ပေါ့ဆမှုကြောင့် နောင်တမရစေဖို့ မီးဘေးကိုသတိပြုကြပါစို့

Posted_Date

Image

ပေါ့ဆမှုကြောင့် နောင်တမရစေဖို့ မီးဘေးကိုသတိပြုကြပါစို့

Body

မီးသည်   လူ့တစ်သက်တာအတွက်  မရှိမဖြစ်အရေးပါသောအရာတစ်ခုဖြစ်သည်။ ရှေးယခင်က လူသားတို့သည်   မီးကိုရှာဖွေ တွေ့ရှိပြီးနောက် ချက်ပြုတ်စားသောက်ခြင်း၊    အအေးဒဏ်ကိုကာကွယ်ခြင်း၊ အလင်းရောင်ရရှိခြင်း အစရှိသည့် ကောင်းကျိုး ချမ်းသာများစွာကို ခံစားခဲ့ကြရသည်။ 

ယနေ့ခေတ်တွင်လည်း စက်မှုလုပ်ငန်းများမှသည် အိမ်တွင်းမှုကိစ္စရပ်များအထိ  မီးသည်  လူသားတို့၏ အဓိကအကူအညီအဖြစ်   တည်ရှိနေဆဲဖြစ်သည်။

သို့ရာတွင်  မီးသည် အသုံးပြုသူ၏ သတိနှင့်ဂရုစိုက်မှု အနည်းငယ်မျှ လျော့သွားပါက ခဏအတွင်း ဘေးအန္တရာယ်အဖြစ် ပြောင်းလဲ သွားတတ်သည်။ ထိုအခါ မီးသည် လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာများကို ခဏချင်းပျက်စီးဆုံးရှုံးစေနိုင်သော ကြောက်မက်ဖွယ်ရန်သူတစ်ပါးဖြစ်သွားတော့သည်။ ရှေးမြန်မာတို့က   ရန်သူမျိုးငါးပါးဟုဆိုရာတွင် မီးကိုလည်း ရန်သူတစ်ပါးအဖြစ် သတ်မှတ်ခဲ့သည်မှာ ယင်းသို့သော အကြောင်းကြောင့်ပင်ဖြစ်သည်။

မီးဘေးအန္တရာယ်သည် မည်သူမဆို၊ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သော အန္တရာယ်ဖြစ်ပြီး အထူးသဖြင့် ပူပြင်းခြောက်သွေ့သော  နွေရာသီကာလတွင် ပိုမိုသတိပြုရန်လိုအပ်သည်။ ထို့ကြောင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍   ကြိုတင်သိရှိထားရန်၊ ကာကွယ်ရေးနည်းလမ်းများကို နားလည်စေရန်နှင့် ပြည်သူတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အရေးကြီးသည်။

မီးကိုမလောင်ခင်က ကြိုတင်ကာကွယ်သင့်သည်။ ထိုသို့ကာကွယ်ရာ၌   သတိပြုအပ်သောအချက်အလက်များမှာ  လူတို့အမှတ်မထင်နေလေ့ရှိသော အသေးအဖွဲကလေးများသာဖြစ်သည်။  ယင်းတို့ကြောင့်ပင် လူတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာတို့ဆုံးရှုံးရလေသည်။ လူတို့သတိပြုလေ့မရှိသော အသေးအဖွဲကလေးမှစ၍ အကြီးအကျယ်ပျက်စီးတတ်သည်ကို “အမှိုက်ကစ ပြာသာဒ်မီးလောင်ဟု ဆိုစမှတ်ပြုကြသည်။

ထိုစကားသည်   မီးဘေးကာကွယ်ရေးတွင် အလွန်အဖိုးတန်သောစကားတစ်ရပ်ဖြစ်၏။ ပျက်စီးဆုံးရှုံးခြင်း၏အကြောင်းရင်းကို ရှာဖွေကြည့်ပါက များသောအားဖြင့်   လူတို့၏ပေါ့လျော့မှုကိုသာတွေ့ရတတ်သည်။ ထိုအခါ  မိမိတို့၏ပေါ့လျော့မှုအတွက် ကြီးစွာသော နောင်တဖြစ်ရတတ်သည်။ ထို့ကြောင့်  ပျက်စီးပြီးမှ  နောင်တရမည့်အစား မီးမလောင်မီက အထူးသတိထား၍ ကာကွယ်သင့်သည်။

ပတ်ဝန်းကျင်ရှိ နေ့စဉ်သုံးပစ္စည်းများတွင် အလွယ်တကူ မီးစွဲလောင်နိုင်သောပစ္စည်းများစွာရှိသည်ကို ရှေးဦးစွာ သတိထားသင့်သည်။ အမှတ်တမဲ့ပစ်လိုက်သော မီးခြစ်ဆံ၊ ဆေးလိပ်တိုကလေးများမှ မီးသည် မီးတောက်ကြီးအထိ ပွားများကာ ဆုံးရှုံးပျက်စီးလောက်အောင်ဖြစ်စေနိုင်သည်။  မီးမလောင်ရန်သတိပြုကာကွယ်ရာ၌ မီးကိုသာ သတိနှင့်ကိုင်တွယ်ရမည်မဟုတ်ဘဲ အိမ်တွင်းအိမ်ပြင်ရှိ မီးစွဲလောင်စေတတ်သောအရာဝတ္ထုအားလုံးကိုလည်း မီးနှင့်ဝေးရန် သို့မဟုတ် မီးမစွဲနိုင်စေရန် စီမံထားဖို့လိုအပ်သည်။ ရေနံဆီ၊ ဓာတ်ဆီ စသည်တို့မှတစ်ပါး မီးအစွဲလွယ်ဆုံး အိမ်တွင်းပစ္စည်းများမှာ စက္ကူနှင့်အဝတ်စများဖြစ်သည်။

အိမ်ဆောက်ထားသည့် ပစ္စည်းများမှာ သစ်၊ ဝါး၊ ဓနိ၊ သက်ငယ် စသောလောင်စာများဖြစ်လျှင် မီးကို အထူးသတိပြုရပေမည်။ မီးခံပစ္စည်းများဟု ဆိုရမည်ဖြစ်သော သံ၊ သွပ်၊ ကျောက်၊ အုတ် စသည်တို့ဖြင့် ဆောက်လုပ်သော    အဆောက်အအုံကြီးမှာပင် မီးလောင်ပါက ပျက်စီးနိုင်သည်။ သို့ရာတွင် ထိုပစ္စည်းများသည်  သစ်၊ ဝါး၊ ဓနိ၊ သက်ငယ်တို့ကဲ့သို့ မီးစွဲလွယ်သောပစ္စည်းများမဟုတ်သဖြင့်   အိမ်တွင်း၌ မတော်တဆလောင်သော မီးတောက်များ တစ်အိမ်လုံးသို့  မကူးစက်မီ ငြှိမ်းသတ်ချိန်ရနိုင်ပေသည်။ 

ထို့ကြောင့် နေအိမ်အဆောက်အအုံများကို တတ်နိုင်လျှင်   ရုတ်တရက်မီးမစွဲနိုင်သောပစ္စည်းများဖြင့် ဆောက်လုပ်သင့်သည်။

မီးလောင်ရာတွင် မီးတောက်သည် လောင်ကျွမ်းကူးစက်ရာ၌ အလျင်အမြန်ဆုံးဖြစ်သည်။ သိပ္ပံပညာ ထွန်းကားသော ယခုခေတ်တွင်  မီးစွဲတတ်သောပစ္စည်းအများအပြားကို မီးမစွဲနိုင်စေရန်ဆေးရည်ဖြင့် စီမံထားကြသည်။ ဆာဝီလျံပါကင်သည် သစ်သားများကိုလည်းကောင်း၊ အဝတ်အထည်များကိုလည်းကောင်း  မီးခံနိုင်စေရန် စိမ်သည့်ဆေးရည်များကို အောင်မြင်စွာ စမ်းသပ်ဖော်စပ်ခဲ့သည်။

ထို့ပြင် မီးသတ်ဆေးဘူးများကိုလည်း တီထွင်ခဲ့ကြသည်။ မီးသတ်ဘူးတွင် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်နှင့်   ဆာလဖျူရစ် အက်ဆစ်များကို   တခြားစီ ထည့်ထားသည်။ အရေးကြုံ၍ သုံးလိုသောအခါ မီးသတ်ဆေးဘူးကို ဇောက်ထိုးလုပ်လိုက်ခြင်းဖြင့် ဓာတ်ရည်နှစ်ခု ရောနှောမိကာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ထွက်ပေါ်လာပြီး   မီးတောက်ဖြစ်စေသည့် အောက်ဆီဂျင်ဓာတ်ကို    ငြှိမ်းသတ်နိုင်သည်။ 

ဤကိရိယာသည်  ငွေကုန်ကြေးကျမများလှဘဲ ဝယ်ယူအသုံးပြုနိုင်သဖြင့်  မီးဘေးကာကွယ်ရေးတွင်  များစွာအကျိုးပြုသည်။ မီးလောင်သောအခါ အမြန်ဆုံးငြှိမ်းသတ်နိုင်ရန်   ကိရိယာများကို အဆင်သင့်ထားရှိသင့်သည်။ မီးသတ်တပ်ဖွဲ့များ မရှိသေးသည့် ကျေးလက်တောရွာများတွင် မီးချိတ်၊ မီးကပ်များ အဆင်သင့်ပြုလုပ်ထားသင့်သည်။

တောမီးလောင်ခြင်းသည် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ၊ ပတ်ဝန်းကျင်နှင့် လူသားများအတွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်သည်။  ယင်းတို့အနက်  သစ်တောများ ပျက်စီးခြင်းသည် ရေရှည်တွင်  ရာသီဥတုပြောင်းလဲမှု၊ မြေဆီလွှာတိုက်စားမှု၊ ရေဝေရေလဲဒေသများ ထိခိုက်မှုနှင့်   အောက်ဆီဂျင်ထုတ်လုပ်မှု လျော့ကျခြင်းစသည့် သက်ရောက်မှုများကို   ဖြစ်ပေါ်စေသည်။ တောရိုင်းတိရစ္ဆာန်များအတွက်မူ နေထိုင်ရာဒေသဆုံးရှုံးခြင်း၊ အစာရေစာပြတ်လပ်ခြင်းနှင့် အချို့သော ရှားပါးမျိုးစိတ်များမျိုးသုဉ်းပျောက်ကွယ်ခြင်းအထိ ဖြစ်စေနိုင်သည်။ လူသားများအတွက်လည်း ကျေးရွာများ ပျက်စီးခြင်း၊ လေထုညစ်ညမ်းခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားခြင်း၊ စီးပွားရေးဆုံးရှုံးခြင်းနှင့်  အချို့သော အခြေ အနေများတွင် လူမှုဘဝထိခိုက်ဆုံးရှုံးခြင်းတို့ပါ ကြုံတွေ့ရတတ်သည်။

တောမီးလောင်ရခြင်း၏  အကြောင်းရင်းများကို လူသားတို့၏ပေါ့ဆမှုနှင့်သဘာဝအကြောင်းရင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ လူသားတို့၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားရသော တောမီးများတွင် ဥယျာဉ်စိုက်ခင်းများ ရှင်းလင်းရန်မီးရှို့ခြင်း၊ ခရီးသွားများ သို့မဟုတ် တောအုပ်အတွင်း   ဝင်ရောက်လုပ်ကိုင်သူများ၏ မီးငြှိမ်းသတ်မှုမစေ့စပ်ခြင်း၊    စွန့်ပစ်ထားသော ဆေးလိပ်တိုများ၊ လျှပ်စစ်ဓာတ်ကြိုးများ ချွတ်ယွင်းခြင်း၊ မီးရှို့ဖျက်ဆီးမှုများ(ရည်ရွယ်ချက်ရှိရှိ  မီးရှို့ခြင်း) စသည်တို့ပါဝင်သည်။ အထူးသဖြင့် ခြောက်သွေ့ရာသီတွင်    မီးသေးသေးလေးတစ်ခုသည်ပင် လေတိုက်ခတ်မှုနှင့်အတူ မြန်ဆန်စွာပျံ့နှံ့ကာ ဧရိယာကျယ်ပြန့်စွာ လောင်ကျွမ်း သွားတတ်သည်။

သဘာဝအကြောင်းရင်းများ အနေဖြင့်လည်း တောမီးလောင်ရခြင်းကို     ဖြစ်စေနိုင်သည်။ မိုးကြိုးပစ်ခြင်းသည် သဘာဝတောမီး၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီး မိုးကြိုးကျရောက်ရာနေရာတွင် ခြောက်သွေ့နေသောသစ်ရွက်ခြောက်များ၊ သစ်ကိုင်းများ မီးစွဲလောင်ကာ မီးတောက်ကြီးအထိ ဖြစ်ပွားတတ်သည်။ ထို့ပြင် သစ်ပင်အချင်းချင်း ပွတ်တိုက်ခြင်း၊ ကျောက်တုံးများ ပြိုကျစဉ်ဖြစ်ပေါ်လာသောပွတ်တိုက်မှုမှ အပူဓာတ်ကြောင့် မီးစတင်လောင်ကျွမ်းခြင်းများလည်းရှိသည်။  အချို့ဒေသများတွင်  ချော်ရည်များစီးဆင်းခြင်း၊   မီးတောင်ပေါက်ကွဲခြင်းတို့ကြောင့်လည်း တောမီးများဖြစ်ပွားတတ်သည်။

တောမီးများသည်   အလွန်ကြောက်မက်ဖွယ်ကောင်းသည်။  တစ်ခါတစ်ရံ  မိနစ်ပိုင်းအတွင်း ဟက်တာရာနှင့်ချီ၍ ပျံ့နှံ့လောင်ကျွမ်းနိုင်ပြီး ကျေးရွာများနှင့်အဖိုးတန်သစ်တောများမှာ တောမီးလောင်၍ ပျက်စီးဆုံးရှုံးရတတ်သည်။ သစ်တောများ ပြန်လည်ထူထောင်ရန်  နှစ်ပေါင်းများစွာ  ကြာမြင့်တတ်ပြီး အချို့သောဂေဟစနစ်များမှာ မူလအတိုင်း ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်တော့ပေ။

ထိုသို့သော ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်ရန်နှင့် ထိန်းချုပ်ရန်အတွက် အထူးဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်သည်။  တောမီးကာကွယ်ရေးအတွက် ပညာပေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သင့်သည်။ ပြည်သူတိုင်း သတိရှိရှိပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည် ဆိုပါက သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ၊ ပတ်ဝန်းကျင်နှင့် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်များကို   ဤကြောက်မက်ဖွယ်ရာ  သဘာဝဘေးအန္တရာယ်မှကာကွယ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရေးနှင့်သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို   တာဝန်ယူဆောင်ရွက်ရန်ရည်ရွယ်၍   မီးသတ်ဦးစီးဌာနကို တည်ထောင်ခဲ့သည်။     သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်ကပင် မီးတပ်သား ၆၆၃ ဦး (သောသောညံ ပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ရှေးခေတ်မြန်မာမင်း အဆက်ဆက် လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေးအမိန့်ပြန်တမ်းများထုတ်ပြန်ကာ  နိုင်ငံတော်မီးဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့်  အထောက်အထားများရှိသည်။

မြန်မာနိုင်ငံတွင်  မီးသတ်တပ်ဖွဲ့ကို  သုံးမျိုးခွဲခြားထားသည်။

၁။        အစိုးရမီးသတ်တပ်ဖွဲ့ဝင်များ(သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ)

၂။         ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ

၃။        သီးသန့်ဖွဲ့စည်းထားသော မီးသတ်တပ်ဖွဲ့ဝင်များ (မီးဘေးစိုးရိမ်ရသော စက်ရုံ/အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသောဝန်ထမ်းများ)တို့ဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေး၊  သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ခေတ်မီယာဉ်ကြီးများ၊ ခေတ်မီနည်းပညာများဖြင့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Hot Line နံပါတ် ၁၉၁ သို့ အမြန်ဆုံး အကြောင်းကြားကြရန်နှင့် ပါဝင်ကူညီကြရန် နှိုးဆော်ထားသည်။

ရန်သူမျိုးငါးပါးတွင် မီးသည် အဆိုးရွားဆုံးနှင့် အကြောက်ရဆုံးသော  ရန်သူဖြစ်သည်ဟုဆိုရပေမည်။ အကြောင်းမှာ အခြားသောရန်သူများသည် ကြိုတင်၍ ခုခံကာကွယ်ရန်အချိန်ရနိုင်သော်လည်း မီးမူကား  ခဏချင်းအတွင်း ပျံ့နှံ့လောင်ကျွမ်းကာ လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာအားလုံးကို ပြာပုံသဖွယ် ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ မီးလောင်ခြင်းအား ကြိုတင်ကာကွယ်ခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏တာဝန်သက်သက်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး၏တူညီသော တာဝန်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်ရန် ပြည်သူတစ်ဦးချင်းစီက မိမိနေထိုင်ရာနေအိမ်မှစတင်ကာ ဂရုပြုရမည်ဖြစ်သည်။ အိမ်တွင်းရှိ မီးစွဲလောင်လွယ်သောပစ္စည်းများကို  စနစ်တကျသိမ်းဆည်းခြင်း၊မီးသုံးပြီးတိုင်း မီးငြှိမ်းသတ်မှုသေချာစေခြင်း၊ လျှပ်စစ်မီးကြိုးများ စနစ်တကျရှိစေခြင်း၊ မီးသတ်ဆေးဘူးများ    အဆင်သင့်ထားရှိခြင်းတို့သည်   အိမ်တွင်းကာကွယ်ရေး၏   အခြေခံအဆင့်များဖြစ်သည်။ 

ထို့နောက် မိမိနေထိုင်ရာလမ်းနှင့်ရပ်ကွက်အတွင်း၌လည်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်လိုအပ်သည်။ ရပ်ကွက်အတွင်း မီးသတ်ရေကန်များ၊ ရေပိုက်လိုင်းများရှိစေရေး၊ မီးသတ်ယာဉ်များ   ဝင်ရောက်နိုင်မည့်လမ်းများဖောက်လုပ်ထားရေး၊ ရပ်ကွက်အတွင်း အရန်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းထားရေး စသည်တို့မှာ အသိုင်းအဝိုင်းအဆင့်   ကာကွယ်ရေး၏အရေးကြီးသောအစိတ်အပိုင်းများဖြစ်ကြသည်။

ရပ်ကွက်မှမြို့နယ်အဆင့်သို့ တိုးမြှင့်လာသည်နှင့်အမျှ  ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မီးသတ်ဦးစီးဌာန၊   လူမှုရေးအသင်းအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုသည်    အဓိကကျလာသည်။ 

မြို့နယ်အတွင်း   မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေ မြင့်မားသော နေရာများကို ကြိုတင်သတ်မှတ်ခြင်း၊ ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများ  ပြုလုပ်ခြင်း၊ မီးသတ်လေ့ကျင့်မှုများ  ပုံမှန်ပြုလုပ်ခြင်း၊  ပြည်သူများအား အသိပညာပေးခြင်း စသည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်လိုအပ်သည်။ ထိုသို့မြို့နယ်အဆင့် ကာကွယ်ရေးခိုင်မာလာမှသာ ပိုမိုကျယ်ပြန့်သော ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ ထိရောက်စွာဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဤသို့သော   အောက်ခြေအဆင့်မှအထက်သို့ စနစ်တကျချိတ်ဆက်ထားသော  ကာကွယ်ရေးကွန်ရက်ကြီးသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ယှက်သန်းမိမှသာလျှင်    မီးဘေးအန္တရာယ်ကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အဆင့်တွင် မီးဘေးကာကွယ်ရေးဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ   ပြဋ္ဌာန်းခြင်း၊  ခေတ်မီမီးသတ်ယာဉ်များ၊   ကိရိယာတန်ဆာပလာများ ဖြည့်ဆည်းပေးခြင်း၊   မီးသတ်တပ်ဖွဲ့ဝင်များ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပြည်သူများအတွက်  ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းတို့သည် နိုင်ငံတော်အဆင့် ကာကွယ်ရေး၏မဏ္ဍိုင်များဖြစ်ကြသည်။

သို့သော်  ဤအရာအားလုံး၏အခြေခံအုတ်မြစ်မှာ  ပြည်သူတစ်ဦးချင်းစီ၏  အသိတရားနှင့်သတိတရားပင်ဖြစ်သည်။ မည်မျှပင် ခေတ်မီသောမီးသတ်ယာဉ်၊ မည်မျှပင် လေ့ကျင့်ထားသော မီးသတ်တပ်ဖွဲ့ဝင်များရှိစေကာမူ  ပြည်သူတိုင်း၏သတိနှင့်ပူးပေါင်းပါဝင်မှုမရှိပါက  မီးဘေးအန္တရာယ်ကို   အပြီးတိုင်ကာကွယ်နိုင်မည်မဟုတ်ပေ။ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းတွင် “မီးဘေးကာကွယ်ရေးသည် ငါ၏တာဝန်ဟူသောစိတ်ဓာတ်ဖြင့် အသိတရား၊ သတိတရားမွေးမြူကာ  အားလုံးပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက မီးဘေးအန္တရာယ်မှကင်းဝေးသော လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရန်သူမျိုးငါးပါးတွင်  အဆိုးရွားဆုံးသောမီးလောင်ခြင်းအား ကြိုတင်ကာကွယ်ရန်  မိမိနေအိမ်မှစ၍ လမ်း၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့်တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပြည်သူတစ်ဦးချင်းစီ၏အသိတရား၊ သတိတရားဖြင့် ပူးပေါင်းကာကွယ်ကြရန် အထူးတိုက်တွန်း ရေးသားလိုက်ရပါသည်။    ။

MWD