ဥပဒေနှင့်အညီ ပေါ်ထွန်းလာသော နိုင်ငံတော်သမ္မတနှင့် စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်တို့၏ ဆန္ဒအမှန်
Posted_Date
Image
Body
ဧပြီလ ၃ ရက်မှာ ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ CNA သတင်းဌာနက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနဲ့ ပတ်သက်ပြီး အရှိတရားကိုမျက်ကွယ်ပြုကာ “မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား စစ်တပ်လိုလားသော လွှတ်တော်က သမ္မတအဖြစ်ရွေးချယ်တင်မြှောက်” (Myanmar junta chief Min Aung Hlaing elected president by pro-military parliament)ဆိုတဲ့ခေါင်းစဉ်နဲ့ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ကြောင်း၊ ၂၀၂၅ ရွေးကောက်ပွဲသည် အဓိကအတိုက်အခံအင်အားစုများပါဝင်ခွင့်မရဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုရွေးကောက်ပွဲကို “တရားမျှတမှုမရှိသောပြပွဲ”အဖြစ် ဝေဖန်ရှုတ်ချလျက်ရှိကြောင်း၊ အင်အားကြီးမားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်တပ်မှခန့်အပ်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကာ ဦးမင်းအောင်လှိုင်ကို ထောက်ခံခဲ့ကြတာကြောင့် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မဟုတ်မမှန်ရေးသား ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အများပြည်သူတွေ အမြင်မလွဲမှားစေဖို့ အနည်းငယ်ရှင်းပြချင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အတင်းအဓမ္မရယူဖို့အတွက် မဲ ၁၁ သန်းကျော်ခိုးခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီလို မဲခိုးခဲ့တာကြောင့် တပ်မတော်ကနေ အများကြီးစဉ်းစားတွေးတောပြီး သဘောထားကြီးစွာဖြင့် မဲစာရင်းမှားယွင်းမှုတွေကို ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးဖို့၊ စစ်ဆေးတဲ့အခါ အစိုးရ၊ တပ်မတော်ညှိနှိုင်းပြီး သမာသမတ်ကျတဲ့လူတွေပါတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့ပြီး စစ်ဆေးပေးဖို့၊ စစ်ဆေးနေချိန်ကာလအတွင်း တတိယအကြိမ် လွှတ်တော်ခေါ်ယူမှုကို သမ္မတရဲ့အခွင့်အာဏာနဲ့ဆိုင်းငံ့ပေးဖို့ စတဲ့အချက်တွေကို ဒေါ်စုနဲ့သွားတွေ့ပြီးပြောခဲ့တယ်။
ဒါတွေကို NLD အစိုးရဘက်က ဘာတစ်ခုမှ လိုက်လျောမှုမရှိခဲ့တဲ့အတွက် ဘယ်လိုမှညှိနှိုင်းလို့မရတော့တဲ့ အခြေအနေမျိုးမှာ တပ်မတော်က နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ၍ အရေးပေါ် အခြေအနေနဲ့ ထိန်းသိမ်းခဲ့ရတာပဲဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာကိုထိန်းခဲ့ပေမယ့်လည်း NLD ပါတီကို ဖျက်သိမ်းတာမျိုးမရှိခဲ့ပါဘူး။ နစကအစိုးရ ဖွဲ့စည်းပြီးချိန်မှာလည်း ပြည်သူတွေလိုလားတောင့်တနေတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့ကိုလည်း နစကအစိုးရကနေ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ နိုင်ငံရေးပါတီများအားလုံး ပါဝင်ကြဖို့ တရားဝင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမကျင်းပခင် အကြိုကာလကတည်းက နိုင်ငံရေးပါတီတွေ အချိန်မီမှတ်ပုံတင်ကြဖို့၊ နိုင်ငံရေးပါတီတွေဆောင်ရန်၊ ရှောင်ရန်၊ လုပ်ဆောင်ရန်တွေကို လိုက်နာကြဖို့ အကြိမ်ကြိမ်ထုတ်ပြန် ကြေညာခဲ့တယ်။
ဒါကို NLD ပါတီကြီးက ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းမပြုဘဲ ပါတီမှတ်ပုံတင်ခွင့်ဥပဒေအရ မှတ်ပုံမတင်ခဲ့လို့၊ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ခဲ့လို့၊ သူတို့သဘောနဲ့သူတို့ ပါတီမှတ်ပုံမတင်ခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရတော့ဘဲ နိုင်ငံရေးလောကကနေ NLD ပါတီပျောက်ကွယ်သွားခဲ့ရတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သူတို့ NLD ပါတီကိုယ်တိုင်က ပါတီကိုဖျက်ပစ်ခဲ့ကြတာပါ။
ပြီးတော့ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်တွင်းမှာကျန်ခဲ့တဲ့ NLD ပါတီဝင်တွေဟာ NLD ပါတီကို ဥပဒေကြောင်းအရ ပြန်လည် မှတ်ပုံတင်တာပဲဖြစ်ဖြစ်၊ ပါတီကို တခြားနာမည်တစ်ခုခုနဲ့ မှတ်ပုံတင်တာပဲဖြစ်ဖြစ်လုပ်ဆောင်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ပြည်တွင်းမှာကျန်ခဲ့တဲ့ NLD ပါတီဝင်တွေဟာ တိုင်းသိပြည်သိဖြစ်ခဲ့တဲ့ NLD ပါတီရဲ့ မဲလိမ်မဲခိုးခဲ့မှုတွေကြောင့် သူတို့ကိုယ်သူတို့ အရှက်ရပြီး ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကိုပြန်လည်မှတ်ပုံမတင်ခဲ့ကြလို့သာ ရွေးကောက်ပွဲဝင်ရောက် မယှဉ်ပြိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် ပြည်သူတွေလိုလား တောင့်တနေတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း(၃)ပိုင်းခွဲပြီး Myanmar Electronic Voting Machine-MEVM မဲပေးစက်များဖြင့် အပိုင်းလိုက် ကျင်းပခဲ့ပါတယ်။ ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းလုံးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိတဲ့အနက် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့ပြီး မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့သိရပါတယ်။ ဒီအရေအတွက်ဟာ အလွန်များပြားတဲ့ ပမာဏဖြစ်တာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ဆန္ဒတွေနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့သလို မဲဆန္ဒရှင်ပြည်သူတွေဟာလည်း စိတ်အားထက်သန်စွာ တက်တက်ကြွကြွနဲ့ သူတို့ကြိုက်တဲ့ပါတီ၊ သူတို့ကြိုက်တဲ့ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခွင့်ရခဲ့ကြပါတယ်။
၂၀၂၅ ရွေးကောက်ပွဲဟာ Free , Fair and Clean Election လို့ခေါ်ဆိုနိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်တဲ့အပြင် မဲမသမာမှုကင်းမဲ့တဲ့ ရွေးကောက်ပွဲ၊ ပြည်သူတွေလိုလားတဲ့ ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင် ဂုဏ်ယူနိုင်ခဲ့တာကိုတွေ့ရပါတယ်။
ရွေးကောက်ပွဲအပိုင်း(၁) စတင်ကျင်းပခဲ့တဲ့နေ့ကနေ ရွေးကောက်ပွဲအပိုင်း(၃) ပြီးဆုံးသည်အထိ နိုင်ငံတကာမှ လာရောက်လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့ အသီးသီးတို့ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့သဘောထား မှတ်ချက်တွေပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E.Mr YICH Samethy က “စောင့်ကြည့်လေ့လာခဲ့တဲ့ ကာလအတွင်းမှာ ဘယ်လိုမသမာမှုမျိုးမှ မတွေ့ရကြောင်းနဲ့ အခုကျင်းပတဲ့ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ ပြီးပြည့်စုံပြီးတော့ အားလုံးတာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ် ဆိုတာကို တွေ့ရှိခဲ့ရကြောင်း” မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
အလားတူ တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများ စေလွှတ်ခဲ့ကြောင်း၊ အောင်မြင်ပြီးလွတ်လပ်တရားမျှတတဲ့ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြည်သူတွေ တက်တက်ကြွကြွလာရောက်မဲပေးကြကြောင်း၊ ရွေးကောက်ပွဲကို ထောက်ခံကြောင်း၊ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့
အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို လာရောက်လေ့လာစောင့်ကြည့်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း “ရွေးကောက်ပွဲမှာ ပြည်သူတွေက စိတ်အားထက်သန်စွာ ဆန္ဒမဲပေးကြပြီး နိုင်ငံရဲ့အနာဂတ်ကို ရွေးချယ်နေကြကြောင်း၊MEVM မဲပေးစက်တွေဟာ မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူတွေကယုံကြည်မှုရှိကြောင်း၊ မြန်မာနိုင်ငံကပြည်သူတွေ ရွေးကောက်ပွဲအပေါ်မှာ ပြင်းပြတဲ့ဆန္ဒထားရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း” သဘောထား မှတ်ချက်ပေးခဲ့ပါသေးတယ်။ ၂၀၂၅ ရွေးကောက်ပွဲဟာ Free, Fair and Clean Election လို့ခေါ်ဆိုနိုင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်တဲ့အပြင် မဲမသမာမှုကင်းမဲ့တဲ့ရွေးကောက်ပွဲ၊ ပြည်သူတွေလိုလားတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တာကြောင့်သာ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့သူတွေက အခုလို အားလုံးတစ်ပြေးညီ ကောင်းမွန်တဲ့မှတ်ချက်တွေ ပေးခဲ့ကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးချိန် လွှတ်တော်ခေါ်ပြီး သမ္မတရွေးချယ်တဲ့အခါမှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကိုရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးခုမှ သမ္မတလောင်းများကို အသီးသီးအဆိုပြုတင်မြှောက်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ပြည်ပသတင်းဌာနတစ်ခုဖြစ်တဲ့ CNA စွပ်စွဲသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်းကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဲအပြတ်အသတ်ပေးခဲ့ခြင်း မဟုတ်ကြောင်း မဲရလဒ်များကိုကြည့်လျှင် သိသာလှပါတယ်။
ဧပြီလ ၃ ရက် မနက်ပိုင်းကကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၈၆ ဦးရှိတဲ့အနက် ၅၈၄ ဦး တက်ရောက်ခဲ့ကြပြီး လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပါတယ်။ အဲဒီလိုရွေးချယ်ခဲ့ရာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံဆန္ဒမဲ ၄၂၉ မဲ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဦးညိုစောကို ထောက်ခံဆန္ဒမဲ ၁၂၆ မဲ၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဒေါ်နန်းနီနီအေးကို ထောက်ခံမဲ ၂၉ မဲဖြင့် အသီးသီးရွေးချယ်ခဲ့ကြပြီး ထောက်ခံမဲအများဆုံးရရှိခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရရှိခဲ့တဲ့ ထောက်ခံမဲ ၄၂၉ မဲဆိုတာ ပြည်သူ့လွှတ်တော်အတွင်းရှိ ပါတီစုံမှကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များရဲ့ စုပေါင်းယုံကြည်မှုကြောင့်ပင်ဖြစ်ပါတယ်။ နိုင်ငံတော်ကို အကျပ်အတည်းများကြားမှ တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့သော၊ အခက်ခဲဆုံးအချိန်များမှာ ဦးဆောင်လမ်းပြခဲ့သော၊ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦးကို ကိုယ်စားလှယ်များက သူတို့ရဲ့လွတ်လပ်သောဆန္ဒဖြင့် မဲပေးရွေးချယ်တင်မြှောက်ခဲ့ကြခြင်းသာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့အပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ စတဲ့အိမ်နီးချင်းနိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများမှ ခေါင်းဆောင်များကလည်းဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသလို ပြည်တွင်းရှိအသင်း/အဖွဲ့အစည်းပေါင်းစုံနဲ့နိုင်ငံရေးပါတီများကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာများပေးပို့လျက်ရှိကြပါတယ်။
ပြောရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်းသည် ဥပဒေကြောင်းအရ ခိုင်မာသလို၊ ပြည်သူ့ကိုယ်စားလှယ်များရဲ့ စုပေါင်းဆန္ဒလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် CNA ကဲ့သို့သော ပြည်ပသတင်းဌာနတစ်ခုရဲ့ စွပ်စွဲရေးသား ဖော်ပြချက်များသည် အထောက်အထားမဲ့မှန်ကန်မှုမရှိဘဲ လုံးဝ(လုံးဝ) မှားယွင်းနေကြောင်း ရေးသား ဖော်ပြလိုက်ပါတယ်။ ။
MWD
