ထူးခြားသတင်းများ - နိုင်ငံတကာ

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူသန်း ၃၀ ကျော် ဆင်းရဲတွင်းသို့ ကျရောက်မည်ဟု ကုလသမဂ္ဂ သတိပေး

အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင် အဆုံးသတ်သွားမည်ဆိုလျှင်ပင် ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ သန်း ၃၀ ကျော်မှာ ဆင်းရဲမွဲတေမှုအတွင်းသို့ ပြန်လည်ကျရောက်သွားလိမ့်မည်ဟု ကုလသမဂ္ဂက သတိပေးလိုက်သည်။

"တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ GDP ရဲ့ ၀.၅ ရာခိုင်နှုန်းကနေ ၀.၈ ရာခိုင်နှုန်းအထိ ဆုံးရှုံးနေပါတယ် ၊ ဒါဟာ ကမ္ဘာပေါ်က ထိခိုက်လွယ်တဲ့ နိုင်ငံတွေအတွက် ဘာကိုဆိုလိုတာလဲဆိုတော့ လူဦးရေ ၃၂ သန်းလောက်ဆင်းရဲတွင်းကို ပြန်ကျသွားတာမျိုးပါပဲ" ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ Alexander De Croo က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "အာရှ-ပစိဖိတ်ဒေသအတွက် တစ်နှစ်ကို ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ရှိတဲ့ ပြည်ပရောက်လုပ်သားတွေရဲ့ မိသားစုထံ တိုက်ရိုက်ပေးပို့ငွေတွေဟာ အခုရက်ပိုင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေ ပါတယ် ၊ စစ်ပွဲက မနက်ဖြန် ရပ်သွားမယ်ဆိုရင်တောင် အဲဒီဆိုးကျိုး တွေကို ခံစားနေရပြီဖြစ်တဲ့အတွက် လူသန်း ၃၀ ကျော်ဟာ ဆင်းရဲတွင်း ကို ပြန်ကျသွားမှာပါ" ဟု ထပ်လောင်းပြောဆိုခဲ့သည်။

ဘယ်လ်ဂျီယံဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ De Croo ၏ အဆိုအရ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စားနပ်ရိက္ခာမလုံခြုံမှု တိုးပွား လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ရေနံတင်ပို့မှုများအပြင် အီရန်ကပိတ်ဆို့ထားသည့် ဟော်မုဇ် ရေလက်ကြားမှ တစ်ဆင့် ပုံမှန်အားဖြင့် ဓာတ်မြေသြဇာအများအပြားကိုလည်း တင်ပို့နေရခြင်း ဖြစ်သည်။

နောက်ထပ် လအနည်းငယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုများ အထွတ် အထိပ်သို့ ရောက်ရှိလာနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

"အခုက စိုက်ပျိုးရာသီပါ ၊ အခုစိုက်ပျိုးတဲ့အချိန်မှာ ဓာတ်မြေသြဇာ အလုံအလောက်မရဘူးဆိုရင် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလ တွေမှာ ထွက်နှုန်းတွေ အများကြီး လျော့ကျသွားပါလိမ့်မယ် ၊ ဒါကြောင့် နောက်လအနည်းငယ်မှာ စားနပ်ရိက္ခာ မလုံခြုံမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်သွားပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေး လက်တွေ့ကျသော စစ်ရေးရွေးချယ်မှုများ လိုအပ်ကြောင်း ဗြိတိန်နှင့် ပြင်သစ် တိုက်တွန်း

ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် သေချာစေရန်အတွက် ‘လက်တွေ့ ကျသော စစ်ရေးဆိုင်ရာ ရွေးချယ်မှုများ’ လိုအပ်နေပြီဖြစ်ကြောင်း ဗြိတိန် နှင့် ပြင်သစ်နိုင်ငံတို့က တရားဝင် ပြောကြားလိုက်သည်။ 

လန်ဒန်မြို့မြောက်ပိုင်း၊ နော့သ်ဝုဒ်ရှိ ဗြိတိန်ပူးတွဲစစ်ဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် နှစ်ရက်ကြာ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာရေးဆွဲသူများ၏ ညီလာခံတွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey နှင့် ပြင်သစ် ကာကွယ်ရေးဝန်ကြီး Catherine Vautrin တို့က ပူးတွဲသဝဏ်လွှာ တစ်ရပ်ပေးပို့၍ အသိပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က နိုင်ငံပေါင်းစုံမှ စစ်ဘက်ကျွမ်းကျင်သူများအနေဖြင့် ခေါင်းဆောင်များအကြား ရရှိထားသည့် သံတမန်ရေးရာသဘောတူညီချက်များကို လက်တွေ့ကျသော စစ်ရေးလုပ်ငန်းစဉ်များအဖြစ်ပြောင်းလဲကာ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းတစ်ရပ်ကို အမြန်ဆုံး ရေးဆွဲကြရန် တိုက်တွန်းထားသည်။

အဆိုပါ ညီလာခံသို့ နိုင်ငံများစွာမှ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာရေးဆွဲသူများ တက်ရောက်လျက်ရှိပြီး ရေကြောင်းလမ်းပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပွင့်လင်းရိုးသားသော ဆွေးနွေးမှုများနှင့် မဟာမိတ်နိုင်ငံများ၏ ခိုင်မာသော ကတိကဝတ်များရရှိရန် မျှော်လင့်ထားကြသည်။ 

ဝန်ကြီးနှစ်ဦး၏အဆိုအရ ထိုသို့ စစ်ရေးအရပြင်ဆင်မှုများသည် ကမ္ဘာ့စီးပွားရေးတည်ငြိမ်စေရန်နှင့် ပြည်သူများကို အကာအကွယ်ပေးရန် အတွက် အရေးကြီးသော တိုးတက်မှုများ ဖြစ်လာမည်ဟု ယုံကြည်နေကြသည်။ သို့သော်လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်ရေးစီမံချက်များကို ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ရရှိပြီးနောက် အခြေအနေပေးသည်နှင့် တစ်ပြိုင်နက်သာ လက်တွေ့အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ယူကရိန်းစစ်ပွဲနှင့် အနောက်အုပ်စု၏ ပြင်းထန်သော ပိတ်ဆို့မှုများကြား မှ ရုရှားဘီလျံနာများ၏ ကြွယ်ဝမှု ၁၁ ရာခိုင်နှုန်း မြင့်တက်လာ

ယူကရိန်းတွင် ဖြစ်ပွားနေသောစစ်ပွဲနှင့် အဓိကစီးပွားရေး နိုင်ငံတစ်ခုအပေါ် ချမှတ်ဖူးသမျှအနက် အပြင်းထန်ဆုံးဖြစ်သည့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း လွန်ခဲ့သောတစ်နှစ်အတွင်း ရုရှား ဘီလျံနာများ၏ကြွယ်ဝမှုသည် ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စံချိန်တင် ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၆၉၆.၅ ဘီလီယံအထိ ရောက်ရှိလာကြောင်း Forbes Russia က ဖော်ပြခဲ့သည်။

ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များသည် ရုရှားနိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ ဆယ်စုနှစ်များစွာ တင်ပို့နေသည့် များပြားလှသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဆက်နွှယ်နေသူများ ဖြစ်ကြသည်။ ကုန်သွယ်မှုစီးဆင်းမှုတွင် အနှောင့်အယှက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းက ၎င်းတို့၏ကြွယ်ဝမှုကို ပိုမိုတိုးပွားစေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ အချမ်းသာဆုံးစာရင်း၏ထိပ်ပိုင်းတွင် အမည်သစ်များ တိုးလာခြင်းမရှိကြောင်း Forbes က မှတ်ချက်ပြုထားသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Severgroup ၏ အထွေထွေညွှန်ကြားရေးမှူး ဖြစ်သူ Alexei Mordashov ကို ရုရှား၏ အချမ်းသာဆုံး ဘီလျံနာအဖြစ် Forbes က သတ်မှတ်ခဲ့သည်။ ၎င်း၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၃၇ ဘီလီယံ ရှိပြီး ယမန်နှစ် ကထက် ဒေါ်လာ ၈.၄ ဘီလီယံ (သို့မဟုတ် ၃၀ ရာခိုင်နှုန်း နီးပါး) မြင့်တက်လာခြင်းဖြစ်သည်။ Interros နှင့် သတ္တုထုတ်လုပ်ရေးလုပ်ငန်း Nornickel တို့၏ အကြီးအကဲ Vladimir Potanin မှာမူ ပိုင်ဆိုင်မှုဒေါ်လာ ၂၉.၇ ဘီလီယံဖြင့် ရုရှား၏ ဒုတိယအချမ်းသာဆုံးအဖြစ် ရပ်တည်နေသည်။

Lukoil အကြီးအကဲဟောင်း Vagit Alekperov က ပိုင်ဆိုင်မှု ဒေါ်လာ ၂၉.၅ ဘီလီယံဖြင့် တတိယနေရာတွင်ရှိပြီး ၊ Novatek ၏ CEO Leonid Mikhelson နှင့် မိသားစုက ဒေါ်လာ ၂၈.၃ ဘီလီယံဖြင့် စတုတ္ထနေရာတွင် ရှိကြောင်း Forbes က ဆိုသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာသောရှုပ်ထွေးမှုများကြားတွင် ကြွယ်ဝချမ်းသာလာကြသည့် အဆိုပါ ရုရှားဘီလျံနာများသည် တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် များအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ ၎င်းတို့၏ပိုင်ဆိုင်မှုမှာ အမေရိကန် နည်းပညာထိပ်သီးသူဋ္ဌေးကြီးများ၏ ပိုင်ဆိုင်မှုနှင့်ယှဉ်လျှင် များစွာနိမ့်ပါးနေသေးသည်။

ကမ္ဘာ့ပထမဆုံး ထရီလျံနာ (ဒေါ်လာဘီလျံ ၁,၀၀၀ ပိုင်ရှင်) ဖြစ်လာရန် အလားအလာရှိနေသည့် Elon Musk သည် ပိုင်ဆိုင်မှု ဒေါ်လာ ၈၃၉ ဘီလီယံဖြင့် Forbes ၏ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို ဦးဆောင်နေပြီး Google ၏ Larry Page က ဒေါ်လာ ၂၅၇ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

တောင်ကိုရီးယားစျေးကွက်အတွင်း အရောင်းရပ်ဆိုင်းရန် ဟွန်ဒါ မော်တော်ကား ကုမ္ပဏီ ဆုံးဖြတ်

ဟွန်ဒါမော်တော်ကားကုမ္ပဏီ (Honda Motor) သည် ကမ္ဘာလုံးဆိုင်ရာနှင့် တောင်ကိုရီးယား မော်တော်ကားစျေးကွက်အခြေအနေများ ပြောင်းလဲလာမှုကို အကြောင်းပြ၍ တောင်ကိုရီးယားအတွင်း ၎င်း၏ ကားရောင်းချမှုလုပ်ငန်းများကို ယခုနှစ်ကုန်တွင် ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ကြာသပတေးနေ့ (ဧပြီ ၂၃) က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် ဟွန်ဒါသည် တောင်ကိုရီးယားစျေးကွက်သို့ ၂၀၀၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး Accord နှင့် CR-V မော်ဒယ်များကို တင်သွင်းရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားသည် ဟွန်ဒါအတွက် စျေးကွက်အငယ်စားတစ်ခုသာဖြစ်ပြီး ထိုစျေးကွက်တွင် ပြည်တွင်းအခြေစိုက် Hyundai နှင့် Kia ကဲ့သို့သော တံဆိပ်များက ကြီးစိုးထားသကဲ့သို့ တရုတ် EV ထုတ်လုပ်သူ BYD ကလည်း အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။

ဟွန်ဒါသည် ပြီးခဲ့သည့်နှစ်က တောင်ကိုရီးယားတွင် ကားအစီးရေ ၂,၀၀၀ အောက်သာရောင်းချနိုင်ခဲ့ပြီး ယင်းမှာ ယခင်နှစ်ထက် ၂၀% ကျော် ကျဆင်းသွားခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် တရုတ်အမှတ်တံဆိပ်များအပါအဝင် ပြိုင်ဘက်များ၏ အားကောင်းသော ယှဉ်ပြိုင်မှုများကြောင့် ဟွန်ဒါသည် အာရှ၏ အဓိကစျေးကွက်ကြီးများတွင် အရောင်းအဝယ် ကျဆင်းလာသည့် အခက်အခဲနှင့်ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ၎င်း၏ လက်လီရောင်းချမှုသည် အစီးရေ ၆၄၆,၀၀၀ ထိ ကျဆင်းသွားခဲ့ပြီး ယင်းမှာ လွန်ခဲ့သော ငါးနှစ်ခန့်ကထက် ၆၀% ခန့် လျော့ကျသွားခြင်း ဖြစ်သည်။ ထို့အပြင် ဟွန်ဒါသည် တရုတ်နိုင်ငံရှိ ဖက်စပ်ကားစက်ရုံ အနည်းဆုံးတစ်ခုကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြီးခဲ့သည့်သီတင်းပတ်တွင် Reuters သို့ ပြောကြားခဲ့သည်။

ဟွန်ဒါ၏ အရောင်းကိန်းဂဏန်းများသည် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဥရောပ၏ စစ်တမ်းအချက်အလက်များအရ စစ်ပွဲကြောင့်ဖြစ်ပေါ်လာသော အခက်အခဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စီးပွားရေးကျဆင်းမည့် အလားအလာများကို ပြသနေ

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသောစစ်ပွဲကြောင့် ဧပြီလတွင် ဥရောပ၏ စီးပွားရေးထုတ်ကုန်ထွက်ရှိမှုသည် ၁၆ လအတွင်း ပထမဆုံးအကြိမ် အဖြစ် ကျဆင်းသွားခဲ့ပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းအချက်အလက်များအရ သိရှိရသည်။

ယူရိုငွေကြေးကို အသုံးပြုသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများမှ အမှုဆောင်အရာရှိများကို မေးမြန်းထားသည့် နောက်ဆုံးရ Purchasing Managers’ Index - PMI သည် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၂) က ထုတ်ပြန်ခဲ့သည့် ဥရောပသမဂ္ဂ၏ အရေးပေါ် စီမံချက်များ နောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းစီမံချက်မှာ မြင့်တက်လာသော စွမ်းအင်စရိတ်များကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးဒဏ်ကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။

PMI အချက်အလက်များကို ပြုစုသည့် S&P Global မှ အကြီးတန်း စီးပွားရေးပညာရှင် Chris Williamson က "အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ယူရိုဇုန်ဟာ စီးပွားရေးအခက်အခဲတွေနဲ့ ပိုမိုနက်နက်ရှိုင်းရှိုင်း ရင်ဆိုင်နေရပါတယ်၊ ဒီပဋိပက္ခဟာ ဧပြီလအတွင်းမှာ စီးပွားရေးကို ကျဆင်းစေခဲ့သလို ငွေကြေးဖောင်းပွမှုကိုလည်း အရှိန်အဟုန်နဲ့ မြင့်တက်စေခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ရှေ့အလားအလာကို ကြည့်မည်ဆိုပါက ပိုမိုကျယ်ပြန့်လာသော ကုန်ပစ္စည်းပြတ်လပ်မှုများသည် စီးပွားရေးတိုးတက်မှုကို ပိုမိုထိခိုက်စေနိုင်ပြီး ကုန်ဈေးနှုန်းများကိုလည်း ထပ်မံမြင့်တက်စေနိုင်ကြောင်း၊ ဧပြီလ၏ PMI အချက်အလက်များအရ ဒုတိယသုံးလပတ်တွင် ယူရိုဇုန်၏ ဂျီဒီပီ (GDP) ၀.၁ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု ၎င်းက ဆိုသည်။

"လက်ရှိမှာ စစ်ပွဲဟာ ဝန်ဆောင်မှုကဏ္ဍကို အပြင်းထန်ဆုံးရိုက်ခတ်နေပြီး ၂၀၂၁ ခုနှစ် အစောပိုင်း ကပ်ရောဂါကြောင့် Lockdown ချထားစဉ်က နောက်ပိုင်း မကြုံဖူးတဲ့နှုန်းနဲ့ စီးပွားရေးလုပ်ဆောင်မှုတွေ ကျဆင်းနေပါတယ်" ဟု Williamson က ဆက်လက်ပြောကြားခဲ့သည်။

UK ၏ PMI အချက်အလက်များမှာမူ အခြေအနေနှစ်ရပ် ရောထွေးနေသည်။ ပုဂ္ဂလိကကဏ္ဍ၏ ထုတ်ကုန်ထွက်ရှိမှုမှာ ယခုလတွင် ပိုမိုမြန်ဆန်သော နှုန်းဖြင့် တိုးတက်ခဲ့သော်လည်း ကုန်ကျစရိတ် ငွေကြေးဖောင်းပွမှုမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

"လုပ်ငန်းတွေ တိုးချဲ့လာတဲ့နှုန်းဟာ စစ်ပွဲကြောင့်ဖြစ်လာနိုင်တဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုတွေကို စိုးရိမ်တာကြောင့် ကြိုတင် ဝယ်ယူစုဆောင်းထားကြတဲ့ ရေတိုအကျိုးသက်ရောက်မှု တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်" ဟု UK အတွက် ထုတ်ပြန်ချက်တွင် Williamson က ရှင်းပြခဲ့သည်။

ထို့ပြင် စစ်ပွဲကြောင့် အလုပ်အကိုင်အခွင့်အလမ်းများလျော့နည်းလာခြင်းနှင့် စီးပွားရေးအပေါ် ယုံကြည်မှုကျဆင်းလာခြင်းတို့သည် လာမည့်လများတွင် စီးပွားရေးတိုးတက်မှုအတွက် အလားအလာမကောင်းကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဘန်ကောက်မြို့ရှိ PP ပါတီ လွှတ်တော်ကိုယ်စားလှယ်များက ညပိုင်းဖျော်ဖြေရေးလုပ်ငန်းများရှိ အကျင့်ပျက်ခြစားမှုများကြောင့် ဥပဒေကြမ်း ကို ပြန်လည်သုံးသပ်ရန် တောင်းဆို

ဘန်ကောက်မြို့ရှိ ပြည်သူ့ပါတီ (People's Party - PP) မှ လွှတ်တော် ကိုယ်စားလှယ်များက ညပိုင်းဖျော်ဖြေရေးလုပ်ငန်းကဏ္ဍတွင် အကျင့်ပျက် ခြစားမှုများ အကြီးအကျယ်ဖြစ်ထွန်းနေသည်ဟုစွပ်စွဲကာ ဝန်ဆောင်မှုလုပ်ငန်းတည်ထောင်ခြင်းဆိုင်ရာ အက်ဥပဒေကြမ်း (Service Establishment Act) ကို အသစ်တဖန် ပြန်လည်သုံးသပ်ရန် တောင်းဆိုလိုက်ကြသည်။

ဧပြီ ၂၂ ရက်နေ့က လွှတ်တော်အတွင်းပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ် Bhuntin Noumjerm က အဆိုပါဥပဒေပြင်ဆင်ချက်ကို ယခင်အစိုးရသက်တမ်းအတွင်းက တင်သွင်းခဲ့သော်လည်း လွှတ်တော် ဖျက်သိမ်းလိုက်ခြင်းကြောင့် ပျက်ပြယ်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ ပြည်သူ့သဘောထားဆန္ဒခံယူပွဲများ ပြုလုပ်ပြီးစီးသွားပြီဖြစ်၍ အဆိုပါ ဥပဒေကြမ်းကို ယခုအစည်းအဝေးတွင် အစိုးရအနေဖြင့် ပြန်လည် တင်သွင်းရန် ၎င်းက တိုက်တွန်းခဲ့သည်။

ထိုင်းနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်း ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းခန့်မှာ ခေတ်နောက်ကျနေသော ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်းများကြောင့် တရားဝင်လိုင်စင်မရှိဘဲ လည်ပတ်နေကြရကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

စီးပွားရေးလုပ်ငန်းပုံစံများမှာလည်း ပိုမိုရှုပ်ထွေးလာကြောင်း၊ ဥပမာအားဖြင့် "ကဖေး" တစ်ခုသည် အရက်သေစာရောင်းချပြီး သန်းခေါင်ယံအထိဖွင့်လှစ်ထားနိုင်သော်လည်း ဥပဒေပါ "လက်ဖက်ရည်ဆိုင်" ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာမူ ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် သတ်မှတ်ဇုန်များ ရှင်းလင်းစွာမရှိသော ဗန်ကောက်မြို့တွင် လုပ်ငန်းရှင်အများစုမှာ လိုင်စင်အမျိုးမျိုးလျှောက်ထားရန်နှင့် ဇုန်သတ်မှတ်ချက်ဆိုင်ရာ ကန့်သတ်ချက်များကိုကျော်လွှားရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

"ဒါဟာ အရာရှိတွေအတွက် လာဘ်ငွေတောင်းခံဖို့ အခွင့်အလမ်းတွေဖြစ်စေပါတယ်၊ ဇုန်သတ်မှတ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းနဲ့ အခွန်အခ ကောက်ခံခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေကို လူထုနဲ့ပိုနီးစပ်တဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဆီကို လုပ်ပိုင်ခွင့် ခွဲဝေပေးသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Paramait Vithayaruksun ကလည်း Khao San လမ်းနှင့် Silom လမ်းကဲ့သို့ လူကြိုက်များသည့် ညပိုင်းအပန်းဖြေရာနေရာများသည် လျင်မြန်စွာ တိုးချဲ့လာနေသဖြင့် ဒေသခံပြည်သူများအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ဆိုသည်။ အထူးသဖြင့် ဆိုင်ဖွင့်ချိန်များမှာ တိကျသော စည်းမျဉ်းများထက် အရာရှိများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေလေ့ရှိသည်။

အဆိုပါဥပဒေပြင်ဆင်ချက်သည် စည်းမျဉ်းများကို တင်းကျပ်စေမည်ဖြစ်ပြီး တိကျသော ဇုန်သတ်မှတ်ချက်များရှိလာစေကာ တရားမဝင် လုပ်ငန်း များကို ဥပဒေဘောင်အတွင်းသို့ ရောက်ရှိလာစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရက်ရောင်းချသည့် စားသောက်ဆိုင်အဖြစ် မှတ်ပုံတင်ထားသော်လည်း လက်တွေ့တွင် ဘား (Bar) သို့မဟုတ် ကလပ် (Club) များအဖြစ် လုပ်ကိုင် နေကြသော ဆိုင်အများအပြားမှာ တင်းကျပ်သော စည်းမျဉ်းများကို ရှောင်လွှဲနေကြခြင်းဖြစ်သည်။ ၎င်းတို့ကို ဥပဒေနှင့်အညီ ဖြစ်စေခြင်းဖြင့် အခွန်အခများ မှန်ကန်စွာကောက်ခံနိုင်မည်ဖြစ်သကဲ့သို့ ဆူညံသံနှင့်အများပြည်သူ အေးချမ်းသာယာရေးကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Chorayuth Chaturapornprasit ကလည်း ပတ္တရားနှင့် ဖူးခက်ကဲ့သို့သော အဓိက ခရီးသွားလုပ်ငန်းနေရာ များတွင် လုပ်ငန်းအများအပြားမှာ လိုင်စင်မရှိဘဲလည်ပတ်နေရပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် တစ်လလျှင် ဌာနဆိုင်ရာ ၁၀ ခုခန့်ကို လာဘ်ပေး နေရသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ 

အဆိုပါဥပဒေပြင်ဆင်ချက်သည် ထိုသို့သော လာဘ်ပေးငွေများကို တရားဝင် နိုင်ငံတော်အခွန်ငွေအဖြစ် ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် Khao San လမ်းတွင် လိုင်စင်ရထားသည့် ဆိုင်အနည်းငယ်သာရှိပြီး လိုင်စင်မဲ့ဆိုင်ပေါင်း တစ်ရာကျော်နှင့် ယှဉ်ပြိုင်နေရသဖြင့် အဆိုပါ ဥပဒေ က လိုင်စင်ရှိလုပ်ငန်းရှင်များ ဆက်လက်ရပ်တည်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ကမ္ဘောဒီးယားနှင့်ချုပ်ဆိုထားသည့် MoU 44 ကို ဖျက်သိမ်းရန် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ ဆုံးဖြတ်

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) သည် ၂၀၀၁ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် ရေပိုင်နက်အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU 44) ကို ဖျက်သိမ်းရန် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကျင်းပသော အစည်းအဝေး၌ မူအားဖြင့် သဘောတူဆုံးဖြတ်လိုက်သည်။ 

ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရကူးလ် ဦးဆောင်သည့် အဆိုပါ ဆုံးဖြတ်ချက်မှာ ၂၅ နှစ်တာ ကာလအတွင်း ညှိနှိုင်းမှုပေါင်း (၅) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး သိသာထင်ရှားသည့် ရလဒ်တစ်စုံတစ်ရာ မထွက်ပေါ်ခြင်းကြောင့် ဖြစ်သည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ၏ အဆိုအရ ယင်းစာချွန်လွှာသည် ပူးတွဲဖွံ့ဖြိုးရေးထက် နှစ်နိုင်ငံကြား မယုံကြည်မှုနှင့်တင်းမာမှုများကိုသာ ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။

အဆိုပါ MoU ကို ဖျက်သိမ်းရခြင်းတွင် အဓိကအကြောင်းရင်း သုံးချက်ရှိပြီး ၎င်းတို့မှာ နှစ်ပေါင်းများစွာအတွင်း အကောင်အထည်မဖော်နိုင်ခြင်း၊ အချုပ်အခြာအာဏာဆိုင်ရာ အငြင်းပွားမှုများကို ရှောင်ရှားနိုင်မည့် ပိုမိုလက်တွေ့ကျသော မူဘောင်အသစ်တစ်ရပ် လိုအပ်နေခြင်းနှင့် ရှင်းလင်းသော နယ်နိမိတ်သတ်မှတ်ချက်ကို သဘောတူညီမှု ဦးစွာ ရယူလိုခြင်းတို့ ဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် ယခုဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ထံ တင်ပြအတည်ပြုချက်ရယူပြီးပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရားဝင် ရပ်စဲရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ဝန်ကြီးချုပ် အနူတင်ကမူ ကမ္ဘောဒီးယားနှင့် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသော်လည်း နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပိုမိုမျှတသော ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်တစ်ရပ်ကိုသာ ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

အီရန်နှင့်စစ်ပွဲ ရှည်ကြာမည့်အရေး စိုးရိမ်မှုများကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့်ဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန်အတွက် သတ်မှတ်ထားသော အချိန်ကာလ (Deadline) မရှိကြောင်း ပြောကြားလိုက်ပြီးနောက် ပဋိပက္ခများ မကြာမီပြေလည်သွားတော့မည်ဟူသော မျှော်လင့်ချက်များ ပျက်ပြယ်သွားကာ ဧပြီ ၂၃ ရက်နေ့တွင် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

ကမ္ဘာ့ရေနံဈေးကွက်၏ စံနှုန်းဖြစ်သော Brent ရေနံစိမ်းဈေးသည် ၁.၉% မြင့်တက်ကာ တစ်စည်လျှင် ၁၀၄ ဒေါ်လာ နီးပါးသို့ ရောက်ရှိသွားပြီး လေးရက်ဆက်တိုက် ဈေးနှုန်းမြင့်တက်မှုကို ပြသနေသည်။ အလားတူပင် အမေရိကန်၏ စံနှုန်းဖြစ်သော WTI ရေနံစိမ်းဈေးသည်လည်း ၉၄.၆ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။

"အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမရှိတော့တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ စစ်ပွဲကာလ ပိုမိုရှည်ကြာလာမယ့် အရေးနဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု ပိုမိုကြာရှည်လာမယ့် အခြေအနေကိုပါ ထည့်သွင်းတွက်ချက်လာကြပါတယ်" ဟု Deutsche Bank မှ လေ့လာဆန်းစစ်သူများက မှတ်ချက်ပြုခဲ့သည်။ "အခြေအနေတွေက ပိုပြီး တင်းမာလာမယ့်ဘက်ကိုပဲ ဦးတည်နေပါတယ်" ဟု ၎င်းက ဆိုသည်။

၎င်းတို့သည် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ဆက်လက် ပိတ်ဆို့ထားခြင်းနှင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ရေလက်ကြား အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းခဲ့သည်ဟူသော ထုတ်ပြန်ချက်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ယခုသီတင်းပတ် အတွင်း ပြုလုပ်ရန်စီစဉ်ထားသော အမေရိကန်နှင့် အီရန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာလည်း ဖျက်သိမ်းခဲ့ရသည်။

ထိုအခြေအနေများကြောင့် ဧပြီ ၂၃ ရက်နေ့နံနက်ပိုင်း စတော့ဈေးကွက်များအပေါ် ဖိအားသက်ရောက်နေသည်။ အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ကို သမ္မတထရမ့်က သက်တမ်းတိုးမည်ဟူသော သတင်းများကြောင့် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၂) က စံချိန်တင်မြင့်တက်ခဲ့သော S&P 500 နှင့် Nasdaq အညွှန်းကိန်းများသည် ယခုအခါ အမေရိကန်ဈေးကွက်ဖွင့်ချိန်တွင် ပြန်လည်ကျဆင်းမည့်အလားအလာ ရှိနေသည်။

ဥရောပ၏ အဓိက စတော့အညွှန်းကိန်းအများအပြားမှာလည်း သိသိသာသာကျဆင်းလျက်ရှိကာ အာရှဈေးကွက်တွင်လည်း ဂျပန်နိုင်ငံ၏ Nikkei နှင့် ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းများ အနည်းငယ်ကျဆင်း၍ အဆုံးသတ်ခဲ့ပြီး တောင်ကိုရီးယား၏ Kospi အညွှန်းကိန်းမှာမူ အနည်းငယ်မျှသာ မြင့်တက်ခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

အစ္စရေးက 'ခုခံကာကွယ်ပိုင်ခွင့်' အကန့်အသတ်ကို စမ်းသပ်နေစဉ် လက်ဘနွန်အပစ်အခတ်ရပ်စဲရေးအတွက် ထရမ့်က အဓိကသော့ချက် ဖြစ်သည်ဟု ကျွမ်းကျင်သူက ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လက်ဘနွန်ရှိ အစ္စရေး၏ ထိုးစစ်ဆင်မှုအပေါ် သိသာထင်ရှားသောလွှမ်းမိုးမှုရှိကြောင်း ဒေသတွင်း ကျွမ်းကျင်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ယင်းပြောကြားချက်သည် နှစ်နိုင်ငံအကြား ဒုတိယအကျော့ဆွေးနွေးပွဲများကို လက်ခံ ကျင်းပရန် ဝါရှင်တန်က ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

"သူ့ရဲ့ အစ္စရေးမဟာမိတ် ဘင်ဂျမင် နေတန်ယာဟုအပေါ် တကယ်တမ်းဖိအားပေးနိုင်တာဟာ သမ္မတထရမ့် တစ်ဦးတည်းသာ ရှိပါတယ်" ဟု လန်ဒန်စီးပွားရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ Fawaz Gerges က ဆိုသည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေးကို ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှတစ်ဆင့် ထရမ့်က ကြေညာခဲ့ခြင်းဖြစ်သည်ကိုလည်း ၎င်းက ထောက်ပြခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့်သီတင်းပတ်က အစ္စရေးနှင့် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာ ‘၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး’ ကို ကြေညာခဲ့ပြီး "အစ္စရေးအနေနဲ့ လက်ဘနွန်ကို ဗုံးကြဲတာတွေ ဆက်လုပ်တော့မှာမဟုတ်ပါဘူး၊ တော်လောက်ပါပြီ" ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ထိုအချိန်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး လက်ဘနွန်တွင် အရပ်သားများနှင့် သတင်းထောက်တစ်ဦး သေဆုံးခဲ့ရသည်။ တစ်ဖက်တွင်လည်း ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးစစ်တပ်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ အပစ်ရပ်စဲရေး သဘောတူညီချက်သည် အမေရိကန် ဦးဆောင်သော မူဘောင်တစ်ခုအပေါ် အခြေခံထားခြင်းဖြစ်သည်။ ယင်းမူဘောင်တွင် အစ္စရေးအနေဖြင့် ‘မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် လိုအပ်သောအစီအမံအားလုံးကို လုပ်ဆောင်ပိုင်ခွင့်’ ကို ထိန်းသိမ်းထားရှိစေပြီး လက်ဘနွန်အစိုးရကိုမူ ဟစ်ဇဘိုလာအဖွဲ့မှ အစ္စရေးပစ်မှတ်များအပေါ် တိုက်ခိုက်မှုများ သို့မဟုတ် ရန်လိုသောလှုပ်ရှားမှုများ မပြုလုပ်နိုင်စေရေး တားဆီးရန် တောင်းဆိုထားသည်။

အစ္စရေးက ၎င်း၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုနေသနည်းဟူသည်ကို Gerges က မေးခွန်းထုတ်ခဲ့သည်။

"အစ္စရေးဟာ သူတို့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကိုအသုံးချပြီး လက်ဘနွန် တောင်ပိုင်းမှာ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေနားကို ချဉ်းကပ်လာတဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်အရပ်သား ဒါမှမဟုတ် ဘယ်သတင်းထောက်ကိုမဆို တိုက်ခိုက်နေတာ ဖြစ်ပါတယ်" ဟု ၎င်းက CNN မှ Rosemary Church ကို ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခကောက်ခံမှုမှ ပထမဆုံးသော ဝင်ငွေ ကို အီရန်ရရှိခဲ့ကြောင်း အရာရှိတစ်ဦးက ပြောကြား

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောများထံမှ ရေလမ်းအသုံးပြုခကောက်ခံသည့်စနစ်မှတစ်ဆင့် ပထမဆုံးသော ဝင်ငွေကို နိုင်ငံတော်ဗဟိုဘဏ်က လက်ခံရရှိပြီဖြစ်ကြောင်း အီရန် လွှတ်တော် ဒုတိယဥက္ကဋ္ဌ Hamid-Reza Haji Babaei က ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု အီရန်အခြေစိုက် Tasnim သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့်လက အီရန်လွှတ်တော်၏ လုံခြုံရေးကော်မတီသည် အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများအပေါ် အခွန်ကောက်ခံမည့် အစီအစဉ်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် နိုင်ငံတကာမှ အဏ္ဏဝါဥပဒေကျွမ်းကျင်သူများနှင့် အမေရိကန်အရာရှိများက ကန့်ကွက် ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။

"ဒါဟာ တရားမဝင်ရုံတင်မကဘဲ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ ကမ္ဘာကြီးအတွက်လည်းအန္တရာယ်ရှိပြီး ဒါကို ရင်ဆိုင်တားဆီးဖို့ ကမ္ဘာ့ နိုင်ငံတွေမှာ အစီအစဉ်ရှိဖို့ လိုအပ်ပါတယ်" ဟု တီဟီရန်၏ အခွန်ကောက်ခံမှုစနစ်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ထိုစဉ်က ပြောကြားခဲ့သည်။

ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ အဆိုပါ အရေးပါသောရေလမ်းကြောင်းသည် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုများ၊ ဒေသတွင်း သင်္ဘောများအပေါ် တိုက်ခိုက်မှုများနှင့် သိမ်းပိုက်မှုများကြောင့် သွားလာမှုအလွန်နည်းပါးနေသည်။ ဟော်မုဇ် ရေလက်ကြားအပေါ် အီရန်၏ အချုပ်အခြာအာဏာ သတ်မှတ်ခွင့်ရရှိခြင်းသည် စစ်ပွဲအဆုံးသတ်ရန်အတွက် အဓိကအချက်ဖြစ်သည်ဟု တီဟီရန် ဘက်က ယခင်က ပြောကြားခဲ့ဖူးသည်။ လက်ရှိတွင် အီရန်လွှတ်တော်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့သည် အဆိုပါရေလမ်းကြောင်း အပေါ် အချုပ်အခြာအာဏာ တရားဝင်ထိန်းချုပ်နိုင်မည့်အစီအစဉ်ကို ပြန်လည်သုံးသပ်နေကြောင်း သိရှိရသည်။

တစ်ဆက်တည်းမှာပင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးသွားပါက ရေလက်ကြားအတွင်း ချထားသည့်မိုင်းများကို အပြီးသတ်ရှင်းလင်းရန် ၆ လခန့်အထိ အချိန်ယူရနိုင်သည်ဟု ပင်တဂွန်စစ်ဌာနချုပ်၏  ထောက်လှမ်းရေး အကဲဖြတ်ချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး