နွေရာသီတွင်တွေ့ကြုံရနိုင်သော ကျန်းမာရေးပြဿနာများ
Posted_Date
Image
Body
ဒီနှစ်နွေရာသီက အရင်နှစ်တွေထက် အပူရှိန်ပိုပြီး ပြင်းလာပါတယ်။ နွေရာသီကာလမှာ အပူရှိန်ပြင်းလွန်း တာကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ တွေ့ကြုံရ နိုင်ပါတယ်။ အခုလိုပူအိုက်တဲ့ရာသီမှာ အပူရှိန်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ အကြောင်းနဲ့ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းသိမ်းတဲ့စနစ်ကို ပြည်သူတွေ အနေနဲ့ သိရှိထားဖို့လိုပါတယ်။
ပတ်ဝန်းကျင်အပူချိန်ကို Environmental Tem-perature လို့သတ်မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရဲ့ အပူချိန်ကို တီကို(T.core- Body care temperature)လို့ မှတ်ယူပါမယ်။ အဆိုပါ T.core ကို ၃၇ ဒီဂရီစင်တီ ဂရိတ်မှာငြိမ်နေအောင် ထိန်းသိမ်းထားရပါမယ်။ ပတ်ဝန်းကျင်အပူချိန်တက်လာလေ T.core ကို ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်အောင် ခန္ဓာကိုယ်က ကြိုးစားရလေဖြစ်ပါတယ်။ အဲဒီတာဝန်ကို ဦးနှောက်ထဲက ဟိုက်ပိုသဲလမတ် (Hypothalamus) အစိတ်အပိုင်း တစ်ခုက လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်အပူချိန် ၃၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ချွေးတွေထွက်လာပါမယ်။ အဲဒီအခါမှာ အပူတွေထွက်အောင် လုပ်ပေးပြီး T.core ကို ထိန်း ထားဖို့လိုပါတယ်။ အဲဒီလိုမလုပ်ပေးနိုင်ရင် T.core အလွန်အကျွံတက်လာပြီး ခန္ဓာကိုယ်ရဲ့အင်ဇိုင်းစနစ် တွေ ပျက်စီးသွားပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အပူကြောင့်လေဖြတ်ခြင်း ဖြစ်စေနိုင်ပါတယ်။
နွေရာသီမှာ ပူပြင်းလွန်းတာကြောင့် ခံစားရနိုင် တဲ့ ကျန်းမာရေးပြဿနာတွေအနေနဲ့ အပူမိတ်ထွက် ခြင်း၊ အပူကြောင့်ကြွက်တက်ခြင်း၊ အပူကြောင့်ဖျား ခြင်း၊ အပူကြောင့်လေဖြတ်ခြင်းဆိုပြီး လေးမျိုးခွဲခြား နိုင်ပါတယ်။
အပူကြောင့်မိတ်ထွက်ခြင်းက ချွေးထွက်တဲ့ဂလင်း တွေပိတ်ကုန်ပြီး အဖုအပိမ့်တွေက အင်ပျဉ်ထွက်သလို ထွက်လာတာမျိုးဖြစ်ပါတယ်။
အပူကြောင့်ကြွက်တက်ခြင်းက ပူအိုက်တဲ့ရာသီမှာ ကိုယ်လက်လှုပ်ရှားပြင်းပြင်းထန်ထန်လုပ်မိ တဲ့အခါ ကြွက်သားတွေနဲ့ ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးကို ခေါ်ပါတယ်။ ဆုံးရှုံးသွား တဲ့ဓာတ်ဆားနဲ့ရေကို ပြန်ဖြည့်တဲ့အခါမျိုးမှာလည်း ဆားဓာတ်ထက် ရေဓာတ်ကိုပိုဖြည့်မိတဲ့အခါ၊ ချွေး ထွက်များတဲ့အချိန် ဓာတ်ဆားရည်မသောက်ဘဲ ရေပဲ သောက်နေမိတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေမှာ T.core မတက်သေးဘဲ ပုံမှန် ထိန်းသိမ်းထားပါသေးတယ်။
အပူကြောင့်ဖျားခြင်းဆိုတာက T.core ၃၇ ဒီဂရီ စင်တီဂရိတ်ထက်ကျော်လာပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ နုံးခွေနေတာ၊ ခြေလက်မသယ် ချင်ဖြစ်တာ၊ မူးဝေတာနဲ့ သတိလစ်တာတွေပါတွဲဖြစ် လာတာမျိုးကို ခေါ်ပါတယ်။
အပူကြောင့်လေဖြတ်ခြင်းဆိုတာက အပူကြောင့် သတိလစ်တာတွေဖြစ်ပြီး အဲဒီလိုဖြစ်ရင် အပူကြောင့် လေဖြတ်ဖို့ အခွင့်အလမ်းများနေပြီဖြစ်တဲ့အတွက် အမြန်ဆုံးကုသဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ပတ် ဝန်းကျင်အပူချိန်ကို မြန်မြန်ချပေးရပါမယ်။ လူနာကို လေအေးပေးစက်တပ်ထားတဲ့အခန်းထဲမှာ ထားဖို့ လိုအပ်ပါတယ်။ ရေဖတ်ရွှဲအောင်တိုက်တာနဲ့ ပန်ကာ ဖွင့်တာတွေ လုပ်ပေးသင့်ပါတယ်။
ကိုယ်အပူချိန်တက်နေတဲ့အခါ ငှက်ဖျားဆေး၊ တိုက်ဖွိုက်နဲ့ စိတ်ကျန်းမာရေးအတွက် ပေးထားတဲ့ဆေးတွေ အလွန်အကျွံသောက်သုံးထားမှု ရှိ၊မရှိ ကိုလည်း စစ်ဆေးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ် အပူချိန်တက်တဲ့အခါ ရေနဲ့ဓာတ်ဆားဆုံးရှုံးမှုများ တဲ့အတွက် ဓာတ်ဆားဖျော်ရည် တိုက်ပေးရပါမယ်။ အနည်းဆုံး ဓာတ်ဆားဖျော်ရည် ၅ လီတာတိုက်ဖို့လို ပါတယ်။ လိုအပ်ရင် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေကို ပို့ဆောင်ပြီး ကုသမှုခံယူဖို့လိုပါတယ်။
T.core ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်သွား ပြီဆိုရင်တော့ အပူလျှပ်ခြင်းလို့ခေါ်တဲ့ အခြေအနေကို ရောက်နေပါပြီ။ လူနာက ကယောင်ကတမ်းပြောတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာနဲ့ တက်တာတွေဖြစ်ပြီဆိုရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
အပူလျှပ်ခြင်းဖြစ်နိုင်ခြေများသူတွေက အသက်အရွယ်ကြီးသူတွေ၊ ဆီးချိုရောဂါဝေဒနာရှင်တွေ၊ အရက်သောက်သုံးသူတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ သောက်နေရသူတွေ၊ ဆီးဆေးသောက် နေရသူတွေ၊ အရမ်းပူတဲ့အချိန်မှာ အဝတ်အစား ထူထူဝတ်ပြီး အားကစားလေ့ကျင့်ခန်းလုပ်သူတွေနဲ့ အရမ်းပူတဲ့အချိန်မှာ အကာအကွယ်မဲ့အပြင်ထွက်သူ တွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
ကုသမှုအပိုင်းအနေနဲ့ အတွင်းလူနာအဖြစ် အရေး ပေါ်ကြပ်မတ်ကုသမှုခံယူဖို့လိုပါတယ်။ T.core ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်နေတာတောင်မှ အချိန်မီကုသလိုက်နိုင်ရင် ပြန်ကောင်းနိုင်ပါတယ်။ ဒါကြောင့် အချိန်မီဆေးရုံရောက်ဖို့လိုပါတယ်။
အပူချိန်အပြင် ကာကွယ်မှုအပိုင်းအနေနဲ့ အပူကြောင့်ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုလက္ခဏာတွေကို သိရှိနားလည်ထားဖို့လိုပါတယ်။ နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်းရမယ်ဆိုတာမျိုး၊ ချည်ထည်ပါးပါး ဝတ်ဆင်ရမယ်ဆိုတာမျိုး၊ လေ ဝင်လေထွက်ကောင်းအောင် ထားရမယ်ဆိုတာမျိုး၊ အရိပ်ထဲနေရမယ်ဆိုတာမျိုး၊ ချွေးထွက်များရင် ဓာတ်ဆားရည် သောက်ပေးရမယ်ဆိုတာမျိုးနဲ့ မိတ်ဖုထွက်လာရင် အေးနေအောင်ထားရမယ်ဆိုတာမျိုး တွေ သိရှိထားဖို့လိုပါတယ်။
အရေးကြီးဆုံးက အချိန်မီကုသခြင်းလို့ခေါ်တဲ့ အချိန်မီကုထုံးရနိုင်ဖို့အတွက် နီးစပ်ရာဆရာဝန်နဲ့ လိုအပ်သလို ဆက်လက်ဆောင်ရွက်ခြင်းနည်း၊ အပူကြောင့်လေဖြတ်ခြင်းဖြစ်မှုနှုန်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်ပေါ်မှုနှုန်းကို ရာနှုန်းပြည့် လျှော့ချပေးနိုင်ဖို့လိုပါတယ်။
နောက်တစ်ခုက နွေရာသီမှာ ခရမ်းလွန်ရောင်ခြည်မြင့်တက်နေပါတယ်။ အိုဇုန်းလွှာက ခရမ်းလွန် ရောင်ခြည်ကို ကမ္ဘာမြေလွှာပေါ် တိုက်ရိုက်မကျရောက် အောင် တားဆီးပေးတယ်။ အိုဇုန်းလွှာပြီးရင် နီယို စပီးယားဆိုပြီးရှိပါတယ်။ ရုပ်ကြွင်းလောင်စာတွေ ဖြစ်တဲ့ ရေနံ၊ ကျောက်မီသွေးနဲ့ သဘာဝဓာတ်ငွေ့တို့ လောင်ကျွမ်းရာကနေထွက်တဲ့ဓာတ်ငွေ့၊ လူသားတို့စီမံ ထားတဲ့ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ရင်ကျပ် ရှူဆေး၊ လက်သည်းဖျက်ဆေး၊ ဖျက်မင်(Correction pen) တို့ကနေ စီအက်ဖ်စီ(CFC_chlorofleurocarbon) က လေထုထဲပါဝင်မှုများကာ အိုဇုန်းလွှာပေါက်ပြဲစေ ပါတယ်။ လူတို့ပြုလုပ်စီမံတဲ့ စီအက်ဖ်စီ(CFC)နဲ့ တောမီးလောင်ခြင်း၊ မော်တော်ယာဉ်၊ လေယာဉ်၊ သင်္ဘောများမှ သဘာဝရုပ်ကြွင်းလောင်စာတွေကနေ စီအက်ဖ်စီ (CFC) ထွက်ရှိမှုများလာတာနဲ့အမျှ အိုဇုန်း လွှာပါးပြီး ပေါက်လာပါတယ်။ အန္တာတိကတိုက် ကောင်းကင်မှာ ဥရောပတိုက်ပမာဏလောက် အိုဇုန်း လွှာအပေါက်တွေ တွေ့ရလို့ ကမ္ဘာမြေကို တိုက်ရိုက် ရောက်စေပါတယ်။ ခရမ်းလွန်ရောင်ခြည်က မွန်းလွဲ (၁-၃)နာရီမှာ အမြင့်ဆုံးဖြစ်ပြီး ညဘက်မှာ သုညဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်က လူသားတို့အပေါ် ကျရောက်ရင် အင်ပျဉ်ထွက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ အရေပြားညိုမည်းစွဲထင်ခြင်း၊ အရေပြားအနာ၊ အရေပြား ကင်ဆာနဲ့ သက်ကြီးပိုင်းမျက်စိတိမ်စွဲခြင်းတွေ ဖြစ်စေပါတယ်။
မဖြစ်မနေ နေပူထဲထွက်မယ်ဆိုရင် ခရမ်းလွန် ရောင်ခြည် ၉၉ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ မျက်မှန် တပ်သင့်ပါတယ်။ နေရောင်ခံခရင်မ် လိမ်းသင့်ပါတယ်။ ဒါမှမဟုတ် သနပ်ခါးလိမ်းသင့်ပါတယ်။ အသက်ကြီး သူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ခံအားနည်းပြီး ရောဂါ အခံရှိသူတွေ နေ့လယ်ပိုင်းအချိန်တွေမှာ အိမ်ထဲ ဒါမှမဟုတ် အမိုးအကာအောက်၊ သစ်ပင်အောက်၊ လေအေးပေးစက် တပ်ထားတဲ့အခန်းတွေမှာ နေသင့်ပါတယ်။ နေ့စဉ် ရေနွေးကြမ်း ဒါမှမဟုတ် ရေသန့် (၂-၃)လီတာ သောက်သင့်ပါကြောင်း ကျန်းမာရေး သုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။
