ယူအေအီးရဲ့ OPEC လမ်းခွဲမှုက ပါးနပ်တဲ့အာဏာပြိုင်ပွဲလား၊ မတည်ငြိမ်မှုကိုအစပြုခြင်းလား

Posted_Date

Image

ယူအေအီးရဲ့ OPEC လမ်းခွဲမှုက ပါးနပ်တဲ့အာဏာပြိုင်ပွဲလား၊ မတည်ငြိမ်မှုကိုအစပြုခြင်းလား

Body

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က မကြာခင်မှာ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်းOPEC နဲ့  မိတ်ဖက်အဖွဲ့အစည်း OPEC+ တို့ကနေနုတ်ထွက်တော့မယ်လို့ဆုံးဖြတ်လိုက်ခြင်းက သူတို့ရဲ့အချုပ်အခြာအာဏာပိုင် စွမ်းအင်မဟာဗျူဟာနဲ့ ရေရှည်စီးပွားရေး စီမံကိန်းအရ လုပ်ရတာဖြစ်တယ်ဆိုပြီး ဘယ်လောက်ပဲအကြောင်းပြပြ တကယ်တမ်းဒါဟာ နိုင်ငံရေးအရ အကွက်ချပြီး လုပ်လိုက်တဲ့ပြတ်သား တဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။ ယူအေအီးဟာ ဒီလုပ်ရပ်ကတစ်ဆင့် ဆော်ဒီအာရေဗျရဲ့ ဩဇာအာဏာကိုစိန်ခေါ်လိုက်တာဖြစ်သလို သူတို့ရဲ့မဟာဗျူဟာမြောက်လွတ်လပ်ခွင့်ကိုလည်း အားကောင်းအောင်လုပ်လိုက်တာပါ။ တစ်ဖက်မှာလည်း အမေရိကန်အတွက် ရေနံဈေးကိုထိန်းချုပ်နိုင်စေမယ့် အသုံးဝင်တဲ့လက်နက်တစ်ခုကိုပံ့ပိုးလိုက်ပြီး အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ဖိအားပေးနေတဲ့ ဒေသတွင်းအစီအစဉ်တွေမှာလည်း ပိုပြီးပါဝင်ပတ်သက်လာတာဖြစ်ပါတယ်။ ဒါက ဆော်ဒီကို ဗဟိုပြုလည်ပတ်နေတဲ့ ပင်လယ်ကွေ့ရေနံစနစ်ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နောက်လိုက်အဖြစ်နေခဲ့ရတဲ့အနေအထားမှရုန်းထွက်ပြီး ယူအေအီးဟာ ဘယ်သူ့နောက်ကိုမှ လိုက်မယ့်သူမဟုတ်တော့ဘူးဆိုတာကို ပြတ်ပြတ်သားသား အချက်ပေးလိုက်တာပဲဖြစ်ပါတယ်။

စီးပွားရေးအရကြည့်မယ်ဆိုရင်  ယူအေအီးဟာ ရေနံထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ဖို့အတွက် နှစ်ပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်လာတာပါ။ အခုဆိုရင် တစ်နေ့ကို ရေနံစည် ၄ ဒသမ ၈၅ သန်းအထိ ထုတ်နိုင်တဲ့အင်အားရှိနေပြီး ၂၀၂၇ မှာ တစ်နေ့ကို ၅ သန်းအထိထုတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ OPEC+ ရဲ့ ထုတ်လုပ်မှုကန့်သတ်ချက်တွေကြောင့် အရင်က တစ်နေ့ကို ၃ ဒသမ ၄ သန်းလောက်ပဲထုတ်ခဲ့ရတာပါ။ အခုတော့ သူတို့မှာ အသင့်ရှိနေတဲ့စက်မှုပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး အင်အားစုတွေကို အပြည့်အဝအသုံးချပြီး ကမ္ဘာ့ရေနံဈေးကွက်မှာ အရင်ကထက်ပိုကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်ချင်လာတာပါ။ ယူအေအီးကနုတ်ထွက်ပြီးတဲ့ အခါဖြစ်လာနိုင်တဲ့အခြေအနေကို ကြည့်မယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ထုတ်လုပ်မှုမြှင့်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အီရန်စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ လမ်းကြောင်းတွေပြန်ကောင်းလာရင် တစ်နေ့ကို စည်ပေါင်းသိန်းဂဏန်းလောက်ထပ်ထုတ်ပြီး ဈေးကွက်ထဲဖြန့်တာမျိုးဖြစ်ပါတယ်။ ဒါက ဆော်ဒီနဲ့ထိပ်တိုက်မတွေ့ဘဲ နုတ်ထွက်မှုအကျိုးကို လက်တွေ့ပြသရာရောက်ပါတယ်။ ပိုပြီးရည်မှန်းချက်ကြီးတဲ့ပုံစံမျိုးဆိုရင်တော့ ဒေသတွင်းအခြေအနေတည်ငြိမ်ပြီး အာရှဒေသရဲ့ဝယ်လိုအားလည်း ကောင်းနေရင် နောက် ၁၂ လကနေ ၁၈ လအတွင်း တစ်နေ့ကိုရေနံစည်ပေါင်း၄  ဒသမ  ၂  သန်းကနေ ၄  ဒသမ  ၅  သန်းအထိ တိုးမြှင့်ထုတ်တာမျိုးဖြစ်ပါတယ်။ အပြင်းထန်ဆုံး အခြေအနေကတော့ တစ်နေ့ကို စည်ပေါင်း ၅ သန်းအထိထုတ်ပြီး ဈေးကွက်ထဲကို စည်ပေါင်း ၁ သန်းခွဲလောက်အထိ အလုံးအရင်းနဲ့ ထည့်လိုက်တာမျိုးပါ။

ဒါက ဈေးကွက်ကိုပိုမိုတည်ငြိမ်စေပြီး စားသုံးသူတွေအတွက် သက်သာစေနိုင်ပေမယ့် OPEC+ ရဲ့ စည်းကမ်းကိုအကြီးအကျယ်ပျက်ပြားသွားစေမှာဖြစ်လို့ ဆော်ဒီအနေနဲ့ ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရွေးချယ်ရမှာပါ။

တကယ်တော့ ဒီကိစ္စဟာ စီးပွားရေးထက် ပိုပြီးနက်ရှိုင်းတဲ့  နိုင်ငံရေးအားပြိုင်မှုတွေဖြစ်ပါတယ်။ ဆော်ဒီဟာ OPEC ကို သူတို့အတွက်ဒေသတွင်း ခေါင်းဆောင်မှုပြသရာနေရာအဖြစ် ဆယ်စုနှစ်ပေါင်းများစွာအသုံးချခဲ့တာဖြစ်လို့ ယူအေအီးရဲ့ နုတ်ထွက်မှုက ဆော်ဒီသတ်မှတ်တဲ့လမ်းစဉ်အတိုင်း အခြားသူတွေက လိုက်ပါရတဲ့စနစ်ကို အဆုံးသတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံက အပြင်ရန်သူကိုတိုက်တဲ့နေရာမှာ မိတ်ဖက်ဖြစ်နိုင်ပေမယ့် ပင်လယ်ကွေ့ရဲ့အနာဂတ်ကို ဘယ်သူပုံဖော်မလဲဆိုတဲ့ နေရာမှာတော့ တကယ့်ကို ပြိုင်ဘက်တွေဖြစ်နေကြပါတယ်။ ဆော်ဒီက "Vision 2030" နဲ့ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင်ရေးဗဟိုချက်ဖြစ်လာအောင်လုပ်နေချိန်မှာ ယူအေအီးက ဒူဘိုင်းရဲ့ကုန်သွယ်ရေးကွန်ရက်တွေ၊ အဘူဒါဘီရဲ့ ရင်းနှီးမြှုပ်နှံမှုအရှိန်အဝါတွေ၊ လေကြောင်းလိုင်းတွေနဲ့ ဆိပ်ကမ်းတွေကတစ်ဆင့် အဲဒီနေရာကို အခိုင်အမာ ယူထားပြီးသားပါ။ သူတို့နှစ်နိုင်ငံဟာ ရေနံဈေးနှုန်းအပေါ်ထားတဲ့ သဘောထားချင်းလည်း မတူပါဘူး။ ဆော်ဒီက သူ့နိုင်ငံပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေအတွက် ရေနံဈေးကိုမြင့်မြင့်ရမှဖြစ်မှာပါ။ ဒါပေမဲ့ ယူအေအီးကတော့ စီးပွားရေးကို တခြားကဏ္ဍတွေမှာပါခွဲဝေထားနိုင်တဲ့အတွက်  ရေနံဈေးနည်းနည်းကျလည်း ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့် သူတို့က ဈေးနှုန်းထက် အရေအတွက်ကို ပိုဦးစားပေးချင်နေတာပါ။ အကယ်၍ ယူအေအီးရဲ့နုတ်ထွက်မှုအပေါ်ဆော်ဒီက သူတို့ရဲ့ခေါင်းဆောင်မှုကို အားနည်းအောင် လုပ်တယ်လို့ယူဆရင်တော့  ရေနံထုတ်လုပ်မှုတွေ ပြိုင်တူမြှင့်ပြီး ဈေးကွက်လုတာမျိုး၊ သံတမန်ရေးအရ ဖိအားပေးတာမျိုးတွေနဲ့ ယူအေအီးကို အထီးကျန်အောင်လုပ်လာနိုင်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက်တော့ ယူအေအီးရဲ့နုတ်ထွက်မှုက အကြီးအကျယ်အားသာချက်ဖြစ်လာပါတယ်။ OPEC ကို အမြဲဝေဖန်လေ့ရှိတဲ့ ထရမ့်အတွက် ဈေးကွက်ထဲကို ရေနံတွေပိုပို့ပေးမယ့် ယူအေအီးဟာ အဖိုးတန်မိတ်ဖက်ဖြစ်လာမှာပါ။ ဒါကအမေရိကန်မှာဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ လောင်စာဆီဈေးတွေကိုလျော့ကျစေသလို  ထရမ့်အတွက်လည်း နိုင်ငံရေးအရအောင်ပွဲတစ်ခုဖြစ်လာစေမှာပါ။ တစ်နည်းအားဖြင့် ယူအေအီးဟာ ရေနံစည်တွေကိုအသုံးချပြီး ဝါရှင်တန်မှာ သူတို့ရဲ့မဟာဗျူဟာမြောက် အရေးပါမှုကိုမြှင့်တင်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူအေအီးရဲ့ ဒီတွက်ချက်မှုဟာ အမေရိကန်-အီရန်ပဋိပက္ခက စစ်ပွဲကြီးအဖြစ် ကူးစက်မသွားဘူးဆိုမှ အောင်မြင်မှာပါ။ တကယ်လို့ ဟော်မုရေလက်ကြားကြီးသာလုံးဝပိတ်သွားရင် ယူအေအီးရဲ့ ရေနံထုတ်လုပ်နိုင်စွမ်းကလည်း အပိုပဲဖြစ်သွားပါလိမ့်မယ်။ ယူအေအီးဟာ အီရန်အပေါ်ဖိအားပေးထားတဲ့အနေအထားကိုလိုချင်ပေမယ့် တကယ့်စစ်ပွဲကြီးဖြစ်သွားမှာကိုတော့ မလိုလားပါဘူး။ သူ့ရဲ့ မဟာဗျူဟာက မတည်ငြိမ်မှုတွေကြားကနေ အမြတ်ထုတ်ဖို့ပဲဖြစ်ပါတယ်။

နောက်တစ်ချက်က   အစ္စရေးနဲ့ဆက်ဆံရေးပါ။ ယူအေအီးက အစ္စရေးကို သူတို့ရဲ့လုံခြုံရေးနဲ့သံတမန်ရေးရာတွက်ချက်မှုတွေမှာ ထည့်သွင်းထားပါတယ်။ အီရန်ကိုဖိအားပေးနေစဉ်အတွင်း ရေနံဈေးကွက်ကို တည်ငြိမ်လာအောင် ယူအေအီးက ကူညီနိုင်ခြင်းဟာ အစ္စရေး-အမေရိကန်တို့ရဲ့ အီရန်ဆန့်ကျင်ရေးတပ်ဦးမှာပါဝင်နေခြင်းကို ပြသရာရောက်ပါတယ်။ ဒါဟာ အာရပ်ကမ္ဘာမှာတော့ စိုးရိမ်စရာတွေရှိနိုင်ပါတယ်။

ယူအေအီးက ဝါရှင်တန်ရဲ့ရေနံမိတ်ဖက်ဖြစ်လာမှာကို ဆော်ဒီကလည်းလက်ခံမှာမဟုတ်ပါဘူး။ ရုရှားကတော့ ဆော်ဒီနဲ့ပေါင်းပြီး ရေနံဈေးကိုထိန်းခဲ့တဲ့ OPEC+ မူဘောင်ကြီးအားပျော့သွားမှာကို သတိထားပြီးစောင့်ကြည့်နေမှာပါ။   ဒီနေရာမှာ ယူအေအီးရဲ့ လုပ်ရပ်က ရုရှားနဲ့ဆက်ဆံရေးကို ချက်ချင်းမထိခိုက်နိုင်ပေမယ့်  စွမ်းအင်ဆိုင်ရာညှိနှိုင်းမှုတွေမှာတော့ သံသယတွေ ဝင်လာစေနိုင်ပါတယ်။

ယူအေအီးအတွက်  အဆိုးရွားဆုံးဖြစ်နိုင်ခြေကတော့ ဆော်ဒီက ပြင်းပြင်းထန်ထန်တုံ့ပြန်လာခြင်း၊ ရုရှားကသတိထားလာခြင်း၊ အီရန်က ပင်လယ်ကွေ့မှာ ပဋိပက္ခတွေအရှိန်မြှင့်လာခြင်းနဲ့  ထရမ့်ဘက်က မျှော်လင့်သလောက် လုံခြုံရေးအကာအကွယ် မပေးနိုင်ခြင်းတို့ တစ်ပြိုင်နက်ဖြစ်လာနိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ကတိက ယူအေအီးရဲ့မဟာဗျူဟာမြောက်စွန့်စားမှုလောက် ခိုင်မာပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ အနှစ်ချုပ်ရရင်တော့ ယူအေအီးဟာ အုပ်စုဖွဲ့စည်းကမ်းထက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို   ပိုပြီးရွေးချယ်လိုက်တာပါ။  ဆော်ဒီကိုအားမနာဘဲ အမေရိကန်၊ အစ္စရေးတို့နဲ့ ပူးပေါင်းပြီး ကိုယ့်ရဲ့ရေနံအင်အားကို နိုင်ငံရေးလက်နက်အဖြစ် ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ လာမည့် လတွေမှာတော့ ဒီရဲတင်းတဲ့ဆုံးဖြတ်ချက်က လမ်းစအသစ်တစ်ခုဖြစ်လာမလား၊ ဒါမှမဟုတ် စနစ်ဟောင်းကို ဖျက်ဆီးမိတဲ့အတွက် ကြီးမားတဲ့တန်ဖိုးတစ်ခုပြန်ပေးဆပ်ရမလားဆိုတာက တကယ့်ကို စိတ်ဝင်စားစရာ စမ်းသပ်ချက်တစ်ခု ဖြစ်နေပါတော့တယ်။

Ref: RT

MWD