သတိပြုဖွယ်ရာ တည်ငြိမ်လျှပ်စစ်အန္တရာယ်

Posted_Date

Image

သတိပြုဖွယ်ရာ တည်ငြိမ်လျှပ်စစ်အန္တရာယ်

Body

တစ်ခုခုနှင့်ထိတွေ့လိုက်သည့်အခါ  ဓာတ်လိုက်သလိုမျိုးဖြစ်စဉ်ကို လူတိုင်းနီးပါး ခံစားဖူးကြပါ လိမ့်မည်။ အဆိုပါခံစားရခြင်းမျိုးသည် ရူပဗေဒသဘောတရားအရ ဖြစ်ပေါ်သည့် ဖြစ်စဉ်တစ်ခုသာဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် လျှပ်စစ်ဓာတ်အပေါင်း အနုတ်များ မမျှတခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည့် တည်ငြိမ်လျှပ်စစ်ပင်ဖြစ်သည်။

ခန္ဓာကိုယ်သည် အရာဝတ္ထုတစ်ခုခုနှင့် ပွတ်တိုက်သည့်အခါမျိုး   (ဥပမာ- ကော်ဇောပေါ် ခြေကိုရှပ်တိုက်ပွတ်ပြီးလျှောက်သည့်အခါမျိုး)တွင်   ကော်ဇော၌ရှိသည့်   အနုတ်ဓာတ်များသည်  လူ့ခန္ဓာကိုယ်ကိုရောက်ရှိလာသည်။    အနုတ်ဓာတ်များနေသည့် ခန္ဓာကိုယ်သည် လျှပ်ကူးနိုင်သည့် ပစ္စည်းတစ်ခုခု (ဥပမာ-တံခါးလက်ကိုင်)နှင့်ထိတွေ့သည့်အခါ အနုတ်ဓာတ်များမှလျှပ်စီးအသွင်ဖြင့် တံခါးလက်ကိုင်ကို စီးဆင်းသွားသည်။    ထိုသို့ဖြစ်သည့်အချိန်၌ လူသည် ဓာတ်လိုက်သလိုမျိုး ခံစားရခြင်းဖြစ်သည်။ 

ထို့ကြောင့် ခန္ဓာကိုယ်ကို အနုတ်ဓာတ် ဝင်ရောက်စေမည့်   ပစ္စည်း၊  အပြုအမူ   တစ်နည်းအားဖြင့် တည်ငြိမ်လျှပ်စစ်ဖြစ်စေမည့် အကြောင်းအရာများကို ရှောင်ကြဉ်သင့်သည်။  တည်ငြိမ်လျှပ်စစ်ဖြစ်စေသည့် အကြောင်းအရာများမှာ   အောက်ပါအတိုင်းဖြစ်သည်-

(၁)       အရာဝတ္ထုနှစ်ခုပွတ်တိုက်ခြင်း   (ဥပမာ-ကော်ဇောပေါ် ခြေကိုရှပ်တိုက်ပွတ်တိုက်ပြီး

လျှောက်ခြင်း၊   ကျပ်သောအဝတ်အစား များ ဝတ်သောကြောင့် ကိုယ်နှင့်အဝတ်   ပွတ်တိုက်ခြင်း)။

(၂)        ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းခြင်း။

(၃)       ဓာတုနည်းဖြင့်ပြုလုပ်သော အမျှင်များဖြင့် ရက်လုပ်သော အထည်များ(ပိုလီအက်စတာ၊နိုင်လွန်)(ဥပမာ-‌ကော်ဇော) ထိတွေ့ဝတ်ဆင်ခြင်း။

(၄)       စိုထိုင်းဆနည်းသော   ခြောက်သွေ့သော ရာသီဥတုတွင် နေထိုင်ခြင်း။

(၅)       အစိုဓာတ်လုံးဝမရှိအောင် အခြောက်ခံစက်များဖြင့် အခြောက်ခံထားသော အဝတ်အထည် များဝတ်ဆင်ခြင်း    စသည့်အချက်များကြောင့်  တည်ငြိမ်လျှပ်စစ်ကိုဖြစ်ပေါ်စေနိုင်သည်။

အဆိုပါတည်ငြိမ်လျှပ်စစ်မျိုး မဖြစ်ပေါ်စေရန် အောက်ပါအတိုင်းကာကွယ်နိုင်သည်-

(၁)       မိမိခန္ဓာကိုယ်နှင့်  အရာဝတ္ထုများ ပွတ်တိုက်ခြင်း မရှိအောင်ဂရုစိုက်ပါ။   ကြမ်းခင်းပေါ် လမ်း‌လျှောက်လျှင် ခြေအိတ်၊ ဖိနပ်မဝတ်ဘဲလမ်းလျှောက်ပါ။

(၂)        သဘာဝချည်မျှင်နှင့် ရက်လုပ်ထားသော အဝတ်အထည်များ (cotton )ဝတ်ဆင်ပါ။‌ သဘာဝချည်မျှင်နှင့် ရက်လုပ်ထားသော ကော်ဇောများအသုံးပြုပါ။ ကိုယ်ကျပ်အင်္ကျီများသည်  ပွတ်တိုက်မှုကို ပိုမိုဖြစ်စေနိုင်သောကြောင့် ခပ်ပွပွအဝတ်များကိုသာ ဝတ်ဆင်ပါ။

(၃)       အရေပြားတွင် အစိုဓာတ်ရှိအောင် ရေများများသောက်ပါ။   အစိုဓာတ်ပါသော   lotion များလိမ်းပေးပါ။

(၄)       ဖျန်းဆေးများ၊ အဝတ်အထည်ကို ပျော့ပျောင်းစေသောဆေးများအသုံးပြုနိုင်သည်။ အဆိုပါဆေးများမရှိပါက    ရှလကာရည်  သို့မဟုတ် မုန့်ဖုတ်ဆိုဒါကို အဝတ်ညှစ်ချိန် သို့မဟုတ် အခြောက်မခံခင်  အနည်းငယ်ထည့်ပေးပါ။

(၅)       အခြားအရာများနှင့်မထိတွေ့ခင်  မြေကြီးနှင့် ထိထားသော သတ္တုနှင့်ပြုလုပ်ထားသော ပစ္စည်းတစ်ခုခုနှင့်အရင်ထိပါ။

(၆)       သားရေအောက်ခံဖြင့် ပြုလုပ်သော ဖိနပ်မျိုးစီးပါ။

(၇)       ပတ်ဝန်းကျင်စိုထိုင်းဆများအောင် ရေငွေ့ပေးစက် အသုံးပြုပေးပါ။

(၈)       anti-static wristband (လက်ကောက်) များဝတ်ဆင်ခြင်းနှင့် anti-static hand lotion များလိမ်းခြင်း စသည်တို့ဖြင့် တည်ငြိမ်လျှပ်စစ်မဖြစ်ပေါ်စေရန် ကာကွယ်နိုင်သည်၊၊

လူတစ်ယောက်ကို တစ်ခါတစ်ရံ လက်ဖြင့်လှမ်းထိလိုက်သည့် အခါမျိုး၊ လှမ်းပုတ်လိုက်သည့်အခါမျိုးတွင် ကျဉ်ခနဲဖြစ်သွား၍ လက်ရုပ်လိုက်ရတတ်သည်။ နောက်တစ်ခါ ထပ်ထိကြည့်လျှင် ဘာမှမဖြစ်တော့ပါ။ 

မည်သည့်အတွက်ကြောင့်ဖြစ်ရသည်ကို လေ့လာကြည့်မည်ဆိုပါက   ပစ္စည်းတိုင်း၏   အသေးဆုံး Unit ကို Atom ဟုခေါ်သည်ကိုအားလုံး  သိရှိကြပြီးဖြစ်သည်။ Atom များထဲ၌ Electron, Neutron, Proton စသည်များပါရှိကြောင်း သင်ကြားခဲ့ကြရသည်လည်းဖြစ်သည်။   ပွတ်တိုက်မှုများဖြစ်လျှင်   Electron များထွက်လာပြီး  Positive ရှိသည့် မျက်နှာပြင်နှင့်တွေ့လျှင် Electron များက ပြေးကပ်သွားသည့်အတွက် ဓာတ်လိုက်သလို ခံစားရခြင်းသာဖြစ်သည်။ အဆိုပါကိစ္စကို  ကိုယ်တိုင်စမ်းသပ်ကြည့်လိုပါက ပေတံတစ်ချောင်းကို ဆံပင်နှင့်ပွတ်ကြည့်ပါ။ ခဏကြာလျှင်  ပေတံကို  ဆံပင်နှင့် ခပ်ခွာခွာထားသည့်အခါ ဆံပင်များက  ပေတံဆီကိုလှမ်း၍ ကပ်နေသည်ကို တွေ့ရပါလိမ့်မည်။ လေဘောလုံးတစ်လုံးကို လေမှုတ်ပြီး အဝတ်နှင့်ပွတ်လိုက်ပါ။ static energy ထွက်လာသည့်အတွက် အဆိုပါ လေဘောလုံးကို နံရံနားတွင်ထားသည့်အခါ    နံရံနှင့်ကပ်နေသည်ကိုလည်း မြင်တွေ့ဖူးကြပါလိမ့်မည်။ ထို့ကြောင့် လူအချင်းချင်းထိမိလို့ ကျဉ်သွားသည်ဆိုသည်မှာ တည်ငြိမ်လျှပ်စစ်ကြောင့်သာဖြစ်သည်။ 

လျှပ်စစ်လှိုင်းများခုန်ကူးမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝအလျောက် ဓာတ်လိုက်မှု အသေးစား တစ်မျိုးသာဖြစ်သည်။ သို့သော် ဘာမှမဖြစ်နိုင်ဟုဆိုပြီး ပေါ့လျော့နေ၍ လုံးဝမရသောအန္တရာယ် အလွန်ကြီးလာနိုင်သော ကိစ္စတစ်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ပြင်းထန်သည့်အခါမျိုးတွင် ထိခိုက်ဒဏ်ရာရခြင်းမျိုး ဖြစ်နိုင်ခြေအနည်းငယ်ရှိသည့်အတွက်ဖြစ်သည်။ 

ယေဘုယျအားဖြင့် လျှပ်စစ်တွင် တည်ငြိမ်လျှပ်စစ် နှင့်ရွေ့လျားလျှပ်စစ်ဟူ၍      ပုံစံနှစ်မျိုးရှိရာ၌ တည်ငြိမ်လျှပ်စစ်သည်       တစ်နေရာတည်း၌ တည်ငြိမ်ပြီး ပွားများစေတတ်သည့်  သဘောဆောင်သော လျှပ်စစ်ဓာတ်တစ်မျိုးသာဖြစ်သည်။  တစ်နေရာတည်း၌ တည်ငြိမ်စွာစုစည်းနေပြီး  ရုတ်တရက် ပေါ်ထွက်လာတတ်သည့်အတွက် အမှုမဲ့အမှတ်မဲ့နှင့်  အန္တရာယ်ရှိတတ်သည့် လျှပ်စစ်ဓာတ်မျိုးဖြစ်သည်။ Static Shocks ကိုဖြစ်စေသည့် အရာလည်းဖြစ်သည်။

လေ့လာချက်များအရဆိုလျှင် Static Shock သည်  နေရောင်နှင့်လည်း    တိုက်ရိုက်သက်ဆိုင်တတ်သဖြင့်  ညနေခင်းများနှင့်  ညဘက်များဆိုလျှင် မဖြစ်ပေါ်တတ်ဟုဆိုနိုင်သည်။     အဆိုပါအချိန်များတွင် လူများ၌ နေ၏စွမ်းအင်နည်းပါးနေတတ်ခြင်းကြောင့်လည်းဖြစ်သည်။

အဝတ်အထည်၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုအခြေအနေများ အပေါ်မူတည်၍လည်း ဖြစ်နိုင်ခြေရှိသည်။  အချို့သော  Static  Shock  များသည်  အန္တရာယ်မများပါဟု‌ဆိုသော်လည်း    ခဏခဏဖြစ်နေမည်ဆိုလျှင် မကောင်းသည့်အကျိုးဆက် အချို့ရှိလာနိုင်သည်။

တစ်ခါတစ်ရံ ပြင်းထန်တတ်ပြီး အလွန်အမင်းနာကျင်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ပူပင်စိတ်များခြင်း၊ စရိုက်လက္ခဏာပြောင်းသည့်  စိတ်ဝေဒနာစွဲကပ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပုံမှန်မဟုတ်သည့် နာကျင်မှုဝေဒနာခံစားရခြင်းနှင့်     ခန္ဓာကိုယ်အပြင်းအထန်နာကျင်သည့်ရောဂါများ  စွဲကပ်ခြင်းများဖြစ်လာနိုင်ခြေရှိသည်။

ကြောက်မက်ဖွယ်အကောင်းဆုံးအန္တရာယ်မှာ မော်တော်ယာဉ်အသုံးပြုသူများအနေဖြင့် တစ်ခါတစ်ရံ Static Shock မှတစ်ဆင့် Electric Discharge ဖြစ်ပြီး မီးလောင်ခြင်းမျိုးအထိ ဖြစ်နိုင်ခြင်းမျိုးဖြစ်သည်။

Static Shock သည် အလွန်အမင်းအန္တရာယ်များသည့် ပြဿနာတစ်ခုမဟုတ်သော်လည်း သတိမမူမိလျှင် ဘေးထွက်ဆိုးကျိုးအနေဖြင့်  မတော်တဆဖြစ်မှုမျိုးကြုံရနိုင်သဖြင့် အထူးသတိပြုသင့်သည့် ကိစ္စရပ်တစ်ခုလည်းဖြစ်သည်။  ဖြစ်တတ်သည်မှာ အနီးအနား၌ မီးလောင်လွယ်သည့်   ပစ္စည်းများရှိနေခဲ့လျှင်   ခန္ဓာကိုယ်က လျှပ်စစ်ဓာတ်မှတစ်ဆင့် မီးလောင်နိုင်သည်။

ယနေ့လိုလောင်စာဆီ အခက်အခဲရှိနေချိန်မျိုးတွင် လူအချို့သည်ဓာတ်ဆီ၊ ဒီဇယ်ဆီများကို သိုလှောင်ကိုင်တွယ်မှုများပြုလုပ်လာကြရာ၌ ကိုင်တွယ်မှုမတတ်ပါက မီးလောင်မှုနှင့် တိုက်ရိုက်ရင်ဆိုင်ရနိုင်သည့် အန္တရာယ်ရှိနေသည်။ အထူးသဖြင့် ပူပြင်းသည့်နွေရာသီတွင် ဓာတ်ဆီကို တစ်ပုံးမှတစ်ပုံးသို့ ပြောင်းလဲရာ၌  အထူးသတိပြုရမည့်   အဓိကတရားခံမှာ တည်ငြိမ်လျှပ်စစ်ပင်ဖြစ်သည်။

တည်ငြိမ်လျှပ်စစ်ဆိုသည်မှာ  အရာဝတ္ထုနှစ်ခုပွတ်တိုက်မိရာမှ ထွက်ပေါ်လာသည့် လျှပ်စစ်ဓာတ်မျိုးဖြစ်ရာ ဓာတ်ဆီအငွေ့နှင့်တစ်ခုခု ပွတ်တိုက်မိခြင်း သို့မဟုတ် ခန္ဓာကိုယ်ရှိအဝတ်အစား စသည်တို့၌ ဖြစ်တည်လာသော  တည်ငြိမ်လျှပ်စစ်ဓာတ်မှ   မီးပွားအသေးစားတစ်ခု ထွက်ပေါ်လာခြင်းမျိုးဖြစ်ရုံဖြင့် မီးအကြီးအကျယ် လောင်ကျွမ်းသွားစေနိုင်သည်။ 

ထို့ကြောင့် စက်သုံးဆီသိုလှောင်သူများ၊  စက်သုံးဆီလှယ်သူများအတွက်  မဖြစ်မနေလိုက်နာရမည့် အချက်များကို  မပျက်မကွက်လိုက်နာသွားကြရန်အထူးပင် လိုအပ်လှသည်။   ဓာတ်ဆီကိုတစ်ပုံးမှ တစ်ပုံးသို့ ပြောင်းလဲခြင်း သို့မဟုတ် ဆီဖြည့်ခြင်းများပြုလုပ်ရာတွင် ဘေးကင်းစေရန်အတွက် အောက်ပါ

အချက်များကို တိကျစွာလိုက်နာသင့်သည် -

(၁) ရေစိုမြေကြီးပေါ်တွင်သာ လုပ်ဆောင်ပါ။ ဆီကိုင်တွယ်မည့် ပတ်ဝန်းကျင်ရှိ မြေပြင်ကိုရေစိုနေပါစေ။ ဖြစ်ပေါ်လာသမျှ လျှပ်စစ်ဓာတ်များကို မြေကြီးထဲသို့ ပြန်ပို့နိုင်ရန်ဖြစ်သည်။

(၂)    သစ်သားကြမ်းခင်းကိုရှောင်ပါ။  သစ်သား သို့မဟုတ် ကော်ဇောပေါ်တွင် ဆီလှယ်ခြင်း  လုံးဝမပြုလုပ်ပါနှင့်။ ၎င်းတို့သည် လျှပ်စစ်စီးဆင်းမှုကို တားဆီးထားသဖြင့် အန္တရာယ်ကိုမြင့်တက်စေသည်။

(၃)   ဖိနပ်မစီးပါနှင့်၊ ဆီပြောင်းမည့်သူသည် ဖိနပ်မစီးဘဲ  ရေစိုမြေကြီးပေါ်တွင်  တိုက်ရိုက်ရပ်ထားသင့်ပါသည်။ သို့မှသာ ခန္ဓာကိုယ်တွင်းရှိ Static Charge များမြေကြီးထဲ စီးဆင်း   သွားမည်ဖြစ်သည်။

(၄)    ဆီပိုက်ကို မြေကြီးနှင့် အရင်ထိတွေ့ပါ၊ ဆီပြောင်းရာတွင် အသုံးပြုမည့်ပိုက် သို့မဟုတ် ကိရိယာများကို မြေပြင်နှင့် အရင်ထိတွေ့ပြီးမှ   အသုံးပြုပါ။

ပူပြင်းခြောက်သွေ့သောနွေကာလများတွင် ဓာတ်ဆီလဲလှယ်ရင်း မီးလောင်ရခြင်း၏အရင်းခံမှာ အဓိကအားဖြင့် တည်ငြိမ်လျှပ်စစ်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်မှုအနေဖြင့် အောက်ပါအတိုင်း မပျက်မကွက် လုပ်ဆောင်ကြရန် အထူးလိုအပ်ပါသည်-

(၁)       ဆီပန့်ဆိုင်များ၌ ဆီဖြည့်ဂေါက်များတွင် သံစပရင်ဝိုင်ယာများ   ထည့်သွင်းထားရမည်။

(၂)     ကားတာယာများ၌ တာယာထုတ်လုပ်ရာတွင် လျှပ်စစ်စီးဆင်းနိုင်သည့် ကာဗွန် ကိုထည့်သွင်း၍ လမ်းနှင့်ပွတ်တိုက်ရာမှ ရရှိသောလျှပ်စစ်ကို မြေကြီးထဲသို့ စွန့်ထုတ်စေရမည်။

ဤနေရာတွင်အထူးသတိပေးချက်အနေဖြင့် ထပ်မံ၍သတိပေးလိုသည်မှာ ဓာတ်ဆီသည် နွေရာသီအပူချိန်တွင်  အလွန်လျင်မြန်စွာအငွေ့ပြန်သည်။

အထူးသတိပြုရမည်မှာ ဆီလှယ်နေစဉ်အတွင်း ဖုန်းအသုံးပြုခြင်း၊ နိုင်လွန်အဝတ်အစားများ ဝတ်ဆင်ခြင်းတို့သည် တည်ငြိမ်လျှပ်စစ်ကို static shock အမြန်ဆုံးဖြစ်ပွားစေနိုင်သဖြင့် အထူးရှောင်ကြဉ်ကြရမည့်ကိစ္စများဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် လောင်စာဆီများကို မဖြစ်မနေချွေတာရမည်၊ သိုလှောင်ကြရမည်ဆိုပါက မီးဘေးအန္တရာယ်မရှိစေရန်အတွက် လိုက်နာရမည့်အချက်အလက်များကို သိရှိနားလည်ထားရန်နှင့် လိုက်နာကြရန် အထူးလိုအပ်သည်။ နည်းစနစ်မှန်ကန်သော ကိုင်တွယ်မှုတစ်ခုသည် သင့်မိသားစုနှင့် ပတ်ဝန်းကျင်ကို မီးဘေးအန္တရာယ်မှ ကင်းဝေးစေနိုင်မည်ဖြစ်သည်။  ဥပဒေကြောင်းအရကြည့်ပါကလည်း လောင်စာဆီများကို တရားမဝင် သိုလှောင်သိမ်းဆည်းထားခြင်းသည်  ပြစ်မှုမြောက်သဖြင့် အထူးသတိပြု ဆင်ခြင်ကြစေလိုသည်။ တည်ငြိမ်လျှပ်စစ်နှင့် စပ်လျဉ်း၍ ရှောင်ကြဉ်ရမည့်အချက်များကို အထူးသတိပြု လိုက်နာပေးနိုင်ကြပါရန် သတိပေးရေးသား တင်ပြလိုက်ရခြင်းဖြစ်ပါသည်၊၊   ။

MWD