အီရန်စစ်ပွဲနဲ့ဟော်မုရေလက်ကြားကိစ္စကို အဓိကထားဆွေးနွေးလာနိုင်တဲ့ရှီကျင့်ဖျင်-ထရမ့်ဆွေးနွေးပွဲ
Posted_Date
Image
Body
ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မဟာအင်အားကြီး နိုင်ငံများဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အမြဲတမ်းလိုလို ပူနွေးသွားလိုက်၊ အေးစက်သွားလိုက်နဲ့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာပါ။ အခုတစ်ခေါက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲက တော်တော်လေးအချိန်ဆွဲနေခဲ့ရပါတယ်။ မူလစီစဉ်ထားတဲ့အချိန်ထက် သီတင်းပတ်ခြောက်ပတ်လောက် နောက်ကျသွားခဲ့တဲ့ ဒီခရီးစဉ်ဟာ အခုအပတ်ထဲမှာမှ ဖြစ်လာတော့မှာပါ။ အချိန်အားဖြင့် မေလ ၁၃ ရက်မှ ၁၅ ရက်အထိဖြစ်တယ်လို့ တရုတ်အစိုးရဘက်ကတရားဝင်ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အခုလုပ်မယ့်ဆွေးနွေးပွဲမှာ အဓိကထားဆွေးနွေးမယ့် အကြောင်းအရာက အရင်လို ကုန်သွယ်ရေးစစ်ပွဲတစ်ခုတည်း မဟုတ်တော့ဘဲ လက်ရှိဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲနဲ့ ဟော်မုရေလက်ကြား ပိတ်ဆို့မှုပြဿနာဖြစ်လာနိုင်ပါတယ်။
တကယ်တော့ အီရန်စစ်ပွဲဟာနှစ်နိုင်ငံစလုံးအတွက် ခေါင်းခဲစရာကိစ္စပါ။ အမေရိကန်ရော တရုတ်ရောက ဒီရေလက်ကြားကြီး အမြန်ဆုံးပြန်ပွင့်ဖို့နဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ အပြီးတိုင်ရပ်တန့်သွားဖို့ကို တိတ်တဆိတ် မျှော်လင့်နေကြတာချင်းတော့ တူပါတယ်။ ဒါပေမဲ့ ပြဿနာကိုဖြေရှင်းချင်တဲ့ပုံစံနဲ့ ရှုမြင်ပုံမှာသူတို့နှစ်နိုင်ငံက ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတယ်လို့ပြောရမှာပါ။ အမေရိကန်ဘက်ကနေ ကြည့်မယ်ဆိုရင် သူတို့က စွမ်းအင်အရင်းအမြစ်မှာ တော်တော်လေးဖူလုံနေပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေပါတယ်။ “ငါတို့ဆီမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ အလုံအလောက်ရှိတယ်၊ ပင်လယ်ကွေ့မှာ ဘာတွေပဲဖြစ်ဖြစ် ငါတို့က ခံနိုင်ရည်ရှိတယ်” ဆိုတဲ့ သဘောမျိုးပါ။ ဒါ့အပြင် သူတို့က တစ်ဖက်လှည့်နဲ့ ဘာကို တွက်နေသလဲဆိုရင် အခုလိုမျိုးစွမ်းအင်ပြတ်တောက်မှုတွေဟာ စွမ်းအင်တင်သွင်းမှုအပေါ် အကြီးအကျယ်
မှီခိုနေရတဲ့ တရုတ်ကိုသာ ပိုပြီးထိခိုက်စေလိမ့်မယ်လို့ ယူဆနေတာပါ။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံက အကွက်ကျကျ ပြန်တွက်နေတာရှိပါတယ်။ တရုတ်ရဲ့အမြင်မှာတော့ ဒီမတည်ငြိမ်မှုတွေ ကြာရှည်လေလေ၊ အမေရိကန်နဲ့သူ့ရဲ့ အနောက်အုပ်စုမဟာမိတ်တွေအတွက် စစ်ရေးအရသာမက စီးပွားရေးအရပါ ဝန်ထုပ်ဝန်ပိုးဖြစ်လာလေလေပဲလို့ မြင်ထားတာပါ။ ဒါကြောင့်လည်း နှစ်ဖက်စလုံးက ဘယ်သူအရင်လက်လျှော့မလဲဆိုတဲ့ အကဲစမ်းပွဲမျိုး ဆင်နွှဲနေကြတာပါ။ ဝါရှင်တန်အခြေစိုက် ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂျက်စီမာ့ကတော့ ထရမ့်အနေနဲ့ တရုတ်နိုင်ငံကိုရောက်တဲ့အခါ ရှီကျင့်ဖျင်ကို အီရန်နဲ့ပတ်သက်ပြီး အပေးအယူတစ်ခုခုလုပ်ဖို့ ကမ်းလှမ်းနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အီရန်ရဲ့သန့်စင်ယူရေနီယံသိုလှောင်မှုတွေကိုစောင့်ကြည့်ပြီး နျူကလီးယားအန္တရာယ်ကို ထိန်းချုပ်ဖို့ နိုင်ငံတကာယန္တရား တစ်ခုမှာ တရုတ်ကို ပါဝင်လာစေချင်တာပါ။
ဒါပေမဲ့ တရုတ်ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီးအလွန်စိတ်ဝင်တစားတုံ့ပြန်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အီရန်ကိစ္စကို သီးခြားထားချင်လို့ပါ။ သူက အခုလုပ်မယ့်ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာတိုးတက်မှုကို အဟန့်အတားဖြစ်နေတဲ့ ကိစ္စတွေကိုပဲ အဓိကထားဆွေးနွေးချင်နေတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ အမြင်မှာတော့ ထရမ့်က အီရန်နဲ့ ပတ်သက်ပြီး တစ်ခုခုအလျှော့ပေးလိုက်တာထက်စစ်ပွဲကြီးတစ်ခုလုံးကို အမြန်ဆုံး အေးအေးချမ်းချမ်း ပြီးဆုံးသွားအောင် လုပ်ပေးတာကသာ တရုတ်နိုင်ငံအတွက် တကယ့်လက်ဆောင်လို့ သတ်မှတ်ထား
တာပါ။ ဒါကြောင့်လည်း ထရမ့်က သူ့ရဲ့ ၁၄ ချက်ပါငြိမ်းချမ်းရေးအဆိုပြုချက်ကို တရုတ်ဆီက ဘယ်လို အဖြေပြန်ရမလဲဆိုတာကို အရမ်းစိတ်ဝင်စားနေတာပေါ့။ အဲဒီအဆိုပြုချက်ထဲမှာ ရက်ပေါင်း ၃၀ အတွင်းအသေးစိတ်ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ ဒီကာလအတွင်း ဟော်မုရေလက်ကြားမှာ သင်္ဘောတွေသွားလာခွင့်ကိုပြန်ဖွင့်ပေးဖို့ ပါဝင်နေပါတယ်။
ဒီရေလက်ကြားကြီးဟာ ကမ္ဘာ့စီးပွားရေးအတွက် အသက်သွေးကြောပါ။ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့၂၀ ရာခိုင်နှုန်းလောက်ဟာ ဒီနေရာကနေပဲ ဖြတ်သွားရတာပါ။ ဒီနေရာကြီးတစ်ခုလုံး ပိတ်သွားပြီဆိုတာနဲ့ ကမ္ဘာတစ်ဝန်းမှာ ကုန်ဈေးနှုန်းတွေ တက်လာမယ်၊ စက်ရုံတွေလည်ပတ်ဖို့ခက်ခဲလာမယ်ဆိုတာ လူတိုင်း သိပါတယ်။ အထူးသဖြင့် တရုတ်အတွက်ကတော့ နေ့စဉ်ရေနံစည်ပေါင်း ၅ သန်းကျော်တင်သွင်းနေရတဲ့ နေရာဖြစ်တဲ့အတွက် ရေလက်ကြားပြန်ပွင့်ဖို့အရေးက သူတို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပညာရှင် Zhu Feng ကတော့ တရုတ်-အမေရိကန် ဆက်ဆံရေးတည်ငြိမ်ဖို့ဆိုတာ စီးပွားရေး အခြေခံကောင်းဖို့လိုတယ်လို့ပြောပါတယ်။ တကယ်လို့များ အီရန်ပဋိပက္ခက ထင်ထားတာထက်ပိုမိုကြာရှည်သွားပြီး အမေရိကန်မှာ ကုန်ဈေးနှုန်းတွေတက်၊ လူထုကြားမှာ မကျေနပ်မှုတွေများလာမယ်ဆိုရင် ထရမ့်အနေနဲ့ သူ့နိုင်ငံရဲ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့အတွက် တရုတ်ကို အမေရိကန်ရဲ့ရန်သူအဖြစ်ပုံဖော်ပြီး ဖိအားတွေပိုပေးလာမှာကို တရုတ်က အတော်လေး စိုးရိမ်နေတာပါ။
ဒီဇာတ်လမ်းရဲ့အစကို ပြန်ကြည့်မယ်ဆိုရင်လည်း တော်တော်လေးကိုရှုပ်ထွေးပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ရာကနေစတာပါ။ အဲဒီနောက်မှာတော့ အီရန်ကလက်တုံ့ပြန်တဲ့ အနေနဲ့ ဟော်မုရေလက်ကြားတစ်ခုလုံးကို ပိတ်ချလိုက်ပါလေရော။ အမေရိကန်ကလည်း ရေတပ်နဲ့ ပြန်ပိတ်ဆို့တော့ ကမ္ဘာ့စွမ်းအင်ကွင်း ဆက်တစ်ခုလုံး ပြတ်တောက်သွားရပါတယ်။ လက်ရှိ ဒီရေလက်ကြားကိုဖြတ်သွားတဲ့ သင်္ဘောဆိုလို့ လက်ချိုးရေလို့တောင် ရပါတယ်။ ဒီကြားထဲမှာ အမေရိကန်အစိုးရက တရုတ်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာပါတယ်။ အီရန်နိုင်ငံကနေ ရေနံဝယ်တဲ့ တရုတ်ရေနံချက်စက်ရုံတွေကိုပိတ်ဆို့တာ၊ အီရန်ကို နည်းပညာကူညီတယ်ဆိုတဲ့ တရုတ်ကုမ္ပဏီတွေကို ဒဏ်ခတ်တာတွေပေါ့။
တရုတ်ဘက်ကလည်း ငြိမ်မနေပါဘူး။ သူတို့မှာရှိတဲ့ “Blocking Rules” ဆိုတဲ့ ဥပဒေကို ပထမဆုံးအကြိမ် ထုတ်သုံးပြီး အမေရိကန်ရဲ့ပိတ်ဆို့မှုတွေအပေါ် လုံးဝဂရုမစိုက်ဖို့ သူ့ကုမ္ပဏီတွေကို ပြန်ပြီးအမိန့်ပေးလိုက်ပါတယ်။ ဒါက တရုတ်ရဲ့ သဘောထားတင်းမာမှုကို ပြသလိုက်တာပါပဲ။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က တရုတ်ရဲ့ ဒီလိုလုပ်ရပ်တွေက အကြမ်းဖက်မှုတွေကို ထောက်ပံ့ရာရောက်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း “တရုတ်ရေနံချက်စက်ရုံတွေက အီရန်ဆီက ရေနံဝယ်နေတာတွေရပ်သင့်ပြီ၊ မဟုတ်ရင်တရုတ်ရဲ့ပို့ကုန်စီးပွားရေးကပိုခံရလိမ့်မယ်” လို့ သတိပေးထားပါတယ်။
တရုတ်ကတော့ ဒီကြားထဲမှာ ကြားဝင်စေ့စပ်သူအဖြစ်မနေချင်ပါဘူး။ သူက ဘေးကနေ အပြုသဘောဆောင်တဲ့ အကြံပေးသူအဖြစ်ပဲ နေချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရော အီရန်ရောက ခန့်မှန်းရခက်တဲ့ နိုင်ငံတွေဖြစ်လို့ သူတို့ကြားမှာ တာဝန်ယူရတဲ့သူ မဖြစ်ချင်တာလည်းပါပါတယ်။ အမေရိကန်ကလည်း တရုတ်ရဲ့အခန်းကဏ္ဍကို သံသယရှိနေပါတယ်။ တရုတ်က အီရန်နိုင်ငံကို စစ်ရေးအတွက် ငွေကြေး ထောက်ပံ့နေတယ်လို့ အမေရိကန်ဘက်က ယူဆနေတာပါ။ တရုတ်ကတော့ ရေလက်ကြားပိတ်သွားတာဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တရားမဝင်စစ်ရေးလှုပ်ရှားမှုတွေကြောင့်လို့ ခပ်ပြတ်ပြတ်ပဲတုံ့ပြန်ထား
ပါတယ်။
စင်ကာပူက ပညာရှင် ဒိုင်လန်လိုပြောသလိုပါပဲ။
ဒါဟာ မဟာအင်အားကြီးနှစ်နိုင်ငံကြားမှာ ဘယ်သူကပိုပြီးခံနိုင်ရည်ရှိမလဲဆိုတဲ့ စမ်းသပ်ပွဲတစ်ခုဖြစ်နေပါတယ်။ တရုတ်က ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေမှာဘယ်လောက်ပဲ ထိပ်တန်းရောက်နေပါစေ၊ ရေနံဈေးတက်လာတဲ့ဒဏ်ကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အမေရိကန်ကတော့ သူ့အတွက်စွမ်းအင်ဖူလုံပေမယ့် သူ့ရဲ့အာရှမဟာမိတ်တွေဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ စီးပွားရေးထိခိုက်လာရင် သူ့အတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ဘယ်သူကမှ ဟော်မုရေလက်ကြားကို လက်နက်သဖွယ်အသုံးချလို့ မရနိုင်ပါဘူး။
နိဂုံးချုပ်ရရင်တော့ အခုလာမယ့် ရှီကျင့်ဖျင်နဲ့ဒေါ်နယ်ထရမ့်တို့ရဲ့ဆွေးနွေးပွဲဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအတွက် အဆုံးအဖြတ်ပေးမယ့် ဆွေးနွေးပွဲကြီးတစ်ခုဖြစ်နေပါတယ်။ အီရန်စစ်ပွဲရဲ့အရိပ်မည်းက သူတို့နှစ်ယောက်ကြားမှာ တင်းမာမှုတွေပိုပြီးဖြစ်စေမလား၊ ဒါမှမဟုတ် အပြန်အလှန်နားလည်မှုရပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်မလားဆိုတာက တွေးကြည့်ပြီး
ရင်ခုန်စရာပါပဲ။ နှစ်ဖက်စလုံးက ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင်နေကြတာဖြစ်လို့ အဖြေကတော့ချက်ချင်းထွက်မှာ မဟုတ်ပေမယ့် ဒီဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့်ရလဒ်တွေက ကမ္ဘာ့သမိုင်းကို တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်မယ်ဆိုတာကတော့ အသေအချာပါပဲ။ တကယ်တမ်းမှာ ဒီကစားပွဲက အနိုင်အရှုံးထက်စာရင် အထိအခိုက်အနည်းဆုံးနဲ့ ဘယ်လိုရုန်းထွက်နိုင်မလဲ ဆိုတဲ့ပုစ္ဆာကို အဖြေရှာနေကြတာနဲ့ ပိုတူပါတယ်။ အမေရိကန်နဲ့တရုတ်ကြားမှာရှိနေတဲ့ အပြန်အလှန် သံသယစိတ်တွေက အီရန်စစ်ပွဲကြောင့် ပိုကြီးထွားလာသလို တစ်ဖက်မှာလည်း တစ်ကမ္ဘာလုံးက ဒီနိုင်ငံကြီးနှစ်နိုင်ငံရဲ့ အဆုံးအဖြတ်ကို တုတ်တုတ်မျှမလှုပ်ဘဲ စောင့်ကြည့်နေကြတာပါ။ ရှီကျင့်ဖျင်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ လက်ဆွဲနှုတ်ဆက်မှုနောက်ကွယ်မှာ ဘယ်လိုအကြံအစည်တွေရှိမလဲဆိုတာထက် သူတို့ဆုံးဖြတ်ချက်တစ်ခုချင်းစီက စွမ်းအင်တင်သွင်းရတဲ့ နိုင်ငံတွေအပေါ်မှာရော၊ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ်မှာပါ ဘယ်လောက်အထိ ရိုက်ခတ်မလဲဆိုတာတကယ့်အချက်အချာပါပဲ။ ဒါကြောင့် မကြာခင်မှာလုပ်ဆောင်မယ့် မဟာအင်အားကြီးနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့တွေ့ဆုံဆွေးနွေးမှုဟာ သူတို့နှစ်နိုင်ငံကောင်းကျိုးထက် ကမ္ဘာ့ကောင်းကျိုးကို ပိုမိုဆောင်ကြဉ်းနိုင်ပါစေကြောင်း မျှော်လင့်နေမိပါတယ်။
Ref: SCMP
MWD
