သဘာဝမြေဩဇာ တီကျစ်စာမြေဆွေးသုံးစွဲရေး အလေးထားစို့

Posted_Date

Image

သဘာဝမြေဩဇာ တီကျစ်စာမြေဆွေးသုံးစွဲရေး အလေးထားစို့

Body

      လယ်ယာမြေများသည် နှစ်စဉ်သီးထပ်သီးညှပ် စိုက်ပျိုးထုတ်လုပ်မှုကြောင့် မြေဆီဩဇာများ ခန်းခြောက်ကာ မြေဆီလွှာ ပျက်စီးလုနီးပါးဖြစ်ပေါ်နိုင်သည်။ မြေဆီဩဇာဓာတ်နည်းပါးသော လယ်မြေများအား  လိုအပ်သည့် အာဟာရဓာတ်များရရှိရန်  ဓာတ်မြေဩဇာများ ထည့်သွင်းအသုံးပြုခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆိုပါလယ်ယာမြေများသည် ဓာတ်မြေဩဇာထည့်သွင်းသော်လည်း အကျိုးမဲ့သော လယ်မြေများဖြစ်ပေါ်လာမည်ဖြစ်ရာ ပြန်လည်အသုံးချနိုင်စေရန်  နည်းလမ်းများစွာဖြင့် လက်တွေ့သုတေသနပြုလုပ်လျက်ရှိသည်။  သုတေသနဆောင်ရွက်ချက်များအနက်မှ လက်တွေ့အသုံးချရန်လွယ်ကူပြီး ကုန်ကျစရိတ်နည်းပါးသော တောင်သူလယ်သမားတိုင်း ကိုယ်တိုင်ဆောင်ရွက်နိုင်သည့်  သဘာဝမြေဩဇာများ   ထုတ်လုပ်နိုင်သည့်နည်းလမ်းတစ်ခုမှာ တီကောင်မွေးမြူပြီး တီကျစ်စာမြေဆွေးထုတ်လုပ်၍ မြေဆီဩဇာဓာတ် ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်သည်။  တီကျစ်စာမြေဆွေးကို  သုံးစွဲပေးခြင်းဖြင့် မြေဆီဩဇာဓာတ်ကုန်ဆုံး ပျက်စီးလုနီးပါးဖြစ်နေသော လယ်ယာမြေများ ပြန်လည်ကောင်းမွန်ကာ  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာမည်ဖြစ်သည်။ ထို့ပြင် ယနေ့အချိန်တွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ကုန်ကျစရိတ်    အထိုက်အလျောက် သက်သာစေနိုင်မည်ဖြစ်သည်။

ရည်ရွယ်ချက် 

(၁)       တောင်သူလယ်သမားများကိုယ်တိုင် ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာဖြင့် တစ်နိုင်တစ်ပိုင် ထုတ်လုပ်အသုံးပြုနိုင်ရန်။

(၂)        လူနှင့်ပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းပြီး    သီးနှံစိုက်ပျိုးမှုတွင်  ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန်။

(၃)       မိမိတို့နေအိမ်တွင် နေ့စဉ်စွန့်ပစ်နေရသော စားဖိုဆောင် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်သရိုက်များကို အသုံးပြုပြီး  မြေဩဇာထုတ်လုပ်ခြင်းဖြင့် စွန့်ပစ်ရသည့်အမှိုက်များ ရှင်းလင်းပြီး မြေဆွေးအဖြစ် ပြန်လည်အသုံးပြုနိုင်ရန်။

(၄)       သဘာဝမြေဩဇာဖြစ်သည့်  တီကျစ်စာမြေဆွေးကိုအသုံးပြုပြီး ဓာတုကင်းလွတ်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းကာ သီးနှံအရည်အသွေးနှင့် ဈေးနှုန်းပိုမိုမြင့်မားစွာ ရရှိလာစေရန်။

(၅)       တီကျစ်စာမြေဆွေး    အပါအဝင် သဘာဝမြေဩဇာများဖြင့်သာ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများကို ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့သွားနိုင်ရန်။

(၆)       ဓာတ်မြေဩဇာများ    သုံးစွဲမှုအား သိသိသာသာလျှော့ချ စိုက်ပျိုးသွားနိုင်စေရန်။

တီကျစ်စာမြေဆွေး

တီကျစ်စာမြေဆွေး  ဆိုသည်မှာ တီကောင်များက သဘာဝအလျောက် မြေကြီး၊ သစ်ရွက်များ၊ သစ်ပင်အကြွင်းအကျန်များ၊ နွားချေးများ၊  လယ်ယာ စွန့်ပစ်ပစ္စည်းများကိုစားသုံး၍ ပြန်လည် စွန့်ထုတ်လိုက်သည့်  တီကျစ်စာများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းဖြစ်သည်။   တီကျစ်စာမြေဆွေးသည် တောင်သူလယ်သမားများအတွက် အသစ်အဆန်းမဟုတ်သော်လည်း  တီကျစ်စာမြေဆွေး၏အကျိုးရှိပုံနှင့်   များများစားစား  ထုတ်လုပ်အသုံးပြုနိုင်ပုံတို့ကို သိရှိသူနည်းပါးလျက်ရှိသည်။ တီကျစ်စာမြေဆွေးကို ထုတ်လုပ်အသုံးပြုပြီး စိုက်ပျိုးရေး လုပ်ကိုင်ခြင်းသည် တည်တံ့ခိုင်မြဲသော  အော်ဂဲနစ်စိုက်ပျိုးရေးကို လုပ်ဆောင်ရန်အတွက် နည်းလမ်းကောင်း တစ်ခုဖြစ်သည်။  ယခုအခါ ကမ္ဘာ့နိုင်ငံများစွာတွင်  ဓာတုဓာတ်မြေဩဇာများ ထည့်သွင်းစိုက်ပျိုးထားသည့် သီးနှံများ စားသုံးမှုမှ သဘာဝမြေဆွေးဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများကို ရွေးချယ်စားသုံးလာကြသည်။ ထိုသို့ရွေးချယ် စားသုံးလာရခြင်းမှာလည်း ဓာတုဓာတ်မြေဩဇာများဖြင့် စိုက်ပျိုးထားသည့် သီးနှံများ၏  ဘေးထွက်ဆိုးကျိုးများကြောင့်ဖြစ်သည်။ ထို့ပြင် ဓာတုပိုးသတ်ဆေးများ၏ဓာတ်ကြွင်း အာနိသင် ဆိုးကျိုးများကြောင့်လည်း  ဓာတုကင်းလွတ်သီးနှံများကို ဈေးကောင်းပေး၍ ဝယ်ယူအသုံးပြုလာခဲ့ကြသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံ

အသီးသီးတွင် သဘာဝမြေဩဇာများကို နည်းအမျိုးမျိုးဖြင့် ရှာဖွေဖော်ထုတ် အသုံးပြုလာခဲ့ရာ ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူစွာထုတ်လုပ်နိုင်သည့် တီကျစ်စာမြေဆွေး ထုတ်လုပ်ခြင်းလုပ်ငန်းကိုလည်း ရှေ့တန်းတင်၍ ဆောင်ရွက်လာကြကြောင်း တွေ့ရှိရသည်။

ဓာတုကင်းလွတ်သီးနှံ၊   အော်ဂဲနစ် (Organic)သီးနှံများနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတ်မြေဩဇာအစားထိုး   သဘာဝမြေဩဇာများကိုထုတ်လုပ်    အသုံးပြုလျက်ရှိသည်။ 

တီကောင်များကို ၎င်းတို့ကြိုက်နှစ်သက်သည့် နေထိုင်မှုပတ်ဝန်းကျင်နှင့် အစာများဖန်တီးပေးပြီး တီကောင်များမျိုးပွားလာအောင် မွေးမြူ၍ တီကောင်မွေးမြူရေးလုပ်ငန်းမှ ဖြစ်ပေါ်လာသောတီကျစ်စာမြေဆွေးသည် ထိရောက်မှုအရှိဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ ကမ္ဘာပေါ်တွင် တီကောင်မျိုးစိတ်ပေါင်း ၃ဝဝ ခန့်ရှိသော်လည်း  ယေဘုယျအားဖြင့်  နေထိုင်မှုပုံစံပေါ်မူတည်၍   တီကောင်မျိုးကွဲအုပ်စု (၃)စု ခွဲထားသည်။

(၁)       အပေါ်ယံမြေလွှာအောက်တွင် နေထိုင်လေ့ရှိသော တီကောင်

(၂)        မြေကြီးအောက်တွင် နေထိုင်သော တီကောင်

(၃)       မြေဆွေး၊ သစ်ရွက်ဆွေး   စသည်တို့တွင် နေထိုင်သော တီကောင်တို့ ဖြစ်ကြသည်။

(၁) အပေါ်ယံမြေလွှာအောက်တွင် နေထိုင်လေ့ရှိသော တီကောင်

မြေဆွေးပြုလုပ်မည့်အုပ်စုဖြစ်သည်။ တီကောင်သည် အနီရောင်ရှိပြီး အမြီးပြားသည်။   မြေမျက်နှာပြင်တွင်နေထိုင်၍ လတ်ဆတ်သောဇီဝပစ္စည်းများကို ၉၀ရာခိုင်နှုန်းစားသုံးပြီး  မြေကြီးကို ၁၀ရာခိုင်နှုန်း စားသုံးသည်။ ၎င်းတီကောင်မျိုးများသည် တီကောင်စွန့်ပစ်မြေဆွေးကို ပုံမှန်လုပ်ဆောင်နိုင်သည်။

(၂) မြေကြီးအောက်တွင် နေထိုင်သောတီကောင်

အသင့်ဖြစ်ပြီး မြေဆွေးများကို စားသုံးသည့်အုပ်စုဖြစ်သည်။  ၎င်းတို့သည် မြေဆီလွှာရေစိမ့်ဝင်မှုနှင့် မြေဆွေးရောနှောပျံ့နှံမှုတို့ကို လုပ်ဆောင်သည်။ မြေမျက်နှာပြင်အောက်    တိမ်သောအလွှာတွင် တွင်းများပြုလုပ်ပြီး နေထိုင်ကြသည်။

(၃) မြေဆွေး၊ သစ်ရွက်ဆွေး စသည်တို့တွင် နေထိုင်သော တီကောင်တွင်းများပြုလုပ်ပြီးနေထိုင်ကြသည်။ ဓာတ်သတ္တုကြွယ်ဝသောမြေမျက်နှာပြင်မှ ပိုနက်သည့်အလွှာတွင် နေထိုင်ကြသည်။ ညအချိန်တွင် တွင်းထဲမှမြေမျက်နှာပြင်ပေါ်တက်၍   အစာများကိုသယ်ယူပြီး စားသုံးကြသည်။ သို့ဖြစ်၍ ၎င်းသည်လည်း မြေဆီလွှာရေစိမ့်ဝင်မှုနှင့် မြေကြီးထဲသို့   မြေဆွေးနှင့်အာဟာရပျံ့နှံ့မှုတို့အတွက် အသုံးဝင်သည်။

တီကျစ်စာမြေဆွေးကို ၁၉၉ဝ ပြည့်နှစ်၌ ပြင်သစ်နိုင်ငံတွင် စီးပွားဖြစ်ထုတ်လုပ်ခဲ့သည်။  ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့်လာအိုနိုင်ငံတို့တွင် တီကောင်မွေးမြူရေး လုပ်ငန်းအား သဘာဝမြေဩဇာထုတ်လုပ်ရန် ဆောင်ရွက်ခဲ့သည်။ ၁၉၉၇-၁၉၉၈ ခုနှစ်မှစတင်၍ အိန္ဒိယနိုင်ငံသည် တီကောင်မွေးမြူရေးလုပ်ငန်းနှင့် တီကျစ်စာမြေဆွေးထုတ်လုပ်ခဲ့ရာ တန်ချိန်ပေါင်း ၃ ဒသမ ၅ သန်းကျော်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။   တီကောင်မွေးမြူ၍ တီကျစ်စာမြေဆွေး ထုတ်လုပ်အသုံးပြုမှုနည်းပညာများကို   အိန္ဒိယနိုင်ငံနှင့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေး ဗဟိုဌာန(CIRDAP)တို့တွင် ဆောင်ရွက်လျက်ရှိသည်။ ထိုင်းနိုင်ငံတွင် တီကျစ်စာမြေဆွေးထုတ်လုပ်မှုသာမက တီကောင်များအား မြေဆီထက်သန်စေရန် စိုက်ပျိုးမြေများတွင် နှစ်စဉ်မျိုးထည့်သွင်းမွေးမြူလျက်ရှိကြသည်။  မြန်မာနိုင်ငံတွင် ၂ဝဝဝ ပြည့်နှစ် ဩဂုတ်လမှစ၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (ယခုစိုက်ပျိုးရေးဦးစီးဌာန) ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်  ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနတွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက်   ဌာနဆိုင်ရာခြံများ၊ အခြားဌာနများသို့  မျိုးများဖြန့်ဖြူးပေးခဲ့သည်။

တီကျစ်စာမြေဆွေးတွင် အပင်အာဟာရဓာတ်ပါဝင်မှု

          မြေချဉ်ငန်ဓာတ်            -          ၇ ရာခိုင်နှုန်းဝန်းကျင်

          နိုက်ထရိုဂျင်                 -          ၄ ဒသမ ၈၅ ရာခိုင်နှုန်း

          ဖော့စဖောရပ်စ်             -          ၄ ဒသမ ၅၅ ရာခိုင်နှုန်း

          ပိုတက်စီယမ်                -          ၁ ဒသမ ၈၂ ရာခိုင်နှုန်း

          သစ်ဆွေးဓာတ်             -          ၁ဝ ဒသမ ၈ ရာခိုင်နှုန်း

          ကယ်စီယမ်                  -          ၀ ဒသမ ၈၉ ရာခိုင်နှုန်း

          မဂ္ဂနီစီယမ်                   -          ၀ ဒသမ၂၁ ရာခိုင်နှုန်း

မွေးမြူရန်     တီကောင်အမျိုးအစား ရွေးချယ်ခြင်း

တီကောင်များသည်  ကမ္ဘာအနှံ့မျိုးစိတ်ပေါင်း ၃ဝဝ ခန့်ရှိပြီး ၎င်းတို့အနက်မှ  တီကျစ်စာမြေဆွေးပြုလုပ်ရန် သင့်လျော်သော တီကောင်များအား ရွေးချယ်မွေးမြူရပါမည်။

မွေးမြူသင့်သည့်နိုင်ငံခြား တီကောင်မျိုးများ

(၁)       Red Worm ဥရောပမှ ပျံ့နှံ့သည့်မျိုး

(၂)        Tiger Worm ဥရောပမှ ပျံ့နှံ့သည့်မျိုး

(၃)       Indian Blue Worms အိန္ဒိယမှ ပျံ့နှံ့သည့်မျိုး

(၄)       Night Crawler အာဖရိကမှ ပျံ့နှံ့သည့်မျိုး

တီကျစ်စာမြေဆွေး   ထုတ်လုပ်နည်းအဆင့်ဆင့်

သဘာဝအလျောက် တီကောင်များမှ စားသုံးပြီး စွန့်ပစ်ပစ္စည်းများကို စုဆောင်း၍ တီကျစ်စာမြေဆွေး စုဆောင်းရယူနိုင်သည်။ သို့သော် လူတို့ဖန်တီးပေးထားသောပတ်ဝန်းကျင်တွင်   များများစား၊ မြန်မြန်အညစ်အကြေးစွန့်ပြီး  မြန်မြန်မျိုးပွားသည့်မျိုးစိတ်များကို  ရောနှောမွေးမြူသင့်သည်။    တီကောင်များကို မွေးမြူ၍ မြေဆွေးထုတ်လုပ်သောနည်းသည်  သာမန်မြေဆွေး ထုတ်လုပ်နည်းထက် ပိုမိုအသုံးဝင်သည်။ တီကျစ်စာမြေဆွေးကို တောင်သူတစ်ဦးချင်းဖြစ်စေ၊  တောင်သူများ   စုပေါင်း၍ဖြစ်စေ အလွယ်တကူရရှိနိုင်သော   ပစ္စည်းများအသုံးပြု၍ ဆောင်ရွက်နိုင်ကြသည်။

အုတ်ကန်ကွန်ကရစ်ခွေတို့ဖြင့် မွေးမြူနိုင်ပြီး အုတ်ကန်ဖြင့် မွေးမြူနည်းသည် ပိုမိုကောင်းမွန်သည်။

ပထမဦးစွာ  အလျား ၁၀ ပေ၊  အနံ ၄ ပေ၊ အမြင့် ၃ ပေအရွယ်  အုတ်ကန်တစ်ခုပြုလုပ်ပါ။ ကန်အောက်ခြေအား တစ်ဖက်သို့ အနည်းငယ်စောင်းနေအောင် တည်ဆောက်ရပါမည်။ သို့မှသာ တီကျစ်စာမြေဆွေးမှ အရည်များစီးစိမ့်မှုကောင်းစွာဖြင့် ပြင်ပသို့ ထွက်လာမည်ဖြစ်သည်။

ကန်အောက်ခြေတွင်   အုတ်ခဲကျိုး  သို့မဟုတ် ကျောက်စရစ်ခဲအရွယ်တော်များအား ၁ လက်မခွဲခန့် ဖြန့်ခင်းထားရပါမည်။ ၎င်းနောက် မြေကြီးနှင့်နွားချေး/ကြက်ချေး၊ သစ်ရွက်ဆွေး အထူ ၆ လက်မမှ ၈ လက်မခန့် ဖြည့်တင်းပါ။ ထို့နောက် သစ်ရွက်အပိုင်းအစများ၊ စားကြွင်းစားကျန်များ၊ ပေါင်းမြက်များ ငှက်ပျောပင် ပင်စည်စဉ်းဖတ်များနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများအား  ပုံပါအတိုင်း ကန်ပြည့်သည်အထိ တစ်လွှာစီဖြည့်ပါ။ နွားချေးသည်   တီကောင်မွေးမြူရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။

ကန်အတွင်းရှိပစ္စည်းများ စတင်ဆွေးမြည့်စေရန် ၄ ရက်မှ ၅ ရက်အထိ စောင့်ရပါမည်။ ပြီးလျှင် ကန်အတွင်းသို့ တီကျစ်စာမြေဆွေးစတင်ထုတ်လုပ်ပေးနိုင်သည့် တီကောင်  ၁ဝဝဝ  ထည့်ပေးရပါမည်။ (တီကောင်- မျိုးကွဲ (၄)မျိုး၊ တစ်မျိုးလျှင် အကောင်ရေ  ၂၅ဝ  ဖြင့်   အကောင်ရေ    ၁ဝဝဝ ခန့်ထည့်ပေးရပါမည်) အစိုဓာတ်ထိန်းရန်အပေါ်မှ ဂုန်နီအိတ်ခွံအဟောင်းများ၊ ဓနိရွက်များ၊   အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ထားရပါမည်။ ရက် ၆၀ ခန့်တွင် တီကောင်များပွားများလာပြီး အော်ဂဲနစ်ပစ္စည်းအကြွင်းအကျန်များကို  စားသုံးမည်ဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးအတွက်  ၃ လခန့်သာ ကြာမြင့်ပြီး အညိုရောင်တီကျစ်စာမြေဆွေးများကို ရရှိနိုင်မည်ဖြစ်သည်။ သစ်ရွက်၊ ပေါင်းမြက်များနှင့် စွန့်ပစ်ပစ္စည်းများအား တစ်ပတ်လျှင်  တစ်ခါထပ်မံဖြည့်တင်းပေးလျှင် လုံလောက်သည်။ ထည့်သွင်းသောစွန့်ပစ်ပစ္စည်းများ၏ ချဉ်ငန်ဓာတ်မှာ (၆ ဒသမ ၅ မှ ၇ ဒသမ သုည)ရှိသင့်သည်။ နေ့စဉ် အစိုဓာတ် စိုစွတ်နေရုံရေလောင်းပေးရပါမည်။

မွေးမြူကန်ကို  ပွင့်လင်းရာသီတွင် သစ်ပင်ရိပ်၊ အဆောက်အအုံအရိပ်အောက်တွင် ပြုလုပ်ပါ။ မိုးရာသီတွင် ကန်အတွင်း  မိုးရေများမဝင်နိုင်ရန် အမိုးတဲတည်ဆောက်ရပါမည်။   ကန်အတွင်းအောက်ခြေမှရေမဝင်အောင် ဂရုပြုပါ။  ကန်အတွင်းရေဝပ်ပါက  မြေဩဇာထုတ်လုပ်မည့်တီကောင်များ သေဆုံးနိုင်သည်ကို သတိပြုပါ။  တီကျစ်စာမြေဆွေးမွေးမြူပြီး ၃ ရက်မှ ၄ ရက်အကြာတွင် ရေထွက်ပေါက်မှတစ်ဆင့် အရည်များကို ထုတ်ယူနိုင်သည်။ ၁ လခန့်ကြာလျှင် အသုံးပြုနိုင်သောမြေဆွေးကို စတင်ရရှိပါမည်။

မြေဆွေးများ မထုတ်ယူမီ ရေဖျန်းခြင်းကို ၂ ရက်၊ ၃ ရက်ဖြတ်လိုက်ပါက တီကောင်များသည် ကန်အောက်ခြေအစိုဓာတ်ရှိရာသို့ ရောက်ရှိသွားသဖြင့် အပေါ်ပိုင်းတွင်ရှိသော တီကျစ်စာမြေဆွေးများကို ထုတ်ယူနိုင်ပါသည်။  လစဉ်မြေဩဇာ ၁ တန်နှင့် တီကျစ်စာမြေဆွေးအရည် ၁၂ ဂါလန်ခန့်ရရှိနိုင်သည်။

ရရှိလာသော   တီကျစ်စာမြေဆွေးများကိုအိတ်တွင်ထည့်၍ အေးသောနေရာတွင် စုဆောင်းသိုလှောင်နိုင်သည်။

မွေးမြူရာတွင်သတိပြုရမည့်အချက်များ၁။  တီကောင်ပွားများမှုကို   အဟန့်အတားဖြစ်စေသော အနံ့ပြင်းသည့် ဆေးရွက်ကြီး၊ ငရုတ်ပင်များ၊ ရှောက်မျိုးနွယ်အပင်များကို တီစာအဖြစ်   မထည့်သင့်ပါ။

၂။         ခြ၊ ပုရွက်ဆိတ်၊ ငှက်များရန်မှ အထူးဂရုပြုကာကွယ်ပါ။

၃။         တီကောင်မစားသုံးနိုင်သည့် ပုလင်းကွဲ၊ ပလတ်စတစ်အပိုင်းအစများကို အစာတွင် မပါဝင်စေရပါ။

တီကျစ်စာမြေဆွေးထုတ်လုပ်သုံးစွဲခြင်း အကျိုးကျေးဇူးများ

၁။         လယ်ယာများတွင် မူလရှိရင်းစွဲထက် မြေဆီဩဇာပိုမိုထက်သန်လာခြင်း။

၂။         မြေဆီဩဇာခန်း၍ ပျက်စီးနေသောမြေများတွင် ထယ်ရေးပြုပြင်ချိန်၌ မြေခံအဖြစ်ထည့်သွင်းသုံးစွဲ၍ သီးနှံပြန်လည်စိုက်ပျိုးနိုင်ခြင်း။

၃။         တီကျစ်စာမြေဆွေးနှင့် တီကောင်ရုပ်ကြွင်းများကြောင့် မြေ၏ရုပ်ဂုဏ်သတ္တိ ပိုမိုကောင်းမွန်လာခြင်း။

၄။         တီကောင်   အမျိုးအစားအလိုက် မြေကြီးအတွင်း အထက်အောက် အပြန်အလှန်သွားလာခြင်းဖြင့် မြေဩဇာထက်သန်မှုဖြစ်စေခြင်း။

၅။        မျိုးပွားမှုနှုန်း လျင်မြန်ခြင်းကြောင့် မြေဆီလွှာဖွဲ့စည်းမှု လျင်မြန်လာစေခြင်း။

၆။        တီကောင်စွန့်ပစ်မြေဆွေးသည် မြေချဉ်ငန်ဓာတ်မျှတ၍ မြေဆီလွှာအတွင်း ထည့်သွင်းသုံးစွဲရန်ကောင်းခြင်း။

၇။        တီကောင်စွန့်ပစ်မြေဆွေး   အသုံးပြု၍  ဈေးကောင်းရသည့်ဓာတုကင်းလွတ်သီးနှံများ    စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း။

၈။        မြေဩဇာထုတ်လုပ်ရန် လွယ်ကူပြီး ထုတ်လုပ်မှုအရင်းအနှီး နည်းကာ တောင်သူလယ်သမားတိုင်း ဆောင်ရွက်နိုင်ခြင်း။

၉။        စွန့်ပစ်ပစ္စည်းများ  အမှိုက်များကိုအသုံးပြုပြီး မြေဆွေးထုတ်လုပ်သည်ဖြစ်၍   လူနှင့်ပတ်ဝန်းကျင်အတွက် သန့်ရှင်းမှုကို ဖြစ်စေခြင်း။

၁ဝ။      တီကောင်များက မြေကြီးအတွင်း ဝင်ရောက်၍  မြေတွင်း  လေဝင်လေထွက်ကောင်းမွန်စေခြင်း။

၁၁။      ဓာတ်မြေဩဇာအသုံးပြုမှုကို လျှော့ချနိုင်သဖြင့် ထုတ်လုပ်မှုစရိတ် လျော့နည်းသက်သာစေခြင်း။

၁၂။       တီကောင်စွန့်ပစ်   မြေဆွေးကို လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ ပန်းအလှပင်စိုက်ခင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် နွားချေးဆွေး၊ မြေဆွေး၊ သစ်ရွက်ဆွေးများကဲ့သို့ အသုံးပြုနိုင်ခြင်း။

၁၃။      မြေဆီလွှာတွင် အပင်များအတွက် လိုအပ်သော N, P, K အာဟာရဓာတ်များ တိုးပွားစေရန်နှင့်    ဓာတ်မြေဩဇာ၏ အာနိသင်ပိုမိုထိရောက်စေရန်၊  ဓာတ်မြေဩဇာနှင့်တီကျစ်စာ မြေဆွေး ၁ အချိုး ၃ ရောစပ်၍ မြေခံတွင်လည်းကောင်း၊ ပင်ကြား၊ တန်းကြားများတွင်လည်းကောင်း ထည့်သွင်းအသုံးပြုခြင်းဖြင့် အပင်ကြီးထွားမှုနှင့်  သီးနှံအထွက်နှုန်းတိုးတက်မှုကို ဖြစ်ပေါ်စေခြင်း။

အချုပ်အားဖြင့်ဆိုသော် တီကျစ်မြေဆွေးသည်  တောင်သူလယ်သမားများ ကိုယ်တိုင်  ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူထုတ်လုပ် သုံးစွဲနိုင်ပြီး မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများကို ကောင်းမွန်စေပြီး မြေဆီလွှာဖွဲ့စည်းမှု    အကျိုးပြုသည့်အတွက်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို  အထောက်အကူပြုသည့် မြေဆွေးဖြစ်သည်။  သို့ဖြစ်ရာ သဘာဝမြေဩဇာတီကျစ်စာမြေဆွေး သုံးစွဲရေး အလေးထားကြပါစို့တိုက်တွန်းနှိုးဆော် ရေးသားလိုက်ပါသည်။   ။

MWD

1