အမေရိကန်-အီရန် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က အီရန် သို့မဟုတ် အမေရိကန်အတွက် အောင်ပွဲလား

Posted_Date

Image

အမေရိကန်-အီရန် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က အီရန် သို့မဟုတ် အမေရိကန်အတွက် အောင်ပွဲလား

Body

     အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား သီတင်းပတ်နှစ်ပတ်ကြာ  အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ခြင်းသည် အီရန်အတွက် စီးပွားရေးနှင့် သံတမန်ရေးအရ အကျိုးကျေးဇူးများကို ထွက်ပေါ်လာစေခဲ့သည်။ 

အကြောင်းမှာ  ရက်သတ္တနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲထားသည့်   ကာလအတွင်း ဟော်မုရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာမည့်  သင်္ဘောများအပေါ်    အီရန်နှင့်အိုမန်နိုင်ငံတို့က  အခကြေးငွေ သို့မဟုတ် အခွန်ကောက်ခံခွင့်ရရှိမည်ဖြစ်သည်ဟု   အေပီသတင်းဌာနက ဧပြီလ ၈ ရက်တွင် ဖော်ပြထားသောကြောင့်ဖြစ်သည်။

ထို့ပြင် အီရန်အစိုးရအနေဖြင့် ရေလက်ကြားမှ ဖြတ်သန်းသွားလာသည့် သင်္ဘောများမှ ကောက်ခံရရှိသည့်ငွေကြေးများကို နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အသုံးပြုရန် ရည်ရွယ်ထားသည်။ 

ထို့အတူ အမေရိကန်နှင့် အစ္စရေးတို့က အီရန်တစ်နိုင်ငံလုံးအပေါ် နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်နေစဉ်အတွင်း အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချမှတ်နိုင်ခြင်းနှင့် အီရန်က အချက် (၁၀) ချက်ပါအဆိုပြုချက်တစ်ရပ်ကို အမေရိကန် အစိုးရထံသို့ ပေးအပ်၍တောင်းဆိုနိုင်ခြင်းသည် အီရန်နိုင်ငံအတွက် အောင်ပွဲတစ်ရပ်အဖြစ် အီရန်ပြည်သူများက ယူဆနေသည်။

အမေရိကန်နှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရန်သဘောတူညီလိုက်ပြီးနောက်တွင် တီဟီရန်မြို့တော်၌ အီရန်ပြည်သူများသည် ညလုံးပေါက် အောင်ပွဲခံခဲ့ကြသည်ဟု အီရန်မီဒီယာများက ဖော်ပြသည်။ 

အီရန်နှင့် ဖြစ်ပွားလျက်ရှိသည့် သီတင်းပတ်ခြောက်ပတ်နီးပါးကြာ စစ်ပွဲအတွင်း အမေရိကန်တပ်မတော်သည် စစ်လေယာဉ်အမြောက်အမြား ဆုံးရှုံးခဲ့ရပြီး ယခုအခါ ထိုဆုံးရှုံးမှုပမာဏသည် ၂၀၀၃ ခုနှစ်တွင် ဆင်နွှဲခဲ့သည့် အီရတ်စစ်ပွဲအတွင်းက ဆုံးရှုံးမှုများထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။

အီရန်တပ်မတော်က   မကြာသေးမီကာလအတွင်း၌ အမေရိကန်၏ F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ခြင်းသည် ၂၃ နှစ်တာကာလအတွင်း အမေရိကန် တိုက်လေယာဉ်တစ်စင်း  တိုက်ပွဲ၌ပထမဆုံးအကြိမ် ပစ်ချခံရခြင်းဖြစ်လာခဲ့သည်။ နောက်ဆုံးအကြိမ် ပစ်ချခံရမှုမှာ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအတွင်းက အမေရိကန်က ၎င်းတို့၏ A-10 တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရခြင်းဖြစ်သည်။

အမေရိကန်နှင့် အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် ဧပြီလ ၇ ရက်တွင် ပါကစ္စတန်၏ ကမကထပြုမှုဖြင့်  သဘောတူညီခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်အရ   အမေရိကန်အနေဖြင့် အီရန်အပေါ် တိုက်ခိုက်မှုများ ဆက်လက်မပြုလုပ်ဘဲ နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူညီခဲ့သည်။ 

ထိုသို့ရပ်ဆိုင်းရခြင်းမှာ     ဟော်မုရေလက်ကြားကို လုံးဝပြန်လည် ဖွင့်လှစ်ပေးရန်ဖြစ်ပြီး  အီရန်နိုင်ငံဘက်ကလည်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ထရမ့်က ရှင်းပြထားသည်ကိုတွေ့ရသည်။ 

အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း ပဋိပက္ခကို ဖြေရှင်းရန်အတွက် အီရန်အစိုးရထံမှ အချက် (၁၀) ချက်ပါဝင်သည့် အဆိုပြုချက်ကို   လက်ခံရရှိထားပြီး ယင်းအဆိုပြုချက်အပေါ်တွင် ဆက်လက်လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း အိမ်ဖြူတော်က ပြောကြားထားသည်။ 

အီရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချမှတ်နိုင်ခြင်းသည် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရအတွက် အောင်မြင်မှုတစ်ရပ်ဖြစ်သည်ဟု  အိမ်ဖြူတော်မှ တာဝန်ရှိသူများက  အတိအလင်းပြောကြားထားသည်။

အလားတူပင် အစ္စရေးနိုင်ငံကလည်း နှစ်ပတ်ကြာမြင့်မည့် အဆိုပါအပစ်အခတ်ရပ်စဲရေးကို   သဘောတူညီထားသည်ဟု အိမ်ဖြူတော ်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သို့ရာတွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ချမှတ်ခဲ့သော ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေးအစိုးရတာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း  အစ္စရေးသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ အမေရိကန်သတင်းဌာနတစ်ခုက ဧပြီလ ၈ ရက်တွင် ဖော်ပြထားသည်။

သို့သော်   အစ္စရေးနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်အတူ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ အစ္စရေးနိုင်ငံသည် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ဝန်လေးစွာဖြင့် သဘောတူလုပ်ဆောင်နေခြင်းဖြစ်ပြီး အီရန်နိုင်ငံအတွင်း စစ်ရေးအရအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းအားဖြင့်  အကောင်အထည်ဖော်ရန်  ဆန္ဒရှိနေသေးသည့် စစ်ရေး ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကျန်ရှိနေသေး၍ဖြစ်ကြောင်း   အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်နှင့်အီရန်တို့အကြား သဘောတူခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို အစ္စရေးနိုင်ငံက သံသယရှိနေသည်။ အကြောင်းမှာ အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန်ကြိုးပမ်းနေပြီး   အစ္စရေးနိုင်ငံ၏ တည်ရှိမှုအတွက်     ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အစ္စရေးအစိုးရ အဆက်ဆက်က ရှုမြင်နေသောကြောင့်ဖြစ်သည်။ ပိုဆိုးသည့်အချက်မှာ အမေရိကန်နှင့်အစ္စရေးတို့၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကို အန်တု၍ အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများအသုံးပြု၍ လက်တုံ့ပြန်နိုင်စွမ်းရှိသည့် အီရန်၏တိုးတက်လာသည့် လက်နက်နည်းပညာ၏ ခြိမ်းခြောက်မှုဖြစ်သည်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူညီရန်အတွက် အမေရိကန်ပြည်ထောင်စုဘက်မှ အခြေခံအားဖြင့် လိုက်နာဆောင်ရွက်ရန် ကတိပြုထားသည်ဟု  ဆိုထားသော အချက် (၁၀) ချက်ပါသည့်  အခြေအနေများကို အီရန်မီဒီယာများက ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ အခြေအနေ သို့မဟုတ် အချက်များတွင်-

၁။         အီရန်အပေါ် ကျူးကျော်တိုက်ခိုက်မှုများ မပြုလုပ်ရန်၊

၂။         ဟော်မုရေလက်ကြားအပေါ် အီရန်က ထိန်းချုပ်နေခြင်းကို ဆက်လက်ခွင့်ပြုရန်၊

၃။         ယူရေနီယံသန့်စင်မှုကို လက်ခံရန်၊

၄။         အီရန်အပေါ်    ချမှတ်ထားသည့် အဓိကပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းရန်၊

၅။        ဆင့်ပွားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးရန်၊

၆။        ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အားလုံးကို ရပ်စဲရန်၊

၇။        အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ အုပ်ချုပ်ရေးမှူးများအဖွဲ့၏ ဆုံးဖြတ်ချက်အားလုံးကို ရပ်စဲရန်၊

၈။        အီရန်နိုင်ငံသို့ နစ်နာကြေးများ ပေးအပ်ရန်၊

၉။        ဒေသတွင်းရှိ အမေရိကန်တိုက်ခိုက်ရေးတပ်ဖွဲ့များအားပြန်လည်ရုပ်သိမ်းရန်နှင့်

၁၀။      လက်ဘနွန်နိုင်ငံရှိ အစ္စလာမ်မစ် ခုခံရေးအဖွဲ့အပါအဝင်   စစ်မျက်နှာအားလုံးတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်တန့်ရန်တို့ဖြစ်သည်။

    အဆိုပါအခြေအနေ သို့မဟုတ် အချက်များတွင် အီရန်က အဆိုပြုထားသည့် အချို့အချက်များသည် အမေရိကန်အနေဖြင့် လိုက်နာသဘောတူရန် ခက်ခဲစေမည့် အခြေအနေရှိသော်လည်း ထရမ့်အစိုးရက သဘောတူခဲ့သည်ကို တွေ့မြင်နိုင်သည်။

ထို့ကြောင့် အီရန်နှင့် အမေရိကန်တို့အကြား ယခုချမှတ်လိုက်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အီရန်အစိုးရက အဆိုပြုထားသည့် အခြေအနေများအရ အီရန်က လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲတွင် စစ်ရေး၊ စီးပွားရေးအရသာမက တရုတ်၊ ပါကစ္စတန်၊ အီဂျစ်၊ တူကီယဲနှင့် အခြားနိုင်ငံအများအပြားထံမှ နိုင်ငံရေးနှင့် သံတမန်ရေးအရ ထောက်ခံမှုများကိုပါ ရရှိစေခဲ့သောကြောင့် အီရန်၏ အောင်ပွဲတစ်ရပ်အဖြစ် အီရန်ပြည်သူများနှင့် မီဒီယာများက ဖော်ပြနေခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။

MWD