အင်ဒို-ပစိဖိတ်ဒေသတွင် သံတမန်ရေးကိုအလေးမထားသော အားပြိုင်မှုများနှင့် စစ်ရေးတင်းမာမှုများ

Posted_Date

Image

အင်ဒို-ပစိဖိတ်ဒေသတွင် သံတမန်ရေးကိုအလေးမထားသော အားပြိုင်မှုများနှင့် စစ်ရေးတင်းမာမှုများ

Body

အခုတလော အင်ဒို-ပစိဖိတ်ဒေသတွင် ဖြစ်ပေါ်နေသော စစ်ရေးလှုပ်ရှားမှုများကို သေချာကြည့်ပါက ငြိမ်းချမ်းရေးအတွက် အားထုတ်ခြင်းထက် အင်အားပြကာ တစ်ဖက်နှင့်တစ်ဖက် ဟန့်တားရန် ကြိုးပမ်းနေမှုများကို ပိုမိုထင်ရှားစွာ တွေ့မြင်ရသည်။

အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနေသည့် Balikatan 2026 စစ်ရေးလေ့ကျင့်မှုကြီးသည် မဟာမိတ်နိုင်ငံများအကြား ယုံကြည်မှုတိုးစေသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် ဒေသကို ပိုမိုအန္တရာယ်များသော လုံခြုံရေးအခြေအနေထဲသို့ ဆွဲသွင်းနေသကဲ့သို့ ဖြစ်နေသည်။

ယခုနှစ်လေ့ကျင့်မှုသည် အရင်နှစ်များထက် ပိုမိုကြီးမားလာပြီး အမေရိကန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ ဂျပန်၊ ကနေဒါ၊ ပြင်သစ်နှင့် နယူးဇီလန် စသည့်နိုင်ငံ ၇ နိုင်ငံမှ စစ်သည်အင်အား ၁၇,၀၀၀ ကျော် ပါဝင်သည်။ ထူးခြားချက်အနေဖြင့် ဂျပန်နိုင်ငံသည် ယခုလေ့ကျင့်မှုတွင် ကာကွယ်ရေးအဆင့်မှ တိုက်ခိုက်ရေးမိတ်ဖက်အဖြစ် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။

ဂျပန်၏ Type 88 သင်္ဘောဖျက်ဒုံးကျည်များကို အသုံးပြုလေ့ကျင့်ခြင်းက ဒေသတွင်း စစ်ရေးချိန်ခွင်လျှာကို သိသာစွာ ပြောင်းလဲစေသည်။

ထို့အပြင် လေ့ကျင့်မှုနေရာသည်လည်း ထိရှလွယ်သော အနေအထားတွင်ရှိသည်။ ထိုင်ဝမ်ကျွန်းနှင့် အလွန်နီးကပ်သည့် ဖိလစ်ပိုင်မြောက်ပိုင်း အစ်ဘာယတ်ကျွန်းတွင် ရေပြင်တိုက်ခိုက်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံအတွက် တိုက်ရိုက်စိန်ခေါ်မှုတစ်ခုအဖြစ် မြင်နိုင်သည်။

ဖိလစ်ပိုင်ဘက်ကမူ ယင်းလုပ်ရပ်ကို အချုပ်အခြာအာဏာကာကွယ်ရန်နှင့် ခေတ်မီတပ်မတော်တည်ဆောက်ရန်ဟု ဆိုသော်လည်း တရုတ်ဘက်က ၎င်းကို အိမ်တံခါးဝတွင် လာရောက်ရန်စသကဲ့သို့ မြင်နေသည်။

ဂျပန်နိုင်ငံ၏ စစ်ရေးအခန်းကဏ္ဍပြောင်းလဲလာခြင်းသည်လည်း တင်းမာမှုကို ပိုမိုမြင့်တက်စေသည်။ မကြာသေးမီက ဂျပန်ဖျက်သင်္ဘော JS Ikazuchi သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီး ယင်းနေ့သည် ၁၈၉၅ ခုနှစ် ရှိမိုနိုဆေးကီးသဘောတူညီချက်နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေခြင်းကြောင့် တရုတ်ဘက်တွင် ပြင်းထန်သော ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် ဂျပန်နှင့် မဟာမိတ်နိုင်ငံများ၏ လှုပ်ရှားမှုများကို တုံ့ပြန်ကာ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာသည်။ တရုတ်ရေတပ်သည် ဂျပန်ကျွန်းစုများကြား ရေလမ်းကြောင်းများမှ ဖြတ်သန်းခြင်းဖြင့် ၎င်းတို့၏ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းကို ပြသခဲ့သည်။

တရုတ်လေယာဉ်တင်သင်္ဘော Liaoning နှင့် စစ်သင်္ဘောအုပ်စုများ၏ လှုပ်ရှားမှုများအပြင် ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘော Sichuan ကိုလည်း စမ်းသပ်အသုံးပြုခဲ့သည်။

ဤသို့ တစ်ဖက်နှင့်တစ်ဖက် အင်အားပြိုင်ဆိုင်မှုများသည် အပြန်အလှန် စောင့်ကြည့်လေ့လာရန် အခွင့်အရေးများကိုလည်း ဖန်တီးပေးနေပြီး နည်းဗျူဟာနှင့် ဆက်သွယ်ရေးစနစ်များကို လေ့လာနိုင်စေသည်။

နောက်ပိုင်း စစ်ရေးလေ့ကျင့်မှုများတွင် ဒရုန်းများ၊ လူမဲ့ယာဉ်များနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးများကိုပါ ထည့်သွင်းလာခြင်းက ပိုမိုစိုးရိမ်စရာကောင်းလာစေသည်။

အင်အားကြီးနိုင်ငံများ၏ စစ်ရေးပြိုင်ဆိုင်မှုကြားတွင် အရှေ့တောင်အာရှနိုင်ငံငယ်များသည် ဖိအားနှင့် မတည်ငြိမ်မှုများကြားတွင် ရပ်တည်နေရသည်။

အကယ်၍ သံတမန်ရေးလမ်းကြောင်း ပျောက်ဆုံးပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာပါက ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးအပေါ် ကြီးမားသော ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။

ထို့ကြောင့် ယခုအခြေအနေတွင် လက်နက်ပြိုင်ဆိုင်မှုထက် သံတမန်ရေးဆွေးနွေးမှု၊ Hotline ဆက်သွယ်ရေးစနစ်များနှင့် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများသည် ပိုမိုအရေးကြီးလာသည်။

Ref: SCMP

MWD