နိုင်ငံတော်၏အသက်သွေးကြော၊ ရွှေရောင်လွင်ပြင်၏ ပဲ့ကိုင်ရှင်များ
Posted_Date
Image
Body
နံနက်ခင်း၏အေးမြသောနှင်းစက်များ မြက်ဖျား၌ ခိုတွယ်နေဆဲ၊ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ ရွှေရောင်နေခြည်နုနုတို့ မြေပြင်ထက်သို့ ဖြန့်ကြက်ကျရောက်လာချိန်တွင် ကျေးလက်တောရွာတို့၏ သက်ဝင်လှုပ်ရှားမှုသည် စတင်နေပြီဖြစ်သည်။ ထိုရွှေရောင်အလင်းတန်းများအောက်တွင် စိမ်းလန်းစိုပြည်သော လယ်ကွင်းပြင်ကြီးများသည်လည်းကောင်း၊ ဝင်းမှည့်နွယ်ယိုင်နေသော စပါးနှံရွှေဝါများဖြင့် ဖုံးလွှမ်းနေသော လွင်ပြင်ကျယ်ကြီးများသည်လည်းကောင်း ပန်းချီကားတစ်ချပ်ပမာ လှပတင့်တယ်နေပေသည်။ သို့သော် ထိုလှပသော ရွှေရောင်လွင်ပြင်ကြီးများသည် အလိုအလျောက် ပေါ်ထွန်းလာခြင်းမဟုတ်။ ထိုလွင်ပြင်ကြီးများ၏ နောက်ကွယ်တွင် နေလောင်ထားသော အသားအရေနှင့် ကြမ်းတမ်းနေသော လက်ဖဝါးပိုင်ရှင် “တောင်သူလယ်သမားဦးကြီးများ”ဆိုသည့် ပဲ့ကိုင်ရှင်များ၏ မနားမနေအားထုတ်မှုများ၊ ဇွဲ၊ လုံ့လ၊ ဝီရိယများကိန်းအောင်းနေသည်။
တောင်သူလယ်သမားများ စိုက်ပျိုးနိုင်ခြင်း မရှိပါက နိုင်ငံ၏စားရေရိက္ခာနဲ့ စီးပွားရေးယန္တရားကြီး တစ်ခုလုံးရပ်တန့်သွားနိုင်သည်။ တောင်သူလယ်သမားတို့သည် မြေကြီးကိုအခြေခံ၍ ဘဝကို တည်ဆောက်ကြသူများ ဖြစ်ကြသည်။
သူတို့သည် မြေကြီးကိုနားလည်ကြသကဲ့သို့ မြေကြီး၏စေတနာကိုလည်း အကြွင်းမဲ့ယုံကြည်ကြသူများ ဖြစ်သည်။
မိုးဦးကျချိန် မြေနံ့သင်းပျံ့လာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ထွန်ယက်ရေး ကိရိယာများကို ပြင်ဆင်ကာ ရွှံ့ညွန်များကြားတွင် ပျော်မွေ့စွာတစ်နိုင်ငံလုံးအတွက် အာဟာရကိုဖန်တီးပေးရန် လုပ်ငန်းခွင်စတင်ကြသည်။ ထို့ကြောင့် ရွှေရောင်လွင်ပြင်၏အလှအပကိုမြင်တွေ့ရတိုင်း ထိုအလှတရားကို ဖန်တီးပေးနေသည့် ပဲ့ကိုင်ရှင်များ၏ ကျေးဇူးတရားကို ကျွန်ုပ်တို့မေ့လျော့၍မရနိုင်ပေ။ သူတို့၏ချွေးစက်တစ်စက်ချင်းစီသည် မြန်မာ့မြေပေါ်တွင် စပါးနှံတစ်စေ့ချင်းစီဖြစ်လာရသလို ထိုစပါးနှံများသည်လည်း နိုင်ငံတော်၏အဓိက “အသက်သွေးကြော”များပင်ဖြစ်ပါတော့သည်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကိုပြန်လည်ကြည့်ရှုလျှင် တောင်သူလယ်သမားတို့သည် လုပ်ငန်းခွင်တွင်သာမက နိုင်ငံရေးနှင့်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင်လည်း ပြတ်သားသော ဇွဲ၊ သတ္တိတို့ဖြင့် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားသော မြေခွန်တော်များ ကောက်ခံမှုနှင့် မြေရှင်ကြီးစိုးမှုစနစ်အောက်တွင် တောင်သူလယ်သမားတို့သည် အလွန်အမင်း ဒုက္ခရောက် ခဲ့ကြရသော်လည်း ဒူးထောက်မပေးခဲ့ကြပေ။ ထိုမတရားမှုများမှ ရုန်းထွက်ရန်အတွက် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဆရာစံဦးဆောင်သော တောင်သူလယ်သမားတော်လှန်ရေးကြီးပေါ်ပေါက်ခဲ့သည်။
ထိုတော်လှန်ရေးကြီးသည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် တောင်သူတို့၏ မျိုးချစ်စိတ်နှင့် ဇွဲ၊ လုံ့လ၊ ဝီရိယကို ကမ္ဘာသိအောင်ပြသနိုင်ခဲ့သည့် သမိုင်းမှတ်တိုင်ကြီးတစ်ခုပင်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင်လည်း နိုင်ငံတော်၏အဓိကဒေါက်တိုင်ဖြစ်သော တောင်သူလယ်သမားတို့၏
ကဏ္ဍကို အလေးထားသောအားဖြင့် ၁၉၆၂ ခုနှစ်မှစတင်ကာ မတ်လ ၂ ရက်နေ့ကို “တောင်သူလယ်သမားနေ့”အဖြစ်သတ်မှတ်ခဲ့သည်။ ထိုနေ့သည် တောင်သူတို့၏အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုရန်အတွက်သာမက သူတို့၏ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေးနှင့် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးတို့ကို ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်တိုးတက်လာစေရန် ဝိုင်းဝန်းစုပေါင်း အဖြေရှာကြသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ မတ်လ၏အဦးဆုံး နေခြည်နွေးနွေးအောက်တွင် ကျရောက်သော ဤနေ့ထူးနေ့မြတ်သည် မြန်မာနိုင်ငံသား အားလုံးအတွက် ကျေးဇူးရှင်တောင်သူလယ်သမားတို့အား ဦးညွှတ်ဂုဏ်ပြုရာ နေ့တစ်နေ့လည်း ဖြစ်ပေသည်။
ယနေ့ခေတ်ကာလတွင် မတ်လ ၂ ရက်နေ့သို့ရောက်ရှိတိုင်း ကျွန်ုပ်တို့သည် တောင်သူလယ်သမားတို့၏ ကျေးဇူး
တရားကို အောက်မေ့သတိရရုံသာမက သူတို့၏ဘဝအဆင့်အတန်း မြင့်မားလာစေရန် မည်သို့ကူညီ ပံ့ပိုးပေးနိုင်မည် နည်းဟူသောအချက်ကိုလည်း အလေးအနက်စဉ်းစားကြရမည် ဖြစ်သည်။ သမိုင်းမော်ကွန်း တစ်လျှောက် ချွေးနှင့်သွေးကိုရင်းနှီးကာ နိုင်ငံတော်၏စီးပွားရေးကို ထောက်မခဲ့သော တောင်သူလယ်သမား တို့သည် ဂုဏ်ပြုထိုက်သော၊ တန်ဖိုးထားထိုက်သောပုဂ္ဂိုလ်များအဖြစ် မြန်မာ့မြေပြင်ထက်တွင် ထာဝရမော်ကွန်းထိုးလျက် ရှိနေမည်သာဖြစ်သည်။ နိုင်ငံတော်မှလည်း တောင်သူလယ်သမားများ၏ လူမှုဘဝမြင့်မားတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေး နေသည်မှာလည်း ထင်ရှားသောပြယုဂ်ဖြစ်သည်။
လူသားတစ်ဦး၏ခန္ဓာကိုယ်ယန္တရားပုံမှန်လည်ပတ်နိုင်ရန်အတွက် သွေးကြောများအတွင်း သွေးသားအာဟာရတို့ စီးဆင်းနေရသကဲ့သို့ပင် နိုင်ငံတော်ဟူသော ခန္ဓာကိုယ်ကြီး ကျန်းမာကြံ့ခိုင်စွာ ရပ်တည်နိုင်ရန်အတွက်လည်း တောင်သူလယ်သမားတို့၏ ထုတ်ကုန်များသည် အဓိကအသက်သွေးကြောအဖြစ် စီးဆင်းလျက်ရှိသည်။
မြို့ပြ၏မြင့်မားသောအဆောက်အအုံများပေါ်တွင်ဖြစ်စေ၊ စက်မှုဇုန်များ၏ စက်သံတညံညံကြားတွင်ဖြစ်စေ၊ ကျွန်ုပ်တို့အားလုံး နေ့စဉ်စားသုံးနေကြသော ဆန်တစ်စေ့၊ ဆီတစ်ပေါက်နှင့်ဟင်းသီးဟင်းရွက်တိုင်းသည် တောင်သူတို့၏ဖုန်စွဲနေသော ခြေဖဝါးများနှင့်ရုန်းကန်မှုများမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။
“စပါးရှိမှအစားရှိမည်၊ အစားရှိမှအားရှိမည်”ဆိုသကဲ့သို့ ပြည်သူတို့၏ ဝမ်းစာဖူလုံမှုသည် တောင်သူတို့၏ လက်ဖဝါးထက်တွင် တည်ရှိနေသည်။ ဆန်စပါးတင်ပို့မှုတွင် တစ်ချိန်က ကမ္ဘာ့အဆင့်(၁)ရရှိခဲ့သော မြန်မာ့ဂုဏ်ရည်သည် တောင်သူလယ်သမားတို့၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လနှင့်လုပ်နိုင်စွမ်းကို သက်သေထူနေခြင်းပင်ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်မှ မျိုး၊ မြေ၊ ရေနည်းဖြင့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိပြီး တောင်သူများစီးပွားရေးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။
စီးပွားရေးရှုထောင့်မှ ကြည့်လျှင်လည်း တောင်သူလယ်သမားတို့သည် နိုင်ငံတော်၏စီးပွားရေးမဏ္ဍိုင်ကို ထောက်မထားသည့် အားအင်အကောင်းဆုံးသောလုပ်သားထုကြီးဖြစ်သည်။ နိုင်ငံ၏စုစုပေါင်း ပြည်တွင်းထုတ်ကုန်(GDP)တွင် စိုက်ပျိုးရေးကဏ္ဍသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်နေရုံသာမက နိုင်ငံခြားသို့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့်ရော်ဘာ စသည့်ထွက်ကုန်များကို တင်ပို့ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သော နိုင်ငံခြားငွေများကို ရှာဖွေပေးနေကြသည်။ တောင်သူတစ်ဦး၏ လယ်ယာမြေထက်မှထွက်ရှိသော သီးနှံများသည် ပြည်တွင်းစားသုံးမှုအတွက် သာမကဘဲ ပြည်ပဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်ကာ မြန်မာ့မြေ၏ဂုဏ်သတင်းကို လွှင့်ထူပေးနေကြသည်။ ထို့ပြင် လူမှုရေးရှုထောင့်အရ ကျေးလက်နေလူဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ တိုးတက်လာခြင်းသည် တစ်နိုင်ငံလုံး၏ ဆင်းရဲမှုလျော့ကျခြင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည်။ တောင်သူတို့၏အိတ်ကပ်ထဲတွင် ငွေဝင်မှသာ ကျေးလက်စီးပွားရေး လည်ပတ်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြို့ပြကုန်သွယ်မှုများလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကျိုးအတွက်သာမက လောကသားတို့ အာဟာရပြည့်ဝစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဘီးကြီး ရှေ့သို့လှိမ့်နိုင်ရန်အတွက် မိမိတို့၏အချိန်၊ လူအင်အား
နှင့်ကျန်းမာရေးတို့ကို မြေကြီးထဲတွင် ရင်းနှီးမြှုပ်နှံထားကြသူများဖြစ်သည်။
ထို့ကြောင့် တောင်သူလယ်သမားဟူသည် ကုန်ထုတ်လုပ်သူသက်သက်မဟုတ်ဘဲ နိုင်ငံတော်၏ အေးချမ်းသာယာ
ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေသော အင်အားစုကြီးဖြစ်သည်။
သူတို့၏ အခန်းကဏ္ဍသည် ခေတ်စနစ်များ မည်သို့ပင်ပြောင်းလဲစေကာမူ၊ နည်းပညာများ မည်သို့ပင် မြင့်မားလာစေကာမူ နိုင်ငံတော်၏ “အသက်သွေးကြော”အဖြစ် ထာဝစဉ် အရေးပါနေဦးမည်သာဖြစ်သည်။
သို့သော် ထိုမျှလောက်သော အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် တောင်သူလယ်သမားတို့သည် လက်မလျှော့ ခဲ့ကြပေ။ မိမိတို့၏ဘဝကို မြေကြီးထဲတွင်နှစ်မြှုပ်ထားသော်လည်း လောကသားတို့ စားရေရိက္ခာ ဖူလုံစေရန်ဟူသော စေတနာ အရင်းခံဖြင့် ဆက်လက်စိုက်ပျိုးနေကြဆဲဖြစ်သည်။ သူတို့သည် ဆုလာဘ်ကို မျှော်ကိုး၍မဟုတ်ဘဲ လုပ်ဆောင်အပ်သောတာဝန်တစ်ခုအဖြစ် မှတ်ယူကာ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ထိုစိန်ခေါ်မှုများကို ကျွန်ုပ်တို့အားလုံးက ဝိုင်းဝန်းကူညီဖြေရှင်းပေးမှသာလျှင် “ရွှေရောင်လွင်ပြင်”ဟူသောဂုဏ်ပုဒ်သည် ထာဝရဝင်းပနေမည်ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားနေ့တွင် ကျွန်ုပ်တို့ ဂုဏ်ပြုရမည်မှာ သူတို့၏ထွက်ကုန်များသာမက ထိုကဲ့သို့သော အခက်အခဲပေါင်းစုံကြားမှ အရှုံးမပေးဘဲ မြေကြီးကို ဆက်လက်ဖက်တွယ်နေသည့် သူတို့၏ “ဇွဲ”နှင့်“သတ္တိ”ကိုလည်းဖြစ်သည်။ အကြွေးသံသရာမှ လွတ်ကင်းပြီး ကိုယ်ပိုင်လယ်ယာမြေထက်တွင် ဂုဏ်သိက္ခာရှိရှိစိုက်ပျိုး ထုတ်လုပ်နိုင်ရေးကို ဆောင်ကြဉ်းပေးခြင်းသည်သာလျှင် တောင်သူတို့အတွက် အစစ်မှန်ဆုံးသောဂုဏ်ပြုခြင်း ဖြစ်ပေလိမ့်မည်။
ခေတ်စနစ်များ မည်သို့ပင်ပြောင်းလဲစေကာမူ၊ နည်းပညာဒီရေများ မည်သို့ပင်မြင့်တက်လာစေကာမူ တောင်သူလယ်သမားတို့၏ အခန်းကဏ္ဍသည် ကမ္ဘာတည်သရွေ့မှေးမှိန်သွားမည် မဟုတ်ပေ။ အနာဂတ်တွင် ကျွန်ုပ်တို့မျှော်လင့်တောင့်တအပ်သည်မှာ ပင်ပန်းဆင်းရဲလှသော ရိုးရာစိုက်ပျိုးရေးဘဝမှသည် ခေတ်မီ၍ သက်သာချောင်ချိသောစက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရေးပင်ဖြစ်သည်။ တောင်သူတို့၏ လက်ထဲတွင် ထွန်တုံးအစား ခေတ်မီစက်ကိရိယာများ၊ အကြွေးစာရင်းအစား အကျိုးအမြတ် မှတ်တမ်းများ၊ မျက်ရည်များအစား ပြုံးရွှင်သောမျက်နှာများဖြင့် ပြည့်နှက်နေသည့် အနာဂတ်ရွှေရောင် လွင်ပြင်ကြီးကို ကျွန်ုပ်တို့မြင်တွေ့လိုလှပါသည်။
ထိုသို့သောအနာဂတ်ကို တည်ဆောက်နိုင်ရန်မှာ တောင်သူလယ်သမားများ၏ ကြိုးပမ်းမှုသက်သက်ဖြင့် မလုံလောက်ပေ။ နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာနှင့်ပြည်သူတစ်ရပ်လုံးက တောင်သူတို့၏ဘဝကို ဝိုင်းဝန်းပံ့ပိုးကူညီကြရမည်ဖြစ်သည်။
သင့်တင့်မျှတသောသီးနှံဈေးကွက်များဖော်ဆောင်ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာသစ်များ ဖြန့်ဝေပေးခြင်းနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးစေ့များပံ့ပိုးပေးခြင်းတို့သည် တောင်သူတို့၏ “အသက်သွေးကြော”ကို ပိုမိုခိုင်မာစေမည့် လုပ်ရပ်များဖြစ်သည်။ တောင်သူလယ်သမားတို့ဘဝမြင့်မားလာခြင်းသည် နိုင်ငံတော်၏ ဂုဏ်ဒြပ်မြင့်မား လာခြင်းပင်ဖြစ်ကြောင်း ကျွန်ုပ်တို့အမြဲ နှလုံးသွင်းအပ်ပေသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် တောင်သူလယ်သမားတို့သည် မြေကြီးထဲတွင် ရွှေကိုရှာဖွေသူများမဟုတ်ဘဲ မြေကြီးမှ ရွှေသီးအောင် ဖန်တီးပေးနေသည့် “ပဲ့ကိုင်ရှင်”များဖြစ်ကြသည်။ သူတို့သည် မြန်မာ့မြေ၏ ဂုဏ်ဆောင်များ ဖြစ်သလို ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အာဟာရဓာတ်တို့၏ အရင်းအမြစ် ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။ မတ်လ ၂ ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့သည် ပြက္ခဒိန်ပေါ်မှနေ့တစ်နေ့သက်သက်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ ကျေးဇူးရှင်တောင်သူတို့၏ဂုဏ်ကျေးဇူးကို အောက်မေ့သတိရကာ သူတို့၏ဘဝများ လုံခြုံစိတ်ချရစေရန် ကတိပြုရမည့်နေ့ဖြစ်သည်။
စပါးနှံတို့ဝင်းမှည့်နေသော ရွှေရောင်လွင်ပြင်ကြီးများသည် နိုင်ငံတော်၏ အနာဂတ်ကို လင်းလက်စေသကဲ့သို့ ထိုလွင်ပြင်ကြီးများကို ပဲ့ကိုင်မောင်းနှင်နေသော တောင်သူလယ်သမားတို့၏ ဘဝများသည်လည်း အေးချမ်းသာယာမှုများဖြင့် ပြည့်နှက်နေပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် “နိုင်ငံတော်၏ အသက်သွေးကြော၊ ရွှေရောင်လွင်ပြင်၏ပဲ့ကိုင်ရှင်များ”အား အလေးအနက် ဦးညွှတ်ဂုဏ်ပြုလိုက်ရပေသည်။ ။
MWD
