အီရန်-အစ္စရေး တင်းမာမှုများကြားကထွက်ပေါ်လာတဲ့ ဆင့်ကဲအကျိုးသက်ရောက်မှု

Posted_Date

Image

အီရန်-အစ္စရေး တင်းမာမှုများကြားကထွက်ပေါ်လာတဲ့ ဆင့်ကဲအကျိုးသက်ရောက်မှု

Body

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဆိုမာလီပင်လယ်ဓားပြအုပ်စုတွေဟာ ဟူသီသူပုန်တွေဆီကနေ ခေတ်မီလက်နက်တွေနဲ့ နည်းပညာတွေ ရရှိနေတယ်ဆိုတဲ့ သတင်းတော်တော်များများ ထွက်ပေါ်လာခဲ့ပါတယ်။ ယီမင်နိုင်ငံက ဟူသီတွေ၊ ဆိုမာလီပင်လယ်ဓားပြတွေ၊ ပြီးတော့ ဆိုမာလီယာနိုင်ငံက အကြမ်းဖက်အဖွဲ့နှစ်ခုဖြစ်တဲ့ အယ်ရှာဘတ်နဲ့ IS ဆိုမာလီခွဲထွက်အဖွဲ့တို့ကြားက ဆက်ဆံရေးဟာ တစ်နေ့ထက်တစ်နေ့ပိုပြီးခိုင်မာလာနေတာပါ။ ဒါကို ဆိုမာလီယာအရာရှိတွေကရော၊ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအသီးသီးကရော အတည်ပြုထားကြပါတယ်။

တချို့သော ဆိုမာလီပင်လယ်ဓားပြအုပ်စုတွေဟာ ဟူသီတွေဆီကနေ GPS ကိရိယာတွေရရှိထားတဲ့အတွက် ကုန်သွယ်ရေး သင်္ဘောတွေ သွားလာတဲ့လမ်းကြောင်းကို အတိအကျခြေရာခံနိုင်နေပြီလို့ ထောက်လှမ်းရေး သတင်းတချို့အရသိ ရပါတယ်။

ဒါ့အပြင် သူတို့ထဲကတချို့ဆိုရင် ယီမင်နိုင်ငံထဲမှာ စစ်သင်တန်းတွေ သွားတက်ခဲ့ကြတယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ယုံကြည်ကြပါတယ်။ ဒီလိုနည်းပညာအသစ်တွေကြောင့် ဆိုမာလီကမ်းခြေနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ သူတို့အတွက် ပိုပြီးလွယ်ကူသွားစေပါတယ်။

ဒီဖြစ်ရပ်တွေဟာ အခုမှပေါ်လာတာမဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းကလည်း ပန့်လန်းရေကြောင်းရဲတပ်ဖွဲ့ဟာ အိုင်းကမ်းလွန်မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့   ဓာတုပစ္စည်းတွေကို တင်ဆောင်လာတဲ့ စက်လှေတစ်စင်းကို ဖမ်းမိခဲ့ပါတယ်။ လှေပေါ်မှာ ယီမင်နိုင်ငံသား နှစ်ယောက်နဲ့ ဆိုမာလီနိုင်ငံသားငါးယောက်ပါလာခဲ့တာပါ။ ဒါဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီတုန်းက လုံခြုံရေးတပ်ဖွဲ့တွေဟာ ကယ်မစ္စကတ်တောင်တန်းပေါ်ရှိ  ISIS စခန်းပေါင်း  ၁၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ကုလသမဂ္ဂရဲ့၂၀၂၅ ခုနှစ်  အစီရင်ခံစာမှာ ဟူသီတွေနဲ့ ဆိုမာလီအကြမ်းဖက်အဖွဲ့တွေကြားမှာရှိတဲ့ ဆက်ဆံရေးဟာ ဝါဒရေးရာအရမဟုတ်ဘဲ အကျိုးအမြတ်အပေါ်အခြေခံတဲ့ သဘောတူညီချက် သက်သက်သာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ အယ်ရှာဘတ် စစ်သွေးကြွတွေက ခေတ်မီလက်နက်တွေနဲ့ သင်တန်းတွေရဖို့အတွက် ၂၀၂၅ ခုနှစ်အတွင်းမှာတင် ဟူသီကိုယ်စားလှယ်တွေနဲ့ အနည်းဆုံး နှစ်ကြိမ်လောက် တွေ့ဆုံခဲ့ပါတယ်။ အပြန်အလှန်အဖြစ် အယ်ရှာဘတ်က အေဒင်ပင်လယ်ကွေ့နဲ့ ဆိုမာလီကမ်းလွန်မှာ ပင်လယ်ဓားပြလုပ်ငန်းတွေ ပိုလုပ်ပေးရမယ်၊ သင်္ဘောတွေကို နှောင့်ယှက်ပြီး ပြန်ပေးဆွဲငွေတွေ တောင်းရမယ်ဆိုတဲ့    သဘောတူညီချက်မျိုးပေးခဲ့ရပါတယ်။ ဟူသီတွေဟာ အာရပ်ကျွန်းဆွယ်က အယ်ကိုင်ဒါအဖွဲ့နဲ့လည်း အလားတူသဘောတူညီချက်မျိုးရှိထားတာ သုံးနှစ်ကျော်ပါပြီ။

ဆိုမာလီပင်လယ်ဓားပြတွေဟာ အကြမ်းဖက်အဖွဲ့တွေနဲ့မတူဘဲ သီးခြားရာဇဝတ်ဂိုဏ်းအနေနဲ့ ရပ်တည်နေတာပါ။ သူတို့က ဝါဒရေးရာထက် စီးပွားရေးအရတွက်ခြေကိုက်ဖို့ပဲ ကြည့်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့တစ်ခါတလေမှာတော့ လုံခြုံရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးအတွက် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေနဲ့ လက်တွဲတတ်ကြပါတယ်။ ပင်လယ်ဓားပြတွေဟာဘယ်လောက်ဝင်ငွေကောင်းလဲဆိုရင် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်းမှာ ဆိုမာလီပင်လယ်ဓားပြအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၉ သန်းကနေ ၄၁၃ သန်းအထိ ရရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်ကြားကာလမှာ ပင်လယ်ဓားပြလှုပ်ရှားမှု ခဏငြိမ်သက်သွားပေမယ့် ၂၀၂၃ ခုနှစ်မှာ တိုက်ခိုက်မှု ခြောက်ကြိမ်၊ ၂၀၂၄ ခုနှစ်မှာ ၂၂ ကြိမ်အထိ ပြန်တိုးလာပါတယ်။ ဒီလို ပြန်တိုးလာရတဲ့ အကြောင်းရင်းတစ်ခုကတော့ ပန့်လန်းဒေသမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ကုန်းတွင်းပိုင်းက ISIS အဖွဲ့တွေကိုတိုက်ခိုက်ဖို့ အင်အားရွှေ့ပြောင်းလိုက်ရတာ ကြောင့်ပါ။ ဒီလစ်ဟာချက်ကို ပင်လယ်ဓားပြတွေက အခွင့်ကောင်းယူသလို၊ ပင်လယ်နီထဲမှာ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကလည်း အခြေအနေကို ပိုဆိုးသွားစေခဲ့ပြန်ပါတယ်။

တကယ်တမ်း ဆိုမာလီကမ်းလွန်ဒေသမှာ ပင်လယ်ဓားပြမှုတွေ ပြန်အားကောင်းလာတာက အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ်ဆင်နွှဲတဲ့ ပဋိပက္ခတွေရဲ့ရိုက်ခတ်မှုလို့  ပြောလို့ရပါတယ်။ ဒီပဋိပက္ခကြောင့် ဒေသတွင်းအာရုံစိုက်မှုတွေက ပါရှန်းပင်လယ်ကွေ့ဘက်ကိုရောက်သွားပြီး ပင်လယ်နီမှာလုံခြုံရေး ယူပေးနေတဲ့ တပ်ဖွဲ့တွေက ဟော်မုရေလက်ကြားကို ကူးပြောင်းသွားကြရတာပါ။

ဒီနေရာမှာ ပန့်လန်းနဲ့ ဆိုမာလီလန်းတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ပန့်လန်းကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ရပ်တည်နေတာဖြစ်ပြီး ဆိုမာလီလန်းကတော့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ သီးခြားလွတ်လပ်တဲ့နိုင်ငံ ဖြစ်ချင်နေတာပါ။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ အစ္စရေးက ဆိုမာလီလန်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် ပထမဆုံး အသိအမှတ်ပြုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အစ္စရေးဟာ အမေရိကန်၊ ယူအေအီးတို့နဲ့ ပူးပေါင်းပြီး ဆိုမာလီလန်းမြောက်ပိုင်းရှိ ဘာဘာရာဆိပ်ကမ်းမြို့မှာ စစ်အခြေစိုက်စခန်းတစ်ခု ဆောက်လုပ်လာပါတယ်။ ဒါဟာ ဟူသီတွေကိုတန်ပြန်ဖို့နဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ဖို့ ဗျူဟာမြောက် ခြေကုပ်ယူလိုက်တာပါပဲ။ ဘာဘာရာလေဆိပ်ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ဆိုဗီယက်တွေ တည်ဆောက်ခဲ့တာဖြစ်ပြီး အခုတော့ အစ္စရေးအတွက်အရေးပါတဲ့ နေရာတစ်ခု ဖြစ်လာပါပြီ။

အခုဆိုရင် အာဖရိကဦးချိုဒေသမှာ နိုင်ငံတကာ သြဇာလွှမ်းမိုးမှုအုပ်စုနှစ်ခု ကွဲထွက်လာတာကို တွေ့ရပါတယ်။ တစ်ခုက အစ္စရေး၊ ယူအေအီး၊ အီသီယိုးပီးယားနဲ့ ဆိုမာလီလန်းတို့ပါဝင်တဲ့ “ဘာဘာရာဝင်ရိုးတန်း အုပ်စုဖြစ်ပြီး  တူကီယဲနဲ့  အီရန်ရဲ့သြဇာကို တန်ပြန်ဖို့ ကြိုးစားနေတာပါ။ အီသီယိုးပီးယားကလည်း ပင်လယ်ထွက်ပေါက်ရဖို့အတွက် ဒီအုပ်စုနဲ့လက်တွဲထားပါတယ်။ နောက်အုပ်စုတစ်ခုက ဆိုမာလီယာ၊ တူကီယဲ၊  အီဂျစ်နဲ့ ဆော်ဒီအာရေဗျတို့ပါဝင်တဲ့မိုဂါဒစ်ရှုးဝင်ရိုးတန်း ဖြစ်ပြီး ဆိုမာလီယာရဲ့ အချုပ်အခြာအာဏာကိုကာကွယ်ဖို့နဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှုတွေကို တားဆီးဖို့ရည်ရွယ်ပါတယ်။ တူကီယဲဆိုရင် ဆိုမာလီယာမှာ သူတို့ရဲ့အကြီးဆုံး နိုင်ငံခြားစစ် အခြေစိုက်စခန်းကိုဖွင့်ထားပြီး စစ်သည်ထောင်ပေါင်းများစွာကို သင်တန်းပေးနေပါတယ်။ ဆော်ဒီအာရေဗျနဲ့ အီဂျစ်တို့ကလည်း ဒီဒေသမှာသူတို့ရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအတွက် ဆိုမာလီယာအစိုးရဘက်ကနေ ရပ်တည်နေကြတာပါ။

ဒီကြားထဲမှာ အီရန်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့မရပါဘူး။ အီရန်ဟာ ဘယ်အုပ်စုထဲမှာမှ တိုက်ရိုက်မပါပေမယ့် အစ္စရေးဆန့်ကျင်ရေးအုပ်စုတွေကိုတော့ နောက်ကွယ်ကနေ ကူညီပေးနေတာပါ။ အထူးသဖြင့် ဟူသီတွေဆီ လက်နက်တွေပို့ပေးရာမှာ ဆိုမာလီကမ်းခြေကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးချနေတာဖြစ်ပါတယ်။ အီရန်က ပံ့ပိုးပေးတဲ့ လက်နက်တွေဟာ ဟူသီတွေကနေတစ်ဆင့် ဆိုမာလီပင်လယ်ဓားပြတွေနဲ့ အယ်ရှာဘတ်တွေဆီကို ရောက်သွားနေတာပါ။

ဒီအခြေအနေတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင် ဆိုမာလီကမ်းလွန်မှာ ပင်လယ်ဓားပြမှုတွေ ပြန်လည် ထကြွလာတာဟာ ဒေသတွင်းကရှုပ်ထွေးလှတဲ့ နိုင်ငံရေးနဲ့  စစ်ရေးပဋိပက္ခရဲ့ရလဒ်ပါပဲ။ အစ္စရေး၊ အီရန်၊တူကီယဲနဲ့ ယူအေအီးတို့ရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဆိုမာလီပင်လယ်ဓားပြတွေဟာ ဟူသီတွေရဲ့ အကူအညီနဲ့ ပိုပြီးအန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်ရှိလာနေပါတယ်။ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ရဲ့ လုံခြုံရေးဟာ အရင်ကထက် ပိုပြီးစိုးရိမ်စရာကောင်းလာနေပြီလို့ ကျွန်တော်တို့သုံးသပ်နိုင်ပါတယ်။ ဒီလိုအားပြိုင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ “ဆင့်ကဲအကျိုးသက်ရောက်မှု ဟာ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါ ခြိမ်းခြောက်လာပြီဖြစ်တဲ့အတွက် အထူးသတိထားစောင့်ကြည့်ရမယ့်  အခြေအနေဖြစ်လာပါတယ်။

ဒီဖြစ်ရပ်တွေအားလုံးကို ခြုံငုံကြည့်မယ်ဆိုရင်တော့အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်တဲ့ တင်းမာမှုတွေဟာ အာဖရိကအထိ ကူးစက်ပျံ့နှံ့နေတာကို တွေ့ရပါမယ်။ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီတွေက ဆိုမာလီပင်လယ်ဓားပြတွေကို လက်နက်နဲ့နည်းပညာ တပ်ဆင်ပေးနေတာဟာ အစ္စရေးနိုင်ငံနဲ့ အနောက်အုပ်စုရဲ့အကျိုးစီးပွားကို တိုက်ခိုက်ဖို့အတွက် နည်းလမ်းအသစ်တစ်ခု ဖြစ်လာပါတယ်။

ပင်လယ်ဓားပြတွေကလည်း သူတို့ရဲ့စီးပွားရေးအကျိုးအမြတ်အတွက် ဒီအခွင့်အရေးကို အသုံးချပြီး ပိုမိုခေတ်မီတဲ့နည်းလမ်းတွေနဲ့ သင်္ဘောတွေကို ခြိမ်းခြောက်လာနေတာပါ။ ဒါကြောင့် ဒီဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုကြားမှာ ပိုပြီးတော့တောင် ခက်ခဲတဲ့လမ်းကြောင်းဆီကို ဦးတည်လာနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

အခုလိုမျိုး ၂၀၂၆ ခုနှစ် ရောက်လာတဲ့အခါမှာတော့ ဒီပြဿနာဟာ ပိုမိုကျယ်ပြန့်လာပြီး ဒေသတွင်းနိုင်ငံတွေသာမက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကုန်သွယ်ရေး လုပ်ငန်းရှင်တွေအတွက်ပါ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပါတယ်။

တစ်ဖက်မှာ ဆိုမာလီယာအစိုးရက သူ့နိုင်ငံရဲ့ ပိုင်နက်ကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို အခြားတစ်ဖက်မှာလည်း ပြည်ပအင်အားကြီး နိုင်ငံတွေက သူတို့ရဲ့ ဗျူဟာမြောက်ခြေကုပ်စခန်းတွေရဖို့ ဆိုမာလီလန်းလို ဒေသမျိုးတွေကို အသုံးချနေကြတာဟာ အခြေအနေကို ပိုပြီးရှုပ်ထွေးစေပါတယ်။ အထူးသဖြင့် အစ္စရေးက ဆိုမာလီလန်းကို အသိအမှတ်ပြုလိုက်ခြင်းက ဒီဒေသရဲ့ နိုင်ငံရေးအခင်းအကျင်းကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေခဲ့တာပါ။ 

ဒီအခြေအနေဟာ အီရန်နဲ့ သူ့ရဲ့လက်ဝေခံအုပ်စုတွေကို တိုက်ရိုက်စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် ပင်လယ်ဓားပြတွေဟာ ရိုးရိုးလက်နက်တွေတင်မကဘဲ ဒရုန်းတွေ၊ GPS တွေနဲ့ အဆင့်မြင့် ထောက်လှမ်းရေး နည်းပညာတွေကိုပါ သုံးနိုင်နေပြီဖြစ်လို့   သူတို့ကိုနှိမ်နင်းဖို့ဆိုတာ အရင်ကထက် အဆပေါင်းများစွာ   ပိုခက်ခဲသွားပြီလို့ဆိုရမှာပါ။ ဒီအခြေအနေတွေဟာ နောက်ထပ်ဘယ်လိုအတိုင်းအတာအထိဆက်ဖြစ်နေဦးမလဲဆိုတာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်းနိုင်ငံရေး အပြောင်းအလဲတွေ အပေါ်မှာပဲ မူတည်နေပါတော့တယ်။

Ref: RT

MWD