သီးနှံပင်နှင့် မြေဆီလွှာအကျိုးပြု သဘာဝတီကျစ်မြေသြဇာကို ထုတ်လုပ်သုံးစွဲကြပါစို့
Posted_Date
Image
Body
မြေသြဇာသည် စိုက်ပျိုးရေးအတွက် အရေးပါသည်။ လူသားနှင့်သက်ရှိများအတွက် အာဟာရ ဓာတ်လိုအပ်သကဲ့သို့ပင် စိုက်ပျိုးသီးနှံပင်များအတွက်လည်း အာဟာရဓာတ်လိုအပ်သည်။ အပင် များအတွက် လိုအပ်သောအာဟာရဓာတ်ကို မြေသြဇာများမှ ရရှိခြင်းဖြစ်သည်။ မြေသြဇာကို ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာဟူ၍ ခွဲခြားထားပါသည်။ ဓာတ်မြေသြဇာကို လူတိုင်းသိကြသည်။ ယနေ့ခေတ်တွင် စိုက်ပျိုးတောင်သူတိုင်း ဓာတ်မြေသြဇာကို အသုံးပြုနေကြသည်။ သဘာဝမြေသြဇာဟူသည် တိရစ္ဆာန်အညစ်အကြေးများနှင့် ဟင်းသီး ဟင်းရွက်အဆွေးများဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ တီကောင်စွန့်ပစ်မြေသြဇာ (တီကျစ် မြေဩဇာ) သည် သဘာဝမြေသြဇာအမျိုးအစား၌ ပါဝင်သည်။
တီကောင်စွန့်ပစ်မြေသြဇာသည် နည်းပညာ ခက်ခဲမှုမရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ နေရာ မရွေးပြုလုပ်နိုင်ခြင်း၊ လိုအပ်သလောက်ကိုသာ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ခြင်းနှင့် မြေသြဇာ အဆင့်အတန်းမြင့်မားခြင်းတို့ကြောင့် သုံးစွဲသူများအနေဖြင့် အကျိုးရှိစေသည်။ ထို့ပြင် တီကောင် စွန့်ပစ်မြေသြဇာသည် အော်ဂဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုးမည့်တောင်သူများအတွက် အားထားစရာ မြေသြဇာတစ်မျိုးလည်းဖြစ်သည်။
တီကျစ်မြေသြဇာသုံးစွဲခြင်းရည်ရွယ်ချက်နှင့်အရေးပါပုံ
အထူးသဖြင့် တီကျစ်မြေသြဇာထုတ်လုပ် သုံးစွဲရခြင်းမှာ ဓာတ်မြေသြဇာများ နှစ်စဉ်သုံးစွဲနေ ခြင်းကြောင့် ပျက်စီးလာသော မြေဆီလွှာပြဿနာကို ဖြေရှင်းရန်ဖြစ်သလို ပျက်စီးလာသောမြေဆီလွှာကို ပြန်လည်ကောင်းမွန်စေရန်ဖြစ်သည်။ တစ်နည်းအားဖြင့် မြေဆီလွှာကျန်းမာရေးကို စောင့်ရှောက်ခြင်းဖြစ်သည်။ မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ နှစ်စဉ် အသုံးပြုခြင်းကြောင့် အဆိပ်သင့်နေရသည်။ အဆိုပါဓာတုဆေးများကြောင့် မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးမွှားများသေဆုံးခြင်း၊ ပွားများမှုနှေးကွေးခြင်းကိုဖြစ်စေသည်။ အော်ဂဲနစ်စိုက်ပျိုးရေးအတွက် တီကျစ်မြေသြဇာထုတ်လုပ်သုံးစွဲခြင်းသည် လိုအပ်သော ကဏ္ဍတစ်ခုဖြစ်သည်။ တချို့ဒေသများ၌ သဘာဝမြေသြဇာဖြစ်သော နွားချေးကဲ့သို့ မြေသြဇာ မျိုးရရှိရန်ခက်ခဲပါသည်။ ထိုကဲ့သို့ ခက်ခဲသောဒေသများတွင် တီကောင်မွေးမြူ၍ တီကျစ်မြေသြဇာ ထုတ်လုပ်သုံးစွဲခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဓာတုနည်းဖြင့် စိုက်ပျိုးသော တောင်သူများပင် တီကျစ်မြေသြဇာ ထုတ်လုပ်သုံးစွဲပါက ဓာတ်မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်းကျော် လျှော့၍သုံးစွဲနိုင်ပြီး မြေဆီလွှာပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
တီကျစ်မြေသြဇာဆိုသည်မှာ
တီကျစ်မြေသြဇာဆိုသည်မှာ လယ်ယာဥယျာဉ်ခြံသီးနှံပင်များ၊ ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုး၊ စပါးခွံ၊ အမှိုက်သရိုက်များ၊ သစ်ရွက်များ၊ သစ်ပင်အကြွင်းအကျန်များ၊ ဗေဒါ၊ ဂျပ်စက္ကူ၊ သတင်းစာစက္ကူ၊ ငှက်ပျောအူ၊ ငှက်ပျောရွက်ခြောက်များ၊ ဖရဲသီးခွံ၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများ၊ စားသောက်ဆိုင်မှ စွန့်ပစ်ပစ္စည်းများ၊ ထမင်းဆိုင်မှ စွန့်ပစ်သောအကြွင်းအကျန်များကို နွားချေးနှင့် ရောသမပြီး မြေဆွေးပြုလုပ်ပေးနိုင်သော တီကောင်များထည့်ပေး၍ ထိုတီများမှစားသုံးပြီး ပြန်လည် စွန့်ထုတ်ပေးသော မြေဆွေးကို တီကျစ်စာမြေဆွေး သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာဟုခေါ်သည်။
အကျိုးပြုတီကောင်မျိုးစိတ်နှင့် သဘာဝ
ကမ္ဘာပေါ်တွင် တီကောင်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိသည်။ သို့သော် အော်ဂဲနစ်စိုက်ပျိုးရေး အတွက် အသုံးဝင်သောမျိုးစိတ် အနည်းငယ်သာ ရှိပါသည်။ အဆိုပါတီကောင်မျိုးစိတ်ကို အုပ်စုနှစ်စု ခွဲထားသည်။ ပထမအုပ်စုမှာ မြေဆီလွှာအပေါ်ယံလွှာတွင် နေထိုင်ကျက်စားသောအုပ်စုနှင့် မြေဆီ လွှာအတွင်းပိုင်းတွင် နေထိုင်ကျက်စားသောအုပ်စုတို့ဖြစ်သည်။ မြေဆီလွှာအပေါ်ယံတွင် နေထိုင် သော တီကောင်များသည် လတ်ဆတ်သော ဇီဝပစ္စည်း ၉၀ ရာခိုင်နှုန်းနှင့် မြေကြီး ၁၀ ရာခိုင်နှုန်းကို စားသုံးကာ မြေဆွေးပြုလုပ်ပေးသည့်အုပ်စုဖြစ်သည်။ ထိုတီကောင်များသည် အနီရောင် တီကောင်များဖြစ်သည်။ ထိုမျိုးစိတ်များသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီသဖြင့် မြန်မာ နိုင်ငံတွင် ကောင်းစွာပေါက်ပွားရှင်သန်ကြသည်။ မွေးမြူရာတွင်လည်း ယခုမျိုးစိတ်ဖြစ်သော အနီရောင်တီကောင်မျိုးစိတ်သာဖြစ်သည်။
ဒုတိယအမျိုးအစားမှာ မြေကြီးအတွင်းပိုင်း၌ကျက်စားနေထိုင်လေ့ရှိသည်။ မြေကြီးအတွင်းပိုင်း၌ မြေဆွေးရောစပ်မှု အားကောင်းသောမြေအမျိုး အစားတွင်နေထိုင်ကြသည်။ ထိုတီကောင်များသည် ညဘက်၌သာ လှုပ်ရှားသွားလာလေ့ရှိကြသည်။ အကြောင်းမှာ အလင်းရောင်ကို မနှစ်သက်ကြ သောကြောင့်ဖြစ်သည်။ တီကောင်မွေးမြူမည်ဆိုပါက မိမိမွေးမြူမည့် ဒေသရာသီဥတုနှင့်ကိုက်ညီသောအမျိုးအစားကို ရွေးချယ်မွေးမြူဖို့လိုပါသည်။ သို့မှသာ တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာများများ ရရှိနိုင်မည်ဖြစ်ပါသည်။ သို့သော် တီကျစ်စာမြေသြဇာအဖြစ် မွေးမြူထုတ်လုပ်သင့် သော တီလေးမျိုးရှိပါသည်။ ယင်းတို့မှာ (၁) ဥရောပ မှပျံ့နှံ့သည့်မျိုး (The Red Worm)၊ (၂) ဥရောပမှ ပျံ့နှံ့သည့်မျိုး (The Tiger Worm)၊ (၃) အိန္ဒိယမှ ပျံ့နှံ့သည့်မျိုး (Indian Blue Worm)၊ (၄)အာဖရိကမှပျံ့နှံ့သည့်မျိုး (The Nightcrawler) တို့ဖြစ်သည်။
အပူချိန်နှင့် ရာသီဥတု
အထက်ကဖော်ပြခဲ့သော တီကောင်အမျိုးအစားများသည် မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင် ကောင်းစွာရှင်သန်ပေါက်ပွားနိုင်သည်။ တီကောင်မွေးမြူ၍ တီကျစ်စာမြေသြဇာထုတ်လုပ်မည်ဆိုပါက အပူချိန်နှင့် ရာသီဥတု ကိုက်ညီဖို့လိုပါသည်။ တီကောင်များသည် ပူလွန်း၊ အေးလွန်းသောရာသီမျိုးကို မနှစ်သက်ကြပေ။ တီကောင်များကြိုက်နှစ်သက်သော အပူချိန်မှာ ၁၅ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပြီး အပူချိန် ၃၀ ကျော်လွန်ပါက ပွားများနှုန်း ရပ်တန့်သွားသည်။ ထို့ထက် အပူချိန်ပိုမြင့်လာပါက သေဆုံးသည်အထိဖြစ်နိုင်သည်။ ထို့ကြောင့် တီကောင်မွေးမြူခြင်းသည် ရာသီဥတုနှင့် ဒေသအပူချိန်အပေါ်များစွာတည်မှီနေကြောင်း သတိပြုဖို့လိုပါသည်။
တီမွေးမြူရေးကန်ပြုလုပ်ခြင်း
တီမွေးမြူ၍ တီကောင်စွန့်ပစ်မြေသြဇာ ထုတ်လုပ်မည်ဆိုပါက ပထမဆုံးမွေးမြူမည့်ကန် ပြုလုပ်ရပါမည်။ တီကောင်ကို အုတ်ကန်များဖြင့် မွေးမြူကြသည်။ တီကောင်သည် မြေကြီးအတွင်းနေထိုင်သောသတ္တဝါဖြစ်သည့်အတွက် အုတ်ကန်ဖြင့် မွေးမြူခြင်းဖြစ်သည်။ တီမွေးကန်ဆောက်လုပ်ရာတွင် အလျား ၁၀ ပေ၊ အနံ ၅ ပေ၊ အမြင့် ၃ ပေ အုတ်ကန်များပြုလုပ်ရသည်။ တချို့က ပလတ်စတစ်ပုံးများ၊ သစ်သားပုံးများဖြင့် မွေးမြူကြသည်။ အုတ်ကန်ကို မိမိမွေးမြူမည့်ပမာဏအလိုက် အနည်းအများပြုလုပ်နိုင်သည်။ အုတ်ကန်ပြုလုပ်ရာတွင် အောက်ခြေကို အရည်များအလွယ်တကူ လျှောဆင်းနိုင်စေရန် နိမ့်လျှောပြုလုပ်ပေးရပါမည်။ ထို့နောက်အုတ်ကန်၏ အောက်ခြေတွင် အုတ်ခဲကျိုး များထည့်ပေးရပါမည်။ ထို့နောက် အုတ်ခဲကျိုးပေါ်တွင် နွားချေးခြောက်ကို ခြောက်လက်မထူအောင် ခင်းပေးရသည်။ ထိုနွားချေးခြောက်ပေါ်၌ သစ်ရွက်များ၊ ပေါင်းမြက်များကို ရှစ်လက်မခန့် ထပ်ဖုံးပေးရပါမည်။ တီမွေးကန်ကို အမိုးမိုးပေးရသည်။ ထို့နောက် ထိုကန်ကိုအဖုံးဖုံး၍ အဖုံးကို လေဝင် လေထွက်ကောင်းစေရန် အပေါက်ဖောက်ပေးထားရပါမည်။ တီမွေးကန်ကို နံနက်တိုင်း ရေပန်းကရားဖြင့် ရေအနည်းငယ်ဖျန်းပေးပါ။ ရေခြောက်နေလျှင် တီကောင်များ သေတတ်သည်။ ရေဝပ်နေလျှင်လည်း သေတတ်သဖြင့် ရေဖျန်းရာတွင် ချင့်ချိန်ဖျန်းပေးရန် လိုပါသည်။ မွေးမြူမည့်တီမျိုးများကို မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း (ရန်ကုန်တိုင်း)၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟို (လှည်းကူး)၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (ပြင်ဦးလွင်) စသည်တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
တီကောင်အတွက် အာဟာရဓာတ်များ
တီမွေးမြူရေးကန် ပြုလုပ်ပြီးပါက ကန်အတွင်းသို့ တီကောင်များ ထည့်ပေးရသည်။ ထို့နောက် တီကောင်များအတွက် လိုအပ်သောအာဟာရများကို ကျွေးပေးရပါသည်။ တီကောင်အတွက် အာဟာရ ဓာတ်သည် တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာအတွက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ တီကောင်ကြိုက်နှစ်သက်သော အစားအစာများကို များများကျွေးရသည်။ များများစားမှသာ တီကျစ်စာများများရမည်။ တီကောင်ကြိုက်နှစ်သက် သောအစာများမှာ-
- ငှက်ပျောပင်၏ အစိတ်အပိုင်းများနှင့် ငှက်ပျောခွံများ၊
- သစ်ရွက်စိမ်းများ၊
- ကြက်ဥ၊ ဘဲဥ၊
- ဖျော်ပြီးသားကော်ဖီမှုန့်နှင့် လက်ဖက်ခြောက် ဖတ်များ၊
- အမှည့်လွန်သစ်သီးများ၊
- သစ်စေ့အခွံနှင့် လွှစာမှုန့်များ၊
- ဟင်းသီးဟင်းရွက်နှင့် ဟင်းသီးဟင်းရွက် အပုပ်များ စသည်တို့ကို ကြိုက်နှစ်သက်ကြသည်။
တီကျစ်မြေသြဇာထုတ်လုပ်ခြင်း
တီကောင်များသည် အစိုဓာတ်ကို ကြိုက်နှစ်သက်သည်။ သို့သော် ရေဝပ်ခြင်းကို မနှစ်သက်ပေ။ တီမွေးကန်မခြောက်အောင် နေ့စဉ်သင့်သလောက် ရေဖျန်းပေးရသည်။ ဤကဲ့သို့ပြုလုပ်ပေးပါက တီကန် ထဲတွင်ရှိသော အာဟာရဓာတ်များသည် ရေအစိုဓာတ်နှင့်အတူ ပျော်ဝင်ကာ တီကန်အောက်ခြေသို့ စိမ့်ဝင်ရောက်ရှိသွားသည်။ အောက်ခြေရှိပိုက်မှ တစ်ဆင့်စုပ်ယူပါက ရေနှင့်အတူ နိုက်ထရိုဂျင် ကြွယ်ဝစွာပါဝင်သော သဘာဝမြေသြဇာကို ရရှိပါသည်။ ထို့ပြင် တီကောင်များက လူတို့စားသုံး၍ စွန့်ပစ်လိုက်သော စားကြွင်းစားကျန်များနှင့် မြေဆီ မြေနှစ်များ၊ အပင်၏အစိတ်အပိုင်းများကို စားသုံးကာ မစင်အဖြစ် ပြန်လည်စွန့်ထုတ်လေ့ရှိသည်။ ယင်းကို တီကျစ်စာဟုခေါ်သည်။ တီကျစ်စာသည် အပင်နှင့် စိုက်ပျိုးသီးနှံများအတွက် သဘာဝ မြေသြဇာဖြစ်သည်။ တီကျစ်စာသည် အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီ ယမ်နှင့် ကယ်လ်စီယမ်တို့ ပေါင်းစပ်ပါဝင်သည့်အပြင် မြေဆီလွှာကို ထိန်းသိမ်းရာတွင်လည်း အရေးပါလှ ပါသည်။ တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာခဲကိုတီကောင်စတင်မွေးမြူပြီး သုံးလခန့်အကြာတွင် အညိုရောင်တီကျစ်စာမြေဆွေး သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာရည် စတင်ရရှိမည်ဖြစ်ပါသည်။ တီမွေးမြူရေးကန်တစ်ကန်ကို တီကျစ်စာရည် သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာရည် ၁၂ ဂါလန် အထိရနိုင်ကြောင်း သိရသည်။
တီကျစ်မြေသြဇာရှိ အာဟာရဓာတ်များ
တီကျစ်စာမြေဆွေး သို့မဟုတ် တီကောင် စွန့်ပစ်မြေသြဇာတွင် သီးနှံပင်များအတွက် အာဟာရ ဓာတ်များပါဝင်နေသည်။ တီကောင်စွန့်ပစ်မြေသြဇာသည် အပင်များကို သန်စွမ်းစေသည်။ အသီးအထွက် နှုန်းကောင်းစေသည်။ အသီးအရောင်အသွေးလှစေသည်။ အသီးအနှံများကိုလည်း အရသာကောင်းမွန်စေသည်။ တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာမြေဆွေးရည်ကို မြေဆွေးရည် တစ်ဆ၊ ရေ ၁၀ ဆနှင့်ရော၍ ရွက်ဖျန်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာမြေဆွေးကို သီးနှံအလိုက် ကျွေးနှုန်းများရှိပါသည်။ လယ်ယာသီးနှံအတွက်ဆို တစ်ဟက်တာလျှင် ခြောက်တန်၊ ဟင်းသီးဟင်းရွက် အတွက် တစ်ဟက်တာလျှင် ၁၂ တန်၊ သစ်သီးဝလံ အတွက် တစ်ဟက်တာလျှင် ၁၀ တန် ကျွေးပေးနိုင် သည်။ တီကောင်စွန့်ပစ်မြေသြဇာတွင် ပါဝင်နေ သောအာဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၄ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် ၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁ ဒသမ ၈၂ ရာခိုင်နှုန်း၊ ကယ်လ်စီယမ် ၀ ဒသမ ၈၉ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၀ ဒသမ ၂၁ ရာခိုင်နှုန်း အသီးသီးပါဝင်နေသည်။ တီကောင် စွန့်ပစ်မြေသြဇာသည် သီးနှံပင်များအတွက် လိုအပ် သောအာဟာရဓာတ်များ ပါဝင်နေပါသည်။
သီးနှံပင်နှင့် မြေဆီလွှာအတွက် အကျိုးကျေးဇူးများ
တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ် စာခဲတွင် အပင်အတွက်လိုအပ်သော အာဟာရဓာတ် များပါဝင်နေသည်။ စိုက်ပျိုးရေးအတွက် တီကောင်စွန့်ပစ်မြေသြဇာ ပြုလုပ်သုံးစွဲဖြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေပါသည်။
(၁) အပင်အတွက် လိုအပ်သောအာဟာရဓာတ် များကိုရရှိစေခြင်း၊
(၂) အပင်များကိုရှင်သန်ကြီးထွားစေခြင်း၊
(၃) အပင်များမျိုးအောင်စေရန် အထောက် အကူဖြစ်စေခြင်း၊
(၄) အပင်၏အမြစ်များကို ခိုင်မာစေခြင်း၊
(၅) အပင်အကျိုးပြု အဏုဇီဝပိုးများကိုပွားများ စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။
ထို့ပြင် တီကောင်စွန့်ပစ်မြေသြဇာကို အသုံးပြုခြင်းဖြင့် မြေဆီလွှာကိုလည်း အကျိုးပြုပေးသည်။ မြေဆီလွှာအတွက် အကျိုးကျေးဇူးများမှာ -
(၁) မြေဆီကိုမြေသြဇာကောင်းစေခြင်း၊
(၂) မြေကြီးအစိုဓာတ်ကိုထိန်းပေးခြင်း၊
(၃) မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေး ခြင်း၊
(၄) မြေကြီးအတွင်း အောက်ဆီဂျင်ပိုရောက် စေခြင်း၊
(၅) မြေချဉ်ငန်ကိန်းကို ညီညွတ်မျှတစေခြင်း၊
(၆) မြေဆီလွှာအတွင်း အဏုဇီဝပိုးကို ၁၀ ဆ မှ အဆ ၂၀ အထိ တိုးပွားလာစေခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေပါသည်။
အခြားအကျိုးကျေးဇူးများ
တီကောင်စွန့်ပစ်မြေသြဇာကို အသုံးပြုခြင်းအားဖြင့် အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။ ဒါ့အပြင် အခြားအကျိုးကျေးဇူးများလည်း ရှိပါသေး သည်။ ယင်းတို့မှာ -
(၁) နည်းပညာခက်ခဲမှုမရှိသဖြင့် လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း၊
(၂) စွန့်ပစ်ပစ္စည်းများဖြင့် ထုတ်လုပ်ပေးနိုင် သဖြင့် ကုန်ကျစရိတ်သက်သာစေခြင်း၊
(၃) နေရာမရွေးပြုလုပ်နိုင်ခြင်း၊
(၄) သဘာဝအော်ဂဲနစ်မြေသြဇာဖြင့် စိုက်ပျိုးထားသော သီးနှံများဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ကျန်းမာရေး ဆိုင်ရာပြဿနာများကို ဖြေရှင်းပြီးသား ဖြစ်ခြင်း၊
(၅) နွားချေးရှားပါးသောဒေသ၊ အထူးသဖြင့် တောင်ပေါ်ဒေသများတွင် နွားချေးအစားထိုးအသုံးပြုခြင်းဖြင့် နွားချေးထက်ပင် လိုအပ်သောအာဟာရဓာတ် နှစ်ဆပါဝင် နေခြင်း၊
(၆) မြေဆွေးထုတ်လုပ်ခြင်းဖြင့် မိမိခြံအတွက် သာမကဘဲ အမြောက်အမြားစီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း စသည့်အချက်တို့ဖြစ်သည်။
ကမ္ဘာအနှံ့သုံးစွဲမှုအခြေအနေ
တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ် မြေသြဇာကို စိုက်ပျိုးရေးလောက၌ ၁၉၇၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံက စတင်သုံးစွဲခဲ့ကြောင်း သိရသည်။ စီးပွားဖြစ် စတင်ထုတ်လုပ်ခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ် ကဖြစ်သည်။ ၁၉၉၅ ခုနှစ်လောက်မှစ၍ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာခဲ့ကြသည်။ အိန္ဒိယနိုင်ငံတွင် ၁၉၉၅ ခုနှစ်က စီးပွားဖြစ် အများအပြား ထုတ်လုပ် သုံးစွဲခဲ့သည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကျူးဘား၊ ဖိလစ်ပိုင်နိုင်ငံတို့၌လည်း ထုတ်လုပ်သုံးစွဲလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်မူ ၂၀၀၀ ပြည့်နှစ်လောက်က စတင်ထုတ်လုပ်သုံးစွဲခဲ့သဖြင့် ဆယ်စုနှစ် နှစ်စု ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင်မူ တီကောင် စွန့်ပစ်မြေသြဇာကို အများအပြားထုတ်လုပ်ရောင်းချသောကြောင့် ဝင်ငွေကောင်းသဖြင့် အညိုရောင်ရွှေ (Black Gold) ဟု တင်စားခေါ်ဝေါ်ကြသည်။ အိန္ဒိယနိုင်ငံ၌ စီးပွားဖြစ်ထုတ်လုပ်ခဲ့ရာ တန်ချိန် ပေါင်း ၃ ဒသမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုး ရေးနိုင်ငံတွင် အိန္ဒိယနိုင်ငံကဲ့သို့ပင် ထုတ်လုပ်သင့်ပါသည်။
တီကောင်စွန့်ပစ်မြေသြဇာသည် အကျိုးကျေးဇူးများသဖြင့် ရှေးယခင်ကတည်းက ကမ္ဘာ့နိုင်ငံ အသီးသီးက တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် ယခုကဲ့သို့ မြေဆီလွှာနှင့် အပင်အတွက် အကျိုးကျေးဇူးများလှသော တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်မြေသြဇာကို သုံးစွဲသင့်ပါသည်။ စီးပွားဖြစ်လည်း ထုတ်လုပ်သင့်သလို စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူများအနေဖြင့် လည်း တစ်ပိုင်တစ်နိုင် မွေးမြူသုံးစွဲနိုင်ခြင်းဖြင့် မြေဆီလွှာကို အကျိုးပြုမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။
ကိုးကား -
- အစွမ်းထက်အော်ဂဲနစ်ဇီဝမြေသြဇာများ
နေရောင်(စိုက်ပျိုးရေးတက္ကသိုလ်)။
- အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာ များနှင့် ကျန်းမာရေး
- ဒေါက်တာခင်မောင်လွင်။
MDN
