ကမ္ဘာမြေကျန်းမာဖို့ တို့တစ်တွေ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစို့
Posted_Date
Image
Body
ကမ္ဘာမြေနေ့အထိမ်းအမှတ် ဆောင်းပါး
ကမ္ဘာမြေကြီး၏ သဘာဝအရင်းအမြစ်များသည် သက်ရှိများအတွက် မရှိမဖြစ် အခြေခံအုတ်မြစ်များအဖြစ် ဆောင်ရွက်ပေးသည့်အပြင် ဂေဟစနစ်မျိုးစုံ၏ ရှင်သန်ဖွံ့ဖြိုးမှုအတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်။ ကမ္ဘာမြေသည် လူသားတို့အား အသက်ရှင်ရပ်တည်ရန် လိုအပ်သော လေ၊ ရေ၊ အစားအစာနှင့်နေထိုင်စရာကို များစွာအထောက်အကူ ပြုပေးလျက်ရှိသော်လည်း လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် ဤနုနယ်သောဟန်ချက်မှာ နေ့စဉ် ခြိမ်းခြောက်ခံနေရသည်။ ထို့ကြောင့် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့သောနည်းလမ်းဖြင့် အသုံးပြုခြင်းတို့သည် ယနေ့ခေတ်၏အရေးတကြီးလုပ်ဆောင်ရမည့် တာဝန်များဖြစ်လာသည်။
အပြည်ပြည်ဆိုင်ရာ ကမ္ဘာမြေနေ့စတင်ပေါ်ပေါက်လာပုံ
၁၉၆၉ ခုနှစ် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စန်ဒါဘာဘရာကမ်းခြေအနီးတွင် ဆိုးရွားလှသည့် ရေနံယိုဖိတ်မှုကြီးဖြစ်ပွားခဲ့သည်။ ထိုဘေးအန္တရာယ်ကြောင့် ပင်လယ်ငှက်များနှင့် ပင်လယ်သတ္တဝါ အမြောက်အမြား သေကျေပျက်စီးကာ ဂေဟစနစ်တစ်ခုလုံး နှစ်ပေါင်းများစွာ ထိခိုက်ခဲ့ရသည်။
အမေရိကန်အထက်လွှတ်တော်အမတ် Gaylord Nelson က ထိုဖြစ်ရပ်ဆိုးကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာပေးရန် အရေးတကြီး လိုအပ်ကြောင်း သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် တက်ကြွလှုပ်ရှားသူ Denis Hayes နှင့်ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အတွက် ရည်စူးသည့် အထိမ်းအမှတ်နေ့တစ်နေ့သတ်မှတ်ရန် ကြိုးပမ်းခဲ့သည်။
၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပထမဆုံးအကြိမ် “ကမ္ဘာမြေနေ့” (Earth Day)ကိုကျင်းပနိုင်ခဲ့သည်။ ယနေ့အခါတွင် ထိုနေ့ကို “အပြည်ပြည်ဆိုင်ရာ မိခင်ကမ္ဘာမြေနေ့” (International Mother Earth Day) အဖြစ် နိုင်ငံပေါင်း ၁၉၂ နိုင်ငံက နှစ်စဉ်ကျင်းပလျက်ရှိသည်။ ထို့ကြောင့် စန်ဒါဘာဘရာ ရေနံယိုဖိတ်မှုကြီးသည် ဝမ်းနည်းဖွယ် သမိုင်းမှတ်တိုင်တစ်ခုသာမက ခေတ်သစ်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုကြီး၏ အစပျိုးပေးခဲ့သော အရေးပါသည့် အကြောင်းရင်းလည်းဖြစ်သည်။
ကမ္ဘာမြေနှင့်ရာသီဥတုပြောင်းလဲခြင်း
ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ ရာစုနှစ်များမှ နှစ်သန်းပေါင်းများစွာ အချိန်ကာလအတွင်း ပြောင်းလဲလာသည့် ရာသီဥတုဆိုင်ရာ ကိန်းဂဏန်းစာရင်းဇယားသတ်မှတ်မှုများ ပြောင်းလဲခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းမှာ တိကျသောဒေသတစ်ခုအတွင်းသာ ပြောင်းလဲခြင်းဖြစ်နိုင်သကဲ့သို့ ကမ္ဘာမြေတစ်လွှား အနှံ့အပြားလည်းဖြစ်ပေါ်နိုင်သည်။
လူသားဖြစ်စဉ် တိုးတက်လာခြင်းအချက်များမှ လူသား လုပ်ဆောင်မှုများကြောင့် ပတ်ဝန်းကျင်ကို ပြောင်းလဲစေသည်။ ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ ရုပ်ကြွင်းလောင်စာကို အလွန်အကျွံထုတ်ယူသုံးစွဲမှု၊ သဘာ၀သယံဇာတ အရင်းအမြစ်များကို ပိုမိုအသုံးပြုလာမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျမစွန့်ပစ်မှု၊ စက်ရုံအလုပ်ရုံများနှင့် ယာဉ်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု စသည်တို့ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် သဘာ၀ပတ်၀န်းကျင် ယိုယွင်းပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် မုန်တိုင်းများကဲ့သို့ ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကြောင့် ကမ္ဘာမြေသည် နာမကျန်းဖြစ်လာရသည်။
ရာသီဥတုပြောင်းလဲမှုသည် လက်ရှိကမ္ဘာကြီး ရင်ဆိုင်နေရသော အရေးပေါ်အခြေအနေ တစ်ရပ်ဖြစ်ပြီးယင်းပြဿနာကိုဖြေရှင်းရန် အသိပညာမြှင့်တင်ခြင်းသည် အရေးပါသောအချက်ဖြစ်သည်။ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်သော လက်တွေ့ဆောင်ရွက်ချက်များ (ဥပမာ - သစ်ပင်စိုက်ခြင်း၊ အမှိုက်လျှော့ချခြင်း) ကို ထည့်သွင်းသင်ကြားခြင်း၊ ရုပ်သံ၊ ရေဒီယို၊ လူမှုကွန်ရက်များမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို မျှဝေခြင်း၊ ကျေးရွာနှင့်မြို့ပြများတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြပွဲများနှင့် လက်တွေ့ပြသမှုများပြုလုပ်ခြင်း၊ လူငယ်အဖွဲ့အစည်းများ ဖွဲ့စည်းကာ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး နည်းပညာများကို ကျေးရွာများတွင် မိတ်ဆက်ခြင်း (ဥပမာ - နေစွမ်းအင်သုံးမီးလင်းစနစ်) စသည်တို့ဖြင့် ပြည်သူလူထုကို ရာသီဥတုပြောင်းလဲမှုအား ကြိုတင်ကာကွယ်နိုင်ရန် အသိပညာများပေးနိုင်သည်။
သဘာဝအရင်းအမြစ်များကိုလည်းချွေတာ၍ အကျိုးရှိအောင်သုံးစွဲသင့်
ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သဘာဝအရင်းအမြစ်များကိုလည်း ချွေတာ၍ အကျိုးရှိအောင် သုံးစွဲသင့်သည်။ သဘာဝအရင်းအမြစ်များကို ချွေတာခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် လွယ်ကူစွာ လုပ်ဆောင်နိုင်သော အလေ့အကျင့်များဖြင့် စတင်နိုင်သည်။ တစ်ဦးချင်း၏ အနည်းငယ်စီသော ပါဝင်မှုများသည် ရေရှည်တွင် ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင်သည်။
မိုးရေသိုလှောင်စနစ်တပ်ဆင်အသုံးပြုခြင်း၊ ရေပိုက်နှင့် ဘုံပိုင်များယိုစိမ့်မှုရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်း၊ ရေချိုးချိန် ၅ မိနစ်မှ ၇ မိနစ်ထက်မပိုစေရန်ဂရုပြုခြင်း၊ နေ့အချိန်တွင် သဘာဝအလင်းရောင်ကို အများဆုံးအသုံးချခြင်း၊ မလိုအပ်သော လျှပ်စစ်ပစ္စည်းများကို ပလပ်မှဖြုတ်ထားခြင်း၊ အော်ဂဲနစ်စိုက်ပျိုးနည်းများအသုံးပြုခြင်း၊ သစ်ရွက်ဆွေးမြည့်ပျက်စီးမှုကို အသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်ခြင်း၊ မြေဆီလွှာတိုက်စားမှု ကာကွယ်ရန် သီးထပ်စိုက်ပျိုးခြင်း၊ စက္ကူအသုံးပြုမှု ၅၀ရာခိုင်နှုန်းလျှော့ချခြင်း (ဥပမာ - နှစ်ဖက်သုံးခြင်း)၊ သစ်သားအစား ပြန်လည်ပြည့်ဖြိုးမြဲသော ပစ္စည်းများရွေးချယ်ခြင်း၊ သစ်ပင်တစ်ပင်ခုတ်လျှင် နှစ်ပင်ပြန်စိုက်ခြင်း၊ အစားအစာများကို စနစ်တကျ သိုလှောင်ခြင်း၊ စားကြွင်းစားကျန်အစာများကို မြေဩဇာအဖြစ်အသုံးချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ရေဘူးများအသုံးပြုခြင်း၊ ပလတ်စတစ်အစား ဖန်သား၊ သံသားပစ္စည်းများရွေးချယ်ခြင်း၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း (ပြန်လည်အသုံးပြုနိုင်သော၊ မပြုလုပ်နိုင်သော)၊ မြေပြင်အောက်ရေ သိုလှောင်စနစ်များ တည်ဆောက်ခြင်း၊ မိသားစုဝင်များအား သဘာဝအရင်းအမြစ်များ၏ အရေးပါမှုကို သင်ကြားပေးခြင်း၊ လူမှုကွန်ရက်များတွင် ချွေတာနည်းလမ်းကောင်းများမျှဝေခြင်း၊ ဒေသခံပြည်သူများနှင့် သဘာဝထိန်းသိမ်းရေး လှုပ်ရှားမှုများ ပူးပေါင်းပါဝင်ခြင်း စသည်တို့ဖြင့် သဘာဝအရင်းအမြစ်များကို ချွေတာပြီး မိခင်ကမ္ဘာမြေကြီးကို စောင့်ရှောက်ထိန်းသိမ်းနိုင်သည်။
ကမ္ဘာမြေ၏ကျန်းမာရေးအတွက် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကိုထိန်းသိမ်းခြင်း
ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းသည် ကမ္ဘာမြေ၏ ကျန်းမာရေးနှင့် လူသားတို့၏ ရေရှည်ရပ်တည်နိုင်မှုအတွက် အရေးကြီးသောအချက်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးလျက်ရှိပြီး ဤအရာများကိုကာကွယ်ရန် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကြိုးပမ်းမှုများလိုအပ်နေသည်။
ဂေဟစနစ် (Ecosystem)ဆိုသည်မှာ သက်ရှိများ
(အပင်နှင့်တိရစ္ဆာန်)နှင့် သူတို့၏ရုပ်ပတ်ဝန်းကျင် (ရေ၊ မြေ၊ လေ)တို့ ပြန်လည်ဆက်စပ်နေသော စနစ်ဖြစ်သည်။ ဂေဟစနစ်ကို ထိန်းသိမ်းရန် အဓိကနည်းလမ်းများရှိသည်။ သစ်တောပြုန်းတီးမှုကိုလျှော့ချခြင်း (ဥပမာ - မလိုအပ်သော သစ်ခုတ်ခြင်းကိုတားမြစ်ခြင်း)၊ သစ်တောပြန်လည်စိုက်ပျိုးခြင်း နှင့် သဘာဝသစ်တောများ ပြန်လည်ထူထောင်ခြင်း ၊ မြစ်များ၊ အင်းအိုင်များနှင့် ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်းမှုမှ ကာကွယ်ခြင်း၊ ရေချို/ ရေငန် ငါးဖမ်းမှုကို စည်းကမ်းချမှတ်ခြင်း၊ ဓာတုမြေဩဇာအသုံးပြုမှုကို လျှော့ချခြင်း၊ သဘာဝစိုက်ပျိုးရေးနည်းလမ်းများ ကိုအားပေးခြင်း၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော၊ ဇီဝဆွေးမြည့်ပျက်စီးနိုင်သောပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်း စသည့်နည်းလမ်းများဖြင့် ဂေဟစနစ်ကို ကာကွယ်နိုင်သည်။
ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကမ္ဘာပေါ်ရှိ မတူညီသော အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၊ သူတို့၏ ဗီဇမျိုးကွဲများနှင့် ဂေဟစနစ်များ၏ ကွဲပြားမှုကိုဆိုလိုသည်။ သစ်တောပြုန်းတီးခြင်း၊ လူဦးရေတိုးပွားမှုနှင့် မြို့ပြကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ အလွန်အကျွံငါးဖမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်များကို မလိုအပ်ဘဲဖမ်းဆီးခြင်း စသည်တို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများကို ဆုံးရှုံးရသည်။ ထို့ကြောင့် အမျိုးသားဥယျာဉ်များ၊ သဘာဝဘေးမှ ကာကွယ်ထားသော နယ်မြေများ ဖန်တီးခြင်း၊ မျိုးသုဉ်းလုနီးပါးဖြစ်နေသော မျိုးစိတ်များအား ဥပဒေဖြင့်ကာကွယ်ခြင်း၊ တရားမဝင်သစ်တောနှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို တိုက်ဖျက်ခြင်း၊ မျိုးသုဉ်းလုနီးပါးဖြစ်နေသော သတ္တဝါများအတွက် မွေးမြူရေးစင်တာများ ထူထောင်ခြင်း၊ နိုင်ငံခြားမှ ဝင်ရောက်လာသော မျိုးစိတ်များကို ထိန်းချုပ်ခြင်း၊ ဒေသရင်းမျိုးစိတ်များ ပြန်လည်ပေါက်ဖွားရန် ကူညီခြင်း၊ လူထုအား ဇီဝမျိုးစုံမျိုးကွဲ၏ အရေးပါမှုကို သိရှိစေရန် ပညာပေးခြင်း၊ ကျေးရွာနှင့် မြို့ပြလူထုအား သဘာဝထိန်းသိမ်းရေးတွင် ပါဝင်စေခြင်းတို့ဖြင့် ဇီဝမျိုးစုံမျိုးကွဲကို ကာကွယ်နိုင်သည်။
ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းသည် လူသားတို့၏အနာဂတ်အတွက် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဘဲ ရေရှည်တည်တံ့သောနည်းလမ်းများအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏ မျိုးဆက်သစ်များအတွက် ကျန်းမာသန့်ရှင်းသော ကမ္ဘာမြေတစ်ခုကို ချန်ထားနိုင်မည်ဖြစ်သည်။
ကမ္ဘာမြေသည် လူသားမျိုးနွယ် အပါအဝင် သက်ရှိအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော အိမ်တစ်အိမ်ဖြစ်သည်။ ကျွန်ုပ်တို့၏ လက်ရှိ လုပ်ဆောင်ချက်များသည် ဤအိမ်၏ ကျန်းမာရေးနှင့်အနာဂတ်ကို တိုက်ရိုက်အကျိုး သက်ရောက်မှုရှိသည်။ ထို့ကြောင့် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ ရာသီဥတုပြောင်းလဲမှုအား တန်ပြန်တိုက်ခိုက်ခြင်းနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့သောနည်းလမ်းများ အသုံးပြုခြင်းတို့ဖြင့် မိခင်ကမ္ဘာမြေကို စောင့်ရှောက်ခြင်းမှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်ဝတ္တရားနှင့်အကျိုးစီးပွားဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
MWD
