ယူကရိန်းစစ်ပွဲနှင့် အနောက်အုပ်စု၏ ပြင်းထန်သော ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ၏ ကြွယ်ဝမှု ၁၁ ရာခိုင်နှုန်း မြင့်တက်လာ

News Image

  • ယူကရိန်းစစ်ပွဲနှင့် အနောက်အုပ်စု၏ ပြင်းထန်သော ပိတ်ဆို့မှုများကြား မှ ရုရှားဘီလျံနာများ၏ ကြွယ်ဝမှု ၁၁ ရာခိုင်နှုန်း မြင့်တက်လာ

ယူကရိန်းတွင် ဖြစ်ပွားနေသောစစ်ပွဲနှင့် အဓိကစီးပွားရေး နိုင်ငံတစ်ခုအပေါ် ချမှတ်ဖူးသမျှအနက် အပြင်းထန်ဆုံးဖြစ်သည့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း လွန်ခဲ့သောတစ်နှစ်အတွင်း ရုရှား ဘီလျံနာများ၏ကြွယ်ဝမှုသည် ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စံချိန်တင် ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၆၉၆.၅ ဘီလီယံအထိ ရောက်ရှိလာကြောင်း Forbes Russia က ဖော်ပြခဲ့သည်။

ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များသည် ရုရှားနိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ ဆယ်စုနှစ်များစွာ တင်ပို့နေသည့် များပြားလှသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဆက်နွှယ်နေသူများ ဖြစ်ကြသည်။ ကုန်သွယ်မှုစီးဆင်းမှုတွင် အနှောင့်အယှက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းက ၎င်းတို့၏ကြွယ်ဝမှုကို ပိုမိုတိုးပွားစေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ အချမ်းသာဆုံးစာရင်း၏ထိပ်ပိုင်းတွင် အမည်သစ်များ တိုးလာခြင်းမရှိကြောင်း Forbes က မှတ်ချက်ပြုထားသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Severgroup ၏ အထွေထွေညွှန်ကြားရေးမှူး ဖြစ်သူ Alexei Mordashov ကို ရုရှား၏ အချမ်းသာဆုံး ဘီလျံနာအဖြစ် Forbes က သတ်မှတ်ခဲ့သည်။ ၎င်း၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၃၇ ဘီလီယံ ရှိပြီး ယမန်နှစ် ကထက် ဒေါ်လာ ၈.၄ ဘီလီယံ (သို့မဟုတ် ၃၀ ရာခိုင်နှုန်း နီးပါး) မြင့်တက်လာခြင်းဖြစ်သည်။ Interros နှင့် သတ္တုထုတ်လုပ်ရေးလုပ်ငန်း Nornickel တို့၏ အကြီးအကဲ Vladimir Potanin မှာမူ ပိုင်ဆိုင်မှုဒေါ်လာ ၂၉.၇ ဘီလီယံဖြင့် ရုရှား၏ ဒုတိယအချမ်းသာဆုံးအဖြစ် ရပ်တည်နေသည်။

Lukoil အကြီးအကဲဟောင်း Vagit Alekperov က ပိုင်ဆိုင်မှု ဒေါ်လာ ၂၉.၅ ဘီလီယံဖြင့် တတိယနေရာတွင်ရှိပြီး ၊ Novatek ၏ CEO Leonid Mikhelson နှင့် မိသားစုက ဒေါ်လာ ၂၈.၃ ဘီလီယံဖြင့် စတုတ္ထနေရာတွင် ရှိကြောင်း Forbes က ဆိုသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာသောရှုပ်ထွေးမှုများကြားတွင် ကြွယ်ဝချမ်းသာလာကြသည့် အဆိုပါ ရုရှားဘီလျံနာများသည် တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် များအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ ၎င်းတို့၏ပိုင်ဆိုင်မှုမှာ အမေရိကန် နည်းပညာထိပ်သီးသူဋ္ဌေးကြီးများ၏ ပိုင်ဆိုင်မှုနှင့်ယှဉ်လျှင် များစွာနိမ့်ပါးနေသေးသည်။

ကမ္ဘာ့ပထမဆုံး ထရီလျံနာ (ဒေါ်လာဘီလျံ ၁,၀၀၀ ပိုင်ရှင်) ဖြစ်လာရန် အလားအလာရှိနေသည့် Elon Musk သည် ပိုင်ဆိုင်မှု ဒေါ်လာ ၈၃၉ ဘီလီယံဖြင့် Forbes ၏ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို ဦးဆောင်နေပြီး Google ၏ Larry Page က ဒေါ်လာ ၂၅၇ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး