်း ကမူ ၎င်း၏အာဏာစက်ကို ဆက်လက်စိန်ခေါ်နေသည်။ ထိုလစ်ဟာသွားသော နေရာများတွင် နိုင်ငံ အများအပြားသည် စနစ်တကျရှိမှု (Order) နှင့် ပတ်သက်၍ ကွဲပြားသော အယူအဆတစ်ခုကို ရှာဖွေနေကြသည်။ ထိုအယူအဆမှာ ဗဟိုချက်တစ်ခုတည်းမှ ညွှန်ကြားချက်ထက် ဗဟိုချက်အသီးသီးကြား ညှိနှိုင်းရရှိသော မျှခြေနှင့် ပို၍တူသည်။ ယခုကဲ့သို့သော အချိန်တွင် ယခင်က အားပြိုင်ကွင်းများအဖြစ်သာ သတ်မှတ်ခံခဲ့ရသည့် ဒေသများသည် ဖန်တီးသူများ (Authors) ကဲ့သို့ ပြုမူလာကြသည်။ အရှေ့အလယ်ပိုင်းဒေသသည် ဤအပြောင်းအလဲကို ပထမဆုံး မြင်တွေ့ရသည့်နေရာများထဲမှတစ်ခုဖြစ်ပြီး လုံခြုံရေးအတွက် အပြင်လူကို အားမကိုးတော့ခြင်းနှင့် မဟာမိတ်များမှာ အမြဲတမ်း မဟုတ်တော့သည့် မတည်ငြိမ်သော မဟာဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမှုများကို မြင်တွေ့နေရ သည်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဒေသတွင်း၌ ရိုးရှင်းသော မော်ဒယ်တစ်ခုက မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုများကို လွှမ်းမိုးထားခဲ့သည်။ ဝါရှင်တန်သည် အန္တိမအာမခံချက်ပေးသူအဖြစ် ရှိနေမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများသည် အမေရိကန်၏ ဟန့်တားမှုအကာအကွယ်အောက်တွင် ၎င်းတို့၏ စွန့်စားရမှုများကို ချိန်ညှိကြမည်ဖြစ်သည်။ ထိုမော်ဒယ်သည် စစ်ပွဲများကို အမြဲမတားဆီး နိုင်ခဲ့သော်လည်း မျှော်မှန်းချက်များအတွက် မူဘောင်တစ်ခု ဖြစ်ခဲ့သည်။ ယုံကြည်မှုများ ပျက်ပြားနေချိန်တွင်ပင် အရင်းခံယူဆချက်မှာ အမေရိကန်အား လှုပ်ရှားလာအောင် တွန်းအားပေးနိုင်ပြီး ၎င်း၏ အကျိုးစီးပွားများကို လျစ်လျူရှုပါက ကြီးမားသော ပေးဆပ်မှုများရှိလာမည်ဟူ၍ ဖြစ်သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ထိုဒေသသည် မော်ဒယ်ဟောင်းအပေါ် ယုံကြည်စိတ်ချရမှု လျော့နည်းသွားစေသည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များစွာကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ အထူးခြားဆုံးတစ်ခုမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ဒိုဟာ၌ အစ္စရေး၏ တိုက်ခိုက်မှုဖြစ်ပြီး၊ ယင်းစစ်ဆင်ရေးသည် ပါရှန်ပင်လယ်ကွေ့ဒေသ၏ နိုင်ငံရေးအနီရောင်စည်းများကို မည်မျှအထိ လျင်မြန်စွာ ကျော်ဖြတ်နိုင်ကြောင်း ပြသခဲ့ကာ ကာလရှည်ကြာ ကိန်းအောင်းနေသော စိုးရိမ်ပူပန်မှုများကို အပြင်သို့ တွန်းထုတ်ပေးခဲ့သည်။ အကယ်၍ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ပြင်ပမှ ဟန့်တားမှု အနည်းငယ်မျှဖြင့်သာ ဖြစ်ပွားနိုင်ပါက အလိုအလျောက်ရရှိမည့် လုံခြုံရေးအာမခံချက်ဟူသော အယူအဆမှာ စနစ်တစ်ခုက ပေးအပ်နိုင်သော အာမခံချက်ထက် ထိုဒေသက ကိုယ့်ဘာသာကိုယ်ပြောပြနေသည့် ပုံပြင်တစ်ပုဒ်နှင့် ပိုတူလာမည်ဖြစ်သည်။ ("အမေရိကန်က ငါတို့ကို အမြဲကာကွယ် ပေးလိမ့်မယ်ဆိုတဲ့ အယူအဆဟာ တကယ့်လက်တွေ့ အာမခံချက်မဟုတ်တော့ဘဲ ငါတို့ဘာသာ ငါတို့ စိတ်အေးအောင် အယုံအကြည် သွင်းထားတဲ့ ပုံပြင်တစ်ပုဒ်လိုဖြစ်နေပြီ တကယ့်လက်တွေ့မှာတော့ ဘယ်သူမှ လာမတားပေးဘူး" ဟု ဒေသတွင်းနိုင်ငံများက ခံစားလာရတာကို ဆိုလိုခြင်း ဖြစ်ပါသည်။)
ဤကဲ့သို့သော အခြေအနေမျိုးတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့သော ဆော်ဒီ- ပါကစ္စတန် မဟာဗျူဟာမြောက် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်သည် ပြင်းထန်သော အာရုံစိုက်မှုကို ခံခဲ့ရသည်။ ၎င်းက ဒေသတွင်း အဓိကနိုင်ငံများသည် အကာအကွယ်အတွက် နာယကတစ်ဦးတည်းကို လွှဲအပ်ခြင်းထက် အဆင့်ဆင့်ရှိသော မိတ်ဖက်ဆက်ဆံရေးများဖြင့် ဖွဲ့စည်း မည့် အနာဂတ်အတွက် ပြင်ဆင်နေကြကြောင်း ပြသနေသည်။ ဒေသတွင်း မဟာမိတ်များ ထိခိုက်လွယ်သည့် အခြေအနေများတွင် အမေရိကန်၏ ဟန့်တားမှု သို့မဟုတ် တုံ့ဆိုင်းမှုအပေါ် စိတ်ပျက်မှုများကြောင့် ထိုသို့သော သဘောတူညီချက်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လေ့လာသူများက မှတ်ချက်ပြုကြသည်။ ယင်းသဘောတူညီချက်သည် စစ်ပွဲအတွက် ခိုင်မာသော အာမခံချက်တစ်ခု အဖြစ်ဖြစ်စေ သို့မဟုတ် မဟာဗျူဟာမြောက် သတိပေးချက်တစ်ခုအဖြစ် လုပ်ဆောင်သည်ဖြစ်စေ ၎င်းသည် နိုင်ငံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရွေးချယ်စရာများ တည်ဆောက်နေကြသည့် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ ပေါ်ထွက်လာသော လုံခြုံရေးဖွဲ့စည်းမှု အုပ်စုနှစ်စုကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီဖြစ်သည်။ တစ်ဖက်တွင် ဆော်ဒီအာရေဗျ ၊ ပါကစ္စတန်၊ တူရကီ၊ အီဂျစ် နှင့် အိုမန် တို့ကို ဗဟိုပြု၍ အုပ်စုတစ်ခု ပေါင်းစည်းလာနေသည်။ ထိုအုပ်စုသည် ပြင်ပအာမခံချက်များ အပေါ် မှီခိုမှုလျှော့ချရန်နှင့် မတည်ငြိမ်စေသော အခြေအနေများကို ဟန့်တားရန်အတွက် အချုပ်အခြာအာဏာကို အခြေခံသော မူဘောင်တစ်ခုအဖြစ် ပိုမိုဖော်ဆောင်လာသည်။ တစ်ချိန်တည်းမှာပင် ကာတာ၊ အယ်လ်ဂျီးရီးယားနှင့် အခြားနိုင်ငံအချို့သည် ထိုအုပ်စုကို တရားဝင်အဖွဲ့ဝင်အဖြစ်ထက် ဖြစ်နိုင်ခြေရှိသော မိတ်ဖက်ကွန်ရက်တစ်ခုအဖြစ် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ အခြား တစ်ဖက်တွင်မူ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ကို ဗဟိုပြု၍ တန်ပြန်အုပ်စုတစ်ခု ပုံဖော်နေသည်။ ၎င်းတို့၏ မဟာမိတ်ဖြစ်မှုကို ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် အဆင့်မြင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများက အားဖြည့်ပေးထားသည်။ ထို့အပြင် အဇာဘိုင်ဂျန်သည် ပုံမှန်အဖွဲ့ဝင်တစ်ဦးထက် တူရကီနှင့် နီးကပ်သောဆက်ဆံရေးရှိသလို၊ အစ္စရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍတွင် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ထားပြီး အဘူဒါဘီနှင့်လည်း ပူးပေါင်းဆောင်ရွက် မှုများ တိုးချဲ့နေခြင်းကြောင့် ထပ်တူကျနေသော ကွန်ရက်များကို ချိတ်ဆက်ပေးသည့် အဓိကမိတ်ဖက် အဖြစ် ၎င်းတို့၏ မဟာဗျူဟာမြောက် နယ်ပယ်ကို ပိုမိုခိုင်မာစေသည်။
ယင်းနောက်ပိုင်းမှစ၍ ဒေသတွင်း၏ မဟာဗျူဟာမြောက်အခင်းအကျင်းမှာ စားပွဲအောက်ရှိ သံလိုက်များ ရွေ့လျားနေသကဲ့သို့ မြို့တော်အချို့ကို ပိုမိုနီးကပ်စေပြီး အချို့ကိုမူ ဝေးကွာသွားစေခဲ့သည်။ အကျိုးဆက်အကြီးမားဆုံး လားရာမှာ တူရကီ၊ ဆော်ဒီအာရေဗျ နှင့် အီဂျစ် တို့ကြား ပေါ်ပေါက်လာ သော ရင်းနှီးမှုဖြစ်ပြီး၊ ၎င်းသည် စစ်ရေးနှင့် သံတမန်ရေးရာ အလေးသာမှုကို ပြန်လည်ပုံဖော်ပေး နိုင်သည့် " သုံးပွင့်ဆိုင် အင်အားစုအသစ်တစ်ခု" ဖြစ်လာနိုင်သော အလားအလာရှိသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် တူရကီသမ္မတ အာဒိုဂန်သည် ရီယာ့ဒ်မြို့သို့ သွားရောက်ခဲ့ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ကြသည်။ ထိုကာလအတွင်းမှာပင် တူရကီ၏ KAAN တိုက်လေယာဉ် စီမံကိန်း၌ ဆော်ဒီအာရေးဗီးယားအနေဖြင့် ရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်အဖြစ် ပါဝင်လာနိုင်ခြေကို အာဒိုဂန်က အရိပ်အမြွက် ပြောကြားခဲ့သည်။ ဤစီမံကိန်းများသည် စွမ်းဆောင်ရည် တိုးတက်ရုံ သာမက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲပြုမှုကို ဖန်တီးပေးခြင်းဖြစ်ပြီး၊ ယင်းအချက်မှာ ခိုင်မာသော မဟာမိတ်ဖွဲ့မှု၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
ဤပေါ်ထွက်လာသောဝင်ရိုး (Axis) ကို စစ်ရေးလက်နက်တစ်ခုအဖြစ်သာမက သံတမန်ရေးရာ ကိရိယာတစ်ခုအဖြစ်ပါ ပုံဖော်ထားသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်း ရိုက်တာသတင်း ဌာန၏ ဖော်ပြချက်အရ ပဋိပက္ခများကို ရှောင်ရှားရန် ရည်ရွယ်သည့် ဆွေးနွေးပွဲတစ်ရပ်ကို အစ္စတန်ဘူလ်မြို့၌ ကျင်းပရန် စီစဉ်နေပြီး ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ အီဂျစ်၊ အိုမန်၊ ပါကစ္စတန်နှင့် ယူအေအီး (UAE) တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။ ဤစာရင်းသည် ဒေသတွင်း နိုင်ငံများသည် ပြင်ပအစီအစဉ်များကို တုံ့ပြန်ရုံမျှမကဘဲ မိမိတို့ကိုယ်တိုင် အစီအစဉ်များကို စုပေါင်း ပုံဖော်ရန် ကြိုးပမ်းလာကြသည်ကို ပြသနေသည်။ အကယ်၍ စနစ်ဟောင်းက ထိပ်တိုက်တွေ့မှု များကို မတားဆီးနိုင်တော့ပါက နားလည်မှုလွဲမှားခြင်းကို လျှော့ချနိုင်မည့် ယန္တရားများကို ဒေသတွင်း၌ ကိုယ်တိုင်တည်ဆောက်ရမည်ဟူသော ယုတ္တိပင် ဖြစ်သည်။
သို့သော် ဆက်ဆံရေးအုပ်စုတစ်ခု နက်ရှိုင်းလာချိန်တွင် အခြားအုပ်စုတစ်ခုမှာလည်း တန်ပြန် အင်အားစုအဖြစ် ပိုမိုခိုင်မာလာသည်။ အစ္စရေး၏ လုံခြုံရေးမိတ်ဖက်ပြုမှုများ၊ အထူးသဖြင့် နည်းပညာ၊ ထောက်လှမ်းရေးနှင့် အဆင့်မြင့်စနစ်များအပေါ် အခြေခံသည့် ဆက်ဆံရေးမှာ ဒေသတွင်းရှိ အချို့ သော အစိတ်အပိုင်းများကို စိုးရိမ်ပူပန်စေသည်။ ၂၀၂၀-၂၀၂၁ အေဗရာဟမ် သဘောတူညီချက် (Abraham Accords) မှ စတင်ခဲ့သော ပုံမှန်ဆက်ဆံရေးသည် ယခုအခါ အစ္စရေးနှင့် UAE ကြား လက်တွေ့ကျသော ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် ရင့်ကျက်လာပြီဖြစ် သည်။ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် သတင်းပို့ချက်များအရ UAE ၏ EDGE Group သည် အစ္စရေး၏ ThirdEye Systems တွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းက လက်နက်ဝယ်ယူရုံမျှမကဘဲ ပူးတွဲထုတ်လုပ်ရေး အထိပါ ယုံကြည်မှုရှိလာသည်ကို ပြသနေသည်။
အဇာဘိုင်ဂျန်၏ အခန်းကဏ္ဍမှာမူ ပိုမိုရှုပ်ထွေးပြီး ၎င်းသည် ပေါ်ထွက်လာသော ထိုအုပ်စုနှစ်ခုကြား လမ်းဆုံတွင် ရှိနေသည်။ အဇာဘိုင်ဂျန်သည် တူရကီနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်း ထားသကဲ့သို့ အစ္စရေးနှင့်လည်း ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍတွင် ကာလရှည်ကြာ မဟာမိတ်ဖွဲ့ ထားသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ရိုက်တာသတင်းများအရ အစ္စရေးသည် အဇာဘိုင်ဂျန်ထံမှ ရေနံစိမ်းတင်သွင်းမှု မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘာကူး (Baku) သည် အဘူဒါဘီနှင့်လည်း ကာကွယ်ရေးဆိုင်ရာ ထိတွေ့မှုများကို တိုးမြှင့်နေပြီး Shield of Peace 2026 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို UAE နှင့် ပြုလုပ်ရန် စီစဉ်နေသည်။ ပြယုဂ်များက မဟာ ဗျူဟာမြောက်အရေးပါသော ဤဒေသတွင် စစ်ရေးလေ့ကျင့်မှုများ၊ စက်မှုစီမံကိန်းများနှင့် ခေါင်းဆောင် များ၏ ခရီးစဉ်များသည် မိတ်ဆွေများအတွက် သတင်းစကားဖြစ်ပြီး ပြိုင်ဘက်များအတွက်မူ သတိပေးချက်များပင် ဖြစ်သည်။
ဤအချင်းချင်း ချိတ်ဆက်နေသော အဆက်အသွယ်များသည် အရှေ့အလယ်ပိုင်းဒေသရှိ ဟောင်းနွမ်းနေသော အမျိုးအစားသတ်မှတ်ချက်များကို အသုံးမဝင်တော့အောင် ပြုလုပ်နေသည်။ တစ်ချိန်က အမေရိကန် ဦးဆောင်သော လုံခြုံရေးကွန်ရက်တွင် တစ်ဖက်တည်း၌ ရှိနေပုံရသည့် နိုင်ငံများသည် ယခုအခါ မိမိတို့၏ ဘေးအန္တရာယ်ရှုမြင်ပုံအပေါ်မူတည်၍ မတူညီသောစခန်းများသို့ ကွဲထွက် သွားကြပြီဖြစ်သည်။ အချို့အတွက်မူ အဓိကစိုးရိမ်မကင်းဖြစ်မှုမှာ အီရန်၊ အမေရိကန်နှင့် ၎င်းတို့၏ မိတ်ဖက်များအကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာစေမည့် ထိန်းချုပ်မရသော ပဋိပက္ခ အရှိန်မြင့် တက်လာမှုပင် ဖြစ်သည်။ အချို့အတွက်မူ အစ္စရေး၏ ပိုမိုကျယ်ပြန့်လာသော စစ်ရေးနှင့် နည်းပညာ သာလွန်မှုသည် ပင်လယ်ကွေ့၊ လီဗန့် (Levant) သို့မဟုတ် ပင်လယ်နီစင်္ကြံတစ်လျှောက်တွင် လက်ရဲဇက်ရဲ လုပ်ဆောင်လာနိုင်မည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ အတွင်း ဒိုဟာ၌ တိုက်ခိုက်မှုသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းသည် အစ္စရေး၏ လက်လှမ်းမီမှုကို ပြသခြင်းဖြစ်ပြီး ထိုသို့ပြသခြင်းမျိုးသည် အိမ်နီးချင်းနိုင်ငံများက ၎င်းတို့၏ ထိခိုက်လွယ်မှုကို ပြန်လည်သုံးသပ်ရန် နည်းလမ်းတစ်ခု ဖြစ်စေခဲ့သည်။
စိုးရိမ်ပူပန်မှုမှာ ပင်လယ်ကွေ့ဒေသတွင်သာ ကန့်သတ်မနေပေ။ အစ္စရေးခေါင်းဆောင်ပိုင်းသည်လည်း ဒေသတွင်း စစ်ရေးမျှခြေ အပြောင်းအလဲများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို အချက်ပေးလာခဲ့ သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီဂျစ်၏ စစ်ရေးစွမ်းဆောင်ရည်များ တိုးတက်လာနေပြီး စောင့်ကြည့်ရန် လိုအပ်ကြောင်း သတိပေးခဲ့သည်။ ထိုသို့သော မှတ်ချက်များသည် မဟာမိတ်များ ပြောင်းလဲနေချိန် တွင် ရည်ရွယ်ချက်အပေါ် မရေရာမှုများ ရှိနေသည်ကို ပြသနေသည်။ အီဂျစ်အနေဖြင့်လည်း ၎င်း၏ အချုပ်အခြာအာဏာသည် အခြားသူများ ရေးဆွဲထားသော လုံခြုံရေးဝန်းကျင်ကြောင့် ကန့်သတ် မခံရစေရန်နှင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် ကြိုးပမ်းနေသည်။ ဤသို့သော တွန်းအားမျိုးကို မူဝါဒချင်း ပြင်းထန်စွာ ကွဲပြားနေသော နိုင်ငံများကြားတွင်ပင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစားနေ ကြရသည်။
အာဖရိကဦးချိုဒေသ (The Horn of Africa) သည်လည်း ဤပိုမိုကျယ်ပြန့်သော အားပြိုင်မှု၏ မမျှော်လင့်ထားသော ကြည့်မှန်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် အစ္စရေးက ဆိုမာလီလန်း (Somaliland) အား အသိအမှတ်ပြုကြောင်း ကြေညာခဲ့ရာ ဆိုမာလီယာ နိုင်ငံ၏ ပြင်းထန်သော ကန့်ကွက်မှုနှင့် တူရကီအပါအဝင် အဖွဲ့အစည်းများစွာ၏ ရှုတ်ချမှုကို ခံခဲ့ရ သည်။ တူရကီက ဤဆုံးဖြတ်ချက်သည် မတည်ငြိမ်မှုကို ဖြစ်စေပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း ဖော်ပြခဲ့သည်။ ဆိုမာလီလန်း၏ အဆင့်အတန်းမှာ ရေရှည်တွင် မည်သို့ပင်ဖြစ်စေကာမူ ဤဖြစ်ရပ် သည် အာရပ်-အစ္စရေး ပဋိပက္ခ၏ ရိုးရာနယ်နိမိတ်များထက် ကျော်လွန်၍ အက်ကြောင်းသစ်များ မည်သို့ပေါ်ထွက်လာကြောင်း သရုပ်ဖော်နေသည်။ ထို့အပြင် ပင်လယ်ကွေ့နှင့် ပင်လယ်နီနိုင်ငံများ သည် လုံခြုံရေးကို သီးခြားကဏ္ဍများအဖြစ် မမြင်တော့ဘဲ ချိတ်ဆက်နေသော စနစ်တစ်ခုအဖြစ် အဘယ်ကြောင့် ရှုမြင်လာကြသည်ကိုလည်း အလေးပေးဖော်ပြနေသည်။ ဆိပ်ကမ်းများ၊ ကျွန်းစုများ၊ သင်္ဘောလမ်းကြောင်းများ၊ ရေအောက်ကေဘယ်ကြိုးများ၊ ဒရုန်းစင်္ကြံများနှင့် စွမ်းအင်လမ်းကြောင်း များသည် ယခင်က သီးခြားစီဖြစ်နေပုံရသော နေရာများကို ယခုအခါ ပေါင်းစည်းထားပြီးဖြစ်သည်။ မြေပုံပေါ်ရှိ ဒေသန္တရလှုပ်ရှားမှုတစ်ခုသည် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ရိုက်ခတ်နိုင်ပြီး ကမ္ဘာ့ကုန်သွယ် ရေးသည် ဝင်ရိုးစုံခေတ်သစ်၏ ငွေကြေးတစ်မျိုးပင် ဖြစ်သည်။
ဤအရာအားလုံးသည် ဒေသတွင်း၌ ခန့်မှန်းရလွယ်ကူမှု ၊ လိုအပ်သော စီးပွားရေးအသွင်ကူးပြောင်းမှု အစီအစဉ်များကို ကာကွယ်ရန် ကြိုးပမ်းနေချိန်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေခြင်းဖြစ်သည်။ ဧရာမပွဲလမ်းသဘင်များ၊ ခရီးသွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းအင်ကဏ္ဍ ပြောင်းလဲမှုများ အားလုံးသည် စဉ်ဆက်မပြတ်ဖြစ်နေသော အကျပ်အတည်းများက မပေးစွမ်းနိုင်သည့် တည်ငြိမ်မှုအခြေခံကို လိုအပ်သည်။ ထို့ကြောင့်ပင် ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် ရိုးရိုးလက်နက်ဝယ်ယူခြင်းထက် ပိုမိုဦးစားပေးစရာ ဖြစ်လာခဲ့သည်။ ပူးတွဲထုတ်လုပ်မှုသည် မိတ်ဖက်များကို အချိန်ကြာလာသည်နှင့်အမျှ ချည်နှောင်ထားပြီး အလုပ် အကိုင်များ၊ စက်ရုံများနှင့် နည်းပညာအသိုက်အဝန်းများတွင် မြှုပ်နှံထားခြင်းဖြင့် မဟာမိတ်ဖွဲ့ခြင်း၏ ပြည်တွင်းနိုင်ငံရေးကို တဖြည်းဖြည်း ပြောင်းလဲစေသည်။ ထို့ကြောင့်ပင် ပဋိပက္ခလျှော့ချရေးကို အလေးပေးသည့် သံတမန်ရေးရာ ပုံစံများသည် တစ်ဦးကိုတစ်ဦး မယုံကြည်ကြသော ပြိုင်ဘက်များ ကြားတွင်ပင် တိုးပွားလာခြင်းဖြစ်သည်။ ၎င်းတို့သည် မိတ်ဆွေဖြစ်ရန် မလိုဘဲ၊ ပြင်ပမှ အာမခံချက်များမှာ ယခင်ကထက် ပိုမိုကန့်သတ်ချက်ရှိနေသည့် ခေတ်ကာလတွင် ဘေးအန္တရာယ်များကိုသာ စီမံခန့်ခွဲရန် လိုအပ်ခြင်းပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက်အုပ်စုများ ဖွဲ့စည်းလာခြင်းသည် သိသာထင်ရှားသော အန္တရာယ်များကို သယ်ဆောင်လာပါသည်။ အုပ်စုဖွဲ့ခြင်းသည် "လုံခြုံရေးဆိုင်ရာ အကျပ်အတည်း" (Security Dilemmas) ကို ဖြစ်ပေါ်စေတတ်သည်။ တစ်ဖက်မှ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် လုပ်ဆောင်မှု သည် အခြားတစ်ဖက်အတွက်မူ တိုက်ခိုက်ရန် ပြင်ဆင်မှုအဖြစ် မြင်နိုင်ပါသည်။ စစ်ရေးလေ့ကျင့်မှုများသည် တန်ပြန်စစ်ရေးလေ့ကျင့်မှုများကို ဖိတ်ခေါ်သကဲ့သို့၊ စက်မှုလုပ်ငန်းဆိုင်ရာ မိတ်ဖက်ပြုမှု များသည်လည်း တန်ပြန်မိတ်ဖက်ပြုမှုများကို ဖြစ်ပေါ်စေသည်။ လူတိုင်းက လက်ခံကျင့်သုံးနေသည့်"အချုပ်အခြာအာဏာ" ဟူသော အကြောင်းပြချက်သည် ယုံကြည်မှုများ ပြိုလဲသွားသည့်အခါ တစ်ဦးတည်းသဘောဖြင့် အရေးယူဆောင်ရွက်မှုများအတွက် ဆင်ခြေတစ်ခု ဖြစ်လာနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အထူးသဖြင့် ပြည်တွင်းနိုင်ငံရေး၊ ဝါဒရေးရာ သို့မဟုတ် ခေါင်းဆောင်ချင်း အားပြိုင်မှုများက ပိုမိုမီးလောင်ရာလေပင့် ဖြစ်စေသည့်အခါ ဖြစ်ရပ်ငယ်လေးများသည်ပင် လျင်မြန်စွာ အရှိန်မြင့်တက်သွားနိုင်သည်။ ဤဒေသသည် ထိုကဲ့သို့သော အခြေအနေများကို ယခင် ကလည်း ကြုံတွေ့ခဲ့ဖူးသော်လည်း၊ ယနေ့ခေတ်တွင် ကွာခြားချက်မှာ "ဒိုင်လူကြီးဟောင်း" က ကွင်းထဲသို့ ဆင်းရန် ဆန္ဒမရှိတော့ခြင်းနှင့် "ဒိုင်လူကြီးအသစ်" များကိုလည်း ကစားသမားအားလုံးက အသိအမှတ်မပြုကြသေးခြင်းပင် ဖြစ်သည်။
သို့သော်ငြားလည်း ဤမတည်ငြိမ်မှုများကြားတွင် အခွင့်အလမ်းတစ်ခု ရှိနေပါသည်။ အကယ်၍ ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် တာဝန်ယူရန် ဖိအားပေးခံရပါက၊ ရေရှည်တွင် အခြားသူအပေါ် မှီခိုနေရခြင်းထက် ပိုမိုခိုင်မာသော အရာတစ်ခုကို တည်ဆောက် နိုင်ဖွယ် ရှိပါသည်။ ထိုသို့သွားရာလမ်းသည် ဖြောင့်တန်းနေမည်မဟုတ်ပေ။ ၎င်းသည် အုပ်စုများကြား ပြိုင်ဆိုင်မှုများ၊ ခက်ခဲသော ညှိနှိုင်းမှုများနှင့် ပြိုင်ဘက်ကို စမ်းသပ်လိုသည့် ပြင်းထန်သော သွေးဆောင်မှုများကို ဖြတ်သန်းသွားရဖွယ်ရှိသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဖိအား များသည် အဖွဲ့အစည်းများကို ဖြစ်ပေါ်စေတတ်သည်။ ပြင်းထန်သော အားပြိုင်မှုများသည် တစ်ခါ တစ်ရံတွင် "အေးစက်သော ယှဉ်တွဲနေထိုင်မှု" (Cold Coexistence) အဖြစ်သို့ ရင့်ကျက်သွားတတ် သည်။ ပဋိပက္ခလျှော့ချရေး လမ်းကြောင်းများသည် ပုံမှန်လုပ်ရိုးလုပ်စဉ်များ ဖြစ်လာသည်။ အခြား ရွေးချယ်စရာလမ်းမှာ ရင်းနှီးပေးဆပ်ရမှု များလွန်းလှသဖြင့် ရေကြောင်းလုံခြုံရေး၊ ဝေဟင်ပိုင်နက် ညှိနှိုင်းဆောင်ရွက်ရေး၊ အကျပ်အတည်းကာလ ဆက်သွယ်ရေးနှင့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲယန္တရားများသည် အပြည့်အဝမဟုတ်သည့်တိုင် အမြစ်တွယ်လာနိုင်ပါသည်။
ထို့ကြောင့် ဖြစ်နိုင်ခြေရှိသော ရလဒ်မှာ မဟာမိတ်အဖွဲ့တစ်ခုက အခြားတစ်ခုအပေါ် သန့်သန့်ရှင်းရှင်း အောင်နိုင်သွားခြင်းမျိုး မဟုတ်ဘဲ၊ ဒေသတွင်း၏ အမှန်တကယ် အင်အားခွဲဝေမှုနှင့် အဆင့်ဆင့်သော အမှတ်သရုပ်များကို ထင်ဟပ်စေမည့် "ဒေသတွင်းလုံခြုံရေး ဗိသုကာ" (Regional Security Architecture) တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုသို့သော ဗိသုကာစနစ်သည် နိုင်ငံများအနေဖြင့် ပဋိပက္ခတိုင်းတွင် သဘောတူညီရန် မလိုအပ်သလို၊ ဝါဒရေးရာ ကွဲပြားမှုများ ကိုလည်း ဖျောက်ဖျက်ပစ်မည်မဟုတ်ပေ။ ယင်းအစား ပြိုင်ဆိုင်မှုများသည် ကပ်ဘေးအသွင်သို့ မပြောင်းလဲသွားစေရန် တားဆီးရန်သာ ရည်ရွယ်မည်ဖြစ်သည်။ အကယ်၍ ထိုစနစ်သည် မပြည့်စုံ သည့်တိုင် အောင်မြင်ခဲ့မည်ဆိုလျှင် အရှေ့အလယ်ပိုင်းဒေသသည် ပြောင်းလဲနေသော ကမ္ဘာ့အစီအစဉ် သစ်၏ "စစ်တလင်း" ဘဝမှသည် ယင်းအစီအစဉ်ကို "ပုံဖော်သူ" တစ်ဦးအဖြစ်သို့ ကူးပြောင်းသွားနိုင်မည်ဖြစ်သည်။ ပြည်တွင်းပြိုင်ဆိုင်မှုများနှင့် နာကျင်ဖွယ်ရာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မှုများအပြီးတွင်၊ ထိုဒေသသည် မိမိကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ပိုမိုမြင့်မားသော ညှိနှိုင်းမှု စွမ်းအားတို့နှင့်အတူ ကမ္ဘာ့ခေတ်သစ်အတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ပြီး၊ မိမိ၏ ပထဝီဝင်အနေ အထားနှင့် သယံဇာတများကို ဘေးအန္တရာယ်အဖြစ်မှသည် ဩဇာအာဏာအဖြစ်သို့ ပြောင်းလဲနိုင် သည့် ပိုမိုခိုင်မာသော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်လာပါလိမ့်မည်။
(RT တွင်ဖော်ပြထားသည့် “‘Murad Sadygzade’, President of the Middle East Studies Center, Visiting Lecturer, HSE University (Moscow)” ၏ “The Middle East is splitting into rival blocs” ကို ဆီလျော်အောင် ပြန်လည်ပြစုထားခြင်း ဖြစ်ပါသည်။)
