သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ

Posted_Date

Image

သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ

Body

 

တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှု နည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ဇီဝမြေဩဇာများ အသုံးပြုခြင်းအကြောင်းကို ရေးသားဆွေးနွေးလိုပါသည်။ 
 

 

အဏုဇီဝမြေသြဇာများအကြောင်း

 

ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများသည် ရေရှည်တွင် မတည်တံ့နိုင်တော့သည့် စိုက်ပျိုးမွေးမြူရေးအခြေအနေသို့ ရောက်ရှိလာပါသည်။ ယခုဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယင်းတို့ကို အသုံးလျှော့ပြီး သီးနှံပင်များ အထွက်မလျော့စေရေး အခြားနည်းလမ်းများကို ပြောင်းလဲအသုံးပြုရန် လိုအပ်လာပါသည်။

 

ဇီဝမြေသြဇာဆိုသည်မှာ အကျိုးပြုအဏုဇီဝပိုးများ ပါဝင်သော သဘာဝပစ္စည်းများဖြစ်ပြီး မြေဆီလွှာ၏ သဘာဝဖြစ်စဉ်များကို ပြန်လည်ကောင်းမွန်စေကာ သီးနှံအထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည့် အဓိကဖြေရှင်းချက်တစ်ခု ဖြစ်လာပါသည်။ ဤဇီဝမြေသြဇာများသည် လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးခြင်း၊ မြေကြီးအတွင်းရှိ မပျော်ဝင်နိုင်သော အာဟာရဓာတ်များကို ပျော်ဝင်စေခြင်း၊ ဖော့စ်ဖရပ်ဓာတ်များ စုပ်ယူပေးနိုင်ခြင်း၊ အပင်များ၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင် ရည်မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါသည်။

 

ဇီဝမြေသြဇာများ၏ အမျိုးအစားနှင့် လုပ်ဆောင်ချက်များ

 

ဇီဝမြေသြဇာများကို ယင်းတို့ လုပ်ဆောင်ပေးသော အဓိကအာဟာရဓာတ်အလိုက် ခွဲခြားနိုင်ပါသည်။ အဓိကအားဖြင့် ဗက်တီးရီးယားများ၊ မှိုများ၊ ရေမှော်များနှင့် အက်တီးနိုမိုင်ဆီးတီးစ် (Actino-mycetes) များ ပါဝင်တတ်ကြပါသည်။

 

အဆိုပါ အဏုဇီဝပိုးများသည် အမြစ်ဝန်းကျင် မြေလွှာအတွင်း အဓိကလှုပ်ရှားကြပြီး မြေဆီလွှာ၏ တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါသည်။

 

ရိုင်ဇိုဘီယမ် (Rhizobium) နှင့် ပဲမျိုးရင်းဝင်အပင်များ၏ အပြန်အလှန်အကျိုးပြုပုံ

 

ရိုင်ဇိုဘီယမ်နှင့် ပဲမျိုးရင်းဝင်အပင်များ၏ ဆက်နွှယ်မှုသည် ကမ္ဘာ့နိုက်ထရိုဂျင် သံသရာ (World Nitrogen Cycle) တွင် အလွန်အရေးကြီးပြီး တစ်နှစ်လျှင် နိုက်ထရိုဂျင်တန်ချိန် သန်း ၂၀၀ ခန့် ကို ဇီဝနည်းဖြင့် ဖမ်းယူပေးနေပါသည်။ ဥပမာ - ပဲပုပ်၊ မြေပဲနှင့် ကုလားပဲ၊ ပဲတီစိမ်း၊ စားကျက်ပဲမျိုးများစသည့် ပဲမျိုးရင်းအပင်များသည် တစ်ဟက်တာလျှင် လေထဲမှ နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလို ဂရမ်အထိ ဖမ်းယူနိုင်စွမ်းရှိကြပါသည်။

 

အမြစ်ဖုဖြစ်ပေါ်မှုနှင့် အချက်ပြစနစ်

 

အမြစ်ဖုဖြစ်ပေါ်ရေးအတွက် အပင်နှင့် ဗက်တီးရီးယားကြားတွင် ရှုပ်ထွေးသော မော်လီကျူးအဆင့် ဆက်သွယ်မှုတစ်ခု လိုအပ်ပါသည်။ နိုက်ထရိုဂျင် နည်းပါးချိန်တွင် အပင်က ဖလေဗိုလ်နိုက် (Flavo-noids) ဒြပ်ပေါင်းများကို ထုတ်လွှတ်ပြီး ရိုင်ဇိုဘီယမ်ပိုးများကို ဆွဲဆောင်ပါသည်။ ထိုအခါ ဗက်တီးရီးယားက နော့ဖြစ်စဉ်အကြောင်းရင်း (Nodfactors) ဟုခေါ်သော အချက်ပြမော်လီကျူးများကို ပြန်လည်ထုတ်လွှတ်ပြီး အပင်၏အမြစ်ကို ဝင်ရောက်ကာ အမြစ်ဖုများ စတင်တည်ဆောက်ပါသည်။

 

ရိုင်ဇိုဘီယမ်မျိုးစိတ်များ (Rhizobium species) နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ပဲမျိုးများ (Legumes)

 

ရိုင်ဇိုဘီယမ်မျိုးစိတ်များသည် စိုက်ပျိုးရေးတွင် အရေးကြီးသော ပဲမျိုးတစ်မျိုးချင်းနှင့် သီးသန့် သဟဇာတဆက်နွှယ်မှုကို လေ့လာနိုင်ပါသည်။

 

ဇီဝမြေဩဇာများ အသုံးပြုမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် အားနည်းချက်၊ အကန့်အသတ်များ

 

၁။    သက်တမ်းတိုခြင်းနှင့် အသက်ရှင်နိုင်မှုလျော့နည်းခြင်း 

ဇီဝမြေဩဇာများသည် အသက်ရှင်သော မိုက်ခရိုတ်များ၊ သေးငယ်သော အဏုဇီဝသက်ရှိများ (Living Microbial Organisms) ပါဝင်သောကြောင့် လွယ်ကူစွာ သေဆုံးနိုင်ပါသည်။

 

အပူချိန်မြင့်ခြင်း၊ နေရောင်တိုက်ရိုက်ထိခြင်း၊ စိုထိုင်းဆမြင့်ခြင်းတို့ကြောင့် မိုက်ခရိုတ်များ သေဆုံးနိုင်သည်။ အသုံးမပြုမီတိုင်အောင်ပင် အာနိသင်လျော့နည်းသွားနိုင်သည်။ ရေခဲသေတ္တာ သို့မဟုတ် အေးမြသောနေရာများ မရှိခြင်းကြောင့် သိမ်းဆည်းမှု မကောင်းခြင်း ဖြစ်လေ့ရှိသည်။ (မြန်မာနိုင်ငံရှိတောင်သူဦးကြီးများ၊ ကျေးလက်ဒေသများအတွက် အဓိက ပြဿနာဖြစ်နိုင်ပါသည်။)
 

 

အကျိုးဆက်။ လယ်သမားများ အသုံးပြုသော်လည်း အကျိုးသက်ရောက်မှု မမြင်ရခြင်း၊ အထွက်တိုး မလာခြင်း ဖြစ်ပေါ်နိုင်ပါသည်။

 

၂။    ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ထိခိုက်လွယ်ခြင်း 

အဏုဇီဝသက်ရှိများသည် မြေဆီလွှာနှင့်  ပတ်ဝန်းကျင်အခြေအနေများအပေါ် အလွန်ထိခိုက် လွယ်ပါသည်။

 

မြေချဉ်ငန်ဓာတ် (pH) (အက်စစ်/ အာလကလီများလွန်းခြင်း)၊ ရေဓာတ် (ခြောက်သွေ့လွန်းခြင်း သို့မဟုတ် ရေများလွန်းခြင်း)၊ အပူချိန်မြင့်/ နိမ့်ခြင်း၊ ဆားဓာတ်များခြင်း။ 

 

အကျိုးဆက်။ အရည်အသွေးကောင်းသော ဇီဝမြေဩဇာများပင် မသင့်လျော်သော မြေများတွင် မအောင်မြင်နိုင်ခြင်း ဖြစ်နိုင်ပါသည်။

 

၃။    မူလမြေကြီးအတွင်းရှိ အဏုဇီဝပိုးများနှင့် ယှဉ်ပြိုင်မှု 

အသစ်ထည့်သွင်းသော အဏုဇီဝပိုး၊ မိုက်ခရိုတ်များသည် မြေထဲရှိ မူလမိုက်ခရိုတ်များနှင့် ယှဉ်ပြိုင်ရသည်။ မူလအဏုဇီဝပိုးများက ထိန်းချုပ်နိုင်ပါသည်။ အကျိုးမရှိသော မျိုးကွဲများရှိနိုင်သည်။ 

 

အကျိုးဆက်။ အသုံးပြုသော အဏုဇီဝပိုးများသည် အပင်အမြစ်တွင် မစွဲမြဲဘဲ လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူမှုအားနည်းသွားနိုင်ခြင်း ဖြစ်နိုင်ပါသည်။

 

၄။     တောင်သူလယ်သမားများ၏ နည်းပညာအပေါ် နားလည်မှုအားနည်းခြင်း 

တစ်ဧကလျှင် ဇီဝမြေဩဇာ အသုံးပြုရမည့် အရေအတွက်၊ ပမာဏနှုန်းထားများ မှားယွင်းတွက်ချက်မိခြင်း၊ မြေဩဇာအသုံးပြုချိန်မမှန်ခြင်း (ဥပမာ – နေရောင်ထဲတွင် အသုံးပြုခြင်း)၊ မြေဩဇာများကို မျိုးစေ့လူးနယ်မှု နည်းစနစ်မမှန်ခြင်း၊ ဓာတုပစ္စည်းများ၊ ဓာတုမြေဩဇာများနှင့် မသင့်လျော်စွာ ရောစပ်အသုံးပြုခြင်း။ 

 

အကျိုးဆက်။ ဇီဝမြေဩဇာအကျိုးသက်ရောက်မှု လျော့နည်းခြင်း သို့မဟုတ် မအောင်မြင်ခြင်း ဖြစ်သွားနိုင်ပါသည်။

 

၅။    ဓာတုဆေးပစ္စည်းများနှင့် မကိုက်ညီမှု 

ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည် အကျိုးပြု အဏုဇီဝပိုး၊ မိုက်ခရိုတ်များကို သေစေနိုင်ပါသည်။ တောင်သူလယ်သမားများက တစ်ပြိုင်နက် ရောစပ်အသုံးပြုတတ်သည်။ 
 

အကျိုးဆက်။ အကျိုးပြု အဏုဇီဝပိုးမိုက်ခရိုတ် များ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်တို့ ဖမ်းယူမပေးနိုင်ခင်၊ အလုပ်မလုပ်မီ သေဆုံးသွားခြင်း ဖြစ်နိုင်ပါသည်။

 

 

၆။     အကျိုးသက်ရောက်မှု နှေးကွေးခြင်း 

ဤဇီဝမြေဩဇာများသည် ဓာတုဓာတ်မြေဩဇာများကဲ့သို့ အကျိုးသက်ရောက်မှု ချက်ချင်းမထင်ရှားပါ။ (ဥပမာ- အပင်များချက်ချင်း စိမ်းလန်းမလာပါ။) သက်ရောက်မှု အကျိုးကျေးဇူးများကို အချိန်ယူရသည်။ 
 

အကျိုးဆက်။ လယ်သမားများက ဤဇီဝမြေဩဇာများက ထိရောက်မှုမရှိ၊ အလုပ်မလုပ်ဘူးဟု ထင်မြင်နိုင်ပါသည်။

 

၇။     အရည်အသွေးထိန်းချုပ်မှု ပြဿနာများ 

ဇီဝမြေဩဇာအတု သို့မဟုတ် အရည်အသွေးနိမ့် ထုတ်ကုန်များရှိနိုင်ခြင်း၊ အဏုဇီဝမိုက်ခရိုတ် အရေအတွက် မလုံလောက်ခြင်း၊ မလိုအပ်သော အခြားအဏုဇီဝပိုးများနှင့် ရောနှောနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ 
 

အကျိုးဆက်။ တောင်သူများ ယုံကြည်မှုလျော့နည်းလာနိုင်ပါသည်။ 

 

၈။     သိုလှောင်နှင့် သယ်ယူပို့ဆောင်မှု ပြဿနာများ 

အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဇီဝမြေဩဇာများအသုံးပြုရန် အအေးခန်းစနစ် မရှိခြင်း၊ နေပူအောက်တွင် သယ်ယူပို့ဆောင်နေရခြင်းတို့ ရှိပါသည်။ 
 

အကျိုးဆက်။ တောင်သူလယ်သမားများထံ ရောက်ရှိချိန်တွင် အဏုဇီဝပိုးများ သေဆုံးပြီး မြေဩဇာက အာနိသင်မရှိ၊ အကျိုးမရှိဖြစ်နိုင်ပါသည်။

 

၉။    သီးနှံအလိုက် သတ်မှတ်မှုလိုအပ်ခြင်း 

Biofertilizer အချို့သည် သီးနှံအလိုက် သီးသန့်အသုံးပြုရသည်။

ဥပမာ - ရိုင်ဇိုဘီယမ် (Rhizobium) မြေဩဇာသည် သီးသန့်ပဲသီးနှံ၊ စားကျက်ပဲအပင်များ ပဲလွမ်း၊ ကုလားပဲ၊ ကလိုဗာ၊ အယ်လဖာဖာ စသည်တို့ အတွက်သာ သီးသန့်သဟဇာတဖြစ်၊ သင့်လျော်ပါသည်။ တောင်သူဦးကြီးများအနေဖြင့် မမှန်ကန်သော မျိုးကွဲရွေးချယ်မိနိုင်ပါသည်။
 

အကျိုးဆက်။ လေထဲမှနိုက်ထရိုဂျင်ဖမ်းယူမှု မရရှိနိုင်တော့ဘဲ အကျိုးမရှိဖြစ်သွားနိုင်ပါသည်။

 

၁၀။ လယ်ယာတွင် အသုံးပြုရာ အခက်အခဲများ 

ဇီဝမြေဩဇာများနှင့် မျိုးစေ့ကို လူးနယ်ရာတွင် အရိပ်အောက်၌ အသုံးပြုရန် လိုအပ်ပါသည်။ အစိုဓာတ်၊ ရေဓာတ်အမြဲရရှိနေရန် ထိန်းသိမ်းနိုင်ရပါမည်။ ဇီဝမြေဩဇာများ မျိုးစေ့တွင် ကပ်နေရန် မျိုးစေ့ကပ်လုပ်ငန်းများ အလုပ်ရှုပ်နိုင်ပါသည်။ 
အကျိုးဆက် ။ ထို့ကြောင့် တောင်သူလယ်သမားများသည် အသုံးပြုရန်လွယ်ကူသော ဓာတုဓာတ်မြေဩဇာကို ရွေးချယ်ခြင်းဖြစ်သွားနိုင်ပါသည်။

 

၁၁။    စီးပွားရေးအကျိုးအမြတ် ချက်ချင်းမရရှိခြင်း 

ဤဇီဝမြေဩဇာများသုံးစွဲခြင်းဖြင့် ရေရှည်အကျိုးကျေးဇူးများ (မြေဆီလွှာကောင်းမွန်မှု) ရရှိလာနိုင်သော်လည်း သီးနှံအထွက်တိုးမှု ချက်ချင်းမမြင်ရခြင်း ဖြစ်တတ်ပါသည်။ 

အကျိုးဆက်။ တောင်သူများအသုံးပြုလိုမှု နည်းပါးလာနိုင်ပါသည်။ 

 

၁၂။     အထောက်အပံ့နှင့် လမ်းညွှန်မှုနည်းပါးခြင်း 

 

ဤနည်းပညာအသုံးပြုရန် တောင်သူပညာပေးလုပ်ငန်းများ မလုံလောက်ပါ၊ တောင်သူများရှိရာ ကျေးရွာများတွင် သရုပ်ပြစမ်းသပ်ကွက်များ နည်းပါးခြင်း၊ မရှိခြင်းတို့ ဖြစ်နိုင်ပါသည်။ 
 

အကျိုးဆက်။ နောက်ဆုံးတော့ တောင်သူများက ဤနည်းပညာအပေါ် ယုံကြည်မှုမရှိခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။
 

 

စာရေးသူ၏အတွေး

 

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းတွင် ဇီဝမြေဩဇာများကို ဝယ်ယူနိုင်ပါသည်။ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီ/ လုပ်ငန်းများက ဇီဝမြေဩဇာများအနေဖြင့် အီးအမ်မြေဩဇာ (EM-Effective Microorganisms Fertilizer)၊ ဘာမထီစမ်း-တြိုင်ဂိုဒါးမားအရည် (Liquid Trichoderma) စသည်ဖြင့် ရောင်းချနေသည်ကိုတော့ သတိထားမိပါသည်။ 

 

လေ့လာချက်အရ ခေတ်မီစိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သော ဩစတြေးလျနိုင်ငံ လယ်ယာမြေများ၊ ဩစတြေးလျတောင်သူများ ၂၀ - ၃၀ ရာခိုင်နှုန်း လောက်က ဤနည်းပညာကို ဓာတ်မြေဩဇာ အစားထိုးမဟုတ်ဘဲ အထွက်တိုး၊ မြေဆီလွှာ၊ မြေဆီ ဩဇာ ပြန်လည်ကောင်းမွန်လာရန် ပူးတွဲအသုံးပြုနေသည်ကို တွေ့ရှိရပါသည်။ 

 

၁၉၈၇ - ၈၈ ခုနှစ် စာရေးသူ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်တွင် မဟာစိုက်ပျိုးရေးပညာသင်တန်း တက်ရောက်စဉ်ကတည်းက တောင်သူဦးကြီးတိုင်း မိမိလယ်ယာမြေ အိမ်ထဲတွင် ရေခဲသေတ္တာ အပိုရှိပြီး ရိုင်ဇိုဘီယမ်အပါအဝင် ဇီဝမြေဩဇာများကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားကာ စိုက်ခါနီးမှ စိုက်ကွင်းထဲတွင် ထည့်သွင်းစိုက်ပျိုးသည့် ဓလေ့ကို သတိပြုမိခဲ့ပါသည်။ ထို့ကြောင့် အကျိုးပြုဇီဝသက်ရှိပိုးများ၊ သီးနှံမျိုးစေ့များနှင့် သဟဇာတရပြီး အထွက်ပိုတိုးကြပါသည်။

 

မြန်မာ့တောင်သူဦးကြီးများ ရေရှည်အကျိုးရှိစေရန်အတွက် ဤနည်းပညာများကို ကွင်းသုတေသနများစွာ၊ တောင်သူစိုက်ကွင်းများထဲ သရုပ်ပြစိုက်ခင်းများစွာ ပြုလုပ်သင့်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန် အကြံပြုလိုပါသည်။ ။

MDN

123