စည်းလုံးညီညွတ်မှု အင်အားကို ဤသို့ တည်ဆောက်ကြပါစို့

Posted_Date

Image

စည်းလုံးညီညွတ်မှု အင်အားကို ဤသို့ တည်ဆောက်ကြပါစို့

Body

အမိနိုင်ငံအတွက် ထာဝရလိုအပ်နေသောအရာ

ယခုအခါ ကျွန်ုပ်တို့အမိနိုင်ငံတော်သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့  ချီတက်နေသည်။ ဤရည်မှန်းချက် ပန်းတိုင်အောင်မြင်ရေးအတွက် အဓိကလိုအပ်သော အရာမှာ ပြည်တွင်းငြိမ်းချမ်းရေးပင်ဖြစ်သည်။  ပြည်တွင်းငြိမ်းချမ်းရေး အတွက်  မဖြစ်မနေ အစဉ်ကြိုးပမ်းရယူနေရမည့် အချက်မှာ  ပြည်တွင်းစည်းလုံး ညီညွတ်ရေးပင်ဖြစ်သည်။ ပြည်တွင်းစည်းလုံးညီညွတ်ရေး ဆိုသည်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊  ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသား အားလုံး၏ စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းသည် အင်အားဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့တိုင်းရင်းသားများ စည်းလုံးညီညွတ်နေမှသာ  အမိနိုင်ငံတော်အင်အားရှိမည်။ ညီညာမှ ပြည်သာမည်ဆိုသည့်အတိုင်း  ကျွန်ုပ်တို့တိုင်းရင်းသားများ စည်းလုံးညီညာနေမှသာ    အမိနိုင်ငံသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မည်။ အမိနိုင်ငံအတွက် ထာဝရလိုအပ်နေသောအရာမှာ ပြည်တွင်းစည်းလုံး ညီညွတ်ရေးပင်ဖြစ်သည်။ အမိနိုင်ငံအတွက် လိုအပ်သောပြည်တွင်းစည်းလုံး ညီညွတ်မှုအားကို တည်ဆောက်ပေးနိုင်သည့်   တစ်ခုတည်းသော နည်းလမ်းမှာ   ကျွန်ုပ်တို့တိုင်းရင်းသားများ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ နေထိုင်နေခြင်းပင်ဖြစ်သည်။

စည်းလုံးညီညွတ်မှု တည်ဆောက်ပေးနိုင်သည့် နည်းလမ်းများကျွန်ုပ်တို့ အမိနိုင်ငံတော်သည်  ထေရဝါဒဗုဒ္ဓဘာသာကို အများစုကိုးကွယ်သော နိုင်ငံဖြစ်သည်။ မြတ်ဗုဒ္ဓက လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းများ စည်းလုံးညီညွတ်မှုကို ဖြစ်စေမည့် တရားတော်များကို ဟောကြားခဲ့သည်။  ယင်းတရားတော်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အမိနိုင်ငံတော်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ရယူနိုင်သည်။ ဗုဒ္ဓတရားတော်များအနက်  လိုက်နာဆောင်ရွက်ရမည့်  တရားတော်နှစ်မျိုးကို  ဖော်ပြလိုသည်။ ယင်းတရားတော်နှစ်မျိုးမှာ   အောက်ပါအတိုင်းဖြစ်သည်။

မြတ်ဗုဒ္ဓ၏ဝိဝါဒမူလသုတ္တန်

မြတ်ဗုဒ္ဓက   ဝိဝါဒမူလသုတ္တန် တရားတော်ကို ဟောကြားခဲ့သည်။  ဤတရားတော်သည် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းများ စိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေသော အကြောင်းတရား ၆ မျိုးကို ဟောကြားထားသည်။ ယင်းအကြောင်းတရား ၆ မျိုးကို အသိသတိကြီးစွာဖြင့် အစဉ်ရှောင်ကြဉ်နေပါက ကျွန်ုပ်တို့တိုင်းရင်းသားများအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို ကာကွယ်တားဆီးနိုင်သည်။ ယင်းအကြောင်းတရား ၆ မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

ကောဓနောဟောတိဥပနာဟီ

ကောဓနဆိုသည်မှာ မည်သည့်အကြောင်းအရာမျိုးကိုမဆို ဆင်ခြင်တုံတရားဖြင့် မဖြေရှင်းဘဲ ဒေါသတရားဖြင့် ဖြေရှင်းခြင်းဖြစ်သည်။ ဥပနာဟဆိုသည်မှာ အငြိုးအတေးထားခြင်းဖြစ်သည်။   ကောဓနော ဟောတိဥပနာဟီဆိုသည်မှာ အကြောင်းအရာများကို ဒေါသတရားများဖြင့်ဖြေရှင်းပြီး တစ်ပြိုင်နက်တည်းမှာပင် အငြိုးအတေးထားခြင်းဖြစ်သည်။ ဤသို့ဒေါသဖြင့်ဖြေရှင်းပြီး အငြိုးအတေးထားခြင်းသည် အဖွဲ့အစည်းတစ်ခုလုံး၏ စည်းလုံးညီညွတ်မှုကို ပျက်စီးစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက်  ဒေါသတရားဖြင့်ဖြေရှင်းခြင်း၊ အငြိုးအတေးထားခြင်းဟူသောအချက်ကို   အမြဲရှောင်ကြဉ်နေကြရမည်။

မက္ခီဟောတိ ပဠာသီ

မက္ခီဆိုသည်မှာ  ကျေးဇူးကန်းခြင်းဖြစ်သည်။ ပဠာသီဆိုသည်မှာ မိမိထက်တော်သူကို အသိအမှတ်မပြုဘဲ မိမိသည်သာလျှင် အတော်ဆုံးဟုသတ်မှတ်ခြင်းဖြစ်သည်။ မက္ခီဟောတိပဠာသီဆိုသည်မှာ မိမိအပေါ် ကျေးဇူးရှိသူကို ကျေးဇူးကန်းခြင်း၊ လောက၌ မိမိသာလျှင်အတော်ဆုံးဟု သတ်မှတ်နေခြင်းဖြစ်သည်။   ဤသို့ကျေးဇူးရှိသူကို ကျေးဇူးကန်းခြင်း၊ မိမိကိုယ်မိမိအတော်ဆုံးဟု  သတ်မှတ်နေခြင်းသည်   အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ   အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့    တိုင်းရင်းသားများ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက် ကျေးဇူးရှိသူအပေါ်ကျေးဇူးကန်းခြင်း၊ မိမိကိုယ်မိမိ အတော်ဆုံးဟုသတ်မှတ်နေခြင်းဟူသော အချက်များကို အမြဲရှောင်ကြဉ်နေကြရမည်။

ဣဿုကီဟောတိမစ္ဆရီ

ဣဿာဆိုသည်မှာ မိမိထက်သာနေသူကို မနာလိုခြင်းဖြစ်သည်။ အခြားသူတစ်ဦး၏ အောင်မြင်တိုးတက်မှုများ၊   စွမ်းဆောင်မှုများကို   ချီးကျူးဂုဏ်ပြုခြင်းမရှိဘဲ အမျိုးမျိုးပြစ်တင် ဝေဖန်ရှုတ်ချသည်။ ဣဿာစိတ်ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒေါသစိတ်သည်လည်း အလိုအလျောက်ဖြစ်ပေါ်လာသည်။ မစ္ဆရိယဆိုသည်မှာ မိမိထက်နိမ့်ကျနေသူများ၊ မိမိနှင့်တန်းတူရည်တူဖြစ်လာမည်ကို မလိုလားခြင်းဖြစ်သည်။   ဣဿုကီဟောတိမစ္ဆရီ ဆိုသည်မှာ မိမိထက်သာနေသူကို မနာလိုခြင်း၊ မိမိထက်နိမ့်ကျနေသူများ မိမိနှင့်တူညီမှုရှိလာမည်ကို ဝန်တိုခြင်းဖြစ်သည်။ ဤသို့ မနာလိုဝန်တိုစိတ်သည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များအချင်းချင်း   စိတ်ဝမ်းကွဲပြားမှုဖြစ်စေသည်။   ထို့ကြောင့်   ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း   စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက်    တိုင်းရင်းသားအချင်းချင်း  မနာလိုဝန်တိုစိတ်ထားရှိခြင်းကို အမြဲရှောင်ကြဉ်နေကြရမည်။

သဌောဟောတိမာယာဝီ

သဌဆိုသည်မှာ  ဟန်ဆောင်ခြင်းဖြစ်သည်။ ဟန်ဆောင်ခြင်းဆိုသည်မှာ ရိုးသားမှုမရှိဘဲ ရိုးသားသူတစ်ဦးကဲ့သို့ လည်းကောင်း၊ ရန်လိုမုန်းတီးစိတ် ရှိနေသော်လည်း ချစ်ခင်မြတ်နိုးစိတ်ရှိနေသူ တစ်ဦးကဲ့သို့လည်းကောင်း၊ သူ့အကျိုးဖျက်ဆီး လိုစိတ်ရှိနေသော်လည်း သူ့အကျိုးကို လိုလားနေသူတစ်ဦးကဲ့သို့ လည်းကောင်း အသွင်သဏ္ဌာန် ရယူထားခြင်းဖြစ်သည်။ မာယာဝီဆိုသည်မှာ  လှည့်စားခြင်းဖြစ်သည်။ လှည့်စားခြင်းဆိုသည်မှာ တစ်ဖက်သား၏မှန်ကန်သော အသိအမြင်၊ မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များကို မှားယွင်းသွားစေရန် ပရိယာယ်အမျိုးမျိုး ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်သည်။ သဌောဟောတိမာယာဝီဆိုသည်မှာ တစ်ဖက်သားအပေါ် ဟန်ဆောင်လှည့်စားမှုအမျိုးမျိုးပြုနေခြင်းဖြစ်သည်။ ဤသို့ ဟန်ဆောင်လှည့်စားခြင်းသည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက်   တိုင်းရင်းသားအချင်းချင်း ဟန်ဆောင်မှု၊ လှည့်စားမှု စသည့်အမှားများကို လုံးဝမပြုလုပ်ရန် အသိသတိကြီးစွာဖြင့် အစဉ်ထိန်းချုပ်နေကြရမည်။

ပါပိစ္ဆောဟောတိ မိစ္ဆာဒိဋ္ဌိ

ပါပိစ္ဆဆိုသည်မှာ မိမိ၏အလိုဆန္ဒကို  မမှန်မကန်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။   မိစ္ဆာဒိဋ္ဌိဆိုသည်မှာ မှားယွင်းသောအယူဝါဒဖြစ်သည်။ ပါပိစ္ဆောဟောတိမိစ္ဆာဒိဋ္ဌိ ဆိုသည်မှာ မိမိ၏အလိုဆန္ဒကိုမှားယွင်းသော နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီး တစ်ချိန်တည်းမှာပင် မှားယွင်းသော အယူများဖြစ်ပေါ်နေခြင်းဖြစ်သည်။  ဤသို့မှားယွင်းသော နည်းလမ်းများဖြင့် မိမိ၏အလိုဆန္ဒကိုဖြည့်ဆည်းခြင်း၊ မှားယွင်းသောအယူများကိုလည်း ကျင့်သုံးနေခြင်းသည်  အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။  ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ပေါ်စေရန် အတွက် မိမိ၏အလိုဆန္ဒကို မှားယွင်းသောနည်းလမ်းများဖြင့် ဖြည့်ဆည်းခြင်း၊ မှားယွင်းသောအယူများကို ကျင့်သုံးခြင်း  စသည့်အမှားများကို လုံးဝမပြုလုပ်ရန် အသိသတိကြီးစွာဖြင့် အစဉ်ထိန်းချုပ်နေကြရပါမည်။

သန္ဒိဋ္ဌိပရာမာသီ

သန်ဆိုသည်မှာ  မိမိ၏ဟုအဓိပ္ပာယ်ရသည်။ ဒိဋ္ဌိဆိုသည်မှာ အသိအမြင်ဟု အဓိပ္ပာယ်ရသည်။ ပရာမာသီဆိုသည်မှာ လွဲမှားစွာဆုပ်ကိုင်ထားခြင်းဟု အဓိပ္ပာယ်ရသည်။ သန္ဒိဋ္ဌိပရာမာသီဆိုသည်မှာ မှားယွင်းသော မိမိ၏ အသိအမြင်များကို တရားသေစွဲမြဲခိုင်မာစွာ ကျင့်သုံးခြင်းဖြစ်သည်။ ဆိုလိုသည်မှာ 

မိမိ၏အသိအမြင်များသည် မှန်ကန်သည်၊ အခြားသောသူများ၏ အသိအမြင်များကသာ မှားယွင်းနေသည်၊ မိမိ၏အသိအမြင်များကို ပြုပြင်ရန်မလိုဟု ခိုင်မာစွာယုံကြည် ကျင့်သုံးနေခြင်းဖြစ်သည်။ ဤသို့ မှားယွင်းသော အသိအမြင်များကို    မှန်ကန်မှုရှိသည်ဟု  တရားသေစွဲကိုင် ကျင့်သုံးနေခြင်းသည် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေသည်။   ထို့ကြောင့်  ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း  စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်စေရန်အတွက် မိမိတို့၏မှားယွင်းနေသော အသိအမြင်များကို တရားသေစွဲကိုင် ကျင့်သုံးနေခြင်းမျိုးမပြုလုပ်ကြရန်  အသိသတိကြီးစွာဖြင့် အစဉ်ထိန်းချုပ်နေကြရမည်။

မြတ်ဗုဒ္ဓ၏ သာရဏီယတရား

မြတ်ဗုဒ္ဓက သာရဏီယတရားတော်ကို ဟောကြားခဲ့သည်။ ဤတရားသည် လူ့အဖွဲ့အစည်း၊ လူ့အသိုင်း အဝိုင်းများအား စည်းလုံးညီညွတ်မှုကိုဖြစ်စေသည့် အကြောင်းတရား ၆ မျိုးကို  ဟောကြားထားခြင်းဖြစ်သည်။  ယင်းအကြောင်းတရား ၆ မျိုးကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုအားကို တည်ဆောက်ပေးနိုင်သည်။   ယင်းအကြောင်းတရား ၆ မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

ကာယကံမေတ္တာထားရှိခြင်း

ကာယကံမေတ္တာ ထားရှိခြင်းဆိုသည်မှာ အကူအညီအမျိုးမျိုး လိုအပ်နေသောမိတ်ဆွေအား လိုအပ်သော အကူအညီအမျိုးမျိုးကို ပေးခြင်း၊ မိတ်ဆွေ၏ ကြုံတွေ့နေရသော အခက်အခဲများကို ပြီးဆုံးအောင်မြင်သည်အထိ ကူညီဆောင်ရွက်ပေးခြင်း၊ မိတ်ဆွေ၏ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ပေးပြီး    ထိခိုက်ဆုတ်ယုတ်စေမည့် အရာမှန်သမျှကို  တားဆီးပေးခြင်း၊ မိတ်ဆွေအပေါ် ရယူလိုသူအဖြစ် မရပ်တည်ဘဲ ပေးဆပ်အနစ်နာခံသူအဖြစ် ရပ်တည်ခြင်းတို့သည် ကာယကံမေတ္တာထားရှိခြင်း သဘောဖြစ်သည်။ ဤသို့ကာယကံမေတ္တာ ထားရှိခြင်းသည်  အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို မြင့်မားစေသည်။   ထို့ကြောင့်  ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း  စည်းလုံးညီညွတ်နေစေရန်နှင့် အမိနိုင်ငံ၏   ကြံ့ခိုင်မှုအားမြင့်မားလာစေရန် အတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ကာယကံမေတ္တာထားရှိနေကြရပါမည်။

ဝစီကံမေတ္တာထားရှိခြင်း

ဝစီကံမေတ္တာ ထားရှိခြင်းဆိုသည်မှာ   မိမိ၏ မိတ်ဆွေအပေါ် ယဉ်ကျေးသိမ်မွေ့သော၊ နူးညံ့သော၊ အကျိုးကို ဖြစ်စေသော၊ အခြေအနေအချိန်အခါနှင့် ကိုက်ညီသော၊ မှန်ကန်သော၊ သစ္စာတရားအပြည့်အဝရှိသော စကားမျိုးကိုသာပြောဆိုခြင်းသည် ဝစီကံမေတ္တာထားရှိခြင်းသဘောဖြစ်သည်။  ဤသို့ ဝစီကံမေတ္တာထားရှိခြင်းသည်   အဖွဲ့အစည်းဝင်များ၏ စည်းလုံးညီညွတ်မှုကို မြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည်  အချင်းချင်းစည်းလုံး ညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက်  တိုင်းရင်းသား အချင်းချင်းအပြန်အလှန် ဝစီကံမေတ္တာ ထားရှိနေကြရမည်။

မနောကံမေတ္တာထားရှိခြင်း

မနောကံမေတ္တာ ထားရှိခြင်းဆိုသည်မှာ  မိမိ၏ မိတ်ဆွေအတွက်  ကောင်းကျိုးဖြစ်စေမည့်အရာမှန်သမျှကိုသာ   ကြံစည်တွေးတောပြီး   ထိခိုက်ဆုတ်ယုတ်စေမည့် အရာမှန်သမျှကို    ကြံစည်တွေးတောခြင်းမပြု၊ မိတ်ဆွေအား   မိမိနှင့်ထပ်တူမျှ သဘောထား၍ ရှုမြင်ခံစားသည်။  မိတ်ဆွေအပေါ်  မည်သည့်မကောင်းမှု၊ မည်သည့်အမှားမျိုးကိုမျှ ကျူးလွန်ရန် ကြံစည်ခြင်းမပြုဘဲ  ကောင်းမှုမှန်သမျှ၊  အမှန်တရားမှန်သမျှကိုသာ  ပြုလုပ်ရန်ကြံစည်သည်။ 

ဤသဘောသည်   မနောကံမေတ္တာထားရှိခြင်း သဘောဖြစ်သည်။ ဤသို့ မနောကံမေတ္တာ ထားရှိခြင်းသည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို  မြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်မှု ရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် အချင်းချင်း အပြန်အလှန် မနောကံမေတ္တာထားရှိနေကြရပါမည်။

သာဓာရဏဘောဂီ

သာဓာရဏဘောဂီဆိုသည်မှာ မိမိ၏မိတ်ဆွေအား  အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ အနာခံလည်း အတူတူ၊ အသာစံလည်းအတူတူ သာတူညီမျှခွဲဝေ ခံစားခြင်းဖြစ်သည်။ မိမိ၏မိတ်ဆွေအန္တရာယ် ကျရောက်နေသည့်အခါ မိတ်ဆွေအားထားပစ်ခဲ့ပြီး ကိုယ်လွတ်ရုန်းမပြေးဘဲ မိမိအသက်ကိုပေး၍ ကယ်တင်သည်။

မိမိ၏မိတ်ဆွေအကြောင်း အမျိုးမျိုးကြောင့် နိမ့်ကျသွားသည့်အခါ နှိမ့်ချဆက်ဆံခြင်းမပြုဘဲ မိမိနှင့်တန်းတူရည်တူထား၍ ဆက်ဆံသည်။ ဤသဘောသည် မိတ်ဆွေအပေါ်   သာတူညီမျှခွဲဝေ ဆက်ဆံသည့်သဘောဖြစ်သည်။   ဤသို့ သာတူညီမျှခွဲဝေဆက်ဆံခြင်းသည် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို မြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည် စည်းလုံးညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက်  အချင်းချင်းအပြန်အလှန် သာတူညီမျှခွဲဝေခံစားနေကြရမည်။

သီလသာမညဂတာ

သီလသာမညဂတာဆိုသည်မှာ အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များသည် ကိုယ်ကျင့်သီလမြင့်မားသူများ ဖြစ်ကြသည်ဆိုသည့်သဘောကိုဆိုလိုသည်။ အဖွဲ့အစည်းဝင်များ   ကိုယ်ကျင့်သီလမြင့်မားခြင်း ဆိုသည်မှာ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များသည်  ဟိရီဟူသော  မကောင်းမှုပြုရမည်ကို ရှက်သည့်စိတ်၊ ဩတ္တပ္ပဟူသော မကောင်းမှုပြုရမည်ကို ကြောက်သည့်စိတ်တို့ဖြင့် နေထိုင်ကြခြင်း၊ မကောင်းမှုဒုစရိုက်မှန်သမျှကိုရှောင်ကြဉ်ပြီး ကောင်းမှုဒုစရိုက်မှန်သမျှကိုသာ   ပြုမူနေခြင်းသဘောဖြစ်သည်။    ဤသို့ကိုယ်ကျင့်သီလ မြင့်မားနေကြခြင်းသည် အဖွဲ့အစည်း၏စည်းလုံး ညီညွတ်မှုကိုမြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည်   အချင်းချင်းစည်းလုံး ညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် မိမိတို့၏ကိုယ်ကျင့်သီလများကို အစဉ်မြှင့်တင်ပေးနေကြရပါမည်။

ဒိဋ္ဌိသာမညဂတာ

ဒိဋ္ဌိသာမညဂတာဆိုသည်မှာ   အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏အသိအမြင်များ  မှန်ကန်နေခြင်းကိုဆိုလိုသည်။မိမိ၏အဖွဲ့အစည်း၊ မိမိ၏ခေါင်းဆောင်၊ မိမိအဖွဲ့အစည်း၏  ရည်မှန်းချက်ပန်းတိုင်၊   မိမိတာဝန်ယူဆောင်ရွက်နေရသည့်  လုပ်ငန်းတာဝန်များအပေါ်  ဂုဏ်ယူတန်ဖိုးထားမြတ်နိုးနေခြင်းသည်   အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၏ အသိအမြင်များ မှန်ကန်နေခြင်းသဘောဖြစ်သည်။  ဤသို့အသိအမြင်များ မှန်ကန်မှုရှိနေခြင်းသည်  အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကိုမြင့်မားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့တိုင်းရင်းသားများသည် အချင်းချင်း စည်းလုံးညီညွတ်မှုရှိနေစေရန်နှင့် အမိနိုင်ငံ၏ကြံ့ခိုင်မှုအား မြင့်မားလာစေရန်အတွက် အမိနိုင်ငံ၊ အမိနိုင်ငံ၏ရည်မှန်းချက်ပန်းတိုင်၊ မိမိတို့တိုင်းရင်းသားများ အချင်းချင်း စသည်တို့အပေါ် မှန်ကန်သောအသိအမြင်များ အစဉ်ထားရှိကျင့်သုံးနေကြရမည်။ 

ကျွန်ုပ်တို့ သိလည်းသိရမည်၊ ကျင့်လည်းကျင့်ရမည်နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုပါက မြတ်ဗုဒ္ဓက လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းများ စိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေသည့်  ဝိဝါဒမူလသုတ္တန်ကို ဟောကြားခဲ့သည်။ ထို့အတူ  လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းများ၏ စည်းလုံးညီညွတ်မှုကိုဖြစ်စေသည့် သာရဏီယတရားတော်ကို  ဟောကြားခဲ့သည်။ ဤတရားတော်နှစ်မျိုးကို ကျွန်ုပ်တို့သိနေရုံဖြင့် မပြီးသေးပါ။  သိသည့်အတိုင်း အမှန်တကယ် လက်တွေ့လိုက်နာကြိုးပမ်း ဆောင်ရွက်နေရမည်။ 

ထို့ကြောင့် ဝိဝါဒမူလသုတ္တန်၏ တရားများဖြစ်ကြသော ဒေါသတရားဖြင့် ဖြေရှင်းခြင်း၊ အငြိုးအတေးထားခြင်း၊ ကျေးဇူးကန်းခြင်း၊ မိမိထက်သာနေသူကို အသိအမှတ်မပြုခြင်း၊ မိမိထက်သာနေသူကို မနာလိုခြင်း၊ မိမိထက်နိမ့်ကျနေသူအပေါ်  ဝန်တိုခြင်း၊ ဟန်ဆောင်ခြင်း၊ လှည့်စားခြင်း၊ မိမိအလိုဆန္ဒကို  မှားယွင်းသော နည်းလမ်းများဖြင့် ဖြည့်ဆည်းခြင်း၊ မှားယွင်းသောအယူကို ကျင့်သုံးခြင်း၊ မိမိ၏မှားယွင်းသော အယူကိုတရားသေစွဲမြဲစွာ ကျင့်သုံးခြင်း စသည့်အချက်များကို ကျွန်ုပ်တို့အစဉ် ရှောင်ကြဉ်နေကြရပါမည်။ ထို့နောက် သာရဏီယတရားများဖြစ်သော ကာယကံမေတ္တာထားရှိခြင်း၊ ဝစီကံမေတ္တာထားရှိခြင်း၊ မနောကံမေတ္တာထားရှိခြင်း၊ မိတ်ဆွေနှင့်သာတူညီမျှခွဲဝေဆက်ဆံခြင်း၊ ကိုယ်ကျင့်သီလကို အစဉ်မြှင့်တင်ခြင်း၊ မှန်ကန်သော အသိအမြင်များ အမြဲကျင့်သုံးခြင်း  စသည့်အချက်များကို ကျွန်ုပ်တို့အစဉ်လိုက်နာ ဆောင်ရွက်နေကြရပါမည်။  ဤသို့ မြတ်ဗုဒ္ဓအဆုံးအမအတိုင်း တိုင်းရင်းသားအချင်းချင်း ရှောင်သင့်သည်ကိုရှောင်၊  ဆောင်သင့်သည်ကိုဆောင်နေကြပါက အမိနိုင်ငံအတွက် လိုအပ်နေသောစည်းလုံး ညီညွတ်မှုအားကို ကျွန်ုပ်တို့တိုင်းရင်းသားများ အောင်မြင်စွာ တည်ဆောက်ရယူနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။    ။

MWD